Switch Mode

အခန်း (၅၅၆)

တပည့်ရင်း ငါးယောက်

မြည်းလေးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း တစ်ကိုယ်လုံးတုန်ရီနေ၏။ ၎င်းမှာ နှလုံးသားထဲမှနေ၍ ကြောက်ရွံ့တုန်လှုပ်နေရခြင်းဖြစ်သည်။ သူ၏ ရှေ့တွင်ရပ်နေသည့် သူ၏ သခင်ဖြစ်သူမှာ သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့် ၎င်းမှာ သွေးပင်လယ်ကြီးတစ်စင်းအား မြင်နေရသကဲ့သို့ ခံစားနေရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့၏ နှုတ်မှ စကားသံများထွက်ပေါ်လာတိုင်း မြည်းလေးမှာ နှလုံးသွေးများ ရပ်တန့်သွားလုမတတ် ကြောက်ရွံ့ထိတ်လန့်သွားနေရသည်။ ထို့ကြောင့် ၎င်းမှာ တစ်ကိုယ်လုံးတုန်ရီကာ မြေပြင်ပေါ်သို့ ပုံခနဲ လဲကျသွားပြီး တစ်လက်မခန့်ပင် မလှုပ်ရဲတော့ပေ။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ နှုတ်ဆိတ်သွား၏။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ငရဲမီးကြွက်မည်မျှခန့် သတ်ဖြတ်ခဲ့သည်ကို မမှတ်မိတော့ပေ။ သူ၏ ကျူးသိုပညာရပ် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်မှာ ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူသည် သူ၏ ချပ်ဝတ်တန်ဆာအတွက် အာဟာရဓာတ်အမြောက်အမြား စုဆောင်းခဲ့ပြီး ဖြစ်ရပေမည်။ ထို့အပြင် သူသည် အမွေအနှစ်တစ်ဝက်၊ သူကိုယ်တိုင်စဉ်းစားထားသည့် နည်းလမ်းတစ်ဝက် ပေါင်းစပ်ကာ ဖန်တီးထားသော ထို ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအကြောင်းကို ပို၍ နားလည်လာပြီ ဖြစ်သည်။

သူ၏ ချပ်ဝတ်တန်ဆာအား လိုအပ်သည့် အာဟာရဓာတ်များ ဖြည့်တင်းပေးရန် ရန်သူများကို ပို၍ သတ်ဖြတ်လေလေ၊ သူ၏ နှလုံးသားထဲတွင် ကိန်းအောင်းနေသော သူ၏ ကြောက်မက်ဖွယ်ရာ ဗီဇကြီးမှာ အဆပေါင်းများစွာ ပို၍ အားကောင်း‌လာလေလေ ဖြစ်နေ၏။ နောက်ဆုံးတွင် ၎င်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူ၏ အကျင့်စရိုက်၏ တစ်စိတ်တစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ သူ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား လေ့ကျင့်နေသည့်အချိန်တွင် သူ၏ စိတ်ခံစားချက်များမှာ ယခင်ကလောက် ယောက်ယက်ခတ်နေတော့မည် မဟုတ်ပေ။ ယခုတွင် သူ၏ အမူအရာမှာ အေးတိအေးစက် ဖြစ်နေပြီ ဖြစ်သည်။

သူ၏ ပြောင်းလဲမှုများကြောင့် မြည်းလေးမှာ တစ်ကိုယ်လုံးတုန်ရီကာ သူ့အား ကြောက်လန့်တကြားနှင့် စိုက်ကြည့်နေရသည့်အထိပင်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အနည်းငယ်ခန့် မူးဝေသွား၏။ ထို့နောက် ချပ်ဝတ်တန်ဆာကြီးဖြင့် ဖုံးအုပ်ထားသည့် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏လက်ထဲ၌ ဆွဲလာသည့် ဧရာမ ငရဲမီးကြွက်ကြီးမှာ ပြာပုံဘဝသို့ရောက်သွားပြီး မီးပင်လယ်ကြီးထဲသို့ ပြုတ်ကျသွားတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ လေထဲ၌ မြှောက်ထားသော ညာဘက်လက်အား လက်သီးဆုပ်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်ထားသည့် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ကြက်သွေးရောင် တောက်လာပြီးနောက် အလွန်အင်မတန်မှ မြန်ဆန်စွာ ကျုံ့ဝင်သွားတော့သည်။

အဝေးမှ ကြည့်လိုက်ပါက ဝမ်ပေါင်လဲ့၏ ချပ်ဝတ်တန်ဆာကြီးမှာ အလိုအလျောက် တစ်စစီ ပြုတ်သွားကာ ဝိညာဉ်ချီများဖြင့် ဖန်တီးထားသည့် အနီရောင် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်နိုင်ပေမည်။ ထို့နောက် ထို စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် တိုးဝှေ့ဝင်ရောက်သွားကြပြီး သူ၏နှလုံးသားနေရာ၌ ပြန်လည်စုဝေးကာ စိန်တုံးပုံစံ သွေးရောင် အမှတ်အသားလေး တစ်ခုအသွင် ပြန်ပြောင်းသွားတော့သည်။

ထို ချပ်ဝတ်တန်ဆာကြီး ပျောက်ကွယ်သွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ မြည်းလေးရှေ့၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထိုအခါ မြည်းလေးမှာ တဆတ်ဆတ် တုန်ရီနေခြင်းမရှိတော့ဘဲ အံ့အားသင့်ကာ ပျော်ရွှင်ကျေနပ်နေသည့် မျက်ဝန်းများဖြင့် ခေါင်းပြန်မော့လာတော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ခုန်ပေါက်သွားလိုက်ပြီး ၎င်း၏ ဦးခေါင်းဖြင့် ဝမ်ပေါင်လဲ့၏ ခြေထောက်အား တယုတယ ပွတ်သပ်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာလည်း မြည်းလေး၏ ဦးခေါင်းအား ပြန်ပုတ်ပေးလိုက်၏။ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ရာ သူ၏ နှလုံးသားထဲတွင်ရှိနေခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ရန်လိုစိတ်များမှာလည်း ပြန်လည်ငြိမ်သက်သွားပြီး သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာတော့သည်။

” ကဲ လစ်လိုက်တော့။ အိမ်ပြန်ကြစို့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။ မြည်းလေးမှာလည်း အော်ဟစ်မြည်တမ်းကာ သူ၏နောက်မှ အလျင်အမြန် လိုက်သွား၏။ ထိုသို့ဖြင့် သူနှင့် ထိုမြည်းလေးတို့မှာ မီးပင်လယ်ကြီးအား လျင်မြန်စွာ ဖြတ်ပြေးရင်း ညဉ့်နက်သန်းခေါင်ယံအချိန်၌ ပင်လယ်ကြီးထဲမှ ပြန်ထွက်လာတော့သည်။ ထို့နောက် သူတို့မှာ မီးစိမ်းကျွန်းဆီသို့ ဦးတည်သွားကြ၏။

သူတို့ ပြန်ရောက်သောအခါမှ ဝမ်ပေါင်လဲ့မှာ သူ၏ ဂူဗိမာန်ထဲ၌ တင်ပျဉ်ခွေထိုင်ချလိုက်ပြီးနောက် စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှုအပြည့် ရှိနေစေရန် သူ၏ ခန္ဓာကိုယ် အနေအထားနှင့် ကျင့်ကြံခြင်းစွမ်းအားများကို ထိန်းညှိလိုက်၏။ ထို့နောက် သူသည် စိတ်ကိုတည်ငြိမ်အောင်ထားရင်း အရည်အချင်းစစ်ပွဲ ကျင်းပမည့်နေသို့ ရောက်ရှိလာရန် စောင့်ဆိုင်းနေလိုက်တော့သည်။

ထိုတစ်ညတာမှာ တိတ်ဆိတ်ငြိမ်သက်စွာ ပြီးဆုံးသွား၏။

နောက်နေ့မနက် မိုးလင်းချိန် နေထွက်လာသည်နှင့် တစ်ပြိုင်နက် ကျယ်ပြန်တာအိုနန်းတော်၏ ပတ်ပတ်လည်တွင် ခေါင်းလောင်းသံများ ထွက်ပေါ်လာ၏။ ထိုခေါင်းလောင်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး လေထုထဲ၌ ပဲ့တင်ထပ်နေကြသည်။ ထိုအသံမှာ အံ့ဩဖွယ်ရာကောင်းသည့် အဆောင်ပစ္စည်းတစ်ခုဆီမှ ထွက်ပေါ်လာရခြင်းဖြစ်ရပေမည်။ ထိုခေါင်းလောင်းသံများမှာ ဓားရိုးပိုင်း တစ်ခုလုံး၏ တစ်ဝက်နီးပါးအထိ ပျံ့လွင့်သွားခဲ့၏။ အဝေးသို့ရောက်လေလေ ထိုအသံများမှာ ပို၍ တိုးသွားလေလေ ဖြစ်နေကြသည်။ သို့သော် မီးစိမ်းကျွန်းမှာ ပင်မကျွန်းနှင့် မလှမ်းမကမ်းတွင် ရှိနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဂူဗိမာန်ထဲတွင် တရားထိုင်နေသည့်တိုင်အောင် ထိုအသံများကို ကြားလိုက်ရ၏။

ထိုအခါ သူ၏ မျက်လုံးများမှာ တဖြည်းဖြည်းချင်း ပွင့်လာပြီး ဖျတ်ခနဲ အရောင်လက်သွား၏။ ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး ဂူဗိမာန်ထဲမှ ထွက်ခွာသွားရန် ပြင်လိုက်သောအခါ သူ၏ မျက်ဝန်းထဲမှ အလင်းရောင်များမှာ တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူသည် ပျင်းရိပျင်းတွဲ ဖြစ်နေသည်လေးသံဖြင့် အော်‌ခေါ်လိုက်၏။

” လစ်လိုက်တော့ရေ။ လာခဲ့ဦးဟေ့။ မင်း ဆော့ကစားဖို့ ဖေဖေကြီး မင်းကို အပြင်ခေါ်သွားပေးမယ် ”

မြည်းလေးမှာမူ သူ၏စကားကို နားမထောင်ချင်သည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ အမိန့်အား မဖီဆန်ရဲသောကြောင့် ခေါင်းငိုက်စိုက်ကျကာ သူ့ဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် ၎င်း မအော်ဟစ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား လှမ်း၍ ဖမ်းဆွဲကာ သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား တစ်ပတ်လှည့်ကာ သက်တံ့တစ်ခုအသွင် ပြောင်းလဲသွားပြီး ကျယ်ပြန်တာအိုနန်းတော် ပင်မကျွန်းဆီသို့ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက်သာ ကျယ်ပြန်တာအိုနန်းတော်ဆီသို့ ဦးတည်သွားနေသည်တော့မဟုတ်ပေ။ ပင်မကျွန်း ပတ်ပတ်လည်ရှိ ပြိုင်ပွဲဝင်များအားလုံးမှာ ထိုခေါင်းလောင်းသံများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် စတင်ထွက်ခွာလာကြ၏။ ပြိုင်ပွဲဝင်မဟုတ်သော ကျင့်ကြံသူများမှာလည်း ပင်မကျွန်းဆီသို့ ‌ဦးတည််သွားနေကြသေးသည်။ သူတို့မှာ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားလွန်းလှသည့် ပွဲတော်ကြီးကို လက်လွှတ်ခံနိုင်မည်မဟုတ်ပေ။

လူတိုင်းမှာ စိတ်လှုပ်ရှားတက်ကြွနေကြပြီး အများစုမှာ လမ်းတစ်လျှောက်တွင် အဖွဲ့များဖွဲ့ကာ အသံလွှင့်အကြောင်းကြားစာများ အပြန်အလှန်ပေးပို့နေကြ၏။ သူတို့မှာ အရည်အချင်းစမ်းသပ်ပွဲအကြောင်း ဆွေးနွေးငြင်းခုံနေကြခြင်း ဖြစ်ပေသည်။

ထိုသို့ဖြင့် ကျယ်ပြန်တာအိုနန်းတော်၏ တောင်ထိပ်ရှိ ပြည်သူ့ရင်ပြင်ထဲတွင် စုဝေးနေကြသည့် လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာ၏။ ထိုရင်ပြင်ထဲတွင် ပြိုင်ပွဲဝင် ရာပေါင်းများစွာ ရောက်နေကြပြီဖြစ်ပြီး ပွဲကြည့်ပရိသတ်များမှာလည်း ပြိုင်ပွဲဝင်များထက် အဆပေါင်းများစွာ ရှိနေကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ ဆူညံပွက်လောရိုက်နေကြ၏။ သို့သော် ပြိုင်ပွဲဝင်များမှာမူ လူထောင်သောင်းများစွာ၏ စောင့်ကြည့်ခြင်းကိုခံနေရပြီး သူတို့၏ လုပ်ရပ်တိုင်းမှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေသောကြောင့် အခြားသူများထက်ပို၍ ဣန္ဒြေရှိနေကြ၏။

သူတို့၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသော ပွဲကြည့်ပရိသတ်များမှာမူ ထိုကဲ့သို့ စိတ်ပူနေစရာမလိုပေ။ ထို့ကြောင့်လည်း သူတို့မှာ အသံတိုးသွားကြခြင်းမရှိဘဲ အဆက်မပြတ် အော်ဟစ်ကာ ဆွေးနွေးငြင်းခုံနေကြဆဲပင်။ ဝမ်ပေါင်လဲ့မှာ ကျယ်ပြန်တာအိုနန်းတော် ပင်မကျွန်း၏ အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် လူများ၏ ဟစ်ကြွေးသံမျိုးစုံကို ကြားလိုက်ရ၏။

” ဒီတစ်ခေါက် ဒူဂူလင်း ထိပ်ဆုံးသုံးယောက်ထဲမှာ ပါမလား မသိဘူး ”

” ဒူဂူလင်း ပါမပါတော့ မသိဘူး။ ဒါပေမဲ့ ဂိုဏ်းတူအစ်ကို ရှုမင်ကတော့ သေချာပေါက် ထိပ်ဆုံးသုံးယောက်ထဲ ပါမယ်ဆိုတာ ငါယုံတယ် ”

” ရှုမင်က ဘာဟုတ်လို့လဲ။ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုအကြီးဆုံး ကျိုးချူတောက်က ရှုမင်နဲ့ လုယွင်ကို လက်တစ်ချောင်းထဲနဲ့ အနိုင်ယူပစ်နိုင်စွမ်း ရှိတယ်ကွ ” ထိုကဲ့သို့သော ဆွေးနွေးငြင်းခုံသံများမှာ လေထုထဲ၌ ပြည့်နှက်နေတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူတို့အား ခပ်လှမ်းလှမ်းမှနေ၍ ကြည့်ရှုလိုက်ပြီးနောက် လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် အခြားတစ်ဖက်သို့လှည့်ကာ တောင်ထိပ်ပေါ်ရှိ ပြည်သူ့ရင်ပြင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။

ပြိုင်ပွဲဝင်စုစုပေါင်း၏ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့၏ အရေအတွက်မှာ စုစုပေါင်း အယောက်ငါးရာနီးပါး ရှိနေကြပြီဖြစ်ပြီး သူတို့အား သက်ဆိုင်ရာ အဖွဲ့အစည်းများအလိုက် အုပ်စုခွဲထားကြ၏။ ဝမ်ပေါင်လဲ့မှာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဖုန့်ချိုးရန်၏ အဖွဲ့အစည်း ရှိရာနေရာသို့ လျှောက်လှမ်းသွားလိုက်ပြီး ထိုအုပ်စုထဲမှ ကျင့်ကြံသူများနှင့် သွားရောက်ပူးပေါင်းလိုက်သည်။

သူရောက်လာသည်ကို သတိထားမိသည့် လူအရေအတွက်မှာ များများစားစားမရှိပေ။ ထိုသို့ သတိထားမိလိုက်ကြသည့် လူများမှာလည်း သူ့အား တစ်ချက်မျှသာ လှမ်းကြည့်လိုက်ကြသာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း သူတို့အား ဂရုစိုက်နေခြင်းမရှိပေ။ သူသည် နေရာတစ်နေရာ၌ သွားရပ်နေလိုက်ပြီး ဘေးဘီဝဲယာအား အကဲခတ်ကြည့်ရှုလိုက်၏။ ခဏအကြာတွင် သူသည် ခုန်းတောက်အား ရှာတွေ့သွားပြီး သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြသည်။ ထို့နောက် သူတို့မှာ တစ်ယောက်ဆီသို့ တစ်ယောက် လျှောက်လှမ်းလာရန် ပြင်လိုက်ကြ၏။

ထိုအချိန်တွင် သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လူတိုင်းမှာ ပင့်သက်များရှိုက်ကာ အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။ ထို့နောက် ပြည်သူ့ရင်ပြင်ကြီး၏ အပြင်ဘက်တွင်သာမက အတွင်းထဲတွင်ပင် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာ၏။ ထိုအသံများမှာ မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်း ရှိရာဘက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

” ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုအကြီးဆုံး ပြန်ရောက်ပြီဟေ့ ”

” မင်္ဂလာပါ ဂိုဏ်းတူအစ်ကိုကြီး ဒူဂူလင်း ”

ထို အော်ဟစ်အားပေးသံများကြားတွင် လူတစ်ယောက်မှာ ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာ၏။ သူသည် အနက်ရောင်ဝတ်ရုံများကို ဆင်မြန်းထားပြီး သူ၏ အနက်ရောင်ဆံနွယ်များမှာ လေထဲတွင် တလူလူ လွင့်နေ၏။ သူ၏ မျက်ဝန်းများမှာလည်း ရေခဲတမျှ အေးစက်နေသည်။ သူသည် လူအုပ်ကြီး၏ အော်ဟစ်အားပေးသံများကို လျစ်လျူရှုကာ အေးစက်စက် မျက်နှာထားဖြင့် မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်း ရှိရာဘက်သို့ လျှောက်လှမ်းလာ၏။ သူ ဘေးမှ ဖြတ်လျှောက်သွားသောအခါ မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းထဲမှ ကျင့်ကြံသူများ၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

” အကြီးအကဲ မြဲ့လျဲ့ကျိရဲ့ တစ်ဦးတည်းသော တပည့်ရင်း… ဒူဂူလင်းပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် ထိုကျင့်ကြံသူအား ဒုတိယအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။ သူသည် သူ၏ တိုက်ရည်ခိုက်ရည်များအား ထိုကျင့်ကြံသူနှင့် နှိုင်းယှဉ်ကြည့်နေစဉ် ခုန်းတောက်မှာ သူ၏ဘေးသို့ ရောက်ရှိလာ၏။

” ပေါင်လဲ့ရေ။ ငါ အရည်အချင်းစမ်းသပ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာအချက်အလက်မှ ရှာမတွေ့ခဲ့ဘူး ” ခုန်းတောက်မှာ တိုးတိုးလေးပြောလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုအချက်အား မျှော်လင့်ထားပြီးသားဖြစ်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ရှဲ့ဟေးရန်တစ်ယောက် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားသည့်အတွက်သာ နောင်တရနေ၏။ မည်သည့်အကြောင်းကြောင့်မှန်း မသိပါသော်လည်း ရှဲ့ဟေးရန်မှာ သူ့အား ယခုထက်ထိ အကြောင်းပြန်ခြင်းမရှိသေးပေ။

” ကြည့်ရတာ အကြောင်းအရင်းတစ်ခုခုကြောင့် ရှဲ့ဟေးရန်က ငါ့ကို မပြောပြနိုင်ဘဲ ဖြစ်နေရတာများလား ” ဝမ်ပေါင်လဲ့မှာ အ‌တွေးများထဲ၌ နစ်မျောနေစဉ် သူ၏ ပတ်ပတ်လည်၌ အော်ဟစ်အားပေးသံများ ထပ်၍ ပေါ်ထွက်လာပြန်သည်။ လူပေါင်းများစွာမှာ ဂိုဏ်းတူအစ်ကိုရှုနှင့် ဂိုဏ်းတူအစ်ကိုလုတို့အား ဂါရဝပြုနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကြည့်လိုက်သောအခါ သူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းမိသွားရုံသာမက သူတို့ကိုပါ မြင်လိုက်ရ၏။

သူတို့မှာ မိန်းမပျိုလေးတစ်ယောက်နီးပါး ချောမောလှပသည့် ရှုမင်နှင့် လူထွားကြီး လုယွင်တို့ပင် ဖြစ်ကြပေသည်။ သူတို့ နှစ်ယောက်မှာ ဖုန့်ချိုးရန်၏ တပည့်ရင်းများဖြစ်ကြပြီး ကျယ်ပြန်တာအိုနန်းတော်၏ ပါရမီရှင်အစစ်များ ဖြစ်ကြ၏။ သူတို့မှာ အေးတိအေးစက် အမူအရာဖြင့် ရောက်လာခဲ့သည့် ဒူဂူလင်းနှင့် မတူဘဲ လူအုပ်ကြီးအား အပြုံးမျက်နှာများဖြင့် ပြန်၍နှုတ်ဆက်ကာ ခေါင်းညိတ်ပြရင်း ဖုန့်ချိုးရန်၏ အဖွဲ့စည်းရှိရာသို့ လျှောက်လှမ်းလာ၏။ ထို့ကြောင့် အော်ဟစ်အားပေးသံများ နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာပြန်သည်။

ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့မှာ သူတို့နှင့်ယှဉ်လိုက်ပါက ပါမွှားအဆင့်တွင်သာ ရှိပေသည်။ သူတို့မှာ ထိုမင်းသားနှစ်ပါးအတွက် နောက်ခံရှုခင်းများကဲ့သို့ ဖြစ်နေကြ၏။ ဒူဂူလင်း၊ ရှုမင်နှင့် လုယွင်တို့ ရောက်ရှိလာကြပြီးနောက် အခြားကျင့်ကြံသူပေါင်းများစွာလည်း ထပ်၍ ရောက်ရှိလာကြ၏။ ကျောက်ယမုန့်မှာလည်း ခပ်လှမ်းလှမ်းရှိ မိုးကုတ်စက်ဝိုင်းပေါ်တွင် ပေါ်ပေါက်လာ၏။ သူမသည် ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့အား လှမ်းမြင်လိုက်သောကြောင့် သူတို့ဆီသို့ ဦးတည်ပျံသန်းလာပြီး ခဏအကြာတွင် သူတို့၏ဘေးသို့ ရောက်ရှိလာတော့သည်။

သူတို့သုံးယောက်သာလျှင် ပြည်ထောင်စုကြီးအား ကိုယ်စားပြုကြမည်ဖြစ်ရာ ထိုကဲ့သို့ အတူတကွ ရှိနေကြသောအခါ အချို့သောသူများမှာ သူတို့အား သတိထားမိသွားကြ၏။ သူတို့ထဲမှာ တစ်ယောက်မှာ ယွင်ဖျောင်ကျိ ဖြစ်ပေသည်။

သူသည် ယိုရန်၏ အဖွဲ့အစည်းမှ ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့အား လှမ်းမြင်လိုက်ရသောအခါ အားပေးလိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် သူ့အား ပြုံးပြလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ အပြုံးအား မြင်လိုက်ရသောအခါ ပြန်၍ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ယွင်ဖျောင်ကျိဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ အရည်အချင်းစမ်းသပ်ပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သတ်၍ သတင်းအချက်အလက်အသစ်များ ထပ်၍ ရရှိထားသည်လောဟု မေးမြန်းရန်ပြင်လိုက်စဉ်မှာပင် လူတိုင်းမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်အားပေးလိုက်ကြပြန်သည်။ ယခုအကြိမ်တွင် ရောက်ရှိလာကြသည့် လူနှစ်ယောက်မှာ ယိုရန်၏ တပည့်ရင်းများဖြစ်ကြသော….

ကျိုးချူတောက်နှင့် ဟွမ်ယွင်ရှန်းတို့ပင် ဖြစ်ပေသည်။

သူတို့နှစ်ယောက်မှာ ယိုရန်၏ တပည့်ရင်းများဖြစ်ကြသည့်အပြင် တာအိုလက်တွဲဖော်များလည်း ဖြစ်နေကြ၏။ ကျယ်ပြန်တာအိုနန်းတော်ထဲတွင် သူတို့စုံတွဲနှင့် ပတ်သတ်သည့် ပုံပြင်ဇာတ်လမ်းတစ်ခု ပျံ့နှံ့ခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ထိုစုံတွဲထဲမှ အမျိုးသားမှာ သာမာန်ရုပ်ရည်တစ်ခုကိုသာ ပိုင်ဆိုင်ထားပြီး လယ်သမားတစ်ယောက်နှင့် တူနေပါသော်လည်း အမျိုးသမီးဖြစ်သူမှာ ဘိန်းပန်းကဲ့သို့ စွဲမက်ဖွယ်ကောင်းသည့် အလှတရားများကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ ဘေးချင်းယှဉ်ရပ်နေပါက စုံတွဲဟု လုံးဝမထင်ရပေ။ ထိုအချိန်တွင် ရှုမင်နှင့်လုယွင်တို့ ရောက်ရှိလာခဲ့စဉ်တုန်းကပင်လျှင် မျက်လုံးများမှိတ်ထားခဲ့သော ဒူဂူလင်းမှာလည်း ရုတ်တရက်‌ဆိုသလို မျက်လုံးများပွင့်လာ၏။ ထို့နောက် သူသည် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်များ တလက်လက် တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ကျိုးချူတောက်အား စိုက်ကြည့်နေလိုက်တော့သည်။

သူသည် ကျိုးချူတောက်မှလွဲ၍ ပတ်ပတ်လည်ရှိ အခြားသူများအားလုံးကို သူ၏ တိုက်ကွက်တစ်ကွက်ပင် ခုခံနိုင်စွမ်းမရှိမည့် အမှိုက်သရိုက်များအဖြစ် သတ်မှတ်ထားသည့်ပုံပင်။

Comment

Leave a Reply

Options

not work with dark mode
Reset