Switch Mode

အခန်း (၅၅၅)

နတ်ဆိုးချပ်ဝတ်တန်ဆာ

” ခြောက်ရက်ကျန်ပါသေးတယ်။ မြန်မြန် လုပ်မှဖြစ်မယ် ” မီးပင်လယ်ထဲတွင်ရှိနေသော ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုများ ပြုလုပ်လိုက်ပြီးနောက် သူ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း သိလိုက်ရ၏။ နောက်‌ခြောက်ရက်အကြာတွင် ကျင်းပမည့် အရည်အချင်းစမ်းသပ်ပွဲမှာ ပြည်ထောင်စုကြီးနှင့် ကျယ်ပြန်တာအိုနန်းတော်တို့၏ ကြားရှိ မဟာမိတ်ဆက်ဆံရေးအတွက် အလွန်အင်မတန်မှ အရေးကြီးပေသည်။ ထိုအင်အားစုနှစ်ခုကြားတွင် စစ်ပွဲတစ်ပွဲ ပေါ်ပေါက်လာခြင်း ရှိမရှိကို ထိုစမ်းသပ်ပွဲ၏ ရလဒ်များက ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အမှန်တွင် ပြည်‌ထောင်စုကြီးထဲမှ ဉာဏ်များသော အဆင့်မြင့်အရာရှိကြီးများမှာ ကျယ်ပြန်တာအိုနန်းတော်နှင့် စစ်မက်ဖြစ်ပွားနိုင်သည့် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားထားပြီးသားဖြစ်သည်။ ထိုသို့သာဆိုပါက ပြည်ထောင်စုကြီးမှာ သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်ပါသော်လည်း အကယ်၍ စစ်ပွဲစတင်ဖြစ်ပွားမည့် အချိန်ကို နှောင့်နှေးကြန့်ကြာအောင် အချိန်ဆွဲထားနိုင်မည်ဆိုလျှင် ဆယ်နှစ်ကုန်သွားတိုင်း ပြည်ထောင်စုကြီးဘက်မှ အနိုင်ရနိုင်ခြေမှာ တဖြည်းဖြည်းနှင့် ပို၍ များလာမည်သာဖြစ်သည်။

အကယ်၍ ထိုစစ်ပွဲကြီးအား အတိုင်းအတာတစ်ခုအထိ အချိန်ဆွဲထားနိုင်မည်ဆိုလျှင် လုံးဝ တိုက်ခိုက်စရာမလိုတော့သည့် အနေအထားသို့ပင် ရောက်ရှိသွားနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီးအား ကျူးကျော်တိုက်ခိုက်လိုပါက အင်အားအမြောက်အမြား စိုက်ထုတ်ရန် လိုအပ်သည်မဟုတ်ပါလော။ အကယ်၍ သူတို့ဘက်မှ ပေးဆပ်လိုက်ရသည့် ပမာဏမှာ အဆမတန် များပြားနေမည်ဆိုပါက ထိုအချိန်တွင် ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှာ အားနည်းနေလျှင်တောင် ထိုအခွင့်အရေးကို အသုံးချ၍ ပြတ်ပြတ်သားသားဆန့်ကျင်ကာ အာဏာပြန်ရအောင် လုယူနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ခေါင်းထဲတွင် ထိုကဲ့သို့သော အတွေးများဖြင့် ယောက်ယတ်ခတ်နေရင်း မီးပင်လယ်ထဲသို့ ရောက်ရှိလာခဲ့၏။

ဝမ်ပေါင်လဲ့တစ်ယောက် မီးပင်လယ်ထဲတွင် ရှေ့သို့ပြေးလွှားနေရင်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ကြောင့် သူ၏ နှလုံးသားပေါ်၌ ပေါ်ပေါက်လာခဲ့သော စိန်တုံးပုံစံ အမှတ်အသားလေးမှာ တဖိတ်ဖိတ်တောက်ပလာ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ နိုးထလာကာ သူ၏ ဝိညာဉ်ချီများနှင့် ချိတ်ဆက်သွားပြီနောက် သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာကြတော့သည်။ ခဏအကြာတွင် သူ၏ခန္ဓာကိုယ် အပြင်ဘက်၌ ဧရာမလူသန်ကြီးတစ်ယောက်၏ လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။

ထိုလူရိပ်ကြီးအား ဝိညာဉ်ချီများနှင့် ချိတ်ဆက်နေသော စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းမှာ အကြည်ရောင်ဖြစ်နေသောကြောင့် သေသေချာချာ မကြည့်ပါက ၎င်းအား သတိထားမိနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် မီးပင်လယ်ထဲတွင်ဆိုလျှင် ပို၍ပင် အားစိုက်ကြည့်ရန် လိုအပ်ပေသည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွား၏။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ပထမအဆင့်ကို ထုတ်လွှတ်လိုက်ရုံနှင့် သူသည် ဖျက်ဆီး၍မရနိုင်သော ချပ်ဝတ်တန်ဆာတစ်ခုကို ဆင်မြန်းလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ အားကောင်းသော စွမ်းအားတစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရ၏။ သူသည် သက်ရှိအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိနေပြီဟု စိတ်ထဲ၌ ခံစားနေရပြီဖြစ်သည်။

” အခု ငါ သတ်ဖြတ်နိုင်တဲ့ သားရဲတွေကို လိုက်ရှာပြီးတော့ အဲဒီသားရဲတွေကို ကျူးသိုပညာရပ်ကို သုံးပြီး သတ်ဖြတ်ပစ်ရမယ်။ ပြီးရင် သူတို့ရဲ့ သက်စောင့်စွမ်းအားတွေနဲ့ စိတ်ဆန္ဒတွေကို စုပ်ယူပြီးတော့ ငါ့ရဲ့ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအတွက် လိုအပ်တဲ့စွမ်းအင်တွေ စုဆောင်းရမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်လုံးများ မှေးသွားပြီး သူ၏ ညာဘက်လက်ကို ဝှေ့ယမ်း‌၍ မြည်းလေးအား သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်၏။

” လစ်လိုက်တော့။ မီးပင်လယ်ကြီးထဲမှာ ကျင့်ကြံသူတွေကလွဲလို့ တခြားသက်ရှိတွေအားလုံးကို လိုက်ရှာစမ်းကွာ ” မြည်းလေးမှာ သူ၏ ဘေးပတ်ဝန်းကျင်အား သေသေချာချာ မကြည့်ရှုနိုင်သေးခင်မှာပင် ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံအား ကြားလိုက်ရ၏။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကြောင့် သူ၏ စကားသံမှာ အနည်းငယ်ခန့် ကျယ်လောင်ကာ ဩဇာညောင်းသည့်လေသံ ပေါက်နေသည်။ ထို့ကြောင့် မြည်းလေးမှာ တစ်ကိုယ်လုံး တုန်ရီသွားကာ ဝမ်ပေါင်လဲ့အား သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးများ ပြူးသွားရတော့သည်။

အခြားသူများမှာ ထို အကြည်ရောင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပါသော်လည်း မြည်းလေးမှာ ၎င်း၏အနီးသို့ ရောက်နေသည့်အပြင် တမူထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ၎င်းအား ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာထဲမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုကိုပါ အာရုံခံမိနေသောကြောင့် ကျောချမ်းသွားရသည်။

ထိုအငွေ့အသက်မှာ အလွန်အင်မတန်မှ အားပျော့ပြီး ဝမ်ပေါင်လဲ့မှာ ၎င်းအား သေသေချာချာ ဖုံးကွယ်ထားသည့်တိုင်အောင် မြည်းလေးမှာ ၎င်းအား ခပ်ရေးရေးမျှ အာရုံခံမိလိုက်ဆဲပင်။ ထို့ကြောင့် ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ၎င်းမှာ ၎င်း၏ ဘေးဘီဝဲယာအား သတိဝီရိယအပြည့်ဖြင့် ကြည့်ရှုစစ်ဆေးကာ နှာခေါင်းတရှုပ်ရှုပ်နှင့် အနံ့ခံနေတော့သည်။ ခဏအကြာတွင် ၎င်းမှာ မီးပင်လယ်ကြီးထဲရှိ အငွေ့အသက်များကို အာရုံခံမိသွားသည့်ပုံဖြင့် မျက်လုံးများ အရောင်လက်သွားပြီး ရှေ့သို့ ခုန်ထွက်သွားလိုက်တော့သည်။

မြည်းလေးမှာ အလွန်အင်မတန်မှ လျင်မြန်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသည်။ သူသည် ထိုမြည်းလေးမှာ ခွေးတစ်ကောင်၏ ဗီဇအချို့ကို ပိုင်ဆိုင်ထားရပေမည်ဟု မှတ်ယူလိုက်၏။ သို့မဟုတ် ၎င်း၏ မိဘနှစ်ပါးထဲမှာ တစ်ပါးမှာ ခွေးတစ်ကောင် ဖြစ်နေခဲ့လောက်ပေသည်။ ထို့ကြောင့်လည်း ၎င်းမှာ အလွန်အင်မတန်မှ အနံ့ခံကောင်းနေရခြင်းဖြစ်ပြီး အမြီးတယမ်းယမ်း လုပ်တတ်သည့် အကျင့် ရှိနေခြင်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် မြည်းလေး၏ မိဘများအကြောင်းကို စဉ်းစားတွေးတောနေရင်း မြည်းလေးမှာ ဝမ်ပေါင်လဲ့အား ပင်လယ်အောက်တွင် ရှိနေသော တောင်ကုန်းတစ်ခုဆီသို့ ခေါ်သွားလိုက်၏။ သူတို့ ထိုတောင်ကုန်းကြီး၏ အနီးသို့ ရောက်လာသောအခါ စူးရှကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထို့နောက် ငရဲမီးကြွက်သုံးကောင်မှာ ချက်ချင်းဆိုသလိုပင် ပြေးထွက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ မြည်းလေး ၎င်းတို့အား လိုက်ဖမ်းသည်ကို စောင့်ဆိုင်းနေခြင်းမရှိဘဲ မျက်လုံးများအရောင်လက်သွားကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်ပြီး ထိုငရဲမီးကြွက်များ၏ နောက်သို့ ပြေးလိုက်သွား၏။ ထို့ကြောင့် မီးပင်လယ်ကြီးထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားတော့သည်။ ထို ငရဲမီးကြွက်များမှာ ထွက်ပြေးလွတ်မြောက်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပါသော်လည်း အချည်းနှီးပင်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ချက်ချင်းပင် လိုက်မီသွားပြီး သူ၏ ညာဘက်လက်ဖြင့် လှမ်းဖမ်းလိုက်တော့သည်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် မျက်စိတမှိတ် အတွင်းတွင် ငရဲမီးကြွက်ကြီးတစ်ကောင်အား သူ၏ ညာဘက်လက်ထဲ၌ ဖမ်းမိသွား၏။ ထို့နောက် သူသည် သူ၏စိတ်ထဲတွင် ” ကျူးသိုပညာရပ် ” ဟူသော စကားလုံးများကို ရေရွတ်လိုက်တော့သည်။

သူ ထိုစကားလုံးများ ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးရောင်များ တောက်ပလာပြီး သူ၏ ညာဘက်လက်ထဲ၌ စုဝေးကာ ထိုငရဲမီးကြွက်ကြီးအား ဖုံးလွှမ်းသွားတော့သည်။ ထိုအခါ ထို ငရဲမီးကြွက်ကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး အော်ဟစ်မြည်တမ်းရန် ကြိုးစားလိုက်၏။ သို့သော် ၎င်းမှာ ပါးစပ်ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သိသိသာသာ ပိန်ချုံးသွားတော့သည်။

နောက်ဆုံးတွင် ၎င်းမှာ ပါးစပ်ပွင့်လာသည့်တိုင်အောင် အားအင်များ ကုန်ခမ်းသွားသဖြင့် အသံတစ်သံမှ မထွက်နိုင်တော့ပေ။ ထို့နောက် ၎င်း၏ အသွေးအသားများမှာ တိုက်စားခံလိုက်ရပြီး ၎င်း၏ ဝိညာဉ်နှင့် အခြားအရာအားလုံးမှာလည်း သွေး‌ရောင်အလင်းရောင်များနှင့် ချက်ချင်းဆိုသလိုပင် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။ ခဏအကြာတွင် ထို သွေးရောင်အလင်းရောင်များမှာ လောဘတက်နေသည့် အငွေ့အသက်များထုတ်လွှတ်ကာ အခြား ငရဲမီးကြွက်ကြီး နှစ်ကောင်ဆီသို့ အလျင်အမြန် ပျံ့နှံ့သွားကြတော့သည်။

ထို ငရဲမီးကြွက်ကြီးနှစ်ကောင်မှာ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့နေကြသောကြောင့် အမြန်ဆုံးနည်းဖြင့် ထွက်ပြေးနေကြပါသော်လည်း အနီရောင်အလင်းရောင်များဆီမှ လွတ်မြောက်နိုင်စွမ်းမရှိဘဲ ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းခံလိုက်ရတော့သည်။ ထိုအနီရောင် အလင်းရောင်များ ဝမ်ပေါင်လဲ့ဆီသို့ ပြန်ရောက်လာချိန်တွင် ထိုငရဲမီးကြွက်ကြီးနှစ်ကောင်မှာ အရိုးပေါ်အရေတင်ဖြစ်ကာ တစ်ကိုယ်လုံး ပိန်ချုံးနေသည်ကို မြင်လိုက်ရသဖြင့် မြည်းလေးမှာ တုန်လှုပ်ချောက်ချားသွားရ၏။

ထို အနီရောင်အလင်းရောင်များမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေသော နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြပြီးနောက် နဂိုတုန်းက အကြည်ရောင် ဖြစ်နေခဲ့သည့် လူ၏ လူရိပ်ကြီးပေါ်တွင် သွေးကြောများ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့်၎င်းမှာ အကြည်ရောင် မဟုတ်တော့ဘဲ သွေးကြောများဖြင့် ပြည့်နှက်နေသောကြောင့် ကျောချမ်းစရာ ကောင်းနေတော့သည်။

” ဆက်ရှာဦး ” ဝမ်ပေါင်လဲ့မှာ ကျူးသိုပညာရပ် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား အာရုံခံကြည့်လိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ မြည်းလေးအား ထပ်၍အမိန့်ပေးလိုက်ပြန်သည်။

မြည်းလေး၏ နားထဲတွင် သူ၏ အမိန့်ပေးသံကြီးမှာ ယခင်အကြိမ်တုန်းကထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ၎င်းမှာ ငရဲမီးကြွက် အလုံအလောက် မရှာပေးနိုင်ပါက ဝမ်ပေါင်လဲ့မှာ သူ့အား အရှင်လက်လက် ဝါးမျိုပစ်မည်ကို စိုးရိမ်သွားသောကြောင့် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ရ၏။ ထို့ကြောင့် ၎င်းမှာ မျက်လုံးများနီမြန်းသွားကာ မောပန်းနွမ်းနယ်လာသည့် အချိန်အထိ နှာခေါင်းများ တရှုပ်ရှုပ်လုပ်ရင်း ငရဲမီးကြွက်များအား သွေးရူးသွေးတမ်းနှင့် လိုက်လံရှာဖွေနေလိုက်တော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့၏ ကျူသို ပညာရပ်လက်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည့် ငရဲမီးကြွက် အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပို၍ များများလာတော့သည်။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ပို၍ပင် နီမြန်းလာပြီဖြစ်သည်။ ထို့အပြင် ကျူးသိုပညာရပ်မှာ အားပြင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ထို ငရဲမီးကြွက်များထဲ၌ သားရဲအမြုတေများ ရှိမရှိကို ဂရုစိုက်မနေတော့ပေ။ ကျူးသိုပညာရပ်မှာ စွမ်းအင်ပုံစံမျိုးစုံကို စုပ်ယူနိုင်စွမ်းရှိသည်ဖြစ်ရာ သားရဲအမြုအတေတစ်ခု ဖြစ်နေလျှင်တောင် လုံးဝ အစအနမကျန်လောက်အောင် ပျက်စီးသွားမည်သာဖြစ်သည်။

ထိုကဲ့သို့ သတ်ဖြတ်ခြင်းလုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပွားနေသဖြင့် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း တဖြည်းဖြည်းနှင့် ပို၍နီမြန်းလာပြီး ၎င်းဆီမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု စတင်ပေါ်ထွက်လာတော့သည်။ ငရဲမီးကြွက်များကို သတ်ဖြတ်လေလေ ထိုအငွေ့အသက်ကြီးမှာ ပို၍အားကောင်းလာလေလေ ဖြစ်နေသောကြောင့် မီးပင်လယ်ကြီးထဲတွင် ဝမ်ပေါင်လဲ့၏ အမြန်နှုန်းနှင့် တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း သိသိသာသာ တိုးတက်လာတော့သည်။

နောက်ဆုံးတွင် မြည်းလေးမှာ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့နေရပြီ ဖြစ်သည်။ အချိန်ကုန်လာသည်နှင့်အမျှ ဝမ်ပေါင်လဲ့မှာ စကားများ နည်းလာသည် မဟုတ်ပါလော။ သူ့ဆီမှ ထွက်ပေါ်နေသည့် အားကောင်းလွန်းလှသော အငွေ့အသက်ကြီးနှင့် သတ်ဖြတ်လိုစိတ်များမှာ မြည်းလေးအတွက် အထူးတဆန်းဖြစ်နေရ၏။ အကယ်၍ သူတို့၏ ဝိညာဉ်နှစ်ခုကြားတွင် ရှိနေသော ချိတ်ဆက်မှုကြောင့်သာ မဟုတ်ပါက မြည်းလေးမှာ သူ၏အဖေမှာ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဟု တွေးနေလောက်ပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ လိုက်လံ သတ်ဖြတ်နေရင်း အရည်အချင်းစမ်းသပ်ပွဲကြီး ကျင်းပရန် နှစ်ရက်သာ လိုတော့ပေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ကျယ်ပြန်တာအိုနန်းတော်ကြီး တစ်ခုလုံးမှာ ထို အရည်အချင်း စမ်းသပ်ပွဲအကြောင်းကို ဆွေးနွေးငြင်းခုံနေခဲ့ကြသဖြင့် တာအိုနန်းတော်ကြီး တစ်ခုလုံးမှာ ယခင်တုန်းကနှင့် မတူလောက်အောင် ဆူညံပွက်လောရိုက်နေကြ၏။

ထို ရက်အနည်းငယ်အတွင်းတွင် အရည်အချင်း စမ်းသပ်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များကို ထုတ်ပြန်ကြေညာခဲ့သည့်ပုံပင်။ ထိုပြိုင်ပွဲဝင်များမှာလည်း လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ထိုနည်းတူပင်။ သို့သော် ပြည်ထောင်စုပျိုးပင်များမှာ ထိုကိစ္စကြီး၏ အရေးပါပုံကို သိရှိထားကြသဖြင့် အစွမ်းကုန်ကြိုးစားကာ သတင်းအချက်အလက်များ ရှာဖွေစုစည်းနေကြသည့် တိုင်အောင် များများစားစား မသိခဲ့ရပေ။

ထိုသို့ဖြင့် နှစ်ရက်တိတိ ကုန်ဆုံးသွားပြန်သည်။ အရည်အချင်း စမ်းသပ်ပွဲမစခင် တစ်ရက်အလို ညဉ့်နက်ချိန်တွင် မီးပင်လယ်ကြီးထဲရှိ နက်ရှိုင်းသော နေရာတစ်ခုမှ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုပေါက်ကွဲသံကြီးမှာ မြေကြီးအောက်မှ ထွက်ပေါ်လာသည့်တိုင်အောင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး မီးပင်လယ်ကြီးအား အပြင်းအထန် တုန်ရီသွားစေ၏။ ထို ပြင်းအားကြီးကြောင့် မြည်းလေးမှာ မီးပင်လယ်ကြီးထဲမှ အမြန်‌ဆုံးနည်းဖြင့် ပြေးထွက်လာ၏။ ၎င်းမှာ ဘေးကင်းသောနေရာတစ်ခုသို့ ရောက်သွားသည့်အချိန်မှသာ နောက်သို့ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်နေလိုက်တော့သည်။

၎င်း လှမ်းကြည့်နေသည့်ဘက်တွင် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်နေပြီး ပေထောင်ပေါင်းများစွာ မြင့်မားသော အနီရောင်အလင်းတန်းကြီးတစ်ခု ရှိနေ၏။ ထိုအလင်းတန်းကြီးထဲတွင် အော်ဟစ်မြည်တမ်းသံများနှင့် ပူဆွေးသောကရောက်နေသည့် ငိုကြွေးသံများဖြင့် ပြည့်နှက်နေပြီး အချိန်အတော်အတန် ကြာမြင့်သွားပြီးမှ ၎င်းတို့မှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ထိုအခါ အနီရောင်အလင်းတန်းကြီးမှာလည်း ချက်ချင်းဆိုသလိုပင် အရွယ်အစား သေးငယ်သွားပြီး နောက်ဆုံးတွင် ထိုအလင်းတန်းကြီးထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

ထိုလူရိပ်ကြီး၏ ဆံပင်များမှာ လေထဲ၌ တလူလူ လွင့်နေ၏။ သူ၏ မျက်နှာအမူအရာမှာ အသက်မပါသလို သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခုလည်း တောက်ပနေသေးသည်။ သူ၏ ခန္ဓာကိုယ် အပြင်ဘက်တွင်မူ ပေခုနစ်ဆယ်ခန့် မြင့်မားသော အနီရောင်လူရိပ်ကြီးတစ်ခု ရှိနေ၏။ ထို လူရိပ်ကြီးမှာ မရေမတွက်နိုင်လောက်အောင်များပြားသော စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများဖြင့် စုပေါင်းဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေသောကြောင့် ၎င်းအား ထင်ရှားပြတ်သားစွာမြင်နိုင်ပေသည်။ ၎င်းမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းပြီး ၎င်းဆီမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေ၏။

ထိုမြင်ကွင်းကြီးမှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့် မြင်ကွင်းနှင့်ပင် ဆင်တူနေတော့သည်။

၎င်းမှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကို ထုတ်လွှတ်ထားသော ဝမ်ပေါင်လဲ့ပင် ဖြစ်ပေသည်။

နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ညာဘက်လက်ထဲတွင် ပေငါးဆယ်ကျော် အမြင့်ရှိသော ငရဲမီးကြွက်ကြီးတစ်ကောင်၏ အလောင်းကြီးအား ဆွဲလာ၏။ ထို အလောင်းကြီး၏ ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်းရှိနေပြီး ၎င်းမှာ အသက်မရှိတော့သည့်တိုင်အောင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေဆဲပင်။ မြည်းလေးမှာ ၎င်းသည် နှောင်းပိုင်း အမြုတေအဆင့်ထက် သာလွန်ကာ အမြုတေထိပ်ဆုံးအဆင့်သို့ ရောက်ခါနီးဆဲဆဲ ဖြစ်နေသည့် သတ္တဝါကြီးတစ်ကောင်၏ အငွေ့အသက်တစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွား၏။

ထို့ကြောင့် မြည်းလေးမှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ သို့သော် ၎င်းအား တုန်လှုပ်ချောက်ချားသွားစေသည့် အရာမှာ ဝမ်ပေါင်လဲ့၏ လက်ထဲ၌ ဆွဲလာသော ထို ငရဲမီးကြွက် အလောင်းကြီး၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် ပိန်ချုံးသွားနေသည့် မြင်ကွင်းပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် မြည်းလေး၏ရှေ့သို့ ရောက်ရှိလာချိန်တွင် ထိုငရဲမီးကြွက်ကြီး၏ အလောင်းမှာ အပေါ်ယံ အရေခွံသာ ကျန်ရှိတော့ပေသည်။ ၎င်း၏ အသားများနှင့် စွမ်းအင်များအားလုံးမှာ ပလုံစီထနေသော သွေးအိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာထဲသို့ အရည်တစ်မျိုးကဲ့သို့ လူးလွန့်ဝင်ရောက်သွားတော့သည်။

” သွားစို့။ အိမ်ပြန်ဖို့အချိန်ကျပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset