အခန်း ( ၄၀၃ )

မင်းတို့ကောင်တွေ ငါ့ကို နာအောင် လုပ်ကြည့်စမ်း

ထိုအမြုတေအဆင့် ကျင့်ကြံသူတစ်ဒါဇင်လောက်သာ ထိုသို့ တအံ့တသြ ရေရွတ်နေကြခြင်းမဟုတ်ပေ။ ထိုနေရာတစ်ဝိုက်ရှိ အခြား ကျင့်ကြံသူများမှာလည်း မယုံမကြည်နိုင်သည့် အမူအရာများဖြင့် ကြည့်နေကြသည်။

” အဲ့တာ အသေးစား တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ”

” အမြုတေအဆင့် ကျင့်ကြံသူတွေက တည်နေရာရွှေ့ပြောင်းလို့မှ မရတာကို။ ”

” သူ့ဆီမှာ အဖိုးတန် မှော်ရတနာတစ်ခုခု ရှိကိုရှိရမယ်။ အဲ့လိုမှမဟုတ်ရင် သူ ထူးဆန်းတဲ့ သိုင်းကွက်တစ်ခုခုကို တတ်မြောက်ထားတာပဲနေမှာ။ ”

ထိုသို့ အုပ်သော်သောင်းနင်းဖြစ်နေကြသည်မှာလည်း အံ့သြစရာမရှိပေ။ ယင်ယန်ဝိညာဥ်အဆင့် တာအိုသခင်များသာလျှင် အသေးစား တည်နေရာရွှေ့ပြောင်းခြင်းများကို ပြုလုပ်နိုင်သည် မဟုတ်ပါလော။ ထိုသို့ရွှေ့ပြောင်းခြင်းမှာ မိမိ၏ အသိစိတ်များက ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ဖြင့် ပေါင်းစည်းသွားသည့်အခါ ထွက်ပေါ်လာသည့် နတ်ဘုရားစွမ်းရည် တစ်မျိုးဖြစ်သည်။

ယင်ယန်ဝိညာဥ်အဆင့် အောက်ရှိကျင့်ကြံသူများမှာ ပုံမှန်မဟုတ်သည့် နည်းလမ်းတစ်ခုသာ မရှိပါက ထိုသို့ မလုပ်နိုင်ကြပေ။ သို့သော် ထိုသို့ပုံမှန်မဟုတ်သည့်နည်းလမ်းတစ်ခုကို တတ်မြောက်ထားသူမှာလည်း သွား၍အန္တရာယ်မပြုနိုင်သည့် လူမျိုးသာဖြစ်သည်။

တည်နေရာရွှေ့ပြောင်းနိုင်သော လူကို ဝန်းရံတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သဖြင့် ထိုလူက အမြဲတမ်း အသာစီးရနေမည်သာ ဖြစ်သည်။ သူတို့သည် ဆန္ဒရှိသည့်အတိုင်း တိုက်ခိုက်နိုင်ကြပြီး လိုအပ်လျှင် နောက်ဆုတ်နိုင်ကြသည်။

လီယွမ်ရှန်နှင့် သူ့မိတ်ဆွေများ၏ မျက်လုံးအိမ်များမှာ ကျဥ်းမြောင်းသွားကြပြီး နှလုံးခုန်သံများ မြန်လာတော့သည်။

အမြုတေအဆင့် ကျင့်ကြံသူ တစ်ဒါဇင်၏ ပူးပေါင်းတိုက်ကွက်ကို ပိုင်ရှောင်ချန်းက ရှောင်တိမ်းလိုက်ပြီးနောက် စားသောက်ဆိုင်၏ အပေါ်ယံကို ဖုံးအုပ်ထားသည့် ရေခဲလွှာများ ကွယ်ပျောက်သွားသောအခါ စားသောက်ဆိုင်မှာ ထိခိုက်မှုအနည်းငယ်မျှပင် မရှိကြောင်းကို တွေ့လိုက်ရသည်။

မီတာသုံးထောင် အကျယ်ရှိသောဒေသတစ်ခုကို အေးခဲစေကာ ထိုအေးခဲမှုကို အလွယ်တကူ ပြန်လည်ဖျောက်ဖျက်နိုင်သည့် နတ်ဘုရားစွမ်းရည်မျိုး ပိုင်ရှောင်ချန်းက သုံးလိုက်သည်ကို မြင်လိုက်ရသောအခါ မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ လွန်စွာမှ စိတ်လှုပ်ရှားသွားကြတော့သည်။ ဘေးနားက ဝိုင်းကြည့်နေသည့် လူအုပ်ကြီးကမူ မှင်မတက်ပဲ မနေနိုင်တော့ချေ။

လီယွမ်ရှန်နှင့် သူ့မိတ်ဆွေများမှာ တုန်လှုပ်နေကြပြီးနောက် ပြန်လည်တည်ကြည်သွားသည်။ သူတို့သည် ရွှေဇွန်း၊ ငွေဇွန်းများကိုက်ကာ မွေးဖွားလာကြသူများဖြစ်ကြပါသော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အတွေ့အကြုံရင့်သန်ကာ ဗဟုသုတ ကြွယ်ဝသော ဂိုဏ်းသားများ ဖြစ်ကြသည်။ သူတို့သည် ယခင်က ပိုင်ရှောင်ချန်းကို အထင်မကြီးခဲ့သော်လည်း ယခုတွင် အနည်းငယ် ယှဥ်ပြိုင်လိုက်ရသည့်အခါ သူ့အပေါ်ထားသည့် သူတို့၏ အမြင်များမှာ လုံးဝ ပြောင်းလဲသွားတော့သည်။

ထို့အပြင် သူ့ကိုဝန်းရံနေသည့် ဆန်းကြယ်သော အငွေ့အသက်ကြီးကြောင့် သာမန် ကျင့်ကြံသူတစ်ယောက်မဖြစ်နိုင်ကြောင်း သူတို့ သိလိုက်သည်။ သူသည် တိုက်ပွဲအတွေ့အကြုံများစွာရှိပြီး ဂိုဏ်းအပြင်သို့ထွက်ကာ တာဝန်ထမ်းဆောင်သူများထက်ပင် သူ၏အတွေ့အကြုံက ပို၍ပင် များနေသည်။

လီယွမ်ရှန်၏ နှလုံးသားကို ဒေါသစိတ်များက ဖုံးလွှမ်းသွားပြီး ကောင်းကင်ဘုံ အဖွဲ့အစည်း၏အကြီးအကဲကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။ ဤအချိန်တွင် သူသည် သက်တံ့ဒေသဆီမှ ထွက်ခွာခဲ့သည်ကို နောင်တရနေပြီး သူ၏မိတ်ဆွေများကိုပါ သူနှင့်အတူ ခေါ်ခဲ့မိသည်ကို ပို၍ နောင်တရနေတော့သည်။ သူနှင့် သူ၏မိတ်ဆွေများသည် တစ်ယောက်ထဲရှိသော ပြိုင်ဘက်ကိုသာ အနိုင်မယူနိုင်ပါက မကြာမီ ဂိုဏ်း၏ ဟားစရာကြီးများ ဖြစ်ကုန်ကြလိမ့်မည်။

ကောင်းကင်ဘုံ အဖွဲ့အစည်း၏ အကြီးအကဲမှာ အသားများ တဆတ်ဆတ် တုန်နေတော့သည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဆရာကြီးက အမြုတေအဆင့်တွင်ရှိကြောင်း သူ သိသော်လည်း ပုံမှန်ကျင့်ကြံသူများထက် များစွာသာလွန်နေမည်ဟု သူ လုံးဝ မတွေးထားမိပေ။ သူနှင့် ကျင့်ကြံခြင်းအခြေခံအဆင့်တူသည့် ကျင့်ကြံသူတစ်ဒါဇင်ကို သူက ယှဥ်ချနိုင်ရုံသာမက အသာစီးပါရနေသည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်း မှော်သိုင်းတစ်မျိုးကို ပိုင်ဆိုင်ထားသည့် အံ့သြဖွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။

” အာ….. ”
ကောင်းကင်ဘုံ အဖွဲ့အစည်း၏ အကြီးအကဲမှာ ကြောက်ကြောက်လန့်လန့်ဖြင့် အသက်ရှူသံများ မြန်လာပြီး လီယွမ်ရှန်၏ မျက်ဝန်းများမှာ ရေခဲတမျှအေးစက်လာကာ လှစ်ခနဲ လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ဧရာမမီးလုံးကြီးတစ်လုံးအသွင်ပြောင်းလဲကာ ပိုင်ရှောင်ချန်းဆီသို့ ပျံဝဲသွားတော့သည်။ တချိန်ထဲမှာပင် သူ၏မိတ်ဆွေများအားလုံးကလည်း များစွာသော နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြသည်။ အမြုတေအဆင့် ရှိသော ကျင့်ကြံသူတစ်ဒါဇင်က နောက်ထပ်တစ်ခေါက် ပူးပေါင်းကာ ပိုင်ရှောင်ချန်းကို တိုက်ခိုက်လိုက်ကြသဖြင့် ကောင်းကင်ကြီးတွင် အလင်းရောင်များ တလက်လက် တောက်ပနေတော့သည်။

” မင်းတို့ကောင်တွေ တော်တော်ကို တရားလွန်နေပြီ ”
ပိုင်ရှောင်ချန်းက ဒေါသတကြီး လှမ်းအော်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ကာ အေးစိမ့်ချီများကို အရပ်မျက်နှာအားလုံးသို့ ထုတ်လွှတ်လိုက်သည်။ သူသည် ပတ်ချာလှည့်နေသော လေမုန်တိုင်းကြီး၏ အလယ်ဗဟိုသို့ရောက်ရှိသွားပြီး ထိုမုန်တိုင်းကြီးမှာ သူ့ကိုတိုက်ခိုက်နေသူများအား ချက်ချင်းပင် ဝင်တိုက်လုနီးပါးပင် ဖြစ်ကုန်တော့သည်။

ပိုင်ရှောင်ချန်းမှာ နောက်ထပ်တစ်ခေါက် ထပ်မံ ပျောက်ကွယ်သွားပြီး ထစ်ချုန်းသံများနှင့်အတူ သူ့ပြိုင်ဘက်တစ်ယောက်၏ နောက်တွင် ပြန်လည်ပေါ်ပေါက်လာသည်။ ထိုသူ၏ မျက်နှာပျက်သွားချိန်တွင် ပိုင်ရှောင်ချန်းက သူ၏ညာလက်ကို လက်သီးဆုပ်ကာ ရက်စက်ကြမ်းကြုတ်စွာ ထိုးလိုက်လေသည်။

ထိုလူ၏ အဝတ်အစားများက လေထဲတွင် ဝဲပျံကာ လက်သီးချက်ကို ကာကွယ်နိုင်ရန် ပြင်လိုက်သောအခါ တဂျုန်းဂျုန်းမြည်သံများ ပို၍ထွက်လာတော့သည်။ ထိုလူမှာ တုန်တုန်ရီရီနှင့် နောက်ဖက်သို့ လိမ့်သွားပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ အေးစိမ့်ချီများ စီးဝင်သွားသဖြင့် သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာတော့သည်။ ချက်ချက်းပင် သူ၏ပါးစပ်မှ ထွက်နေသည့် သွေးများမှာ အေးခဲသွားတော့သည်။

” သြော်…. သူ့ရဲ့ အဝတ်အစားတွေက အားပြင်းတဲ့ တိုက်ကွက်တစ်ခုကိုတောင် ကာကွယ်နိုင်တာပဲ။ ”
ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။

ထိုစဥ် ဒဏ်ရာရရှိသွားသည့် အမြုတေအဆင့် ကျင့်ကြံသူမှာ သူ၏မိတ်ဆွေများကို သတိပေးရန် ထိတ်ထိတ်ပျာပျာ အော်ပြောလိုက်သည်။ ” သူ့ဆီမှာ အံ့မခန်း အပြင်အားတွေ ရှိ…… ”

သို့သော်လည်း သူကထိုသို့အော်ဟစ်နေစဥ် ပိုင်ရှောင်ချန်း၏နောက်ကျောဘက်တွင် အတောင်ပံများပေါက်လာပြီး ထိုတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်သောအခါ သူသည် မျက်လုံးနှင့်ပင် မမြင်နိုင်သည့် အမြန်နှုန်းဖြင့် ထိုလူ၏ရှေ့တွင် ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ဤအချိန်တွင်မူ သူသည် လျှပ်စီးကဲ့သို့ လျှင်မြန်မှုမျိုးဖြင့် သူ၏ ပြိုင်ဘက်ကို ဖမ်းဆုပ်လိုက်တော့သည်။

အနည်းငယ်ကြာသောအခါ အုန်းခနဲ မြည်သံကြီးတစ်သံနှင့်အတူ အော်ဟစ်သံတစ်သံပါ ပေါ်ထွက်လာပြီး ထိုကျင့်ကြံသူမှာ မြေကြီးထဲသို့ နစ်ဝင်သွားတော့သည်။ သူသည် ကျဥ်းတစ်ကျဥ်းထဲတွင် လဲနေပြီး ကြောက်လန့်မှုများဖုံးလွှမ်းနေသည့် မျက်နှာဖြင့် ပိုင်ရှောင်ချန်းကို မော့ကြည့်နေတော့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများစယမှာ ကျိုးကြေ ကုန်ပြီဖြစ်သည်။

ထို့နောက် ပိုင်ရှောင်ချန်းက တည်နေရာရွှေ့ပြောင်းခြင်းတစ်ခု ထပ်လုပ်လိုက်ပြီး ဒုတိယပြိုင်ဘက်၏ ရှေ့တွင် ပေါ်ပေါက်လာပြန်သည်။ ဤအချိန်တွင် သူသည် လက်သီးမသုံးပဲ ဘယ်ဘက်ခြေထောက်ကို လေပေါ်တွင် လျင်မြန်စွာ ဝှေ့ယမ်းကာ ရက်စက် ကြမ်းကြုတ်စွာ ကန်လိုက်တော့သည်။

အုန်းခနဲအသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး လေထုကြီးမှာ တွန့်လိန်သွားတော့သည်။ တချိန်ထဲမှာပင် သူ၏ဒုတိယပြိုင်ဘက်မှာ မျက်နှာပျက်သွားပြီး ရသမျှ စွမ်းအားများအားလုံးကို စုစည်းကာ ခုခံရန် ပြင်လိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ ဘယ်ဘက်ခြေထောက်တွင် ထာဝရအရွတ်အကြောများ၏ စွမ်းအားများ ပါဝင်နေသည်ဖြစ်ရာ သူ၏ပြိုင်ဘက်မှာ မည်သို့မှ လုပ်ချိန်မရလိုက်ဘဲ သူ၏ခြေထောက်က ထိုလူ၏ ကျောအောက်ပိုင်းပေါ်သို့ ရောက်သွားတော့သည်။

လေဖောင်းစက္ကူအိတ်တစ်အိတ် ပေါက်သွားသည့်အလား ဖောင်းခနဲအသံကြီးတစ်သံ ထွက်လာတော့သည်။ ဒုတိယကျင့်ကြံသူမှာ မျက်လုံးပြူးသွားပြီး စကားပင် မပြောနိုင်လိုက်ပဲ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာပြီး ဘေးဘက်သို့ မီတာရာပေါင်းများစွာ လွင့်ထွက်သွားတော့သည်။ သူ၏ ကျောအောက်ပိုင်းရှိ ကျောရိုးအချို့မှာ ကြောက်မက်ဖွယ်ကောင်းစွာ သူ၏ အရေပြားကို ဖောက်ထွက်နေပြီး သူ့ အဝတ်အစားများ၏ အပြင်သို့ပင် ရောက်နေသည်။ သူ၏ အော်ဟစ်သံများက အဆိုးရွားဆုံးသော နာကျည်းမှုများဖြင့် ဖုံးလွှမ်းနေတော့သည်။

သို့သော်လည်း ထိုမျှနှင့် မပြီးသေးချေ။ ထိုကျင့်ကြံသူ၏ ပတ်လည်တွင် သူ၏ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်လိုက်သည့် အထိန်းအချုပ်မန္တန်တစ်ခုကဲ့သို့သော ရွှေရောင်အမျှင်အတန်းများ ပေါ်ထွက်လာသဖြင့် သူသည် သာမန်လူတစ်ယောက်အလားပင် ဖြစ်သွားရတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ အံ့သြမှင်တက်ကုန်ကြတော့သည်။

” ဒီ မိုးပြာရောင်နဂါးအဖွဲ့အစည်းရဲ့ ဆရာြကီးက တော်တော် ရက်စက်တာပဲ။ ပြီးတော့ သူက ရန်သူတွေကို ချုပ်နှောင်နိုင်စွမ်းရှိတဲ့ သိုင်းကွက်တွေကိုပါ ပိုင်ဆိုင်ထားတာ။ ”

တိုက်ပွဲကမူ မပြီးဆုံးသေးချေ။ ပိုင်ရှောင်ချန်းမှာ စက်ဝိုင်းပုံစံ ချာချာလည်အောင် ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး ထာဝရအသက်ရှည်နည်းသိုင်း၏ အစွမ်းအားလုံးကို ထုတ်ကာ သူ၏နောက်ဘက်ရှိ ကျင့်ကြံသူနှစ်ယောက်သုံးလိုက်သည့် မှော်သိုင်းကိုကာကွယ်လိုက်သည်။ ထို့နောက် သူက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဘက်ခြေထောက်ကို လေထဲတွင် ဝှေ့ယမ်းကာ အားပြင်းစွာ ကန်လိုက်တော့သည်။ သူ၏နောက်ဘက်မှ တိုက်ခိုက်ရန်ကြိုးစားခဲ့သော ကျင့်ကြံသူနှစ်ယောက်မှာ ချက်ချင်းပင် လေပေါ်သို့ မြောက်တက်သွားပြီး ရွှေရောင်အမျှင်အတန်းများ၏ ချုပ်တည်းခြင်းကို ခံလိုက်ရတော့သည်။ သူတို့နှစ်ယောက်စလုံး၏ အရိုးများ ကျိုးကြေနေပြီး တစ်ယောက်၏ဒဏ်ရာမှာ ပြင်းထန်လွန်းလှ၍ ခြေထောက်ထဲမှ သွေးများဒလဟော ထွက်နေတော့သည်။

ထို့နောက် ဧရာမခရမ်းရောင် ဒယ်စောက်အိုးများစွာ ရုပ်လုံးပေါ်လာပြီး ပိုင်ရှောင်ချန်း၏ ပြိုင်ဘက်များကို ဖိနှက်ရန် ပြင်လိုက်တော့သည်။ ထိုဒယ်စောက်အိုးများ ပေါ်ထွက်လာပြီးနောက် သူက အသေးစား တည်နေရာရွှေ့ပြောင်းခြင်းကို တစ်ဖန်ထပ်လုပ်ကာ ပဥ္စမမြောက် ကျင့်ကြံသူဘေးသို့ ရောက်သွားတော့သည်။

သို့သော်လည်း ဤအချိန်တွင် အခြားကျင့်ကြံသူများက ပြင်ဆင်ထားပြီးဖြစ်ရာ ချက်ချင်းပင် ကြောက်မက်ဖွယ်တိုက်ကွက်ကြီးများဖြင့် တိုက်ခိုက်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းကမူ အေးစက်စက် နှာမှုတ်လိုက်ပြီး တောင်ဖြိုသိုင်းကိုသုံးကာ နဂါးတစ်ကောင်၏ အမြန်နှုန်းနှင့်အတူ အနီးရှိ ကျင့်ကြံသူတစ်ယောက်ကို ဝင်တိုက်လိုက်သည်။ ထိုကျင့်ကြံသူမှာ ချက်ချင်းပင် သွေးများအန်ထွက်လာပြီး နောက်သို့ ဒယီးဒယိုင် လိမ့်သွားတော့သည်။ သူ၏ရင်ဘတ်ကြီးမှာမူ ချိုင့်ဝင်သွားပြီဖြစ်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက နောက်ဘက်သို့လှည့်ကာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ပြီး သူ့ဆီသို့ပြေးလာနေသည့် ကျင့်ကြံသူသုံးယောက်ကို ဝှေ့ယမ်းလိုက်တော့သည်။

” အေးစိမ့်။ ”
သူက စိတ်ထဲတွင် ရွတ်ဆိုလိုက်သည်။ ချက်ချင်းဆိုသလိုပင် အေးစိမ့်ချီများက ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ လေထုကြီးမှာ အေးခဲသွားသဖြင့် အက်ကွဲသံများ ပေါ်ထွက်လာသည်။ တချိန်ထဲမှာပင် သူ့ဆီသို့ ပြေးလာနေသည့် ကျင့်ကြံသူသုံးယောက်မှာ ရုတ်တရက် ရောက်နေသည့်နေရာတွင် ရပ်သွားတော့သည်။

သူတို့၏ တုံ့ဆိုင်းသွားမှုကို အသုံးချကာ ပိုင်ရှောင်ချန်းက ရှေ့သို့ပြေးသွားပြီး ဘယ်ခြေထောက်ဖြင့်ထပ်၍ ကန်လိုက်လေသည်။

အုန်း….အုန်း….. အုန်း…..

ထိုသုံးယောက်လုံးမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်ကာ လွင့်စင်သွားကြတော့သည်။

ဤဖြစ်ရပ်များမှာ ဖော်ပြရသည်သာ ကြာသော်လည်း ပိုင်ရှောင်ချန်း၏ ပထမတိုက်ကွက်မှ ယခုအထိဆိုလျှင် အသက်ရှူကြိမ်အနည်းငယ်သာ ကြာသေးသည်။ ထိုသူဌေးသားများမှာ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားကြပြီး အဆုံးတွင် လီယွမ်ရှန်နှင့် အခြားသုံးယောက်သာ ကျန်တော့သည်။

ထိုသုံးယောက်မှာ တုန်လှုပ်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်ရီနေကြတော့သည်။ ရှုံးနိမ့်သွားသော သူတို့၏ ရဲဘော်များကိုကြည့်ရင်း လီယွမ်ရှန်၏ ကိစ္စများတွင် ဆက်၍ ဝင်မပါတော့ရန် ဆုံးဖြတ်ကာ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။ သူတို့ မိတ်ဆွေများ၏ သနားစဖွယ်အခြေအနေများမှာ သူတို့အတွက် အထိရောက်ဆုံး သင်ခန်းစာများကဲ့သို့ ဖြစ်နေတော့သည်။

တချိန်ထဲမှာပင် ဘေးနားရှိ ပရိတ်သတ်များ၏ မြန်ဆန်နေကြသော အသက်ရှူသံများမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။ သူတို့မှာ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် ကြက်သေသေနေကြပြီး အသံတစ်သံမျှပင် မထွက်နိုင်တော့ချေ။

လီယွမ်ရှန်မှာလည်း သိသိသာသာ တုန်ရီနေတော့သည်။ သတိမေ့မျောနေသူများနှင့် ထွက်ပြေးနေကြသော သူ၏မိတ်ဆွေများကို အသက်ရှူကြိမ်အနည်းငယ်ခန့် သူက လှည့်ပတ်ကြည့်လိုက်တော့သည်။ အချိန်အနည်းငယ်ကြာသော် သူတစ်ယောက်သာလျှင် လေပေါ်တွင် ပျံဝဲရင်းကျန်နေသည်။ ပိုင်ရှောင်ချန်း၏ တည်နေရာရွှေ့ပြောင်းနိုင်စွမ်းနှင့် သူ၏ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်များကြောင့် သူနှင့် ကျင့်ကြံခြင်းအခြေခံအဆင့် တူသည့်လူများထဲတွင် သူသည် ယှဥ်၍တိုက်ခိုက်ရန် မဖြစ်နိုင်သော မိစ္ဆာတစ်ကောင်အလားဖြစ်နေသည်။

လီယွမ်ရှန်သည် နီမြန်းနေသောမျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ငုံ့ကြည့်ကာ နဖူးတွင် ချွေးသီးများထွက်လာတော့သည်။ လီယွမ်ရှန်က သူ၏ဝမ်းဗိုက်ထဲမှ အေးစက်သော ခံစားချက်ကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် နောက်သို့ဆုတ်သွားတော့သည်။

” မင်းရော အဲဒီပေါ်ကနေဆင်းခဲ့လေကွာ။ ” ပိုင်ရှောင်ချန်းက အေးစက်စွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်သည်။

ထိုနေရာရှိ အေးစိမ့်အရိပ်များနှင့် သူ၏ အံ့ဖွယ်အမြန်နှုန်းကြောင့် သူသည် တည်နေရာရွှေ့ပြောင်းလိုက်သည့်အလား ထွက်ပြေးရန်ပြင်နေသည့် လီယွမ်ရှန်၏ ရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ ထို့နောက် သူက ထာဝရကောင်းကင်ဘုရင်ခန္ဓာကိုယ်၏ အစွမ်းကိုသုံး၍ ညာလက်ကို ဆန့်ထုတ်ကာ လီယွမ်ရှန်ကို ဖမ်းဆုပ်လိုက်သည်။

ဆွဲငင်အားကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုနေရာရှိ အေးစိမ့်ချီများမှာ မရေမတွက်နိုင်သော ရေခဲအပ်များအသွင်ပြောင်းကာ လီယွမ်ရှန် ဘက်သို့လှည့်သွားကာ ပျံဝဲသွားကြတော့သည်။ လီယွမ်ရှန်မှာ မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်လေသည်။
” မင်းငါ့ကို ထိရဲထိကြည့်စမ်း။ ငါက နတ်အဆင့်မျိုးနွယ်စုကလာတဲ့ လီယွမ်ရှန်ကွ။ မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူရှိရှိ ငါဂရုမစိုက်ဘူး။ မင်းကို ရှင်းကုံကျစ်တာအိုဂိုဏ်းကနေ သုံးရက်အတွင်း ထုတ်ပြမယ်။ “


Comment

Leave a Reply

Options

not work with dark mode
Reset