ပိုင်ရှောင်ချန်းသည် မိစ္ဆာနှိမ်နင်းရေးခန်းမနှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ထွက်ခွာသွားသည်မှာ ဆယ်ရက်ကြာသွားလေပြီ။ ပိုင်ရှောင်ချန်း၏ တာအိုစောင့်ရှောက်သူများအားလုံးမှာ အလွန်တရာ စိုးရိမ်သောကရောက်ေနသည်။ သူဆောင်ရွက်ရမည့် တာဝန်ကို သူတို့တစ်ယောက်မှ မသိသော်လည်း စွမ်းဆောင်မှုရမှတ်အမြောက်အမြားသုံးပြီးနောက်တွင် သူ ခြေရာခံပြီးသတ်ရမည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအကြောင်း အချက်အလက်များသိရှိလိုက်ရလေသည်။ ထိုကျင့်ကြံသူ၌ အတော်အတန် တောင့်တင်းသော နောက်ခံရှိကြောင်းလည်း သိလိုက်ရ၏။
သူတို့ရှာဖွေတွေ့ရှိသည်များကို ပိုင်ရှောင်ချန်းအားအကြောင်းကြားရန် ချက်ချင်းကြိုးစားဆက်သွယ်လိုက်သော်လည်း ထူးဆန်းသောအကြောင်းများကြောင့် သူ့ထံမရောက်နိုင်ကြောင်း သိလိုက်ရလေသည်။
ထာဝရအပြောင်းအလဲဒေသသည် အလွန်ဝေး၍ပေလား။ သို့မဟုတ် တခြားကြောင်းများကြောင့်လား။ မည်သည့်အတွက်ကြောင့်ဖြစ်စေ သူ့ကို ယခုဆက်သွယ်၍မရပေ။
သူတို့ စိတ်လှုပ်ရှားစွာ ထိတ်ထိတ်ပျာပျာဖြစ်နေကြစဥ် မိစ္ဆာနှိမ်နင်းရေးအဆောင်မှူးဖြစ်သည့် ယင်ယန်ဝိညာဥ်အဆင့်တာအိုသခင် ဖုန်းယွမ်ဒဲ့သည် ဂူထဲတွင် တရားကျင့်ကြံနေလေသည်။
ယခုအခါ လူသစ်များနှင့်ပတ်သက်သမျှ ဖြစ်ရပ်အားလုံးကို သူ့ခေါင်းထဲမှ ထုတ်ထားသည်မှာ ကြာလေပြီ။ တာဝန်ထမ်းဆောင်ရင်း သေသေရှင်ရှင် သူဂရုပင်မစိုက်ပေ။ နှစ်ပေါင်းများစွာ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ဂိုဏ်းသားများစွာ သေခဲ့ြကသည်မှာ ရေတွက်၍ပင်မရချေ။
များသောအားဖြင့် ပြောကြသည်မှာ လူသစ်များကို ပေးအပ်သည့် ပထမဆုံးတာဝန်များသည် သိပ်မခက်ခဲဘဲ အသက်ရှင်နိုင်ခြေများသည်ဟူ၍။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည်
တိမ်တာအိုသခင် ပေးအပ်မည့်တာဝန်များအကြောင်း ဝတ်ကျေတမ်းကျေသာမေးခဲ့ပြီး ကျင့်ကြံခြင်းပေါ်တွင်သာ အာရုံစိုက်လိုက်သည်။
ဂူထဲတွင် ထိုင်နေစဥ် သူ့အိတ်က တောက်ပလင်းလက်လာကြောင်း သတိပြုမိလိုက်သည်။ မျက်မှောင်ကုတ်လျက် မျက်လုံးဖွင့်ပြီး သူတရားထိုင်နေခြင်းကို နှောင့်ယှက်ကာ မကျေမနပ်ဖြစ်စေသည့် လူကို သိချင်သွားလေသည် ။ သူက ငုံ့ကြည့်လိုက်ရင်း သူ့အိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို နတ်ဘုရားအာရုံဖြင့်စစ်ဆေးလိုက်ရာ အမူအရာပြောင်းသွားပြီး မျက်လုံးများ ပြူးကျယ်လာတော့သည်။
သူ ပင့်သက်ပင် ရှိုက်မိလိုက်ပြီး မကြာမီ စိတ်ရှုပ်ထွေးခြင်းနှင့် မယုံကြည်နိုင်ဟန် ထင်ဟပ်နေသည့် အရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ပေါ်လာတော့သည်။
“ကောင်းကင်တံတားတမန်တော်က ငါ့ကို ဆင့်ခေါ်နေတာပါလား ”
ကောင်းကင်တံတားတမန်တော်မှာ ပဟေဠိဆန်လှပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ယာယီနေထိုင်နေကာ ကောင်းကင်တံတားပင်လယ်မှလာသူဖြစ်သည်ဆိုသည့် အချက်အလက် အနည်းအကျဥ်းသာ သူ သိထားသည်။
ထိုကဲ့သို့ ပဟေဠိဆန်သည့် အရေးကြီးလူတစ်ယောက်ကို အဆောင်မှူးဖြစ်သည့်သူက ပုံမှန်အားဖြင့် အဝေးမှသာ လှမ်းကြည့်နိုင်သော်လည်း ယခုတွင် လူကိုယ်တိုင်ဆင့်ခေါ်ခံလိုက်ရလေပြီ။ ဖုန်းယွမ်ဒဲ့၏ ပုံမှန်အားဖြင့် ကြင်နာတတ်သော မျက်နှာတွင် ယခုအခါ စိုးရိမ်သောကများဖြင့် ရှုံ့တွနေလေသည်။ အချိန်ဆွဲမနေရဲသဖြင့် ထလိုက်ပြီး သူ တရားထိုင်နေသည့် ဂူထဲမှ အလောတကြီးထွက်ကာ အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး ဒုတိယအဆင့်သက်တန့်ကို ကျော်လွန်၍ ပထမအဆင့်သက်တန့်ထိပ်ဆီသို့ တိုက်ရိုက်တဟုန်ထိုးသွားလိုက်လေသည်။
နေရာတစ်ခုလုံးကို အကာအကွယ်မန္တန်ဖြင့် ချိတ်ပိတ်ထားသော်လည်း မန္တန်သည် ဖုန်းယွမ်ဒဲ့ကိုစစ်ဆေးလိူက်ပြီးနောက် ဖြတ်သန်းခွင့်ပြုလိုက်လေသည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ၏ စိတ်လှုပ်ရှားမှုများ ပို၍မြင့်တက်လာတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ပထမအဆင့်သက်တန့်ကို ဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက ယူထားပြီး လက်ရှိအချိန်တွင် ထူးဆန်းသော ကောင်းကင်တံတားတမန်တော်က အုပ်ချုပ်နေလေသည်။
ဖုန်းယွမ်ဒဲ့သည် အကာအကွယ်မန္တန်၏ ဖြတ်သန်းခွင့်ပြုခြင်းကို
ခံရပြီးဖြစ်သော်လည်း သက်တန့်ပေါ်သို့ ခြေမချရဲသေးရာ ၄င်းပေါ်တွင် လက်ယှက်ကာ လေးလေးနက်နက်ခေါင်းငုံ့၍ စောင့်နေလေသည်။
” ကုံသက်တန့်ဒေသရှိ မိစ္ဆာနှိမ်နင်းရေးခန်းမရဲ့ အဆောင်မှူး ဖုန်းယွမ်ဒဲ့က ကောင်းကင်တံတားတမန်တော်နဲ့ တွေ့ရန် ခွင့်တောင်းပါတယ်”
ချက်ချင်းပင် ဝိုးတဝါးပုံရိပ်တစ်ခုက ပါးလွှာသောလေထဲမှ ထွက်လာကာ ဖုန်းယွမ်ဒဲ့ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီးနောက် သက်တန့်ထံ ခေါ်သွားလေသည်။
ထိုဝိုးတဝါးပုံရိပ်က သူ့ကို ငှက်ကလေးများ၏ တေးသီကျူးသံများ၊ ပန်းကလေးများ၏ မွှေးရနံ့များနှင့် ပြင်းထန်သော စိတ်စွမ်းအင်များ၊ ပျင်းရိပျင်းတွဲကူးခတ်နေကြသည့် ခုနစ်ရောင်ခြယ်ငါးများြပည့်နေသော ရေကန်တစ်ကန် စသည်တို့ဖြင့် ပြည့်နှက်နေသော ချိုင့်ဝှမ်းတစ်ခုကို ခေါ်သွားလေရာ ဖုန်းယွမ်ဒဲ့၏ ပူပင်ကြောင့်ကြမှုများမှာ ဆက်လက်မြင့်တက်လာတော့သည်။ အနီးကပ်ကြည့်လိုက်ပါက ငါးများသည် နဂါးသားပေါက်များနှင့် အလွန်တူလေသည်။
ဖုန်းယွမ်ဒဲ့က အသက်ပြင်းပြင်းရှူလိုက်ပြီးး သစ်လုံးအိမ်မှ အကြမ်းအားဖြင့် မီတာ ၃၀၀မျှရှိသော နေရာသို့ ဆက်လျှောက်လာသည်။ ထိုအချိန်တွင် သူ့အပေါ်သက်ရောက်လာသည့် ဖိအားမှာ အလွန်ပြင်းထန်လာလေရာ ရှေ့သို့ ဆက်မတိုးဝံ့တော့ပေ။ လက်ယှက်ရင်း သူက လေးလေးနက်နက် ခေါင်းငုံ့လိုက်ကာ ပြောလိုက်သည်။
” ကျုပ်က ဖုန်းယွမ်ဒဲ့ပါ။ ကောင်းကင်တံတားတမန်တော်ကို ဂါဝရပြုပါတယ်”
သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှ လေးစားသည့်အမူအရာ မရှိတော့ပေ။ ထိုတမန်တော်သည် ကျင့်ကြံခြင်းအခြေခံအားဖြင့်ဖြစ်စေ၊ နောက်ခံအားဖြင့်ဖြစ်စေ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးပင် လေးစားသော လူတစ်ယောက်ဖြစ်လေရာ ဖုန်းယွမ်ဒဲ့သည် အနည်းငယ်မျှပင် မလေးမစား မလုပ်သင့်ကြောင်း ကောင်းကောင်းသိလေသည်။
တခဏကြာသော် သစ်လုံးအိမ်ထဲမှ မိန်းမပျိုလေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။
“ဖုန်းယွမ်ဒဲ့….”
သူ့နာမည်ခေါ်လိုက်သည်ကိုပင် ဖုန်းယွမ်ဒဲ့မှာ ပို၍ စိုးရိမ်သောကရောက်လာတော့သည်။ ထပ်မံ၍ လေးလေးနက်နက် သူခေါင်းငုံ့လိုက်ပြန်သည်။
“စိတ်လှုပ်ရှားနေစရာမလိုပါဘူး” မိန်းမပျိုလေးက ဆက်ပြော၏။
” ရှင့်ကို ခေါ်လိုက်တာက ရှင့်ခေါင်းထဲ အမြဲမှတ်ထားရမယ့် တာဝန်တစ်ခုရှိနေလို့ပါ ”
” တမန်တော်ခင်ဗျာ…တမန်တော်မှာ ဘာအမိန့်ပဲရှိရှိ ကျုပ် ဖုန်းယွမ်ဒဲ့ အောင်မြင်အောင် အစွမ်းကုန် လုပ်ဆောင်ပါ့မယ် ”
သူ့အသံထဲရှိ စိတ်ပိုင်းဖြတ်ထားမှုမှာ သံချောင်းများကိုပင် ပျက်စီးသွားစေပြီး သံမဏိကိုပင် ချိုးဖျက်နိုင်ဟန်ရှိလေရာ ကြားလိုက်ရသည့်မည်သူမဆို သူ့စကားကို မည့်သည့်အတိုင်းအတာပဲဖြစ်စေ တည်မည်ဖြစ်ကြောင်း သိနိုင်လေသည်။
တခဏကြာသော် မိန်းမပျိုလေးက ဆက်ပြော၏။
” ရှင့်ရဲ့ မိစ္ဆာနှိမ်နင်းရေးခန်းမမှာ ပိုင်ရှောင်ချန်းနာမည်နဲ့ ဂိုဏ်းသားရှိတယ်မလား။ ကုံသက်တန့်ဒေသမှာ သူရှိနေချိန် ဘာဒုက္ခမှ မရောက်စေနဲ့။ သူ ယင်ယန်ဝိညာဥ်အဆင့်ရောက်ပြီး အကြီးအကဲတစ်ယောက် ဖြစ်လာတဲ့အချိန်ထိ ဘေးကင်းအောင် ရှင် ထားပေးနိုင်ရင် ရှင့်ကို နတ်အဆင့်ကို ရောက်အောင် လုပ်ပေးမယ်”
သူမ၏ စကားများကြောင့် ဖုန်းယွမ်ဒဲ့တုန်လှုပ်သွားလေသည်။ သူသည် မိစ္ဆာနှိမ်နင်းရေးခန်းမ၏ အဆောင်မှူး ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ပါးနပ်သော မြေခွေးကြီးဖြစ်သည်နှင့်အညီ တချို့သော အခြေအနေများကို သူသဘောပေါက်လေသည်။နည်းနည်းသိလေ အန္တရာယ်ကင်းလေဖြစ်ချေသည်။
ကောင်းကင်တံတားတမန်တော်ကဲ့သို့သော အရှိန်အဝါကြီးသော လူများနှင့် ပတ်သက်လျှင် သွေးထွက်အောင် မှန်လေသည်။ အခြေအနေများကို နည်းနည်းနားလည်လေ အကောင်းဆုံးသာဖြစ်လေတော့သည်။ ထို့အပြင် သူ့ကို နတ်အဆင့်ေရာက်စေရန် ကူညီပေးမည်ဆိုသော အခွင့်ကောင်းကိုကြားလိုက်ရသောအခါ သူ၏မျက်လုံးများမှာ ချက်ချင်းပင် တလက်လက်တောက်ပလာတော့သည်။ တခြားတစ်ယောက်က သူ့ကို ထိုသို့အခွင့်အရေးပေးပါက သူ ယုံလိမ့်မည်မဟုတ်သော်လည်း ထိုသည်မှာ ကောင်းကင်တံတားတမန်တော်၏ ကတိ မဟုတ်ပါလော။ ထို့ကြောင့် ထိုမိန်းမပျိုလေး၏စကားများအား အကြွင်းမဲ့ယုံကြည်လေသည်။
“နတ်အဆင့်”
သူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများတောက်ပနေပြီး ရေရွတ်လိုက်သည်။ သူ၏ နတ်အဆင့်သို့ ရောက်လိုစိတ်မှာ ပြင်းထန်သော်လည်း သူ့လက်ရှိကျင့်ကြံခြင်းအခြေခံအရ နတ်အဆင့်ရောက်ရှိရန် မဖြစ်နိုင်သည်မဟုတ်သော်လည်း ကျင့်ကြံရာတွင် တိုးတက်နှုန်း လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ကောင်းကင်တံတားတမန်တော်၏ စကားများကဲ့သို့ ဆွဲဆောင်အားကောင်းသောအရာမရှိတော့ပေ။ သူသည် လက်ယှက်နေရင်းက ယခင်ထက်ပို၍ လေးလေးနက်နက် ခေါင်းငုံ့လိုက်လေသည်။
” မစိုးရိမ်ပါနဲ့ တမန်တော်။ တမန်တော်ရဲ့အမိန့်ကို ကျုပ် တွေဝေမနေဘဲ တသွေမတိမ်းလုပ်ပါ့မယ်။” စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူက လှည့်လိုက်ပြီး သုံးမြှောင့်ဖန်တုံးမှ ထွက်နေသော အလင်းတန်းအသွင် ပျံသန်းသွားတော့သည်။
လမ်းတစ်လျှောက်တွင် ပြောလိုက်သည့် အခွင့်ကောင်းအကြောင်းနှင့် သူမည်မျှ ကံကောင်းကြောင်းကို တွေးရင်း စိတ်လှုပ်ရှားမှုများဖြင့် ပျော်ရွှင်နေတော့သည်။ သူ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ရန်ကြိုးစားသည့်တိုင် သူမျက်လုံးများ တလက်လက်တောက်ပနေသည်ကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။
” အရှိန်အဝါကြီးမားတဲ့လူတစ်ယောက်က ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်လေးအတွက် လုပ်ပေးတာ ယုံတောင်မယုံနိုင်ဘူး ” မည်သည့်အကြောင်းကြောင့်မှန်းမသိ ပိုင်ရှောင်ချန်းဆိုသောနာမည်ကို သူရင်းနှီးသယောင် ရှိသော်လည်း မျက်နှာနှင့် နာမည် မတွဲမိပေ။ မည်သူပင်ဖြစ်စေ ဖုန်းယွမ်ဒဲ့သည် သူမိစ္ဆာနှိမ်နင်းရေးခန်းမတွင်ရှိနေချိန်တွင် ကောင်းမွန်စွာ ဂရုစိုက်ပေးရန်၊ မည်သည့်အန္တရာယ်မှမဆို လွတ်ကင်းစေရန်နှင့် ယင်ယန်ဝိညာဥ်အဆင့်သို့တက်ရန် ထိန်းကျောင်းပေးရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်လေသည်။
“ဟားဟားဟား.. နတ်အဆင့်ကတော့ လက်တစ်ကမ်းအလိုပဲကွ”
ထို့နောက် သူကပို၍မြန်သောအရှိန်ဖြင့် အားထည့်လိုက်လေရာ ကုံသက်တန့်ဒေသနှင့် မိစ္ဆာနှိမ်နင်းရေးခန်းမကို အလျင်အမြန်ရောက်သွားတော့သည်။
” တိမ်တာအိုသခင်ကို အခုချက်ချင်းလွှတ်လိုက် ”
သူက ပြောလိုက်သည်။ မိစ္ဆာနှိမ်နင်းရေးခန်းမတွင် ဂိုဏ်းသားများစွာရှိသောကြောင့် သူတို့ကိုသိရန် တိမ်တာအိုသခင်ကို မေးခြင်းသည်သာ အကောင်းဆုံးဖြစ်လေသည်။
တိမ်တာအိုသခင်သည် ဂိုဏ်းသားအားလုံး၏မှတ်တမ်းများနှင့် တာဝန်ခန့်အပ်မှုများအားလုံးအတွက် တာဝန်ရှိသူမဟုတ်ပါလေ။ ဖုန်းယွမ်ဒဲ့၏ အယုံကြည်ရဆုံးလက်ထောက်အနေနှင့် သူသည် နှစ်ပေါင်းများစွာ ကိစ္စရေးရာများကို စီမံခန့်ခွဲရာတွင် ထူးချွန်ပြောင်မြောက်စွာ အလုပ်လုပ်ခဲ့ပေးလေသည်။
ဖုန်းယွမ်ဒဲ့သည် သူ၏ဂူထဲတွင် ထိုင်နေစဥ် တိမ်တာအိုသခင်ရောက်လာ၏။ ဖုန်းယွမ်ဒဲ့ကိုစောင့်ခိုင်းရမည်ကိုကြောက်လေရာ လျှို့ဝှက်မှော်ပညာသုံး၍ မြန်နိုင်သမျှ မြန်မြန်ရောက်လာခြင်းကြောင့် အပြင်ဘက်မှ တဝုန်းဝုန်း ပေါက်ကွဲသံများ ကြားနေရခြင်းဖြစ်သည်။ ဂူအပြင်ဘက်တွင် ဆင်းသက်ပြီးနောက် သူ၏ ဝတ်ရုံများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ကာ ပြုံး၍ မျက်နှာချိုသွေးလိုက်ပြီး အတွင်းထဲသို့ အလောတကြီးဝင်လိုက်လေသည်။
အတွင်းသို့ရောက်သည်နှင့် ကြင်နာတတ်သောမျက်နှာဖြင့် ဖုန်းယွမ်ဒဲ့သည် သူထိုင်နေကျ ခန်းမအရှေ့ဆုံးရှိ သူ၏ ခုံတွင် ထိုင်မနေပေ။ ထိုအစား ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်လုပ်နေပြီး သူ၏အမူအရာမှာ လူများစု သတိမထားမိနိုင်သည့် ပျော်ရွှင်ဝမ်းမြောက်မှုများရောယှက်နေလေသည်။ သို့သော်လည်း သူ၏လက်ထောက်အဖြစ်အချိန်အတော်ကြာ နီးနီးကပ်ကပ်အလုပ်လုပ်ပြီးနောက် တိမ်တာအိုသခင်က သတိမထားမိပဲမနေချေ။
” အဆောင်မှူးအား ဂါဝရပြုပါတယ်” တိမ်တာအိုသခင်က ပြောလိုက်ပြီး ငဖားတစ်ယောက်၏ ပုံစံဖြင့် ဆက်ပြော၏။
” ဂုဏ်ယူပါတယ်ဗျာ၊ ကျုပ်ရဲ့ စိတ်ရင်းအတိုင်း ဂုဏ်ပြုတာ လက်ခံပေးပါ။ သခင့်မျက်နှာ ဝင်းလက်တောက်ပနေတာကြောင့် အလွန်အရေးကြီးတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့တယ်လို့ ဂိုဏ်းသားပြောနိုင်ပါတယ်”
တိမ်တာအိုသခင်၏ စကားများကို ကြားရသောအခါ ဖုန်းယွမ်ဒဲ့က အားပါးတရရယ်လိုက်သည်။
“အေး… မင်းကွာ”
သူက ပြုံး၍ လက်ချောင်းကို ဝှေ့ယမ်းရင်း ပြောလေသည်။
” မျက်နှာတွေဖတ်နေမယ့်အစား ကျင့်ကြံခြင်းမှာသာ အားစိုက်လိုက်လို့ကတော့ မင်းတော့ ယင်ယန်ဝိညာဥ်အဆင့်တက်သွားလောက်တယ် ”
တိမ်တာအိုသခင်က သူမှန်မှန်ကန်ကန်ခန့်မှန်းနိုင်လိုက်ကြောင်း သဘောပေါက်သွားပြီး ခပ်တိုးတိုးရယ်လိုက်သည်။
” ဂိုဏ်းသား…..”
သို့သော်လည်း သူ ပို၍ မျက်နှာချိုသွေးရန်ပြင်လိုက်စဥ် ဖုန်းယွမ်ဒဲ့က အကျီလက်ကို ခါလိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။
” ကောင်းပြီ။ မြှောက်မနေနဲ့တော့။ ငါတို့ မိစ္ဆာနှိမ်နင်းရေးခန်းမမှာ ပိုင်ရှောင်ချန်းဆိုတဲ့ ဂိုဏ်းသားရှိတယ်မလား ”
တိမ်တာအိုသခင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
“ဟင်… ပိုင်ရှောင်ချန်းလား”