ထိုတစ်ဖွဲ့လုံးမှာ အလန့်တကြား အော်ဟစ်နေကြတော့သည်။ သူတို့အားလုံးမှာ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်၏ ရွေးချယ်ခြင်းကို ခံရမည်ဟု မတွေးထားမိကြချေ။ သူတို့မှာ ကြောက်ကြောက်လန်လန့်ဖြင့် တုန်ရီနေကြစဥ် အဆောင်မှူးကြီးမှာ သူတို့ကို ပြူးကြည့်ကာ အော်ဟစ်လိုက်သည်။
” မင်းတို့အကုန် ပါးစပ်ပိတ်ထားကြစမ်း။ ”
သူ၏ မိုးခြိမ်းသံကဲ့သို့သော စကားသံကြီးကြောင့် ချက်ချင်းပင် ထိုတစ်ဖွဲ့လုံး ငြိမ်ကျသွားတော့သည်။ ပိုင်ရှောင်ချန်းနှင့် အခြားလူများအားလုံးမှာ စောစောက သဘောကောင်းသည့် မျက်နှာနှင့် ရပ်နေသည့် အဘိုးကြီးနှင့် ယခုသူတို့မြင်နေရသည့် အမူအရာတင်းမာနေကာ စူးရှရှအကြည့်များဖြင့်ကြည့်နေသည့် အဆောင်မှူကြီးတို့မှာ တစ်ယောက်ထဲ ဖြစ်သည်ဆိုသည့်အချက်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
” မိစ္ဆာနှိမ်နင်းရေးခန်းမထဲမှာဆို ငါတို့က မိစ္ဆာတွေကို နှိမ်နင်းပြီး နှင်ထုတ်ရတာ။ ငါတို့ရဲ့ တာအိုက ရန်သူတွေကို သတ်ဖြတ်ဖို့ပဲ။ မင်းတို့ကောင်တွေ ဒီလောက်ဂုဏ်ရှိတဲ့ အလုပ်ကို စွန့်လွှတ်ချင်လို့လား။ နားထောင်ကြစမ်း။ ငါအခု ငါ့အမြန်နှုန်းရဲ့ဆယ်ရာခိုင်နှုန်းကိုပဲသုံးမယ်။ အဲ့တာကြောင့် နောက်မှာ ပြတ်မကျန်ခဲ့စေနဲ့။ မိစ္ဆာနှိမ်နင်းရေးခန်းမရဲ့ ပင်မဘုံကျောင်းကြီးထဲမှာရှိတဲ့ မြေကွက်လပ်ဆီ နောက်ဆုံးမှရောက်တဲ့ကောင်ကို ချက်ချင်းပဲ အရေးကြီးတဲ့တာဝန်တစ်ခု ထမ်းဆောင်ခိုင်းမှာ။ ငါက အပြစ်ပေးရတာကြိုက်သလို ဆုချရတာလည်းကြိုက်တဲ့ လူစားမျိုး။ မင်းတို့ကောင်တွေ ငါ့ထက်အရင် မြေကွက်လပ်ဆီကိုရောက်ရင် နောက်ထပ်သုံးနှစ်တိတိ တာဝန်ထမ်းဆောင်စရာ မလိုဘူး။ ” သူကထိုသို့ဆိုကာ အေးစက်စက်နှာမှုတ်လိုက်ပြီး လျင်မြန်စွာ ပြေးသွားတော့သည်။
လူတိုင်းမှာ မှင်တက်သွားကြတော့သည်။ အဆောင်မှူးကြီး၏ လေသံအရ သူတွေးထားသည့် ‘ အရေးကြီးသော တာဝန် ‘ ဆိုသောအရာသည် သူတို့အားလုံးအတွက် ကောင်းမွန်သောအရာတစ်ခု မဟုတ်နိုင်ကြောင်း ရိပ်မိသွားတော့သည်။ တစ်ခဏလေးမျှ တွေဝေမနေကြပဲ သူတို့အားလုံးမှာ တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားကြတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ငိုမဲ့မဲ့ ဖြစ်နေပြီး တချိန်ထဲမှာပင် ရောင်းစားခံလိုက်ရပြီဆိုသော အသိကြီးကြောင့် ဒေါပွနေတော့သည်။ ထို့အပြင် သူ၏ မိစ္ဆာနှိမ်နင်းရေးခန်းမအပေါ်ထားရှိသည့် ကြောက်ရွံ့မှုများကြောင့် အမြန်ဆုံးအရှိန်တင်ကာ အဆောင်မှူးကြီးနောက်သို့ ပြေးလိုက်နေတော့သည်။ သူ၏အတွေးထဲတွင် လတ်တလောကြားထားသည့် ကောလာဟလများဖြင့် ပြည့်နှက်နေတော့သည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည့်အရာများမှာ သူ၏ ရောင်းရင်းဂိုဏ်းသားများ မကြာသေးမီက ပြောလိုက်သည့် တုန်လှုပ်ဖွယ်စကားများဖြစ်သည်။
” ချင်းမေ့ယွမ်ရဲ့ အမှားတော့ မဟုတ်နိုင်ဘူး။ သူက ငါ့ကို ရောင်းစားစရာအကြောင်းမှ မရှိပဲ။ ဖြစ်နိုင်တာတစ်ခုက ငါ့ကို ဘေးကင်းအောင်ထားဖို့ သူမဆီမှာ အားကောင်းတဲ့ ကျောထောက်နောက်ခံမရှိတာပဲနေမှာ။ သေချာတယ် ဒါ လီယွမ်ရှန်နဲ့ သူ့ရဲ့နတ်မျိုးနွယ်စု လက်ချက်ပဲနေမှာ။ သူက ရတဲ့နည်းသုံးပြီး ငါ့ကိုသတ်ဖို့ ကြိုးစားနေတာပဲ။ ”
သူက အံကြိတ်ရင်းဖြင့် ဘေးဘီသို့ လှည့်ပတ်ကြည့်ကာ ရောင်းရင်းဂိုဏ်းသားများ၏ အမြန်နှုန်းကို အကဲခတ်လိုက်သည်။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် အရောင်လက်သွားပြီးနောက် သူက အရှိန်ထပ်၍ တင်လိုက်တော့သည်။
သူ၏အရှိန်မြန်လာလေ သူ၏နားဘေးနားတွင် လေများက ဖြတ်ပြေးလေ ဖြစ်နေပြီး သူ၏နောက်တွင် ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်။ သူက အသက်လုကာပြေးနေရသည့်အလား ဒုန်းစိုင်းပြေးနေသဖြင့် မျက်စိတစ်မှိတ်အတွင်း သူက ထိုအဖွဲ့ထဲရှိ ထိပ်ဆုံးကလူများကို မီသွားတော့သည်။
သူက နောက်ဆုံးနေရာသို့ မရောက်ချင်ရုံသာမက အဆောင်မှူးကြီးထက်အရင် မြေကွက်လပ်ဆီသို့ ရောက်လျှင် ရရှိနိုင်မည့် ဆုလာဒ်များကိုပါ လိုချင်နေသည်။ တာဝန်များကို သုံးနှစ်တိတိ ဆောင်ရွက်စရာမလိုမည့် အတွေးကြီးမှာ သူ၏ခန္ဓာကိုယ်အတွင်း တွန်းအားကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ သူ၏ မျက်ဝန်းများမှာ နီမြန်းနေပြီး အံကြိတ်ကာ သူ၏ရှေ့ရှိ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ အဘိုးကြီးကို မျက်ခြေမပြတ်တန်း ကြည့်နေတော့သည်။ အဆောင်မှူးကြီးမှာ လျင်မြန်စွာပြေးနေပါသော်လည်း အစွမ်းကုန် မထုတ်သေးသည်မှာ အသေအချာပင်။ သူသည် ခြေလှမ်းတစ်လှမ်းစီဖြင့် မီတာထောင်ပေါင်းများစွာသို့ ရောက်ရှိနိုင်သော နည်းလမ်းမျိုးကိုသုံးကာ လေပေါ်တွင် ပုံမှန်အတိုင်း ဖြတ်လျှောက်နေသည်သာ ဖြစ်သည်။
အဆောင်မှူးကြီး၏ အတွေ့အကြုံအရဆိုလျှင် သူ၏ ယခုနှုန်းထားအတိုင်းဆိုပါက သူ့ကိုမီနိုင်သည့် ဂိုဏ်းသားရှိပါက အလွန်အံ့သြဖွယ်ကောင်းနေမည်ဖြစ်သည်။ ထို့အပြင် ဂိုဏ်းသားများကို ကိုယ့်နေရာကိုယ် သိအောင် သင်ခန်းစာပေးခြင်းမှာ အကျိးကျေးဇူးများရှိသည်။ မိစ္ဆာနှိမ်နင်းရေးခန်းမအတွင်းရှိ နေ့စဥ်ဓူဝ ဘဝများမှာ ခါးသီးလွန်းလှသည်ဖြစ်၍ သူသည် ဂိုဏ်းသားအသစ်များကို အမြဲတမ်း မိမိကိုယ်ကို နှိမ့်ချတတ်စေရန် သင်ခန်းစာပေးနေကြဖြစ်နေသည်။
သူသည် သက်ပြင်းချကာ ရှေ့သို့ပြေးနေရင်း ရုတ်တရက် သူ၏အနောက်ဘက်တွင် လေတိုးသံတစ်သံကိုကြားလိုက်ရသဖြင့် သူ၏မျက်နှာပေါ်တွင် အံ့သြသွားသည့် အမူအရာတစ်ခုပေါ်လာတော့သည်။ သူ၏နတ်ဘုရားအာရုံကို နောက်ဘက်သို့ စေလွှတ်လိုက်သောအခါ ပိုင်ရှောင်ချန်း တစ်ယောက် မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် သူ၏ရဲဘော်ရဲဘက်များကို ကျော်ဖြတ်၍ ပြေးလာကာ သူ့အနားသို့ ကပ်လာနေသည်ကို မြင်လိုက်ရသည်။ တစ်ခဏအတွင်း ပိုင်ရှောင်ချန်းက သူ့ကို မီသွားတော့မည် ဖြစ်သည်။
” အီးး ”
အဆောင်မှူကြီးမှာ တအံ့တသြ ရေရွတ်လိုက်တော့သည်။ မိစ္ဆာနှိမ်နင်းရေးခန်းမအတွက် အဖွဲ့ဝင်အသစ်များ ရွေးခဲ့သည့် နှစ်တိုင်းတွင် ဤမျှမြန်ဆန်သူကို သူ မမြင်ခဲ့ဘူးပေ။ တခြားရွေးချယ်စရာ မရှိတော့သဖြင့် သူက အရှိန်အနည်းငယ်ထပ်တင်လိုက်သဖြင့် ချက်ချင်းပင် ရှေ့သို့ မီတာရာဂဏန်းအနည်းငယ်ခန့် ရောက်ရှိသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ အမီလိုက်နိုင်ရန် ဟောဟဲဆိုက်သည်အထိ ပြေးလာရပါသော်လည်း အဆောင်မှူးကြီးမှာ ရုတ်တရက် အရှိန်တင်လိုက်သဖြင့် သူတို့အကြားတွင် မီတာရာဂဏန်းမျှ ခြားသွားသည်ကို မြင်လိုက်ရတော့သည်။ သူ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ ကြီးထွားလာသောကြောင့် သူက တောင်ပံနှစ်ချောင်းကို ထုတ်လိုက်ရာ ချက်ချင်းပင် အမြန်နှုန်း မြင့်တက်သွားတော့သည်။
သူတို့နှစ်ယောက်၏ အပြေးပြိုင်နေကြပုံကိုကြည့်လျှင် ပိုင်ရှောင်ချန်းမှာ အဆောင်မှူးကြီးထက် အနည်းငယ်ပို၍ မြန်နေကြောင်းကို မြင်နိုင်မည်ဖြစ်သည်။ သူ၏တောင်ပံများ၊ အပြင်အားများနှင့် ကောင်းကင်တာအို ရွှေအမြုတေတို့ကြောင့် သူသည် အချိန်အနည်းငယ်အတွင်း အကွာအဝေးကို လျှော့ချနိုင်လိုက်ကာ အဆောင်မှူးကြီး၏ နောက်ဘက် မီတာဒါဇင်အနည်းငယ်အကွာသို့ ရောက်ရှိသွားတော့သည်။
အဆောင်မှူးကြီးမှာ မျက်လုံးများပင် ပြူးသွားရပြီး အရှိန်ထပ်တင်လိုက်တော့သည်။ ဤအချိန်တွင် သူ့ စွမ်းအား၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနေရသဖြင့် ထို့ထက်ပို၍ အရှိန်တင်ရန်မဖြစ်နိုင်တော့ချေ။ ဂိုဏ်းသားအသစ်များရွေးချယ်ရန် သူတာဝန်ကျခဲ့သည့် နှစ်အားလုံးထဲတွင် သူ့ အစွမ်း၏ ဆယ်ရာခိုင်နှုန်းထက် ပို၍အသုံးပြုစေနိုင်ခဲ့သည့် လူတစ်ယောက်ကိုမှ သူမကြုံခဲ့ဘူးချေ။ သို့သော်လည်း ဤပိုင်ရှောင်ချန်းဆိုသူကား အခြားဂိုဏ်းသားများနှင့် မတူညီပဲ ကွဲပြားနေသည်ကို သိလိုက်ရသဖြင့် သူ အံ့သြနေရတော့သည်။
အဆောင်မှူးကြီးသည် သူ့ကျင့်ကြံခြင်းအခြေခံ၏ ဆယ်ရာခိုင်နှုန်းကိုသာ ဆက်၍အသုံးပြုနေပါက တချိန်တွင် ပိုင်ရှောင်ချန်းက သူ့ကို ကျော်တက်သွားမည်ဖြစ်ကြောင်းကို သိလိုက်လေသည်။
ရှေ့ခမ်းလှမ်းလှမ်းတွင် မိစ္ဆာနှိမ်နင်းရေးခန်းမကို မြင်လိုက်ရသည့်အချိန်တွင် ပိုင်ရှောင်ချန်းမှာ အဆောင်မှူးကြီး၏ ဘေးသို့ရောက်သွားတော့သည်။ သူ၏ ဟောဟဲဆိုက်နေသော အသက်ရှူသံများကို အရပ်မျက်နှာပေါင်းစုံတွင်ကြားနေရသည် ဖြစ်ပြီး သူ၏နဖူးတွင်လည်း အပြာရောင်သွေးကြောကြီးများက ဖောင်းနေတော့သည်။ သူ၏မျက်လုံးထဲရှိ အကြည့်များမှာ သေရေးရှင်ရေး ကိစ္စနှင့်ကြုံတွေ့နေရသကဲ့သို့ ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင်မူ ယခုကိစ္စသည် တကယ့်ကို သေရေးရှင်ရေး ဖြစ်နေသည်။ ရှေ့ခပ်လှမ်းလှမ်းတွင် ရစ်ဝဲနေသည့်တိမ်တိုက်များစွာဖုံးအုပ်ထားပြီး အဆောင်ငယ်ပေါင်းများစွာပါရှိသည့် တောင်ကြီးတစ်လုံးဖြစ်သော မိစ္ဆာနှိမ်နင်းရေးခန်းမကြီးကို မြင်နေရပြီဖြစ်သည်။ ကျင့်ကြံသူများမှာ နေရာတိုင်းတွင် အလုပ်ရှုပ်နေကြပြီး မျက်စိကို ဖမ်းအစားနိုင်ဆုံးအရာများသည်ကား တောင်ပေါ်တွင်ထွင်းထားသည့် ဧရာမ စာလုံးကြီးများ ဖြစ်သည်။
” မိစ္ဆာနှိမ်နင်းရေးခန်းမ ”
စာလုံးတစ်လုံးချင်းစီမှာ မီတာသုံးရာအတိ အမြင့်ရှိပြီး သွေးရောင်ကဲ့သို့ နီမြန်းနေသည်။ ထိုစာလုံးများမှာ အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်သာမက ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသောအခိုးအငွေ့များကို ထုတ်လွှတ်နေသည်။
ပိုင်ရှောင်ချန်းသည် အဆောင်မှူးကြီးကို ကျော်တက်နိုင်ကာ တာဝန်များကို သုံးနှစ်တိတိ ထမ်းဆောင်စရာမလိုသည့် အခွင့်အရေးကို ရရှိတော့မည်ဟု သိသလိုက်သဖြင့် သူ၏ မျက်လုံးအိမ်များမှာ ကျဥ်းသွားတော့သည်။
” ဒီ သောက်ကလေး သူ့ကိုယ်သူ ဘာထင်နေတာတုံး။ ”
အဆောင်မှူးကြီးက သူ့ကိုပြူးကြည့်ရင်း တွေးလိုက်လေသည်။
” ငါ့ကို မျက်နှာပျက်အောင် လုပ်နေတာလား။ ”
သူသည် အလွန်အဆင့်မြင့်သော ကျင့်ကြံခြင်းအခြေခံတစ်ခုဖြစ်သည့် ယင်ယန်ဝိညာဥ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့ ကျင့်ကြံခြင်းအခြေခံ၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုထားသည်ဖြစ်ပါသော်လည်း သူ့ထက်ဝါနုသော မျိုးဆက်သစ်တစ်ယောက်ယောက်က သူ့ကို အနိုင်ရရှိသွားပါက အရှက်ရစရာတစ်ခုသာ ဖြစ်နေလိမ့်မည်။ ရှေ့ဘက်ခပ်လှမ်းလှမ်းရှိ မိစ္ဆာနှိမ်နင်းရေးခန်းမကို သူက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရင်း မည်သို့ဆက်လုပ်ရမည်ကို တွေဝေစဥ်းစားနေစဥ်မှာပင်….
ပိုင်ရှောင်ချန်းသည် ပန်းတိုင်နှင့် မီတာသုံးထောင်အကွာသို့ရောက်သွားတော့သည်။ ရုတ်တရက် သူက တောင်ဖြိုသိုင်းကွက်ကိုသုံးကာ ပို၍လျင်မြန်သည့် အရှိန်ဖြင့် ပြေးသွားသဖြင့် ထစ်ချုန်းသံများပေါ်ထွက်လာပြီး အဆောင်မှူးကြီးကို ကျော်တက်သွားတော့သည်။
တစ်ခဏအတွင်း သူသည် မြေကွက်လပ်ပေါ်သို့ ရောက်တော့မည်ဖြစ်သည်။
အဆောင်မှူးကြီး၏ အကြည့်များမှာ ပို၍စူးရှသွားကာ စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူက အသေးစား တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုကို ပြုလုပ်ရန် ပြင်လိုက်တော့သည်။
သို့သော်လည်း သူထိုသို့လုပ်လိုက်သည့်အချိန်တွင် ပိုင်ရှောင်ချန်းက အေးစိမ့်ချီများကို ထုတ်လွှတ်လိုက်သဖြင့် သူ၏ ဘေးပတ်လည်မီတာသုံးထောင် တွင် ရေခဲများပေါ်ထွက်လာတော့သည်။ ရုတ်တရက် သူသည်လည်း အသေးစားတည်နေရာရွှေ့ပြောင်းခြင်းတစ်ခုနှင့် ဆင်တူသည့် အရာတစ်ခုကိုလုပ်လိုက်ပြီး တစ်ခဏအတွင်း မြေကွက်လပ်ပေါ်ရှိ ဘုံကျောင်း၏ဘေးသို့ရောက်သွားတော့သည်။
အဆောင်မှူးကြီးမှာလည်း သူရဲတစ်ကောင်ကိုမြင်လိုက်ရသည့်အလား ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏တည်နေရာရွှေ့ပြောင်းခြင်းမှာလည်း ပြီးဆုံးသွားတော့သည်။
” ကျွန်တော် အရင်ရောက်တာဗျ ” ပိုင်ရှောင်ချန်းက အသက်ကိုလုရှူရင်း အော်ဟစ်လိုက်တော့သည်။
” ဟားဟားဟား။ ”
သူသည် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ဤနေရာသို့ သူပထမဆုံးရောက်ရှိကြောင်းကို သေချာသွားတော့သည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှနေ၍ ရှေးဟောင်းအသံကြီးတစ်သံက သူ့ဆီသို့ ပျံ့လွင့်လာတော့သည်။
” မဆိုးပါဘူး။ မင်းက အဲ့နေရာကို အရင်ရောက်တာပဲ။ ဒါပေမဲ့ အဲ့ဘက်မှာ မင်းဘာလုပ်နေတာတုံးကွ။ ငါပြောတဲ့ မြေကွက်လပ်ဆိုတာ ဒီနေရာကိုပြောတာဟ။ ” ပိုင်ရှောင်ချန်းမှာ အသံလာရာသို့ လှည့်ကြည့်လိုက်ပြီးနောက် အဆောင်မှူကြီးမှာ သူနှင့်ခပ်လှမ်းလှမ်းရှိ အခြားမြေကွက်လပ်တစ်ခုတွင် ပြုံးပြုံးပြုံးကြီးရပ်ကာ သူ့အား ကြည့်နေသည်ကို မြင်လိုက်ရ၍ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် သူသည် ပင်မဘုံကျောင်း၏အပြင်ဘက်ရှိ မြေကွက်လပ်ထဲတွင် ရပ်နေပြီး အဆောင်မှူးကြီးမှာ အရံဘုံကျောင်းတစ်ခု၏ မြေကွက်လပ်ထဲတွင် ရပ်နေသည်ကို သိလိုက်လေသည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်း၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏နှလုံးသားထဲတွင် စိတ်ပျက်မှုများ တရိပ်ရိပ် ပေါ်ထွက်လာတော့သည်။
” ခင်ဗျားကြီး… ”
သူက ငိုမဲ့မဲ့ပင် ဖြစ်နေတော့သည်။ အဆောင်မှူးကြီးမှာ အရှက်ကင်းမဲ့စွာ ပြုမူခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းမှာ မည်သို့မှမတတ်နိုင်ပဲ ဝမ်းနည်းစွာသက်ပြင်းချကာ ထိုနေရာဆီသို့ ပြေးသွားလိုက်သည်။ ထို့နောက် သူ၏လက်ကိုယှက်ကာဦးညွှတ်ရင်း နှုတ်ဆက်လိုက်သည်။
” ဂိုဏ်းသား ပိုင်ရှောင်ချန်းမှ ဂါဝရပြုပါတယ် အဆောင်မှူးခင်ဗျာ။ ”
အဆောင်မှူးကြီးမှာ ယခင်ကကဲ့သို့ သဘောကောင်းသည့်ပုံစံပြန်ဖမ်းကာ ပြုံးလိုက်တော့သည်။ သို့သော် အတွင်းစိတ်ထဲတွင်မူ သူသည် အေးစက်စက်နှာမှုတ်ကာ ပိုင်ရှောင်ချန်းက သူ့အား ကျော်တက်သွားသည်ကို မမေ့နိုင်လောက်အောင် ဖြစ်နေရတော့သည်။
အဆောင်မှူးကြီးရောက်ရှိလာပြီဖြစ်ရာ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ အခြားအဖွဲ့ဝင်များကလည်း အပြေးရောက်လာကြတော့သည်။ ပထမဆုံးရောက်လာသူမှာ နှောင်းပိုင်း အမြုတေအဆင့်တွင်ရှိသော မုတ်ဆိတ်မွေးများနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်သည်။ သူက ရိုသေစွာဖြင့် လက်ယှက်ကာ အဆောင်မှူးကြီးကို နှုတ်ဆက်လိုက်ပြီး ပိုင်ရှောင်ချန်းရှိနေသည်ကိုပင် ဂရုမစိုက်ပဲ ဖားယားသော စကားအချို့ကိုပါ ပြောဆိုနေတော့သည်။
အဆောင်မှူးကြီးမှာမူ ပြုံးကာ ခေါင်းညိတ်ပြလိုက်သဖြင့် ထိုသက်လတ်ပိုင်းလူကြီးမှာ ဘေးဘက်တွင်ရပ်လိုက်ပြီး ပိုင်ရှောင်ချန်းကို စိတ်ဝင်စားသည့် အရိပ်အယောင်များ တလက်လက်ထနေသော မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။
မကြာမီ အခြားသော အဖွဲ့ဝင်အသစ်များလည်း ရောက်လာတော့သည်။ နောက်ဆုံးတစ်ယောက်မှာ အမြုတေအဆင့်သို့ ရောက်ခါနီးဖြစ်သည့် တုန်တုန်ရီရီနှင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အဆောင်မှူးကြီးမှာ သူ့ကို အေးစက်စက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်တော့သည်။ သို့သော်လည်း မုတ်ဆိတ်မွေးနှင့် လူကြီးကမူ ထိုနောက်ဆုံးမှရောက်လာသည့် ဂိုဏ်းသားကို စိုက်ကြည့်လိုက်လေသည်။
” ငါ့နာမည်က ဖုန်းယွမ်ဒဲ့။ ငါက မိစ္ဆာနှိမ်နင်းရေးခန်းမရဲ့ အဆောင်မှူးပဲ။ အခုကစပြီး မင်းတို့အားလုံးက မိစ္ဆာနှိမ်နင်းရေးခန်းမရဲ့ ကျင့်ကြံသူတွေ ဖြစ်သွားကြပြီ။ အဲ့တော့ ငါတို့ရဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ ဓလေ့ထုံးတမ်းတွေကို လိုက်နာရမယ်။ တိမ် တာအို သခင်ရေ။ သူတို့ကို မင်းလက်ထဲ အပ်ခဲ့ပြီ။ ”
ထိုသို့ဆိုကာ အဆောင်မှူးကြီးသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး တောင်ခြေဆီသို့ ပျံဝဲသွားသဖြင့် အဖွဲ့ဝင်အသစ်များမှာ အသက်မဲ့နေသော အမူအရာများဖြင့် ကျန်ခဲ့ရတော့သည်။
အဆောင်မှူးကြီးက တိမ် တာအိုသခင်ဟုခေါ်လိုက်သည့် မုတ်ဆိတ်မွေးကြီးနှင့်လူမှာ ပိုင်ရှောင်ချန်းနှင့် အခြားလူများကို အေးစက်စက်ပြုံးပြလိုက်ပြီး ဆိုလိုက်သည်။
” ကြောက်စရာမလိုပါဘူး ဂိုဏ်းဝင်တို့… ကျုပ်က မိစ္ဆာနှိမ်နင်းရေးခန်းမရဲ့ ဂုဏ်ထူးဆောင် အစောင့်ဖြစ်တဲ့ တိမ် တာအိုသခင်ပါ။ အခုကစပြီး ကျုပ်တို့က တစ်ဖွဲ့ထဲဖြစ်သွားကြပြီ။ ဒါပေမဲ့ အဖွဲ့ဝင်အသစ်အနေနဲ့ မင်းတို့ပထမဆုံး တစ်ယောက်ထဲထမ်းဆောင်ရမဲ့ တာဝန်တွေကို ငါအခု သတ်မှတ်ပေးမယ်။ ”
မည်သည့် အကြောင်းအရင်းကြောင်းမသိ ပိုင်ရှောင်ချန်းကိုကြည့်သည့်အခါ ထိုလူကြီး၏ မျက်ဝန်းများထဲတွင် ထူးခြားသောအရိပ်အယောင်များ လင်းလက်နေသည်။