Switch Mode

အခန်း ( ၄၀၄ )

ကျုပ်က ဓားစာခံပဲ

လီယွမ်ရှန်မှာ အလန့်တကြားဖြစ်ကာ ထိုစကားများကို ဆိုလိုက်သော်လည်း ၎င်းစကားလုံးများမှာ ကြောက်မက်ဖွယ် ရာဇသံကြီးတစ်ခုနှင့် တူနေသည်။ သူ၏အတွေ့အကြုံအရဆိုလျှင် ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ဝင်ခွင့်ရသည့် ကျင့်ကြံသူအများစုမှာ ဂိုဏ်းကမောင်းထုတ်ခံရသည်ကို သေရမည်ထက်ပို၍ ကြောက်ရွံ့ကြသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းသည် အရှေ့ဘက်ကောင်းကင်တံတားမြစ်၏ မြစ်ဝတွင်တည်ရှိသော ဂိုဏ်းဖြစ်သည်။ ထိုသို့သောဂိုဏ်းမျိုးမှ နှင်ထုတ်ခံရသည့် ကျင့်ကြံသူများကို အောက်ပိုင်းဒေသဖြစ်စေ၊ အလယ်ပိုင်းဒေသဖြစ်စေ အရှေ့ဘက်ကျင့်ကြံခြင်းလောကရှိ မည်သည့်ဂိုဏ်းကမှ လက်ခံမည်မဟုတ်ပေ။ ထိုသို့နှင်ထုတ်ခံရသော ကျင့်ကြံသူမှာ ဝရမ်းပြေးတစ်ယောက်သာ ဖြစ်သွားလိမ့်မည်။

ကောင်းကင်တံတားဒေသတွင် ဝရမ်းပြေးကျင့်ကြံသူများမှာ အဆင့်အလွန်နိမ့်သည်။ သူတို့သည် ကောင်းကင်တံတားမြစ်အနီးတွင် ကျင့်ကြံခွင့်မရှိဘဲ ခိုး၍ကျင့်ကြံနေသည်ကို မိသွားပါက ထိုနေရာများကိုအုပ်ချုပ်သည့်ဂိုဏ်းများကလည်း ချက်ချင်း နှင်ထုတ်မည်သာ ဖြစ်သည်။

ယင်ယန်ဝိညာဥ်အဆင့် ဝရမ်းပြေးကျင့်ကြံသူများ၏ဘဝမှာ အနည်းငယ် သာယာသော်လည်း ထိုအဆင့်၏အောက်ရှိ လူများကမူ ဘဝကြီးကို ခါးသီးစွာဖြင့် ဖြတ်သန်းရမည်ဖြစ်သည်။

ထို့ကြောင့် လီယွမ်ရှန်က ထိုသို့ရာဇသံပေးရန် တွေဝေမနေခြင်းဖြစ်သည်။ မိုးပြာရောင်နဂါး အဖွဲ့အစည်း၏ ဆရာကြီးသည် ဂိုဏ်းသားတစ်ယောက်ဖြစ်နေသည့်အတွက် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စည်းမျဥ်းများအရ လီယွမ်ရှန်က သူ့ကိုအသေသတ်ရန် ဆန္ဒရှိလျှင်ပင် သတ်နိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲမည်ဖြစ်သည်။ သို့သော်လည်း လီယွမ်ရှန်သည် ဂိုဏ်းထဲတွင် ရာထူးကြီးသည်ဖြစ်သဖြင့် သူ့ကိုမောင်းထုတ်ရန်မှာ ခက်ခဲသည့်ကိစ္စမဟုတ်ပေ။

ထို့နောက် သူဂိုဏ်းအပြင်သို့ရောက်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အကာအကွယ်မရှိတော့သော အချိန်တွင်မှ ဆန္ဒရှိလျှင် သူ့ကို ချက်ချင်း သတ်နိုင်ပေသည်။

ပိုင်ရှောင်ချန်း၏ နောက်ကွယ်တွင် မည်သူမည်ဝါရှိနေကြောင်းကို သူ မသိသော်လည်း ဂရုမစိုက်ပေ။ ဤနေရာသည် သူ၏ကိုယ်ပိုင်နယ်မြေဖြစ်သည့်အချက်ကိုလည်း သူက အရေးမလုပ်ပေ။ ကုံသက်တံ့ဒေသပေါ်ရှိ ခန်းမကြီးဆယ်ခု၏ အဆောင်မှူးများမှာ ကုံမြို့တော်တွင် ကိုယ်ပိုင်နယ်မြေကို ပိုင်ဆိုင်နိုင်ခွင့်ကို ပေးအပ်နိုင်သည် မဟုတ်ပါလော။ ကုံမြို့တော်ထဲရှိ လူများက ကိုယ်ပိုင်နယ်မြေများကို အလွန်အမင်း အံ့အားသင့်ဖွယ်ရာများအဖြစ် သတ်မှတ်ကြသော်လည်း လီယွမ်ရှန်မှာ နတ်အဆင့်မျိုးနွယ်စုတစ်ခုမှ လာသည်ဖြစ်ရာ ထိုအရာများကို လုံးဝအထင်မကြီးချေ။

လီယွမ်ရှန်၏ ပါးစပ်မှ ထိုစကားများထွက်လာသောအခါ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးသွားတော့သည်။ သူက တွေဝေမနေတော့ပဲ လက်ကိုပြန်ရုတ်လိုက်ကာ တချိန်ထဲမှာပင် လီယွမ်ရှန်ဆီသို့ ဦးတည်နေသည့် မရေမတွက်နိုင်သည့် ရေခဲအပ်ချောင်းများမှာလည်း ပျောက်ကွယ်သွားကြတော့သည်။

” မင်း စောစောက ဘာပြောလိုက်တယ်။ ”
လီယွမ်ရှန်ကိုကြည့်ကာ သူက စိတ်လှုပ်ရှားနေသည့်လေသံဖြင့် မေးလိုက်သည်။

ပိုင်ရှောင်ချန်း၏ ထိုသို့တုံ့ပြန်မှုကြောင့် ဘေးနားရှိ သူဌေးသားများအားလုံးမှာ တအံ့တသြဖြင့် ငေးကြည့်နေကြပြီး အခြားသော ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ စောစောက ဖြစ်ပျက်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် သူတို့က အလွန်အမင်း အံအားသင့်နေကြလေရာ ဤသို့ ရုတ်တရက် အခြေအနေပြောင်းလဲသွားမှုကြီးကြောင့် သူတို့မှာ ပို၍ပင် အံ့အားသင့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားရတော့သည်။

ပိုင်ရှောင်ချန်း၏ အမူအရာရုတ်ချည်းပြောင်းလဲသွားမှုမှာ လုံးဝ အဓိပ္ပါယ်ဖော်၍ မရနိုင်ပေ။ မကြာသေးမီက သူသည် ရပ်တန့်၍မရနိုင်သော အရှိန်အဟုန်များဖြင့် ပေါက်ကွဲလုမတတ်ဖြစ်နေပြီး ယခုတွင်မူ လီယွမ်ရှန်၏ ခြိမ်းခြောက်မှုကြောင့် သူသည် ဒူးများပင် မခိုင်တော့လောက်အောင် အားနည်းနေသည့်အလား ဖြစ်သွားရသည်။

လီယွမ်ရှန်ပင် ကြောက်လန့်မှုများကြောင့် နှလုံးခုန်မြန်နေသေးသော်လည်း အံ့သြသွားရတော့သည်။ သူသည် တခြားရွေးချယ်စရာလုံးဝမရှိတော့သဖြင့် ထိုခြိမ်းခြောက်မှုကြီးကို ရုတ်ချည်း ပြုလုပ်လိုက်သည်။ မထင်မှတ်ထားနိုင်လောက်အောင်ပင် ထိုခြိမ်းခြောက်မှုမှာ အလုပ်ဖြစ်သွားသဖြင့် သူ၏နှလုံးသားထဲတွင် ကျေနပ်မှုများ ဖုံးလွှမ်းသွားကာ သူ၏မျက်ဝန်းထဲရှိ ကြမ်းကြုတ်မှုများမှာ ပို၍ တောက်ပလာတော့သည်။

” အံမာ.. မင်းက ကြောက်တော့ကြောက်တတ်သားပဲ။ ဒါပေမဲ့ နောက်ကျသွားပြီကွ။ မင်းနောက်ကွယ်မှာ ဘယ်သူရှိရှိ ငါဂရုမစိုက်ဘူး။ သုံးရက်အတွင်းမှာ မင်း ရှင်းကုံကျစ်တာအိုဂိုဏ်းသားအဖြစ်ကနေ ထုတ်ပယ်ခံရပြီး ဒီနေရာကနေ ထွက်သွားရတော့မှာကွ။ ”
လီယွမ်ရှန်က သူ၏လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အဆက်မပြတ်ထွက်ပေါ်နေသည့် စွမ်းအားများကြောင့် သူ၏စကားသံများမှာ ပဲ့တင်ထပ်နေတော့သည်။ သူသည် အလွန်အမင်း အံ့သြဖွယ်ကောင်းကာ အရှိန်အဝါကြီးမားသော လူတစ်ယောက်နှင့်ပင် တူနေတော့သည်။

အသက်ရှူကြိမ်အနည်းငယ်အတွင်း ဤမိုးပြာရောင် နဂါးအဖွဲ့အစည်း၏ဆရာြကီးမှာ အလွန်အမင်း တုန်လှုပ်သွားသည်ကို သူ သတိထားမိလိုက်လေသည်။ ထိုသူသည် အကြီးအကျယ် ဒေါသထွက်လာမည် သို့မဟုတ် ဒေါသမထွက်ပါက မကျေမချမ်းဖြင့် ခေါင်းညိတ်ကာ သဘောတူရတော့မည်ဖြစ်သည်။ လီယွမ်ရှန်မှာ ထိုနှစ်မျိုးထဲမှ မည်သို့ဖြစ်မည်ကို သိချင်နေတော့သည်။

” အဲ့တာ မင်းနဲ့ငါ့ရဲ့ ဂိုဏ်းထဲမှာရှိတဲ့ အဆင့်အတန်းကွာခြားမှုပဲ။ ” သူကတွေးလိုက်လေသည်။
” ဟွန်း… ဒီကောင် အရှုံးပေး၊မပေး ကြည့်ကြသေးတာပေါ့။ ”
လီယွမ်ရှန်၏ မျက်နှာပေါ်တွင် အေးစက်တင်းမာေသာ အပြုံးပန်းတစ်ခု ပွင့်နေချိန် ဘေးနားရှိ သူဌေးသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။ ဤသို့ အခြေအနေပြောင်းလဲမှုမှာ လျင်မြန်လွန်းလှသဖြင့် စောစောက အလွန်ရက်စက်ကြမ်းကြုတ်စွာပြုမူနေသော လူတစ်ယောက်မှာ ယခုတွင် အလွန်တရာတုန်လှုပ်နေသည်မှာ အမှန်တကယ်ဟုတ်၊မဟုတ်ပင် ဝေခွဲ၍ မရတော့ချေ။

ထို့နောက် ဆက်ဖြစ်သွားသည့် အဖြစ်အပျက်ကိုမူ လီယွမ်ရှန်သာမက အခြားရှိသမျှလူများပင် မမျှော်မှန်းထားမိပေ။ ပိုင်ရှောင်ချန်းက လီယွမ်ရှန်၏ စကားများကို ကြားလိုက်ရသော အခါတွင် သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ဖုံးလွှမ်းသွားပြီး ပျော်ရွှင်မှုအရိပ်အယောင်များပင် ပေါ်လာတော့သည်။

” မင်း တကယ်ပြောတာလား။ ဟားဟားဟား။ ကောင်းကွာ။ သိပ်ကောင်းတယ်။ အစ်ကိုနာ့မည်က အစ်ကိုလီနော် ဟုတ်လား။ ဝိုး။ အစ်ကို့ကို စောစောတုံးက မထီမဲ့မြင်ပြုမိတာ ကျွန်တော် မယုံနိုင်လောက်အောင်ပဲဗျာ။ တမင်လုပ်တာတော့မဟုတ်ပါဘူးဗျ။ ရှင်းကုံကျစ်တာအိုဂိုဏ်းထဲကနေ သုံးရက်အတွင်းထုတ်ပေးမယ်လို့ ဘာလို့များ စောစောစီးစီး မပြောတာတုံး။ အစထဲက အဲ့လိုပြောလို့ကတော့ အစ်ကိုနဲ့ အစ်ကို့မိတ်ဆွေတွေကို ကျွန်တော် ထိတောင်ထိမှာမဟုတ်ဘူးဗျ။ ” ဤအချိန်ထိအောင် သူသည် ထိုအချင်းအရာကို မယုံမရဲဖြစ်နေသေးသည်။ ထို့ကြောင့် သူက ချီတုံချတုံဖြင့် ဆက်ပြောလိုက်သည်။
” အစ်ကိုလီရေ။ အစ်ကိုလီပြောတဲ့စကား ကျွန်တော် နားကြားများမှားမလားလို့ သေချာပြန်မေးမယ်နော်။ ရှင်းရှင်းလင်းလင်း သိမှရမှာ။ အစ်ကိုပြောတာ ကျွန်တော့်ကို သုံးရက်အတွင်း ဂိုဏ်းထဲကနေ ထုတ်ပေးမယ်လို့ ပြောတာမလား။ ”

ထိုနေရာရှိ သူဌေးသားများအားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်နေကြတော့သည်။ လီယွမ်ရှန်မှာလည်း အခြေအနေကို နားမလည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။ လူအုပ်ကြီးမှာလည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြောင်တောင်တောင် ကြည့်နေကြပြီး ဖြစ်ပျက်နေသည်များကို သေချာမသိတော့ချေ။ ပိုင်ရှောင်ချန်း စိတ်လှုပ်ရှားနေရသည့် အကြောင်းအရင်းကိုလည်း နားမလည်နိုင်ကြတော့ချေ။

” မင်း…. ”
လီယွမ်ရှန်မှာ ရုတ်တရက် လမ်းပျောက်သွားသလို ခံစားလိုက်ရပြီး သူနှင့် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ဆရာကြီးတို့မှာ အကြောင်းတစ်ခုထဲကို ပြောနေခြင်းဟုတ်၊မဟုတ် ပြန်၍ ဆန်းစစ်နေရတော့သည်။ အဆုံးတွင် သူက မနေနိုင်တော့သဖြင့် မေးလိုက်တော့သည်။
” မင်းငါပြောတာရော သေချာကြားလား။ ငါပြောတာက မင်းကို သုံးရက်အတွင်း ဒီဂိုဏ်းထဲကနေ ကန်ထုတ်မယ်လို့ ပြောနေတာကွ။ ကန်ထုတ်မှာ၊ နှင်ထုတ်မှာလို့ပြောနေတာ မင်းနားလည်လား။ မင်းက ဒီဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက် မဟုတ်တော့ဘူးလို့ ပြောနေတာ။ နှင်ထုတ်မှာကွာ။ ဂိုဏ်းထဲကနေ မင်းကို ထုတ်မှာလို့ ပြောတာကွ။ ”

ပိုင်ရှောင်ချန်းကမူ စိတ်အားထက်သန်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေပြီး ပို၍ပင် စိတ်အားတက်ကြွလာတော့သည်။
” ဟုတ်တယ်လေ။ အစ်ကိုလီရေ။ အစ်ကိုသာ အဲ့လိုဖြစ်အောင် လုပ်နိုင်တာ သေချာတယ်မလား။ ကောင်းလိုက်တာ… အစ်ကိုကတော့ တကယ့်ကို ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပဲဗျို့။ ”

ထိုသို့ဆိုကာ သူက ရွှီပေါက်ချိုင်နှင့် အခြားတာအို ကျင့်ကြံသူများဘက်သို့ လှည့်ကြည့်လိုက်သည်။

” ရွှီပေါက်ချိုင်ရေ။ ” သူက အော်ခေါ်လိုက်သည်။
” အစ်ကိုအကြီးဆုံးရေ။ ဟွန့်ဆရာရေ။ မြန်မြန်လာ။ အစ်ကိုလီကို ကျေးဇူးတင်ကြောင်း လာပြောကြဦး။ သူက ငါတို့ကို ရှင်းကုံကျစ်တာအိုဂိုဏ်းကနေ ထုတ်ပေးနိုင်တယ်တဲ့။ ဒီမှာ ဓားစာခံတစ်ယောက်အနေနဲ့ ဆက်နေစရာမလိုတော့ဘူးဟေ့။ ငါတို့အကုန် အိမ်ပြန်လို့ရပြီကွ။ ”

နတ်ဆရာ၊ ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးတို့မှာ လီယွမ်ရှန်ကို သနားညှာတာ ကိုယ်ချင်းစာသည့် အကြည့်များဖြင့်သာ မော့ကြည့်လိုက်ကြတော့သည်။

လီယွမ်ရှန်ကမူ ‘ ဓားစာခံ ‘ ဟူသော စကားလုံးကိုကြားလိုက်ရသောအခါ သူ၏မျက်နှာပေါ်ရှိ အသက်မပါသော အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူသည် သူရဲသဘက်တစ်ကောင်ကို မြင်လိုက်ရသည့်အလား မျက်လုံးများပြူးကျယ်သွားတော့သည်။ ပိုင်ရှောင်ချန်းကို တုန်တုန်ရီရီဖြင့်လက်ညှိုးထိုးရင်း မေးလိုက်တော့သည်။
” မင်း….မင်းက ဓားစာခံတစ်ယောက်… ဟုတ်လား။ ”

” ဟုတ်တာပေါ့ဗျာ။ ”
ပိုင်ရှောင်ချန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် အင်္ကျီလက်ကို ခါယမ်းကာ ကျယ်လောင်စွာဆိုလိုက်သည်။
” ကျုပ်က သံတမန်ရေးအရ အများကြီးအရေးပါတဲ့ ဓားစာခံတစ်ယောက်ဗျ။ ”

အခြားသော ဓားစာခံအများစုမှာ ထိုသို့သော ဂုဏ်ပုဒ်ကြီးကို လူအများရှေ့တွင်ဖော်ပြရသည်ကို ရှက်ရွံ့ကာ စိတ်များတိုတတ်ကြပြီး သူတို့မှာ ထိုဂုဏ်ပုဒ်ကြောင့် ခွေးတစ်ကောင်အမြီးကုပ်နေသကဲ့သို့ ပြုမူနေထိုင်ကြရသည်။ ပိုင်ရှောင်ချန်းကမူ သူတို့နှင့် လားလားမျှ မသက်ဆိုင်ဘဲ ဓားစာခံတစ်ယောက်ဖြစ်ရခြင်းမှာ အဆိုးကြီးမဟုတ်လှကြောင်း တွေးတော၍ ဂုဏ်ယူနေသည်။

လူအုပ်ကြီးက ပိုင်ရှောင်ချန်း၏စကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။ ကောင်းကင်ဘုံအဖွဲ့အစည်း၏ ဆရာကြီးကမူ မိုးကြိုးများအပစ်ခံလိုက်ရသည့်အလားခံစားနေရပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။

နောက်ဆုံးတွင်မူ သူသည် မိုးပြာရောင်နဂါးအဖွဲ့အစည်းမှဆရာကြီး၏ နောက်ကြောင်း သတင်းအချက်အလက်များအား လုံးဝရှာမတွေ့နိုင်ခဲ့ရသည့် အကြောင်းအရင်းကို သိသွားတော့သည်။

” သောက်ကျိုးနည်း။ သူက ဓားစာခံတစ်ယောက်ဆိုတာ ငါ့ဖြင့် မယုံနိုင်ဘူး။ ပြီးတော့ သူမျက်နှာပြောင်နိုင်တဲ့အရည်အချင်းက တော်တော် အံ့သြဖို့ကောင်းနေသေးတယ်။ ဓားစာခံတွေဆိုတာ ပူဆွေးသောကတွေ၊ ခံပြင်းမှုတွေနဲ့ပဲ ပြည့်နှက်နေတာပါဟ။ သူ့အလှည့်ရောက်မှသာ…. ” ကောင်းကင်ဘုံအဖွဲ့အစည်း၏ ဆရာကြီးထံမှ မျက်ရည်များမှာ ကောင်းကင်တံတားမြစ်အသစ် တစ်စင်းကိုပင်ထပ်၍ ဖန်တီးနေနိုင်တော့သည်။

” မင်း….မင်း….”
လီယွမ်ရှန်မှာ ဂယောင်ခြောက်ခြားဖြစ်နေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့။ သူသည် မည်သည့် သာမန်ကျင့်ကြံသူကိုမဆို သူတို့၏ နောက်ခံအင်အားမည်မျှပင် တောင့်တင်းစေကာမူ နှင်ထုတ်နိုင်စွမ်းရှိသည်။ သို့သော်လည်း သူသည် ယခုထက်ပို၍ အာဏာရှိလျှင်ပင် ဂိုဏ်းနှစ်ဂိုဏ်းအကြားရှိ အရေးပါသောလူတစ်ယောက်ဖြစ်သည့် ဓားစာခံတစ်ယောက်ကိုမူ သူဘာမှလုပ်နိုင်မည်မဟုတ်ပေ။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင် လက်မှိုင်ချရမည်ဖြစ်သည်။ နတ်အဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် ဓားစာခံတစ်ယောက်နှင့် ပတ်သတ်၍ လုပ်ဆောင်ရမည်ကို အကြံပေးနိုင်သည့် အာဏာမျိုးရှိသည်ဖြစ်ပြီး သူတို့မျိုးနွယ်စု၏ နတ်အဆင့်ကျင့်ကြံသူမှာ ဤသို့သောကိစ္စမျိုးလေးကြောင့် ဝင်ပါမည်မဟုတ်ပေ။

မကြာသေးမီက သူလုပ်ခဲ့သည့် ခြိမ်းခြောက်မှုများမှာ မိုက်ကန်းသော အပြုအမူများဖြစ်ပြီး ယခုအခါ သူသည် ပြန်ခြိမ်းခြောက်ခံလိုက်သည့်အလား ဖြစ်သွားရာ ပါးရိုက်ခံလိုက်ရသည့်အလားပင် ခံစားလိုက်ရတော့သည်။ သူ၏စိတ်နှလုံးထဲတွင် ဒေါသများထွက်လာရုံသာမက သူ၏ မျက်နှာကြီးမှာလည်း နီရဲလာပြီးနောက် သွေးတစ်ပွက် အန်လိုက်ရတော့သည်။ ဒေါသများ တထောင်းထောင်းထကာ သူသည် နောက်လှည့်ကာ တစ်ခဏလေးမျှပင် မရပ်ပဲ သက်တံ့ဒေသဆီသို့ ပျံသန်းသွားတော့သည်။

ပိုင်ရှောင်ချန်းကမူ သူ၏ လက်ကိုဝှေ့ယမ်းရင်း အော်ပြောလိုက်သည်။
” အဲ… ဘာလို့ ထွက်သွားရတာတုံးဗျ။ ဟေးးးး အစ်ကိုလီရေ။ မသွားနဲ့လေဗျာ။ အစ်ကိုပဲ ကျွန်တော့်ကို သုံးရက်အတွင်း ဂိုဏ်းထဲကထုတ်ပေးဖို့ ကတိပေးခဲ့ပြီးတော့ဗျာ…. ”

သူ၏ စကားသံများကို လီယွမ်ရှန် ကြားလိုက်ရသောအခါ လီယွမ်ရှန်မှာ နောက်ထပ်သွေးတစ်ပွက် ထပ်၍ အန်လိုက်ရတော့သည်။ ထို့နောက် သူက မကျေမချမ်းဖြင့် အော်ပြောလိုက်တော့သည်။
” တော်တော် အနိုင်ကျင့်တဲ့ကောင်ကွာ…. ”

တချိန်ထဲမှာပင် သူသည် အရှိန်တင်ကာ ရှေ့သို့ ပျံသန်းသွားတော့သည်။

သူတစ်ယောက်သာ မဟုတ်ပေ။ ထိုနေရာတွင် ကျန်ရှိနေသည့် အခြားသူဌေးသားများမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် ပြတ်သားသည့် နည်းလမ်းများကို သုံးနေသော ပိုင်ရှောင်ချန်းကို ထိတ်ထိတ်လန့်လန့်အကြည့်များနှင့် ကြည့်နေကြတော့သည်။ သူတို့၏ ဦးခေါင်းများကိုငုံ့ကာ ဒဏ်ရာမပြင်းထန်သောသူများက ဒဏ်ရာပြင်းသောလူများကို ပခုံးများပေါ်တွင်ထမ်းကာ အလျင်အမြန် ထွက်ပြေးသွားတော့သည်။

သူတို့ထွက်ပြေးသွားသည်ကိုကြည့်ကာ ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်လိုက်သည်။ ထို့နောက် စိတ်ပျက်သွားသည့် အမူအရာဖြင့် သူ၏အင်္ကျီလက်ကို ဝင့်ကြွားစွာ ခါယမ်းလိုက်တော့သည်။

” လူတွေ လူတွေ… သူတို့ကိုယ်သူတို့ တော်လှပါချည်ရဲ့၊တတ်လှပါချည်ရဲ့၊ စွမ်းလှပါချည်ရဲ့ဆိုပြီး ဟန်ဆောင်ပြီး အတုအယောင်တွေဖြစ်နေရင် ငါအရမ်းမုန်းတာ။ ဂိုဏ်းထဲကနေ ငါ့ကိုမထုတ်နိုင်ဘူးဆိုလည်း ဟန်ဆောင်မနေပါနဲ့လား။ လူတစ်ယောက်ကို စနောက်ပြီး ဟာသလုပ်တာ ဘာရယ်စရာကောင်းလို့တုံး ”
သူက သက်ပြင်းချက စားသောက်ဆိုင်နှင့် ရယ်ရမလို ငိုရမလိုဖြစ်နေသည့် သူ၏တာအိုစောင့်ရှောက်သူများကို ငုံ့ကြည့်လိုက်တော့သည်။ အဆုံးတွင်သူသည် သူ၏အခန်းသို့ပြန်သွားကာ ကျင့်ကြံခြင်းကို ဆက်၍လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ခဏအတွင်း ပိုင်ရှောင်ချန်းသည် ဓားစာခံတစ်ယောက်ဖြစ်သည်ဆိုသော သတင်းများမှာ ကုံမြို့တော်တစ်ခွင် ပျံ့နှံ့သွားတော့သည်။ ထိုအဖြစ်အပျက်ကြီးမှာ မြန်ဆန်လွန်းလှပြီး လူအများ၏ မသင်္ကာမှုပေါင်းများစွာတို့မှာ ရှင်းလင်းပျောက်ကွယ်သွားကြတော့သည်။ မကြာမီ ဂိုဏ်းထဲရှိ အခြားသုံးမြို့ဆီသို့ပါ သတင်းများပျံ့သွားသဖြင့် ထိုမြို့များရှိ လူအားလုံးမှာ အံ့အားသင့်ကုန်ကြတော့သည်။

ရှင်းမြစ်ဂိုဏ်းခွဲ၊ ကျစ်မြစ်ဂိုဏ်းခွဲနှင့် တာအိုမြစ်ဂိုဏ်းခွဲမှ ဓားစာခံများမှာ ပို၍ပင် အံ့သြနေကြပြီး သူတို့အားလုံးမှာ ကြက်သေသေနေကြတော့သည်။

” ဓားစာခံတစ်ယောက်က ဒီလောက်လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာ ငါတစ်ခါမှ မတွေးမိဖူးပါလား.. ”

” ဒီ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်ဆီကို ငါသေချာပေါက် သွားလည်မှရမယ်။ ”

သူတို့အားလုံးနီးပါးမှာ ပိုင်ရှောင်ချန်းဆီသို့သွားလည်ပတ်ကာ ဓားစာခံတစ်ယောက်၏ အတွေ့အကြုံများအကြောင်းကို စကားစမြည်ပြောရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့အပြင် ဤဂိုဏ်းထဲတွင် သူတို့၏ အဆင့်အတန်းများတိုးတက်လာရေးအတွက် အကြံဥာဏ်များတောင်းရန်လည်း ဆုံးဖြတ်လိုက်ကြတော့သည်။

ကောင်းကင်ဘုံအဖွဲ့အစည်းမှာမူ ဆက်တိုက် ရှုံးနိမ့်မှုများကြောင့် အဆုံးတွင် ဦးညွှတ်လိုက်ရတော့သည်။ ပိုင်ရှောင်ချန်းကို မည်သည့်နည်းနှင့်မျှ တိုက်ရိုက်တိုက်ခိုက်၍မရနိုင်ကြောင်း သူတို့က သိသွားတော့သည်။ ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက် ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲက အဆုံးတွင် အံကြိတ်ကာ ဆိုလိုက်တော့သည်။

” ဒီကောင့်ကို ရန်စလို့မရမှတော့ ကုံမြို့အပြင်ရောက်အောင်သာ ပို့ကြတာပေါ့ကွာ။ “

Comment

Leave a Reply

Options

not work with dark mode
Reset