Switch Mode

အခန်း ( ၄၀၉ )

တာဝန်ထမ်းဆောင်ခြင်း

” ကျောက်ကဲ။ မင်းတာဝန်က အရိပ်ကိုးသွယ်တိုက်ကိုသွားပြီး မိစ္ဆာသိုင်းကျင့်ကြံသူ ကျိုးဝူကို သတ်ဖို့ပဲ။ ပြီးခဲ့တဲ့လက သူက လူသတ်မှုကျူးလွန်ခဲ့ပြီး အရဲစွန့်ပြီးတော့တောင် မိစ္ဆာလက်နက်တစ်ခုကို ပြုလုပ်ခဲ့တာ။ သူ့ကို ချေမှုန်းမှရမယ်။ ”

” လုပန်း။ မင်းတာဝန်က ယွမ်ချိန်မျိုးနွယ်စုက ချိန်ဖန်ကိုသတ်ဖို့။ သူက အစောပိုင်းအမြုတေအဆင့်ရှိတယ်။ ဒါပေမဲ့ ငါတို့နောက်ဆုံးရထားတဲ့ သတင်းတွေအရ သူက အပြင်းအထန် ဒဏ်ရာရနေတာ။ အဲ့တာကြောင့် သိပ်ပြီး ခက်ခဲမှာမဟုတ်ဘူး။ သူ့ခေါင်းကိုပါ အပါယူခဲ့။ ”

” ဟန်ပင်း။ မင်းသွားရမဲ့နေရာက ဘဏ္ဍာရေးရဲတိုက်။ အဲ့နေရာမှာရှိတဲ့ လျိုမင်းမျိုးနွယ်စုဝင်ရဲ့ ငါတို့ဂိုဏ်းကို နှစ်စဥ်ဆက်သနေကြဖြစ်တဲ့ လက်ဆောင်ပဏ္ဏာတွေကို သူတို့ရဲ့ကိုယ်စားပြုတစ်ယောက်ဆီကနေ မင်းသွားယူရမှာ။ ”

တိမ် တာအိုသခင်ရှင်းပြနေသည့် တာဝန်ထဲမှအချို့မှာ အချို့တာဝန်များထက်ပို၍ အန္တရာယ်များသော်လည်း ခြုံငုံကြည့်လိုက်ပါက ထိုတာဝန်အားလုံးမှာ တူညီသော အခက်အခဲအဆင့်အတန်းတွင် ရှိကြသည်သာ ဖြစ်သည်။ ဤအဖွဲ့သည် ယခုမှ မိစ္ဆာနှိမ်နင်းရေးခန်းမကို အသစ်ရောက်လာသည်ဖြစ်ရာ တိမ် တာအိုသခင်က သူတို့ အလွန်အမင်း အခက်တွေ့နေမည်ကို မလိုလားပေ။ တာဝန်များမှရရှိနိုင်သည့် စွမ်းဆာင်မှုရမှတ်များမှာမူ အနည်းဆုံး ရမှတ် နှစ်သောင်းကစပြီး အများဆုံးမှာ ထို့ထက် အစပေါင်းများစွာ ပို၍များသည်။

မြေကွက်လပ်သို့ နောက်ဆုံးမှ ရောက်ရှိလာသည့် ကျင့်ကြံသူ၏ တာဝန်မှာမူ လုံးဝခက်ခဲသည့်ပုံ မပေါ်ပေ။ သူလုပ်စရာရှိသည်မှာ မဟာသစ်တောတောင် ဆီသို့ သတင်းတစ်ခုသွားပေးရန်သာဖြစ်သည်။

ကျင့်ကြံသူအများစုမှာ သူတို့၏တာဝန်များအကြောင်းကို ကြားလိုက်ရသောအခါ စိတ်သက်သာရာ ရသွားကြတော့သည်။ ပိုင်ရှောင်ချန်းကမူ သူ၏နာမည်နှင့် တာဝန်အကြောင်းကို တိမ်တာအိုသခင်က ပြောပြမည်ကို မျက်လုံးတလှုပ်လှုပ်နှင့် စောင့်ဆိုင်းနေတော့သည်။

” ပိုင်ရှောင်ချန်း။ မင်းက ထာဝရအပြောင်းအလဲ ဒေသက လက်ဖြူချောက်ကမ်းပါးကို သွားပြီး နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့်မှာရှိတဲ့ ကာမမိစ္ဆာ ကျိုးဟုန်ဖန် ကို သတ်ရမယ်။ မင်းတာဝန်ပြီးပြီဆိုရင် စွမ်းဆောင်မှုရမှတ် သုံးသောင်းရမယ်။ ” ထိုသို့ဆိုကာ သူသည် ကျောက်စိမ်းပေလွှာတစ်ခုကို ပိုင်ရှောင်ချန်းထံသို့ ပစ်ပေးလိုက်ပြီး တခြားသူများကို တာဝန်ဆက်ပေးနေတော့သည်။ မကြာမီတွင် လူတိုင်းမှာ တာဝန်ကိုယ်စီ ရရှိသွားကြပြီး တိမ်တာအို သခင်မှာ သူတို့အဖွဲ့ကိုကြည့်ကာ ပြုံးပြလိုက်တော့သည်။

” တာအိုရောင်းရင်တို့ရေ။ မင်းတို့ရဲ့ ဒီပထမဆုံးတာဝန်တွေက အရမ်းကြီး ခက်ခဲမှာ မဟုတ်ပါဘူး။ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးသွားမယ်လို့ ငါမျှော်လင့်ပါတယ်။ ဒါပေမဲ့ မင်းတို့က အတင့်ရဲပြီး မိစ္ဆာနှိမ်နင်းရေးခန်းမက ချမှတ်ထားတဲ့ အစီအစဥ်တွေကို မလေးမစားလုပ်ပြီး တာဝန်တွေကို မထမ်းဆောင်ရင်တော့ ချမှတ်ခံရမဲ့ ပြစ်ဒဏ်တွေကို မင်းတို့ တွေးတောင်တွေးမိမှာ မဟုတ်ဘူး။ ကောင်းပြီ။ မင်းတို့အားလုံး မသွားခင် နှစ်နာရီတိတိ ပြင်ဆင်ချိန်ရမယ်။ ” တိမ်တာအို သခင်က သူ၏ အင်္ကျီလက်ကို ခါယမ်းကာ ထွက်ခွာသွားတော့သည်။ ထိုစဥ် ဘေးနားတွင်စောင့်နေကြသည့် မိစ္ဆာနှိမ်နင်းရေးခန်းမ၏ အခြားဂိုဏ်းသားများမှာ အဖွဲ့ဝင်အသစ်များအတွက် ဝတ်စုံများနှင့် အမှတ်အသား တံဆိပ်ဆွဲပြားများကို ယူဆောင်လာတော့သည်။

လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် မအီမလည်ဖြင့် ကြည့်လိုက်ကြပြီး စကားစမြည် ပြောရန် ဆန္ဒမရှိကြသဖြင့် သူတို့၏ တာဝန်များအတွက် တတ်နိုင်သမျှ ပြင်ဆင်ကြရန် ထွက်ခွာသွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူပင် သူ၏ အင်မော်တယ်ဂူသို့ အတတ်နိုင်ဆုံး အမြန်ပြန်သွားတော့သည်။ လမ်းတစ်လျှောက်တွင် သူသည် တာဝန်ကို မထမ်းဆောင်ချင်ကြောင်းသာ တွေးနေတော့သည်။ သို့သော်လည်း ဤနေရာသည် အဏ္ဏဝါခေါ်သံဂိုဏ်း မဟုတ်သဖြင့် သူ ငြင်းဆိုနိုင်ရန် အခွင့်အရေးမရှိပေ။

” နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကာမမိစ္ဆာ ကျိုးဟုန်ဖန် ကို သတ်ရမယ် ဟုတ်လား။ သူက တကယ် နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့်မှာ ရှိတာရော ဟုတ်ရဲ့လားကွာ။ တကယ်ဆိုရင်တော့ ငါ့တာဝန်က အဲ့လောက်မခက်လောက်ပါဘူး။ ” သို့သော်လည်း ဤကိစ္စရပ်တစ်ခုလုံးမှာ အလွန်အံ့သြဖွယ်ကောင်းနေသည်။ ချင်းမေ့ယွမ်က သူ့အတွက် အဆင်ပြေအောင် စီစဥ်ပေးထားပါသော်လည်း အဆုံးတွင် မိစ္ဆာနှိမ်နင်းရေးခန်းမသို့ သူ ရောက်ရှိခဲ့ရသည်။ လီယွမ်ရှန်က ထိုသို့ဖြစ်အောင် မည်သို့ လုပ်လိုက်သည်ကို သူ မသိသော်လည်း သူ၏ ပထမဆုံးတာဝန်မှာ အလွန်အန္တရာယ်များနေမည်ကို တွေး၍ ပူပန်နေတော့သည်။

သူ၏ အင်မော်တယ်ဂူသို့ ရောက်ရှိသွားသောအခါ သူက စိတ်လှုပ်ရှားစွာထိုင်ရင်း အခြားလူများ ပြန်လာရန် စောင့်မျှော်နေတော့သည်။ ဖက်တီးကျန်းကြီးမှာ အရင်ဆုံး ပြန်ရောက်လာပြီးနောက် နတ်ဆရာပါပြန်ရောက်လာပြီး အဆုံးတွင် ချင်းမေ့ယွမ်ပါ ပြန်ရောက်လာတော့သည်။ ချင်းမေ့ယွမ်မှာ အလျင်အမြန်ပင် သူ့ကို တောင်းပန်ကာ ရှင်းပြလိုက်တော့သည်။

” ခေါင်းဆောင်လေး ရေ။ ကျမလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲ။ ကျမ အနည်းငယ် စူးစမ်းပြီး သိခဲ့ရတာက လီယွမ်ရှန်က ကျမစီစဥ်ထားတာတွေကို ဖျက်စီးပစ်တာတဲ့။ ”

ဖက်တီးကျန်းကြီးနှင့် နတ်ဆရာတို့မှာ အလွန်အမင်းဒေါသထွက်နေကြတော့သည်။ သူတို့အားလုံးမှာ သူတို့အလိုရှိသော ခန်းမများသို့ ရောက်ရှိသွားကြသော်လည်း ပိုင်ရှောင်ချန်းမှာ အန္တရာယ်အများဆုံးဖြစ်သည့် မိစ္ဆာနှိမ်နင်းရေးခန်းမသို့ ရောက်သွားရသည့်အတွက် သူတို့ အလွန်ဒေါသထွက်နေကြသည်။

ပိုင်ရှောင်ချန်းကမူ သက်ပြင်းချလိုက်သည်။ ဤအချိန်တွင် သူသည် မိစ္ဆာနှိမ်နင်းရေးခန်းမသို့ ရောက်ခဲ့ရသည့် အကြောင်းအရင်းကို စိတ်မပူတော့ပဲ သူထမ်းဆောင်ရမည့်တာဝန်မှာ မည်မျှ အန္တရာယ်များနိုင်ကြောင်းကိုသာ တွေးပူနေတော့သည်။

ငိုမဲ့မဲ့ဖြင့် ပိုင်ရှောင်ချန်းက ဆိုလိုက်လေသည်။
” ဒီမှာ။ အဲ့ကိစ္စကို ထားလိုက်တော့။ မြန်မြန်လေး အခုငါလုပ်ရမဲ့ တာဝန်ကို တစ်ချက်ကြည့်ပေးကွာ။ အဲ့တာဝန် တော်တော် အန္တရာယ်များလား။ ငါက တစ်နာရီအတွင်း သွားရတော့မှာ။ ”

ထိုသို့ဆိုကာ သူသည် တာဝန်အကြောင်း သူသိသမျှ အားလုံးကို ရှင်းပြလိုက်တော့သည်။

သူ၏ တာအိုစောင့်ရှောက်သူများမှာလည်း တည်ကြည်စွာ ခေါင်းညိတ်လိုက်ကြပြီး ထိုကိစ္စအကြောင်းကို ထိုင်ပြောရန် အချိန်ကုန်ခံမနေတော့ပဲ သတင်းအချက်အလက်များ ရသလောက် စုစည်းရန် ထွက်သွားကြတော့သည်။

သို့သော်လည်း အချိန်မှာ မရှိသလောက် နည်းနေသည်။ ပိုင်ရှောင်ချန်းက သူတာဝန်ထမ်းဆောင်ရာတွင် ယူသွားမည့်အရာများကို ထုတ်ပိုးကာ ကျောက်စိမ်းပေလွှာပေါ်ရှိ တရွေ့ရွေ့ကုန်ဆုံးနေသည့် အချိန်ကို စိုက်ကြည့်နေတော့သည်။ အမွှေးတိုင် တစ်တိုင်လောင်ကျွမ်းစာအချိန်သာ ကျန်တော့သည့်အခါတွင် သူက စိတ်အားငယ်စွာဖြင့် အင်မော်တယ်ဂူအပြင်ဘက်သို့ ထွက်လာတော့သည်။

ဖက်တီးကျန်းကြီးနှင့် ချင်းမေ့ယွမ်တို့မှာ သူ့အတွက် သတင်းရှာဖွေပေးနေဆဲဖြစ်သည်။ နတ်ဆရာကမူ သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားအကုန် ထုတ်သုံးကာ ရှေ့ဖြစ်ဟောရန် ကြိုးစားလိုက်သည်။

” မပူပါနဲ့ ခေါင်းဆောင်လေး။ ”
သူက တည်ကြည်စွာ ဆိုလိုက်သည်။
” ကျုပ် ဗေဒင်တွေက အမြဲတိကျပါတယ်။ ဒီတာဝန်ထမ်းဆောင်ရင်း ခေါင်းဆောင်လေး အန္တရာယ်အချို့နဲ့ ကံမကောင်းမှုအနည်းငယ်ကို ကြုံတွေ့ရမှာ မှန်ပေမဲ့ အဆုံးရောက်ရင် အင်မတန် အဆင့်မြင့်တဲ့ လူတစ်ယောက်က လာကယ်မှာပါ။ ”
နတ်ဆရာပင်လျှင် သူကိုယ်တိုင် အမှန်ကိုပြောနေသလော၊ ပိုင်ရှောင်ချန်းကိုနှစ်သိမ့်နေသလော သေသေချာချာ မသိတော့ပေ။

ပိုင်ရှောင်ချန်းမှာ သက်ပြင်းအရှည်ကြီးချကာ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်ချိန်တွင် တာဝန်ကျောက်စိမ်းပေလွှာမှာ တောက်ပစွာလင်းလက်လာပြီး သူ့ကို ဂိုဏ်းမှထွက်ကာ တာဝန်ထမ်းဆောင်ရန် နှိုးဆော်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ အံကြိတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲမှ အကြည့်များအရ အစွမ်းကုန် စွန့်စားရန် အဆင်သင့်ဖြစ်နေကြောင်းက်ို သိနိုင်သည်။ ထို့နောက် သူသည် တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ဆီသို့ ပြေးသွားလိုက်ပြီးနောက် ဝှစ်ခနဲပျောက်ကွယ်ကာ ထာဝရအပြောင်းအလဲ ဒေသသို့ ရောက်သွားတော့သည်။

ထာဝရအပြောင်းအလဲ ဒေသသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ပိုင်နက် အတွင်းရှိ ကိုးဆယ့်ခုနစ်ဒေသထဲမှ တစ်ခုဖြစ်သည်။ ထိုဒေသသည် ဝေးကွာသည်ဟု သတ်မှတ်၍ မရသော်လည်း ဂိုဏ်းမှကြည့်လျှင် အနည်းငယ်ကွာဝေးသည်။

၎င်းဒေသသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းနိုင်သည့် စက်ဝန်းထဲတွင် ရှိပါသော်လည်း ထိုတည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှာ ဒေသ၏ အစွန်းတွင်ရှိပြီး လက်ဖြူချောက်ကမ်းပါး နှင့် အနည်းငယ်ဝေးကွာသည်။

ထိုအချိန်သည် နွေရာသီဖြစ်သဖြင့် သစ်တောကြီးမှာ အလွန်ပူပြင်းကာ စိုစွတ်ပူနွေးနေသည်။ မျက်စိတစ်ဆုံးတွင် တောင်တန်းများက တွန့်လိမ်ကွေးကောက်နေပြီး တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝနားတွင်ပင် လူနေသည့် အရိပ်အယောင်များမရှိပေ။

ထို အပေါက်ဝသည် တောင်ထူထပ်သည့် တောင်ကြားတစ်ခုတွင် ရှိနေပြီး အချုပ်အနှောင်မန္တန်အစီအရင်များနှင့် အခြားအကာအကွယ်များက ကာရံထားသဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ ကျင့်ကြံသူများမှလွဲ၍ အခြားလူများမှာ အသုံးပြု၍ မရနိုင်ချေ။

တည်နေရာရွှေ့ပြောင်းခြင်း၏ အလင်းတန်းများ ကွယ်ပျောက်သွားပြီးနောက် တွေဝေနေသည့် မျက်နှာကြီးဖြင့် စိတ်မအီမသာဖြစ်နေသည့် ပိုင်ရှောင်ချန်းတစ်ယောက် ပေါ်ထွက်လာတော့သည်။

” ဒီတာဝန် ချောချောမွေ့မွေ့ ပြီးပါစေလို့ပဲ ငါဆုတောင်းတယ်ကွာ။ ” သူက တစ်ကိုယ်ထဲ ရေရွတ်နေတော့သည်။ လောချိန်တောင်တန်းထဲတွင် ထမ်းဆောင်ခဲ့ရသည့် တာဝန်အကြောင်းကို ပြန်တွေးမိသွားသောအခါ ထိုတာဝန်မှာ အစပိုင်းတွင် ချောမွေ့ခဲ့ကြောင်းကို သူကမေ့၍မရပေ။ အဆုံးမရောက်ခင်အထိ အရာအားလုံးမှာ လုံခြုံဘေးကင်းနေသည့်အလား ခံစားခဲ့ရသည်။

” အဲ့အကြောင်းကို တွေးမနေသင့်ဘူး။ ငါတတ်နိုင်သမျှ ကြိုးစားပြီး ငါ့ရဲ့သနားစရာ အသက်လေး မပျောက်သွားအောင်ပဲ လုပ်ရမယ်။ တာဝန်ကို မထမ်းဆောင်နိုင်တော့ဘူးဆိုရင်လည်း ဒီတိုင်းထားခဲ့ရုံပါပဲ။ ” သူက အံကြိတ်ကာ သူ၏ မှော်ပစ္စည်းများကို နောက်ထပ်နှစ်ခေါက် ထပ်၍စစ်ဆေးလိုက်ကာ သစ္စာမဲ့ နဂါးချို ကို ချက်ချင်း အသုံးပြုနိုင်ရန် အသင့်ပြင်လိုက်ပြီး သူ၏ မိစ္ဆာအကြေးခွံ နှင့် ကိုးနယ်ပယ် ရှုခင်း တို့ကိုပါ တစ်ခါထဲ ပြင်ဆင်ထားလိုက်တော့သည်။ ထိုတန်ဖိုးကြီး ရတနာသုံးခုမှာ သူ၏ဘေးတွင်ရှိနေသဖြင့် သူသည် ယုံကြည်မှုများ အနည်းငယ် တိုးပွားလာတော့သည်။

” ငါပြန်လာမှ မင်းနဲ့တွေ့မယ် လီယွမ်ရှန်။ မင်းနဲ့ငါ့ကြား ဇယားရှင်းစရာတွေ ရှိသေးတယ်ကွ။ ” သူက အံကိုကြိတ်ကာ ကုံမြို့တော်အတွင်း သူနေထိုင်ခဲ့သည့် အံ့သြဖွယ်ဘဝကြီးအကြောင်းကို ပြန်တွေး နေပြီး သက်တံ့ဒေသဆီသို့ ရောက်လာခဲ့ခြင်းမှာ အဝါရောင်ရေပန်းများ၏ အောက်အထိ ပြုတ်ကျသွားသည့်အလား ဖြစ်ေနကြောင်း တွေးနေတော့သည်။

တာဝန်ကျောက်စိမ်းပေလွှာထဲတွင် မြေပုံတစ်ခု ပါဝင်သည်။ သူ၏ လက်ရှိနေရာကို အတည်ပြုလိုက်ပြီးနောက် သူက လျင်မြန်စွာပျံသန်း၍ လက်ဖြူချောက်ကမ်းပါး ဆီသို့ ဦးတည်သွားတော့သည်။

အောက်ဘက်ရှိ မြေပြင်များကို မိုးထိုးနေသော ဧရာမ သစ်ပင်ကြီးများပါဝင်သည့် သစ်တောထူကြီးများက ဖုံးအုပ်ထားသည်။ သူ၏လမ်းတစ်လျှောက်တွင်သာမက တောထဲတွင်ပင် မည်သူကိုမှ မတွေ့ခဲ့ပေ။ မြေပြင်ပေါ်တွင်ရှိသည့် တစ်ခုထဲသောအရာမှာ နှစ်ပေါင်းများစွာတိုင်အောင် ဆွေးမြေ့နေပြီဖြစ်သော ထူထပ်လှသည့် သစ်ရွက်များသာ ဖြစ်သည်။ နေရာအများစုတွင် ထိုသစ်ရွက်များမှာ ရွှံ့ညွန်များအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။

ယခုအချိန်တွင် တိမ်ဖုံးကာ မိုးရွာခြင်းမရှိပါသော်လည်း မိုးခြိမ်းသံများကို မပီပြင် ဝိုးတဝါး ကြားနေရသည်။

” အကောင်းဆုံးကတော့ နယ်ခံကျင့်ကြံသူတွေကိုရှာပြီး လက်ဖြူချောက်ကမ်းပါး အကြောင်းနဲ့ ဒီ ကျိုးဟုန်ဖန် ဆိုတဲ့ကောင်အကြောင်းကို စုံစမ်းဖို့ပဲ။ ” အနည်းငယ်ကြာပြီးနောက် သူက သူ၏ အဝါရောင်ဝတ်ရုံကိုချွတ်ကာ မထင်ပေါ်သည့် ဝတ်စုံတစ်ခုကိုပြောင်းဝတ်ကာ နယ်ခံများကို ရှာရန် ပြင်လိုက်တော့သည်။

သို့သော်လည်း သူသည် လူသူမနေသည့် နေရာတစ်ခုသို့ ရောက်နေသည့်အတိုင်းပင်။ ဆယ်ရက်တိတိ ရှာဖွေပြီးသည့်တိုင်အောင် သူသည် သစ်တောထဲတွင် ကျင့်ကြံသူတစ်ယောက်မှ မတွေ့ခဲ့ပေ။ သူတစ်ခါတစ်ရံ ကြုံရသည့် အရာများမှာ သားရဲ အရိုင်းကောင်များသာ ဖြစ်သည်။

ထိုသားရဲများထဲမှ တစ်ကောင်မှာ မီတာသုံးရာကျော်ရှည်လျားသည့် မြွေဟောက်ကြီးတစ်ကောင်ဖြစ်သည်။ တစ်ခါကဆိုလျှင် သူသည် လူဦးခေါင်းများရှိကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ငှက်တစ်အုပ်ကိုပင် တွေ့လိုက်ရသေးသည်။ ထိုငှက်များကို သူသတိထားမိလိုက်သည့် အချိန် သစ်ပင်တစ်ပင်ထဲမှ ပါးစပ်တစ်ပေါက် ရုတ်တရက်ပွင့်လာကာ ထိုငှက်တစ်ကောင်ကို ဝါးမျိုလိုက်တော့သည်။ ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ ဦးရေပြားများပင် ထုန်ကျဥ်သွားရပြီး လေပေါ်သို့ ပို၍မြင့်မားစွာ ပျံတက်လိုက်လေသည်။

” တစ်ခုခုတော့ လွဲနေပြီ။ မဟုတ်မှလွဲရောဒီ ထာဝရအပြောင်းအလဲ ဒေသမှာ လူလုံးဝမနေတာလား။ ”
တောနက်ထဲသို့ ပိုရောက်လာလေ သားရဲများကို ပိုကြုံလာရလေဖြစ်သည်။ အမြုတေအဆင့်ရှိသော သားရဲအနည်းငယ်ပင် ရှိလေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ကောက်ရပ်လိုက်တော့သည်။

” နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့်ပဲ ရှိတဲ့ ကျင့်ကြံသူတွေက ဒီနေရာမှာ အမြဲတမ်း ဘယ်လိုနည်းနဲ့ နေနိုင်မှာတုံး။ ”

သူက တွေးတောနေစဥ် တောနက်ထဲမှ ဧရာမပုတ်သင်ညိုကြီးတစ်ကောင်သည် ခုန်ပျံကာ တိမ်တိုက်များဆီသို့ ပျံဝဲသွားသည်ကို မြင်လိုက်ရသည်။ ၎င်းမှာတဖြည်းဖြည်းနှင့် မြန်ဆန်လာပြီး အရွယ်အစားကြီးမားသွားကာ ရေနဂါးတစ်ကောင်အသွင်ပြောင်းသွားသဖြင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရတော့သည်။

၎င်းနဂါးကြီးမှာ တိမ်တိုက်များထဲတွင် ရစ်ဝဲကာ ကြောက်မက်ဖွယ်ဖိအားကြီးများကို ထုတ်လွှတ်နေသဖြင့် ပိုင်ရှောင်ချန်းမှာ မှင်တက်ကာ နောက်သို့ဆုတ်လိုက်သည်။

” ဒီတာဝန်ကို ငါမလုပ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ငါ့ကို သတ်ဖို့များ ကြိုးစားနေတာလား။ ” နီမြန်းနေသည့် မျက်လုံးကြီးများဖြင့် သူကအံကြိတ်ကာ နောက်သို့လှည့်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝရှိရာဘက်သို့ ဦးတည်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset