အခန်း ( ၄၀၆ )

ကုံသက်တန့်ဒေသ

ပိုင်ရှောင်ချန်းကို ပို့ဆောင်ပေးသော ဂိုဏ်းသားနှစ်ယောက်လုံးက အဝါရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး လမ်းလျှောက်လာသည့် တစ်လျှောက်တွင် ပိုင်ရှောင်ချန်းအား မည်သို့ဆက်ဆံရမည်ကို သေချာမသိဘဲ သူ့ကို မကြာခဏကြည့်လေသည်။

မည်သို့ပင်ဖြစ်စေ သူသည် ရောက်လာသည့်အချိန်တွင် အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် ဤဝတ်ရုံဝါဂိုဏ်းသားနှစ်ယောက်သည် အသစ်ကလေးများကို ဆက်ဆံရာတွင် အတော်လေး ကြမ်းတမ်းသော်လည်း ပိုင်ရှောင်ချန်းကိုမူ အလွန်ယဥ်ကျေးနေကြလေသည်။

“ကုံသက်တန့်ဒေသမှာ ခန်းမကြီး ၁၀ခုရှိတယ်။”
တစ်ယောက်က ရှင်းပြလိုက်သည်။
“နောက်ပြီး အသစ်တိုးလာတဲ့ ဝတ်ရုံဝါဂိုဏ်းသား အားလုံးဟာ အဲဒီဆယ်ခုထဲက တစ်ခုထဲကို ဝင်ရမယ်။ ရွေးချယ်တဲ့ လုပ်ငန်းစဥ်က ဂိုဏ်းသားတစ်ယောက် အဆင့်မြင့်သွားတိုင်း မလုပ်ဘူး။ စုပေါင်းပြီးေတာ့မှ တစ်နှစ်မှာ တစ်ခါလုပ်တယ်။ ”

” ဒါပေမဲ့ မင်းသာ ကံကောင်းမယ်ဆိုရင် တာအိုရောင်းရင်းပိုင်၊ ” ဟု အခြားတသ်ယောက်က ပြောလိုက်သည်။
“နောက်ထပ် ခန်းမရွေးချယ်တာ မရောက်ခင်ထိဆို ငါတို့မှာ လေးလပဲ အချိန်ရတော့တယ်။ ”
သူတို့နှစ်ယောက်သည် ကုံသက်တန့်ဒေသပေါ်တွင် မည်သို့မည်ပုံ လည်ပတ်နေသည်ကိုသာမက သူ၏ တာဝန်အသစ်များကိုပါ ရှင်းပြနေပေသည်။

” ကုံသက်တန့်ဒေသကို စည်းငါးခု ခွဲထားတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ခန်းမဆယ်ခုကြောင့်ပဲ။ အတွင်းဆုံးစည်းမှာ တောင်ထိပ်သခင်နေတယ်။ အဲဒီနေရာကို မဆင့်ခေါ်ဘဲနဲ့ ဘယ်သူမှ သွားလို့မရဘူး။ တခြားနေရာတွေကတော့ ခန်းမဆယ်ခုသုံးဖို့အတွက် ဖယ်ပေးထားရတာ။ ”

ယခင် ဤနေရာသို့ ပိုင်ရှောင်ချန်း လာရောက်စဥ်က ဖြတ်သန်းသွားရုံမျှသာ ဖြစ်သဖြင့် ဤတစ်ကြိမ်တွင် ဤဂိုဏ်းသားနှစ်ယောက်၏ မိတ်ဆက်ပေးမှုကျေးဇူးကြောင့် ကုံသက်တန့်ဒေသကို ကောင်းစွာနားလည်လာလေသည်။

သက်တန့်ဟုခေါ်ဆိုသော်လည်း အမှန်တွင် အခြားနေရာများကဲ့သို့ပင် အတွင်း၌ ညီညာသော မြေပြင်ရှိသည်။ အပေါ်ဘက်တွင် ခုနစ်ရောင်ခြယ်ကောင်းကင်ရှိပြီး ခြေဖဝါးအောက်မှ သဲမှုန်များသည်ပင် ခုနစ်ရောင်ခြယ်ထားသော်လည်း အားလုံးနီးပါးကို ဖုံးအုပ်ထားသော အစိမ်းရောင် ထုံးကျောက်များကြောင့် များသောအားဖြင့် အောက်ကို မမြင်ရပေ။

ခုနစ်ရောင်ခြယ် သဲမှုန်များကို မြင်ရသည့် တစ်ခုတည်းသော နေရာမှာ အချို့နေရာများတွင် မြင့်တက်လျက်ရှိသော အင်မော်တယ်တောင်များဖြစ်သည်။ ပိုင်ရှောင်ချန်း အထင်အကြီးဆုံးမှာ စိတ်စွမ်းအင်သည် အလွန်နူးညံ့ ညင်သာလှခြင်းဖြစ်သည်။ စုပ်ယူရန် လွန်စွာလွယ်ကူပြီး ကုံမြို့တော်မှာ ဖြစ်နေကျ ကြောက်မက်ဖွယ် စွမ်းအင်ဆုံးရှုံးခြင်းမဖြစ်စေဟု သူပြောနိုင်ပေသည်။

သူ၏ လက်ရှိရှုထောင့်အရ ပိုင်ရှောင်ချန်းသည် ဘေးဘက်ကို ကြည့်ရှုနိုင်ပြီး ကောင်းကင်တံတားနယ်မြေများဖြစ်သော သစ်သီး၊ သစ်ရွက်များ စိမ်းလန်းစိုပြေနေသော တောင်ကုန်းများနှင့် အပြာရောင် ရေများ ပြိုးပြိုးပြောက်ပြောက်ပါဝင်နေသော တောင်ထိပ်များကို တွေ့ရလေသည်။ ကောင်းကင်တံတားမြစ်ဖြစ်သော ရွှေရောင် ရေစီးကြောင်းသည်လည်း မျက်စိတဆုံး စီးဆင်းလျက်ရှိသည်။

အခြားတစ်ဖက်တွင်မူ ကျယ်ပြောပြီး အနားသတ်မရှိသော ပင်လယ်ကြီးရှိလေသည်။

ဤနေရာသို့ ပိုင်ရှောင်ချန်း ယခင်တစ်ခေါက်လာရောက်စဥ်က အတွင်းစည်းသို့ သွားခဲ့သည်ဖြစ်ရာ အများကြီး မတွေ့လိုက်ရပေ၊ ယခုမူ သူသည် အပြင်စည်းတွင် ရှိနေပြီး ပင်လယ်၏ ခမ်းနားလှသော ရွှေရောင်ရေများကို ရိပ်ခနဲမြင်လိုက်ရပေသည်။ အင်မတန် ခမ်းနားကြီးကျယ်လှသောကြောင့် သူသည် အလန့်တကြားဖြစ်ကာ အံ့အားသင့်သွားရသည်။

ထို့အပြင် ထိုပင်လယ်ထဲမှ စိတ်စွမ်းအင် ပြင်းအားမှာ ခန့်မှန်း၍ပင် မရနိုင်ပေ။ ရေမျက်နှာပြင်တွင် ကြီးမားလှသော လှိုင်းလုံးကြီးများ ဘောင်ဘင်ခတ်နေပြီး ထိုအသံသည် သက်တန့်ဆီထိ ရောက်ရှိကာ ပိုင်ရှောင်ချန်း၏ နားထဲသို့ ရောက်လာလေသည်။

” အဲဒါက ကောင်းကင်တံတား ပင်လယ်လား။ ” ဟု သူက တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

သူ့ကို လိုက်ပို့သော ဂိုဏ်းသားနှစ်ယောက်၏ မျက်နှာပေါ်ရောက်လာသော ဂုဏ်ယူခြင်းမှာ ဖုံးဖိ၍ မရပေ။ မည်သို့ပင် ဖြစ်စေ၊ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ဝတ်ရုံဝါဂိုဏ်းသားတစ်ယောက်ဖြစ်ရခြင်းသည် အမှန်ပင် ဂုဏ်ယူဖွယ် နေရာတစ်ခုဖြစ်သည်။ တစ်ယောက်က ပြုံး၍ ပြောလိုက်သည်။

” ဟုတ်တယ်။ ဝတ်ရုံဝါအဆင့်ကို ရောက်လာတဲ့ ဂိုဏ်းသားတွေပဲ ဒီနေရာမှာနေဖို့ အရည်အချင်းပြည့်မှီပြီးတော့ ကောင်းကင်တံတားပင်လယ်ရဲ့ ကြီးမြတ်လှတဲ့ မြင်ကွင်းကို ခံစားလို့ရတာ။ ”

ထိုပင်လယ်သည် ကောင်းကင်တံတားမြေ၏ အလယ်တွင် ရှိနေပြီး စိတ်စွမ်းအင်အရင်းအမြစ်လည်း ဖြစ်သည်။ ၎င်းသည် မည်သည့်အခါမျှ ခြောက်ခမ်းသွားမည်မဟုတ်ဘဲ ထာဝရဖြည့်တင်းပေးနေမည့် ပင်လယ်မျိုးဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ကောင်းကင်တံတားပင်လယ်ကို ကြည့်နေရင်း ပျံထွက်ကာ စူးစမ်းရှာဖွေချင်စိတ်များ တဖွားဖွားပေါ်လာလေသည်။ ခဏကြာပြီးနောက်တွင် အသက် ပြင်းပြင်းရှူလိုက်ပြီး ရေတံခွန်၏ ထိပ်ပိုင်းတွင် ရှိနေသော ရှေးဟောင်းစစ်သင်္ဘောကြီးဆီသို့ အကြည့်ကိုလွှဲလိုက်လေသည်။

ဤရှုထောင့်မှဆိုလျှင် ၎င်းကို သိသာထင်ရှားစွာ မြင်နိုင်ပေသည်။ သင်္ဘောကြီးသည် မည်းနက်နေပြီး အထူးသဖြင့် ရွက်များတွင် အလွန်အမင်း ပျက်စီးယိုယွင်းနေသည့် အခြေအနေတွင်ရှိသည်။ အထဲတွင် ကြောက်မက်ဖွယ် အရိပ်သဏ္ဌာန်များသည် ဟိုဟိုသည်သည် မျောလွင့်လျက်ရှိသည်။

သင်္ဘောကြီးမှာ အမြင်အာရုံဖြင့်ပင် ပိုင်ရှောင်ချန်းကို ကြက်သီးတဖြန်းဖြန်းထစေသောကြောင့် အမြန်ပင် အကြည့်လွှဲလိုက်ရသည်။

လမ်းလျှောက်လာစဥ်တွင် ကုံသက်တန့်ဒေသပေါ်တွင် နေထိုင်သော အခြားကျင့်ကြံသူများကိုလည်း ပိုင်ရှောင်ချန်း တွေ့လိုက်ရသည်။ အားလုံးသည် ဝတ်ရုံဝါဂိုဏ်းသားများဖြစ်ကြပြီး အစိမ်းရောင် သို့ စိမ်းပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသော ဂိုဏ်းသားတစ်ယောက်မှ မရှိပေ။ အစိမ်း သို့ စိမ်းပြာဝတ်ရုံ ဝတ်ဆင်ကြသော ဂိုဏ်းသားများမှာ အလွန်ရှားပါးသည်ဖြစ်စေ၊ သို့မဟုတ် အခြားနေရာတွင် နေထိုင်သည် ဖြစ်မည်ဟု သူပြောနိုင်ပေသည်။

ယခင်တစ်ခါလာရောက်စဥ်က မှတ်မိသမျှဆိုရလျှင် ကျင့်ကြံသူများသည် တသီးတသန့်ဆန်ကာ အေးစက်စက်ပုံစံများ ဖြစ်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြဘဲ အကြည့်တစ်ချက်ဝေ့ရုံသာရှိခဲ့သည်။ ထို့ကြောင့်ပင် ကုံသက်တန့်ဒေသသည် အလွန်တိတ်ဆိတ်သော နေရာတစ်ခု ဖြစ်နေခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ထိုသို့သော တိတ်ဆိတ်ခြင်းမျိုးနှင့် နေသားမကျသော်လည်း သူ မည်သို့မှ မတတ်နိုင်ပေ။ သူ့ကို လိုက်လံပို့ဆောင်ပေးသော ကျင့်ကြံသူများသည် နောက်ဆုံးတွင် ဂိုဏ်းသားအသစ်များ စာရင်းသွင်းရမည့်နေရာသို့ ခေါ်သွားသည်။ သူ၏ သက်သေခံလည်ဆွဲကို စစ်ဆေးရန် ပေးလိုက်ပြီးနောက်တွင် အဝါရောင် ဝတ်ရုံတစ်ထည်နှင့် အင်မော်တယ်ဂူတစ်ခု၏ ကျောက်စိမ်းပြားသော့လေးကို ပေးလိုက်လေသည်။ အပြန်အလှန် နှုတ်ဆက်စကားဆိုပြီးနောက်တွင် ဤနေရာထိရောက်အောင် လိုက်ပို့ခဲ့သော ဂိုဏ်းသားနှစ်ယောက် ထွက်ခွာသွားကြတော့သည်။

ပိုင်ရှောင်ချန်းသည် သူ့ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အထီးကျန်သည့်အပြင် မအပ်စပ်သည့်နေရာသို့ ရောက်နေသည်ဟုပါ ခံစားလာရသည်။ မျက်မှောင်ကြုတ်လိုက်ကာ ကျောက်စိမ်းပေလွှာထဲမှ မြေပုံအတိုင်းလိုက်လာရာ ၅ခုမြောက်စည်း၏ အစွန်ဆုံးတွင် သူ၏ အင်မော်တယ်ဂူကို တွေ့လိုက်ရသည်။

လုံးဝသာမန်အင်မော်တယ်ဂူတစ်ခုဖြစ်ပြီး တစ်ခုတည်းသော ကောင်းကွက်မှာ ပြတင်းပေါက်ဘေးမှ ရပ်ကြည့်လျှင် ဟိုးအဝေးမှ ပင်လယ်ကို ဝိုးတဝါး လှမ်းမြင်နိုင်ပေသည်။

ဂူမှာ သေးငယ်ပြီး သာမန်သာဖြစ်သော်လည်း ကုံမြို့တော်ရှိ ကျင့်ကြံသူအားလုံးနီးနီး၏ အဆင့်အတန်းထက် များစွာ သာလွန်သည်ဖြစ်ရာ အသစ်တိုးဂိုဏ်းသားအများစုသည် ဤသို့သော နေအိမ်မျိုးပေးသည့်အတွက် ဝမ်းမြောက်ကျေနပ်ကြပေသည်။

ပိုင်ရှောင်ချန်းအတွက်မူ စားသောက်ဆိုင်မှ သူ၏ အခန်းနှင့်စာလျှင် ဂူမှာ တဲကုပ်အလားပင် ဖြစ်သည်။ သက်ပြင်းချလိုက်ကာ ရပ်လျက် ခဏမျှ တွေဝေငေးမောနေပြီးနောက် သူ၏ကံဆိုးမှုနှင့်ပတ်သက်၍ စိတ်ကို လျော့ချလိုက်ကာ နေရာကို စတင်ရှင်းလင်းတော့သည်။ ခဏကြာပြီးနောက် သူသည် ကျင့်ကြံရန်အတွက် တင်ပျဥ်ခွေထိုင်ချလိုက်တော့သည်။

သူ၏ ကျင့်ကြံချိန် ကြာမြင့်လာသည်နှင့် ပို၍ တည်ငြိမ်လာတော့သည်။ သူ၏ အခြေအနေတိုးတက်မှုမှာလည်း ကုံမြို့တော်မှာရှိစဥ်ကထက် ပို၍ မြင့်မားလာသည့်အပြင် ဤနေရာတွင် စွမ်းအင်ကုန်ဆုံးမှု လုံးဝမရှိချေ။ အစားစားရန် မလိုအပ်ဟု တစ်ဖန်ပြန်လည် ခံစားလာရသည်။

အသက်ရှူလိုက်တိုင်းတွင် အဆုံးအစမဲ့ စိတ်စွမ်းအင်များဝင်ရောက်လာပြီး ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွားကာ ဟိုသည် လှည့်လည်နေပေတော့သည်။ တဖြည်းဖြည်းနှင့် ပိုင်ရှောင်ချန်းသည် ကျင့်ကြံခြင်းလုပ်ငန်းတွင် နစ်မြောသွားလေတော့သည်။

နောက်ထပ်၁၀ရက် အတွင်း သူ၏ အချိန်အများစုကို ကျင့်ကြံရာတွင် အသုံးပြုခဲ့သော်လည်း ပတ်ဝန်းကျင်သစ်တွင် လှည့်လည်သွားလာ၍ နေသားကျစေရန်လည်း အချိန်ပေးသေးသည်။ ဂိုဏ်းသားများနှင့် တွေ့ဆုံတိုင်းတွင် သူတို့သည် သူ့ကို အလွန်အေးစက်စွာ ဆက်ဆံကြလေသည်။ သူက အရင်ခေါ်ပြောနှုတ်ဆက်သော်လည်း သူတို့က လျစ်လျူရှုသွားကြလေသည်။

သို့သော်လည်း သူသည် မကြာမီမှာပင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စွမ်းအားအစစ်အမှန်ကို ကောင်းစွာ ခံစားမိလေသည်။ ဆယ်ရက်အတောအတွင်း ကုံသက်တန့်ဒေသပေါ် ၌ ကြုံတွေ့ရသော ဝတ်ရုံဝါဂိုဏ်းသားအားလုံးနီးပါးသည် အမြုတေအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။

အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူအချို့ရှိသော်လည်း အများစုမှာ အမြုတေအဆင့်သို့ ရောက်လုနီးပါးအဆင့်တွင် ရှိကြသည်။ အားလုံးသည် ပိုင်ရှောင်ချန်းအတွက် တအံ့တဩဖြစ်စေလောက်သည့် မယုံနိုင်ဖွယ်ရာ အတိုက်အခိုက်စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။

သူသည် သက်ဝင်တောင် ဂါထာမန္တန်ကို ကျင့်ကြံရန် ရည်ရွယ်ထားသည့် နေရာကိုလည်း မေးမြန်းသော်လည်း ကုံသက်တန့်ဒေသပေါ်တွင်မရှိသောကြောင့် စိတ်ပျက်သွားရသည်။ ထိုအစား ထိုနေရာက ဂိုဏ်းခေါင်းဆောင်နေထိုင်သည့် သက်တန့်ဒုတိယအဆင့်ပေါ်တွင် တည်ရှိပေသည်။

သူ့အပေါ်မှ သက်တန့်များကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။
” ဒုတိယအဆင့်မှာ သက်တန့်နှစ်ခုရှိတယ်။ ဘယ်ဘက်ကတစ်ခုက နတ်အဆင့်တွေအတွက်၊ ညာဘက်ကတစ်ခုက ဂိုဏ်းခေါင်းဆောင်အတွက်ရယ်၊ လေ့ကျင့်ရေးစည်းအမျိုးမျိုးနဲ့ နတ်မီးလျှံပြိုင်ပွဲတွေအတွက်ဖြစ်တယ်။ ”

သူသည် အသစ်တစ်ယောက်ဖြစ်သည့်အပြင် အားလုံးသည် အေးစက်ကာ လျစ်လျူရှုတတ်ကြသောကြောင့် အချက်အလက်များ ရရှိရန်မှာ မလွယ်ကူပေ။

ဝတ်ရုံဝါဂိုဏ်းသားတစ်ယောက်ဖြစ်လာပြီးနောက်တွင် ကုံမြို့တော်သို့ပြန်ရန်မှာ ကန့်သတ်ချက်အချို့ရှိပေသည်။ ထိုကန့်သတ်ချက်များသည် လီယွမ်ရှန်နှင့်သူ၏ သူငယ်ချင်းများကဲ့သို့ လူမျိုးအပေါ်တွင် အမှန်တကယ် သက်ရောက်မှုမရှိသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ မြို့တော်သို့ ပြန်ဆင်းခြင်းသည် အလွန်ရှုပ်ထွေးခက်ခဲသည့် စမ်းသပ်ပွဲတစ်ခုဖြစ်သည်။

သို့သော် ကျောက်စိမ်းပေလွှာများကို ဆက်သွယ်ရန် အသုံးပြုနိုင်သေးသည့်အတွက် နတ်ဆရာနှင့် အခြားတာအိုအစောင့်အရှောက်များထံမှ သတင်းများကို မကြာမီရရှိလေသည်။ ပိုင်ရှောင်ချန်းထွက်ခွာသွားပြီးနောက်တွင် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ အခြေအနေသည် အလွန်ဆိုးဝါးသွားခဲ့သည်။ သို့သော် အသားတင်အမြတ်အစွန်းများကို အနည်းငယ်ချိန်ညှိပြီးနောက် အဆင်ပြေမည်မှာ သေချာသွားသည်။

ကောင်းကင်ဘုံအဖွဲ့အစည်းသည် ပြဿနာရှာကာ ဒုက္ခပေးနေသော်လည်း သူတို့သည် ပိုင်ရှောင်ချန်းကို ကြောက်ရွံ့နေဆဲဖြစ်ရာ မည်သည်ကိုမျှ လူသိရှင်ကြား ရန်မမူရဲပေ။ တာအိုအစောင့်အရှောက်များက စားသောက်ဆိုင်နှင့် ပတ်သက်သော အရေးကြီးကိစ္စအနည်းငယ်ကို ကိုင်တွယ်ရန် စီစဥ်ထားပြီးဖြစ်ကြောင်း၊ သက်တန့်နယ်မြေသို့ အဆင့်တိုးမြှင့်ရန်လည်း အကောင်းဆုံးလုပ်ဆောင်နေကြောင်း သူ့ကို ပြောပြထားသည်။

ထိုကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။ သူ၏ တာအိုအစောင့်အရှောက်များမရှိသောကြောင့် ပိုင်ရှောင်ချန်းမှာ အမှန်တကယ်ပင် ပျင်းရိလျက်ရှိပြီး သူ၏ ထာဝရအသက်ရှည်နည်း သိုင်းနှင့် ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်တို့ကို ကျင့်ကြံရုံမှတစ်ပါး အခြားလုပ်စရာမရှိပေ။ ဤနည်းဖြင့် ၁လခန့်ကြာမြင့်သွားပြီးနောက် သူကျင့်ကြံနေစဥ် သူ၏ အမူအရာမှာ ရုတ်တရက် လှုပ်ခတ်သွားသည်။ လက်ကို ဝှေ့ယမ်းလိုက်ကာ အင်မော်တယ်ဂူ၏ တံခါးကို တကျွိကျွိမြည်အောင် ဖွင့်လိုက်သည်နှင့် နံနက်ခင်းနေရောင်ခြည်နှင့်အတူ ပုံရိပ်တစ်ခုနီးကပ်လာနေသည်ကို တွေ့လိုက်ရပေသည်။

ထိုပုံရိပ်သည် တံခါးပွင့်သွားသည်ကို မြင်ပြီးနောက် တွေးတောနေဟန်ဖြင့် ခဏမျှ ရပ်နေပြီးမှ ရှေ့သို့ ဆက်လျှောက်လာလေသည်။ မကြာမီပင် ထိုလူငယ်၏ ချောမောတည်ကြည်လှသော မျက်နှာကို ရှင်းလင်းစွာ မြင်ရသည်။

သူမှာ အခြားမဟုတ်၊ စုန့်ချွဲသာဖြစ်လေသည်။

“ချွဲအာ… ”
ပိုင်ရှောင်ချန်းသည် ထရပ်လိုက်ပြီး ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ သူသည် စုန့်ချွဲကို အထဲသို့ ဆွဲသွင်းရန် အပြေးသွားလိုက်စဥ် စုန့်ချွဲသည် အေးစက်စွာ နှာမှုတ်လျက် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ဝင်ရန် ငြင်းဆန်လိုက်လေသည်။

” ပိုင်ရှောင်ချန်း ”
သူက ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
” ဝတ်ရုံဝါဂိုဏ်းသားဖြစ်လာတဲ့ အကြောင်းအရာ အသေးစိတ်က အရေးမကြီးဘူး။ အရေးကြီးတာက အဲဒါကြောင့် ငါမင်းအပေါ်မှာ ကျေးဇူးကြွေးတင်နေတာပဲ။ မင်းက အသစ်ဆိုတော့ မင်း မသိလောက်သေးတဲ့ အကြောင်းအရာတွေရှိတယ်။ ဒါ့ကြောင့် နားထောင်ပါ။ ”

” ပထမဆုံး၊ ဒီသုံးလအတွင်းမှာ မင်းရော၊ ငါရော နှစ်ယောက်လုံးက ခန်းမဆောင်ရွေးချယ်ပွဲထဲ ပါဝင်ရမှာ။ ငါက မင်းထက် နည်းနည်းပိုစောပြီး ရောက်လာတာဆိုတော့ အဲဒါနဲ့ ပတ်သက်တာ နည်းနည်းပါးပါးသိထားတယ်။ လူအများစု ဝင်ချင်ကြတဲ့ ခန်းမတချို့ရှိတယ်။ အများအားဖြင့်တော့ ပိုပြီးလုံခြုံစိတ်ချရတာရယ်၊ အကျိုးအမြတ်များတဲ့ အခွင့်အလမ်းတွေလည်း ရနိုင်တယ်။ ဥပမာပြောရမယ်ဆို မှော်ပညာ ခန်းမ၊ အကာအကွယ်ခန်းမ၊ နောက်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး ခန်းမ။ ဒါပေမဲ့ တချို့ခန်းမတွေက အန္တရာယ်ရှိတယ်လို့ ယူဆရပြီးတော့ အဲဒီခန်းမဆောင်ကို ဝင်တဲ့ဂိုဏ်းသားတွေမှာ သေဆုံးနိုင်ခြေမြင့်တယ်။ အဲဒီထဲက အထင်ရှားဆုံး ခန်းမတွေက ပုံပြောင်းစစ်ဆင်ရေး ခန်းမဆောင်နဲ့ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်ပဲ။ အဲ့အချိန်ရောက်လာရင် သတိထားပါ။ ”

“ဒုတိယ၊ မင်းရောက်လာတဲ့ ဒီလအတွင်းမှာပဲ မင်းကို ဒုက္ခပေးဖို့ တစ်ယောက်ယောက်က ကြံနေတယ်ဆိုတဲ့ စကားတွေ ပြန့်နေတယ်။ မင်း ရန်စထားဖူးတာ ဘယ်သူလဲဆိုတာ ပြန်စဥ်းစားပြီး သတိထားနေသင့်တယ်။ ”
ပိုင်ရှောင်ချန်းကို နောက်ဆုံးတစ်ခါ ကြည့်လိုက်ပြီး စုန့်ချွဲက လှည့်ထွက်သွားလေသည်။ သူလာခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ စွမ်းဆောင်ရည်ရမှတ်အကြွေးများကို ပြန်ဆပ်ရန်သာဖြစ်ကြောင်း သိသာလှသည်။


Comment

Leave a Reply

Options

not work with dark mode
Reset