အခန်း ( ၄၀၇ )

မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်သို့ ရောက်ရှိသွားခြင်း

စုန့်ချွဲအလောတကြီး ထွက်သွားသည်ကို ကြည့်ရင်း ပိုင်ရှောင်ချန်း၏ မျက်နှာထက်တွင် လေးနက်စွာ စဥ်းစားနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ မကြာမီ အပြုံးယဲ့ယဲ့ကလေး ထင်ဟပ်လာ၏။

ထိုအခိုက် ပိုင်ရှောင်ချန်းသည် စုန့်ချွဲကို ပြိုင်ဘက်တစ်ယောက်ဟု မမြင်တော့ပေ။ အမှန်တွင် စုန့်ချွဲဘဝကြမ်းတမ်းခက်ခဲခဲ့ကြောင်း သူ အမှန်တကယ် ယုံကြည်သည်။ စုန့်ချွဲသည် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လျက် အမြဲတစေတိုက်ခိုက်နေလိုသည် ကြံ့ကြံ့ခိုင်နေဟန်ဖြင့် တစ်ချိန်လုံး ကြိုးစားရင်းလျှောက်သွားနေလေသည်။

သူက ထိုသတိပေးချက်များလာပေးသည်ကို ပိုင်ရှောင်ချန်း မေ့လိမ့်မည်မဟုတ်ပေ။ အတန်ငယ်တွေးတောပြီးနောက် စုန့်ချွဲ၏ပြောပုံအရ ဆိုလျှင် ကောင်းကင်ဘုံအဖွဲ့အစည်းနှင့်ပတ်သက်သောကိစ္စများကြောင့် လီယွမ်ရှန်သည် သူဒုက္ခရောက်စေရန် အခွင့်အရေးရှာနေတာ ဖြစ်လိမ့်မည်။

ကံဆိုးစွာပင် သူ့ကို ပစ်မှတ်ထားသည့် လူ၏ သရုပ်မှန်ကို သိသော်လည်း အမှန်တကယ်တွင် မည်သို့မျှ အကူအညီမဖြစ်ပေ။ လီယွမ်ရှန်က ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် သူ့ကို ဒုက္ခပေးရန်အတွက် နည်းလမ်း မျိုးစုံ ပြင်ဆင်ထားရန် မဖြစ်နိုင်ပေ။ သူလုပ်ရမည့်အရာမှာ တတ်နိုင်သမျှ သတိရှိနေရန် ဖြစ်သည်။

” အဏ္ဏဝါခေါ်သံဂိုဏ်းမှာဆိုလို့ကတော့ မင်းကို သေချာပေါက် တစ်ခုမဟုတ် နှစ်ခုတောင်ပြလို့ရတယ် ” ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်ပြီး လီယွမ်ရှန်နေရာတွင် သူသာဆိုပါက ထိုအခြေအနေအား မည်သို့ ကိုင်တွယ်မည်ကို ဆက်လက်စဥ်းစားလိုက်သည်။တခဏကြာသော် သူ၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွား၏။

” ခန်းမဆောင်ရွေးချယ်ပွဲ ”
သူက တုန်တုန်ယင်ယင် တွေးလိုက်သည်။ ထိုအကြောင်းတွေးလေ သူ၏ မျက်နှာမှာ တင်းမာလာလေ ဖြစ်ပြီး ခန်းမရွေးချယ်ပွဲသည် လီယွမ်ရှန် လှုပ်ရှားမည့် အကွက် ဖြစ်ကြောင်း ပို၍ သေချာသွားတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းအား ဖြေရှင်းရန်နည်းလမ်းကို မတွေးတတ်ပေ။ ထိုအချိန်တွင် ကုံဒေသ တောင်ထိပ်သခင်ထံ သွားရန်ပင် တွေးမိလိုက်သည်။

ကံဆိုးစွာပင် တောင်ထိပ်သခင်၏ အထူးတလည် ဆင့်ခေါ်ခြင်းကို မခံရပဲ အတွင်းစည်းထဲ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ရိုးရိုးတန်းတန်း အလည်ပတ်သွား၍ ဂါဝရပြု ခြင်းပင်လျှင် ေတာင်ထိပ်သခင် ခွင့် ပြုချက်လိုအပ်ပြီး ထိုအရာလေးအတွက် အမြဲတစေ သွားသော်ငြားလည်း ပိုင် ရှောင်ချန်းကို ဘယ်တော့မှ ဝင်ရောက်ခွင့်မပြုလေရာ စိတ်အားငယ်စွာ သူ၏ အင်မော်တယ်ဂူသို့ မတတ်သာ၍ ပြန်လာခဲ့ရလေသည်။

ယခုအချိန်တွင် သူ့၌ ရွေးချယ်စရာတစ်ခုမှမရှိလေရာ သူ၏တာအိုအစောင့်အရှောက်များရောက်လာသည်အထိ စောင့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ မကြာမီ နတ်ဆရာ၊ ဖက်တီးကျန်းကြီးနှင့် ချင်းမေ့ယွမ်တို့ အားလုံး အဆင့်တက်ရန်လိုအပ်သော စွမ်းဆောင်မှုရမှတ်ပမာဏကို စုဆောင်းပြီးသွားလေသည်။

ရွှီပေါက်ချိုင်သာလျှင် ကျန်ရစ်ခဲ့၏။ စားသောက်ဆိုင်စီးပွားရေးကို စီမံခန့်ခွဲရန်လိုအပ်သည် မဟုတ်ပါလော။ စားသောက်ဆိုင်သည် လူတိုင်း သက်တန့်ဒေသကို ရောက်သွားစေသည့် အဓိက အကြောင်းအရင်းဖြစ်ပြီး ၄င်းကို အနည်းဆုံး အချိန်တစ်ခုကြာသည်အထိ စီမံခန့်ခွဲရန် လူတစ်ယောက် နေရစ်ခဲ့ရမည်ဖြစ်သည်။

ကြိုဆိုရာစင်မြင့်ရှိ ဂိုဏ်းသားများထံမှ အဝတ်အစားများနှင့် သက်သေခံတံဆိပ်များကို ရပြီးနောက် တာအိုအစောင့်အရှောက်များသည် ပိုင်ရှောင်ချန်းကိုသွားရှာတော့သည်။ ချင်းမေ့ယွမ်အတွက်ပင်လျှင် ပျော်ရွှင်ဖွယ်ရာ ပြန်လည်ပေါင်းစည်းခြင်းလေး ဖြစ်လေသည်။ ပိုင်ရှောင်ချန်းတို့နှင့် အနီးကပ်အလုပ်လုပ်ပြီး ပိုင်ရှောင်ချန်း၏ အသိအမှတ်ပြုခံရပြီးနောက် ယခုတွင် သူမသည်လည်း သူတို့မိတ်ဆွေအသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့သည်။

ပြန်လည်ပေါင်းစည်းခြင်းပြီးဆုံးပြီးနောက် သူတို့အားလုံး ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူထဲတွင် ထိုင်လိုက်ကြသည်။ ပထမ တာအိုစောင့်ရှောက်သူများက သူထွက်သွားပြီးနောက် စားသောက်ဆိုင်အခြေအနေကို ရှင်းပြကြပြီး သူသည်လည်း ဖြစ်ပျက်ခဲ့သမျှတို့အား ပြန်ပြောပြလိုက်သည်။
” အဲဒါကြောင့် ခန်းမဆောင်ရွေးချယ်ပွဲမှာ ဘယ်လိုလုပ်ရမလဲ ရှာဖို့ မင်းတို့ အားလုံးရဲ့အကူအညီတွေလိုတယ် ”

နတ်ဆရာနှင့် ဖက်တီးကျန်းကြီးတို့မှာ မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သော်လည်း ကံမကောင်းစွာပင် သူတို့သည် ဤနေရာတွင် လူသစ်များဖြစ်လေရာ အကြံတစ်ခုမှ ထွက်မလာချေ။ နောက်ဆုံးတွင် ချင်းမေ့ယွမ်ကို လှမ်းကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းလည်း ထိုနည်းတူပင်။ ချင်းမေ့ယွမ်သည် မြေရိုင်းသူဖြစ်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ အခြားသူလျှိုများကို သိလေရာ အဖြေရှာရန် အသင့်တော်ဆုံးသူ ဖြစ်လေသည်။

ချင်းမေ့ယွမ်က ပြုံးလိုက်သည်။
” မစိုးရိမ်နဲ့ ရှောင်ချန်း။ ဒီကိစ္စကို ငါလုပ်ပေးသင့်တာပေါ့။ ဘယ်ခန်းမဆောင်ကို နင်ဝင်ချင်လဲသာ ပြော”

ပိုင်ရှောင်ချန်းမှာ အလွန်ပျော်ရွှင်သွားလေရာ မထိန်းနိုင်တော့ပဲ ရှေ့သို့ ပြေးလာပြီး သူမကို ဖက်လိုက်တော့သည်။ အားပါးတရ ရယ်မောရင်း သူကပြောသည်။
” မင်းကတော့ တကယ့်လူပဲ ယွမ်အာရေ။ ငါ အကာအကွယ် ခန်းမကို ဝင်ချင်တာ ”

ချင်းမေ့ယွမ်၏ မျက်နှာမှာ အနည်းငယ်နီရဲသွားပြီး ပိုင်ရှောင်ချန်းကို တခဏမျှ စိုက်ကြည့်ပြီးနောက် ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ သူမ၏ သွေးသောက်ရဲဘော်များနှင့် ဆက်သွယ်ရန် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်လေသည်။ တခဏကြာသော် သူမက ပိုင်ရှောင်ချန်းကို ရကြောင်း ပြုံးပြလိုက်လေရာ သူ ပို၍ စိတ်လှုပ်ရှားသွားတော့သည်။ ထိုအခိုက်တွင် ဖက်တီးကျန်းကြီးက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းခန်းမဆောင်ကို ဝင်ချင်ကြောင်းပြောပြီး နတ်ဆရာမှာမူ မှော်ပညာခန်းမကို ဝင်ချင်ကြောင်းပြောလေသည်။

ထို့နောက် တာအိုစောင့်ရှောက်သူများ ပြန်သွား၏။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် အထီးကျန်သည်ဟု မခံစားရတော့ပေ။ အမှန်တွင် သူ၏ ကျင့်ကြံခြင်းအရှိန်မှာ ပို၍ မြင့်တက်လာပုံပေါ် ပြီး သူ သတိမထားမိခင် သုံးလကုန်သွားလေပြီ။

ပထမဆုံးလအပါအဝင် လေးလကုန်ဆုံးသွားပြီဖြစ်ပြီး ကုံသက်တန့်ဒေသ၏ နှစ်စဥ် ခန်းမဆောင်ရွေးချယ်ပွဲ အချိန်သမယသို့ ရောက်ရှိလာတော့သည်။

ထိုနေ့မနက် ဝေလီဝေလင်းအချိန်တွင် ခေါင်းလောင်းထိုးသံများ ကုံသက်တန့်ဒေသတစ်ခုလုံး ပျံ့နှံ့သွားပြီး လွန်ခဲ့သည့်နှစ်က ဝတ်ရုံဝါဂိုဏ်းသားများအဖြစ်သို့ အဆင့်တိုးမြှင့်ခံရသည့် ဂိုဏ်းသားများအားလုံး တည်ကြည်လးနက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ဒွန်တွဲလျက် သူတို့၏ အင်မော်တယ်ဂူများထဲမှ ကိုယ်စီကိုယ်စီ ထွက်လာကြသည်။

လွန်ခဲ့သောနှစ်များက သူတို့၏ ကံကြမ္မာသည် ယနေ့တွင် အဆုံးအဖြတ်ပေးတော့မည်ကို သူတို့အားလုံးသိကြလေသည်။ သူတို့ ဝင်ရောက်ရသည့် မည့်သည့်ခန်းမဖြစ်စေ လာမည့်နှစ်များတွင် သူတို့ မည်သို့တိုးတက်လာမည်ကို အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး မည်မျှကြာရှည်သည်အထိ သူတို့ အသက်ရှင်နိုင်မည့်အပေါ်မှာလည်း သက်ရောက်မှုကြီးမားလေသည်။ ထို့ကြောင့်ပင်ဤရွေးချယ်ပွဲက သူတို့အတွက် သေမင်းနှုတ်ခမ်းဝကို နင်းလျှောက်နေရသည်နှင့် တူနေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စည်းမျဥ်းများမှာ အမှန်တကယ် တင်းကြပ်လှသည်။ ခန်းမဆယ်ခုက သူတို့ထဲဝင်ရောက်မည့်လူကို ရွေး ချယ်မည် ဖြစ်ပြီး တခြားနည်းလမ်းမရှိပေ။ ဂိုဏ်းသားအသစ်များမှာ ထိုကိစ္စအတွက် လုံးဝပြောပိုင်ခွင့်မရှိဘဲ ကြေညာချက်ထုတ်ပြန်သည်အထိ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြရလေသည်။

ပိုင်ရှောင်ချန်းက အခမ်းအနားအတွက် သူ၏ အဝတ်အစားများအား ကျကျနနဝတ်ဆင်ပြီးသည်မှာ ကြာလေပြီ။ ခေါင်းလောင်းထိုးသံများ ထွက်လာသည်နှင့် အကာအကွယ် ခန်းမအား ဝင်ရောက်ရမည့်အကြောင်းကို ပုံဖော်ရင်း စိတ်လှုပ်ရှားမှုများဖြင့် အင်မော်တယ်ဂူထဲမှ ထွက်လာလေသည်။

လွန်ခဲ့သော လအနည်းငယ်က အမျိုးမျိုးသော ခန်းမများအကြောင်း အသေးစိတ်အချက်အလက်များရရန် စွမ်းဆောင်မှုရမှတ်အချို့ သုံးစွဲခဲ့ရပြီး အကာအကွယ် ခန်းမသည် အံ့သြစရာကောင်းသည်ဟုသာ ဖော်ပြနိုင်တော့သည်။ သူတို့ကို ကုံဒေသတစ်ခုလုံးအား ခုခံကာကွယ်ရန် တာဝန်ပေးအပ်ထားလေသည်။ သို့သော်လည်း ကုံသက်တန့်ဒေသသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အလယ်တွင်ရှိလေရာ ထိုနေရာသို့ လူတစ်ယောက်ထိုးဖောက်ဝင်ရောက်လာနိုင်ရန်မှာ သုညပင်။ ထို့ကြောင့် အကာအကွယ် ခန်းမ၏ အဖွဲ့ဝင်များသည် သက်တန့်ဒေသအတွင်းရှိ စည်းမျဥ်းများကိုသာ ချမှတ်ပေးရလေသည်။

သူတို့သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တရားစီရင်ရေးရာခန်းမနှင့်ခပ်ဆင်ဆင်ဖြစ်ပြီး အလွန်အထင်ကြီးဖွယ်ရာ အဖွဲ့ဖြစ်လေသည်။

ပိုင်ရှောင်ချန်းသည် မျှော်လင့်ချက်များဖြင့် အလွန်တရာ စိတ်လှုပ်ရှားနေပြီး အကာအကွယ် ခန်းမ၏ အဖွဲ့ဝင်သာ သေချာဖြစ်လာလျှင် ကုံသက်တန့်ဒေသပေါ်တွင် အလွန်နာမည်ကြီးလာမည်မှာ မလွဲမသွေပင်။

မကြာမီ အဆင့်တက်ထားသည့် ဝတ်ရုံဝါဂိုဏ်းသားအသစ် ၂၀၀ကျော်သည် အတွင်းစည်းထဲသို့ အပြေးအလွှားလာကြလေသည်။

ဂိုဏ်သားအများစုအတွက် ခန်းမဆောင် ရွေးချယ်ပွဲသည် ထိုနေရာရှိ ခုနစ်ရောင်ခြယ်တောင်ကြီး၏ထိပ်တွင် တည်ရှိနေသော မြေကွက်လပ်ကြီးရှိရာ အတွင်းစည်းထဲ အလည်လာနိုင်သည့် တစ်ခုတည်းသောအချိန်သာဖြစ်လေသည်။

အမှန်တွင် အတွင်းစည်းထံ ပိုင်ရှောင်ချန်း၏ ဒုတိယအကြိမ်ဖြစ်လေရာ သူ့အတွက် ပတ်ဝန်းကျင်က မစိမ်းပေ။ မြေကွက်လပ်သို့ ဝင်ရောက်လာကြသူများထဲတွင် ဖက်တီးကျန်းကြီး၊ နတ်ဆရာ၊ ချင်းမေ့ယွမ်နှင့် စုန့်ချွဲကိုပင် မြင်လိုက်ရလေသည်။

သူတို့ကို မျက်လုံးထဲတွင် မြင်လိုက်ပါသော်လည်း အလွန်ဝေးကွာလှလေရာ စကားပြောရန် မဖြစ်နိုင်ပေ။ မြေကွက်လပ်တစ်ခုလုံးသည် အလွန်စိတ်လှုပ်ရှားနေကြသည့် အသံများဖြင့် ပြည့်နေတော့သည်။ မကြာမီ ခေါင်းလောင်းသံများပျောက်ကွယ်သွားပြီးနောက် အလင်းတန်းဆယ်ခု ထွက်ပေါ်လာပြီး မြေပေါ် သက်ဆင်းလာလေရာ တိတ်ဆိတ်မှု ကြီးစိုးသွားလေတော့သည်။

ချက်ချင်းပင် ဖိအား သက်ရောက်လာလေရာ ပိုင်ရှောင်ချန်းနှင့် အခြားသူများမှာ သူတို့၏ ခန္ဓာကိုယ်များ ဖိနှိပ်ခံရနေရဖြင့် မျက်နှာများ မအီမသာဖြစ်လာကြလေသည်။ တစ်ဆက်တည်းမှာပင် ကျင့်ကြံသူဆယ်ယောက်ပေါ်လာ၏။

တချို့တဝက်မှာ ယောက်ျားများဖြစ်ကြပြီး တချို့က အမျိုးသမီးများ ဖြစ်ကြသည်။
တချို့မှာ အိုနေပြီး တချို့က မအိုပေ။ သို့သော်လည်း အားလုံးသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ အမျိူးသမီးသုံးယောက်သည် လှပသည့်တိုင်အောင် မည်သည်ကိုမှ မမှုသည့် ဟန်ရှိလေသည်။ သို့တိုင် ထိုသို့ အမူအရာများကြောင့် သူတို့က ပို၍ဆွဲဆောင်မှုရှိနေတော့သည်။

အခြားသူများမှာမူ အသက်အရွယ်ကြောင့် မျက်နှာများမှာ ပါးရေတွန့်နေသော်လည်း အခြားသူများသည် လူငယ်လူရွယ်များအတိုင်းပင်။ တချို့သည် ဖော်ရွေကြင်နာပုံရသော်လည်း တခြားသူများမှာမူ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေခြင်းကြောင့် အလွန်တရာ ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါ်သည်။

” အဆောင်မှူးများကို ဂါဝရပြုပါတယ်”
မည်သူ ပထမဆုံးပြောလိုက်ကြောင်း မှန်းဆရန် ခဲယဥ်းသော်လည်း မကြာမီ စုဝေးနေကြသော ဂိုဏ်းသားများအားလုံး ခေါင်းငုံ့၍ ကုံဒေသ၏ ခန်းမသခင်များဖြစ်သော ထိုယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဆယ်ဦးအား ဂါဝရပြုလိုက်ကြသည်။

ပိုင်ရှောင်ချန်းသည်လည်း ထိုအတိုင်းပြုမူလိုက်ပြီး မျက်လုံးထောင့်မှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဆယ်ဦးကို ခိုးကြည့်လိုက်ရင်း အကာအကွယ် ခန်းမ၏ အဆောင်မှူးမည်သူဖြစ်မည်ကို သိချင်နေလေသည်။ တချိန်တည်းမှာပင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အင်အားကို မအံ့သြဘဲ မနေနိုင်တော့ပေ။ကုံသက်တန့်ဒေသတစ်ခုတည်းတွင် နတ်အဆင့်လူတစ်ယောက်မှ မရှိဟု ယူဆလိုက်လျှင်ပင် အလယ်ပိုင်းဒေသရှိ မည်သည့်ဂိုဏ်းကိုမဆို သိမ်းပိုက်နိုင်သည့် အင်အားလုံလောက်စွာ ရှိလေသည်။

” ပြီးတော့ သူတို့မှာ ကုံဒေသလိုမျိုး တခြားသက်တန့်တွေရှိသေးတယ် ” သူက တွေးရင်း တုန်လှုပ်လာတော့သည်။ ” ရှင်းဒေသ ၊ ကျစ်ဒေသနဲ့ တာအို ဒေသတွေကော ရှိသေးတယ်ဟ”

ထိုအချိန်တွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဆယ်ဦးထဲမှ တစ်ယောက် ပြောသည်။
” အခု မင်းတို့ နာမည်ခေါ်တဲ့ အဆောင်မှူးဆီ လာရမယ်”

“ချန်းပိုင်”

“ကျုခဲ”

“ကျိုးစုန်လီ”

ဂိုဏ်းသားများမှာ နာမည်ခေါ်လိုက်သည်နှင့် လေးစားမှုအပြည့်ဖြင့် သူတို့ကို ခေါ်လိုက်သည့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဘေးတွင် သွားရပ်လိုက်လေသည်။

” စုန့်ချွဲ ”
ရက်စက်ကြမ်းကြုတ်ပုံပေါ်သော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ စုန့်ချွဲကအသက်ပြင်းပြင်းရှူလိုက်ပြီး ပျံသန်းသွားလေသည်။ နောက်ဆုံးတွင် ချင်းမေ့ယွမ်ကို လှပသော အမျိုးသမီးထဲမှ တစ်ယောက်က ခေါ်သွားပြီး ကံကောင်းထောက်မစွာ ဖက်တီးကျန်းကြီးကို မိန်းမလှလေးတစ်ယောက်က ခေါ်သွားလေသည်။

နတ်ဆရာမှာ ကံကောင်းခြင်းသည်သူ့ကို မျက်နှာသာမပေးသည့်အလား အေးစက်စက်မျက်နှာဖြင့် လူငယ်တစ်ယောက်၏ ခေါ်ခြင်းခံလိုက်ရလေသည်။ လူအုပ်ကြီးပါးလာသည်နှင့် ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများလည်း ကြီးထွားလာပြီး သူ၏ တည်ရှိမှုကိုသတိထားမိရန် မျှော်လင့်နေရင်း ယင်ယန်၀ိညာဥ်အဆင့်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို ခဏခဏ လှည့်ကြည့်နေလေသည်။

ကံဆိုးစွာပင် ယင်ယန်ဝိညာဥ်အဆင့်တာအိုသခင်များအားလုံးက ဟန်အမူအရာ ကင်းမဲ့နေပြီး တစ်ယောက်မှ ပိုင်ရှောင်ချန်းဘက်သို့ လှည့်မကြည့်ကြပေ။ ထို့အပြင် မထင်မှတ်ထားဖွယ် စကားတစ်လုံးတစ်ပါဒမှ မပြောရသေးသည့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို မကြာမီ သတိထားမိလိုက်သည်။

သူသည် ကြင်နာတတ်သောမျက်နှာဖြင့် အဘိုးကြီးဖြစ်ကာ တစ်စတစ်စနည်းပါးလာသည့် ကျင်ကြုံသူများအဖွဲ့ကို ပြုံးပြုံးကြီးကြည့်နေလေရာ သူဘာတွေးနေသည်ကို ဘယ်အရာမှ မဖော်ပြနိုင်ပေ။

မကြာမီ ကျင့်ကြံသူ ၂၀၀ကျော်အဖွဲ့သည် နည်းပါးလာပြီး တစ်ဒါဇင်သာကျန်တော့သည်။ ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည်တို့အား သိချင်နေပြီး မျက်တောင်တောင် တဖျတ်ဖျတ်ခတ်လျက် ရပ်နေလေသည်။ ထို့နောက် ချင်းမေ့ယွမ်ကို လှမ်းကြည့်လိုက်ပြီး သူမ အံ့သြတုန်လှုပ်နေပုံကို သိလိုက်လေရာ သူ၏နှလုံးသားမှာ လေးလံလာတော့သည်။

ယခုအခါ ယင်ယန်ဝိညာဥ်အဆင့်တာအို သခင်များသည် စကားတစ်ခွန်းမှ ထပ်ပြောတော့ဘဲ ကြင်နာတတ်သောမျက်နှာနှင့် အဖိုးအိုကို အကုန်လုံးကြည့်နေလေသည်။ ဖက်တီးကျန်းကြီးကို ရွေးချယ်သွားသည့် လှပသော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူလေးက ပြုံး၍ ပြောလေသည်။

”အစ်ကိုကြီးဖုန်း… ကျွန်မတို့ အကုန် ရွေးပြီးသွားပါပြီ”

“ကောင်းပြီ။ မင်းတို့က ဒီအဖွဲ့ကို မလိုချင်မှတော့ ငါယူလိုက်မယ် ”
သူက လက်ချောင်းကို ဝှေ့ယမ်းလိုက်လေရာ ပိုင်ရှောင်ချန်းနှင့် အခြားသူများ၏ ခြေထောက်အောက်တွင် ခုနစ်ရောင်ခြယ်အလင်းပေါ်လာပြီး သူ့ဘေးသို့သယ်ဆောင်သွားလေသည်။

” အင်မတန်ကောင်းတယ်”
သူက ပြုံး၍ပြော၏။
” အခုငါပြန်တော့မယ် ”
ပိုင်ရှောင်ချန်းနှင့် အခြားသူများကို အနားခေါ်လိုက်ပြီး အခြား ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများကို နှုတ်ဆက်လိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ ရင်ခုန်သံမြန်လာပြီး အခြားကျင့်ကြံသူများဘက်လှည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
” အစ်ကိုကြီး.. ကျုပ်က ဘယ်ခန်းမဆောင်မှာလဲ”

အဘိုးအိုက သူ့ကို လှည့်ကြည့်ပြီး အစောပိုင်းက သူ့မျက်နှာပေါ်ရှိ ကြင်နာမှုမှာ မည်သည့်နေရာတွင်မှ မမြင်ရတော့ဘဲ ပျောက်ကွယ်သွားပြီး သူ၏ အပြုံးမှာရက်စက်တင်းမာနေကာ ရုတ်တရက် ကြီးမားသော အသတ်အဖြတ်အငွေ့အသက်ကို ဖော်ထုတ်လိုက်ရာ ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားလေတော့သည်။

” မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ခန်းမကနေ ကြိုဆိုပါတယ် ”

” မိစ္ဆာနှိမ်…နှိမ်နင်းရေးခန်းမ ” ပိုင်ရှောင်ချန်းမှာ ကြောက်လန့်မှုကြောင့် မျက်လုံးများပြူးထွက်လာရင်းမေးလိုက်သည်။ ချင်းမေ့ယွမ်၏ အကူအညီရပြီးနောက် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်သို့ ခေါ်ဆောင်ခြင်းခံရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ချက်ချင်းပင် ဒေါသများဆူပွက်လာတော့သည်။

သူ့ဘေးပတ်လည်ရှိ ကျင့်ကြံသူများမှာ အမူအရာအမျိုးမျိုးဖြစ်နေကြပြီး တစ်ယောက်မှ ပျော်ရွှင်ပုံမရချေ။

” ကုံသက်တန့်ဒေသရာဇဝင်တစ်လျှောက် အန္တရာယ်အများဆုံးခန်းမက မိစ္ဆာနှိမ်နင်းရေး ခန်းမပဲ။ အသေအဆုံးလဲ အများဆုံးပဲ”

” ဘုရားဘုရား… ငါလွန်ခဲ့တဲ့ဆယ်စုနှစ်တွေက ကြားခဲ့တာ မိစ္ဆာနှိမ်နင်းရေး ခန်းမက ဂိုဏ်းအပြင်မှာ တာဝန်တစ်ခုသွားလုပ်တာ တခဏလေးမှာပဲ ဂိုဏ်းသားထောင်ချီ သေကုန်တာတဲ့ ”

” ငါကြားတာတော့ မိစ္ဆာနှိမ်နင်းရေး ခန်းမက ဂိုဏ်းသားတွေအားလုံးကို ရန်သူတွေကို လုပ်ကြံဖို့ လွှတ်ကြတယ်တဲ့။ပြီးတော့ ချက်ချင်းအသတ်ခံရနိုင်တယ် ”

“မဖြစ်ဘူး…”


Comment

Leave a Reply

Options

not work with dark mode
Reset