Switch Mode

အခန်း ( ၄၀၂ )

အိမ်ထိလာအနိုင်ကျင့်ကြခြင်း

ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲမှာ ဝမ်းသာသွားပြီး ချက်ချင်းပင် လမ်းပြတော့သည်။ လီယွမ်ရှန်နှင့်အတူ ပါလာသောအခြားကျင့်ကြံသူတို့မှာ သက်တန့်ဒေသရှိ အမျိုးမျိုးသော မျိုးနွယ်စုများမှ ရွှေဇွန်းကိုက်ကာ မွေးလာကြသောသူဌေးသားများဖြစ်ကြသည်။ သူတို့၏မျိုးနွယ်စုများက ကျင့်ကြံခြင်းအရင်းအမြစ်များစွာကို စုပုံပေးခြင်းကြောင့် သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေအဆင့်တွင်ဖြစ်နေကြသော်လည်း အလွန်အမင်း အဆင့်မြင့်နေလေသည်။

ယေဘုယျအားဖြင့်ပြောရလျှင် သူတို့က အချိန်အနည်းငယ်ရလေရာ စိတ်ဝင်စားဖွယ်ကောင်းသည့်တစ်စုံတစ်ခုကို မြင်ရတော့မည်ဆိုသောကြောင့် တချိန်လုံး ရယ်မောကာ စကားပြောလျက် လီယွမ်ရှန်နှင့်အတူ လိုက်ပါလာကြတော့သည်။ တစ်ဦးပြီးတစ်ဦး တည်နေရာရွှေ့ပြောင်းဝင်ပေါက် ထဲသို့ ဝင်ကာ ကုံမြို့ဆီသို့ ဆင်းသက်လိုက်ကြသည်။

ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲမှာ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ သို့သော် ထိုကဲ့သို့ ရွှေဇွန်းကိုက်သူဌေးသားတို့မှာ ကိစ္စတစ်ရပ်ကို လျင်မြန်စွာ စိတ်ဝင်စားတတ်သော်လည်း ချက်ချင်းပင် စိတ်ဝင်စားမှုနည်းလာတတ်ကြောင်းလည်း သူ သိထားသည်။ သို့ဖြစ်ရာ သူက အချိန်မဖြုန်းတော့ဘဲ အနောက်ပိုင်းဒေသသို့ ဦးတည်သွားေလသည်။

” မိုးပြာရောင်နဂါးအဖွဲ့အစည်းရဲ့ ဆရာကြီးက လုံးဝကို လူဆိုးတစ်ယောက်ပဲ…” သူကဆိုသည်။
” တာအိုရောင်းရင်းတွေကိုထိခိုက်သွားစေခဲ့တဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံးကို သူ ဖန်တီးခဲ့တာလေ ”

” ဂိုဏ်းကတောင် ဆိုးဝါးလွန်းလို့ တားမြစ်မိန့်ပေးလိုက်ရတဲ့ အဲဒီ မူးယစ်ဆေးလုံးတွေကိုလဲ သူပဲဖန်တီးခဲ့တာ။ အဲဒီ မသတီစရာလုပ်ရပ်တွေကြောင့် ကုံမြို့မှာ သူ့ကိုမုန်းတဲ့သူဘယ်လောက်တောင်ရှိလဲ မှန်းဆလို့တောင်မရဘူး ”

” သခင်လေးက မျိုးနွယ်စုရဲ့အကျိုးအတွက် လုပ်ဆောင်နေရုံမကဘူး…။ ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့နတ်ဆိုးကိုချေမှုန်းဖို့ လုပ်ဆောင်နေတာပဲ…”

လမ်းတစ်လျှောက်လုံးတွင် ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲက လီယွမ်ရှန်နှင့် အခြားရွှေဇွန်းကိုက်သူဌေးသားတို့အား ဖြစ်ပျက်ပုံများကို ပြောပြနေသည်။ သူတို့မှာ ထိုအကြောင်းအရာများကို မယုံသော်လည်း အလွန်တရာ ရယ်စရာကောင်းကြောင်း တွေ့ရှိလိုက်ရလေသည်။

” ကျုပ်သူ့ကို တိုက်ရိုက် ချေမှုန်းလို့မရဘူး ” လီယွမ်ရှန်က အေးစက်စွာပြောလိုက်သည်။
” သူက တကယ်ပဲ ကိုယ်ပိုင်နယ်မြေရထားခဲ့ရင် အင်အားကြီးမားတဲ့ကျောထောက်နောက်ခံ ရှိလိမ့်မယ်။ ဒါပေမဲ့ သူက နတ်မျိုးနွယ်စုကို အနှောင့်အယှက်ပေးတဲ့အကြောင်းစဥ်းစားကြည့်လိုက်ရင် အဲဒီကျောထောက်နောက်ခံကလည်း သူ့အတွက်အကူအညီဖြစ်မှာမဟုတ်ဘူး ” လီယွမ်ရှန်မှာ ရွှေဇွန်းကိုက်သူဌေးသားတစ်ယောက်ဖြစ်ပြီး နတ်မျိုးနွယ်စု၏ လက်ရွေးစင်တစ်ဦးဖြစ်သည့်အတွက် မာနထောင်လွှားသောသဘောရှိေသာ်လည်း အနည်းငယ်မြှောက်လုံးပင့်လုံးနှင့် မြှောက်ပင့်ဖားယားသော စကားများကြောင့် ခေါင်းအပြတ်ခံမည့်သူမျိုးတော့မဟုတ်ချေ။
” ကောင်းပြီ..ဒီကိစ္စကို ကျုပ်ကိုင်တွယ်ပြီးရင် ဘယ်လိုရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတာ ခင်ဗျားသိပါတယ်နော်… ”

ထိုသို့ဆိုကာ သူက ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲအား အဓိပ္ပါယ်ရှိသောအကြည့်နှင့် ကြည့်လိုက်လေရာ အကြီးအကဲက သူပြောလိုသည့်အရာကိုချက်ချင်းပင် နားလည်သွားလေသည်။ လီယွမ်ရှန်က သူ၏အကူအညီပေးမှုအတွက် စွမ်းဆောင်ရည်ရမှတ်အချို့ကို ပေးလျော်စေလိုသည်။ ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲက အလျင်အမြန်ပင် ခေါင်းညိတ်လျက် သူနားလည်သည့်အကြောင်းပြသလိုက်သည်။

လီယွမ်ရှန်က အနည်းငယ်ပြုံးပြလိုက်သည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းနှင့် တိုက်ခိုက်ဖို့ရွေးချယ်လိုက်သည်က သူစိတ်ပူရလောက်သည်အထိ ကိစ္စရပ်ကြီးမဟုတ်သောကြောင့် အနောက်ပိုင်းဒေသသို့ဦးတည်သွားနေကြစဥ် သူ၏သူငယ်ချင်းများနှင့် ရယ်မောကာ စကားစမြည် ဆက်ပြောနေလိုက်သည်။

လမ်းတစ်လျှောက်တွင် ကုံမြို့ရှိကျင့်ကြံသူအတော်များများက သူတို့အားသတိပြုမိသွားကြပြီး ကျင့်ကြံသူအများစုမှာ အလွန်အံအားသင့်နေကြသည်။ ကောင်းကင်ဘုံအဖွဲ့အစည်း၏အကြီးအကဲမှလွဲ၍ အဖွဲ့ရှိလူတိုင်းမှာ အဝါရောင်ဝတ်ဂိုဏ်းသားများ ဖြစ်ကြသည်။

များပြားလှစွာသော အရောင်စုံလင်သည့် အဝါရောင်ဝတ်ဂိုဏ်းသားများ၏မြင်ကွင်းက လူများစွာ၏ နှလုံးသားများကို အံအားသင့်ခြင်း၊ မနာလိုခြင်းတို့ဖြင့် တုန်ရီသွားစေခဲ့သည်။ ထိုအဖွဲ့က သက်တန့်ဒေသမှ ဆင်းသက်လာခြင်းဖြစ်သည်မှာ ထင်ရှားလှပေသည်။

အဝါရောင်ဝတ်ဂိုဏ်းသားတို့၏ ဦးတည်နေရာသည် အနောက်ပိုင်းဒေသဖြစ်ကြောင်း အချို့လူများက ချက်ချင်း သဘောပေါက်သွားကာ ထင်မြင်ချက်များ ကျယ်ေလာင်စွာ ထွက်ပေါ်လာပြီး သတိထားလျက် လိုက်ပါလာကြတော့သည်။

မကြာမီ ရာနှင့်ချီသောလူအုပ်ကြီးက သူတို့နောက်မှ လိုက်ပါလာတော့သည်။ လီယွမ်ရှန်က ထိုလူအုပ်အား မည်သို့မျှအာရုံမထားပေ။ နတ်မျိုးနွယ်စု၏ လက်ရွေးစင်နှင့် အဝါရောင်ဝတ်ဂိုဏ်းသားအနေဖြင့် သူသွားရောက်သည့် အရှေ့ပိုင်းကျင့်ကြံခြင်းလောကရှိ မည်သည့်နေရာတွင်မဆို ထိုကဲ့သို့သောကြိုဆိုမှုအား သူရရှိသင့်ပေသည်။

လူအုပ်ကြီးမှာ အလောတကြီး ရှေ့ဆက်ခြင်းမရှိပေ။ နောက်ဆုံးတွင် သူတို့ဖျက်ဆီးရတော့မည့် သဲကန္တာရနှင့် ၎င်း၏ဘေးကပ်ရပ်တွင်ရှိသော ကြီးမားသည့်စားသောက်ဆိုင်ကြီး ဆီသို့ရောက်ရှိသွားတော့သည်။

ညနေခင်းအချိန်ဖြစ်နေသော်လည်း သွားလာလှုပ်ရှားနေကြသော ကျင့်ကြံသူအနည်းငယ်လည်းရှိသည်။ သို့သော်လည်း ထိုနေရာရှိကျင့်ကြံသူများက လီယွမ်ရှန်နှင့် အခြားအဝါရောင်ဝတ်ဂိုဏ်းသားတို့အား သတိပြုမိလိုက်သည်နှင့်တပြိုင်နက် သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသောအမူအရာများ ပေါ်လာလေသည်။

” အဝါရောင်ဝတ်ဂိုဏ်းသားတွေပဲကွ…”

” သူတို့ ဘယ်နှစ်ယောက်တောင်များလဲ ကြည့်ကြပါဦး..။ ပြီးတော့ သူတို့နဲ့ပါလာတဲ့သူကိုလဲ ကြည့်ပါဦး…။ အဲ့တာ ကောင်းကင်ဘုံအဖွဲ့အစည်းရဲ့ အကြီးအကဲမလား”

” အံ့သြစရာမရှိပါဘူးကွာ။ ကောင်းကင်ဘုံအဖွဲ့အစည်းကို နတ်မျိုးနွယ်စုကထောက်ပံ့ပေးထားေတာ့ အခု မိုးပြာရောင်နဂါးအဖွဲ့အစည်းနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ရောက်လာကြတာပါပဲ ”

ထိုနေရာရှိလူတိုင်း၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် လီယွမ်ရှန်နှင့် သူ၏သူငယ်ချင်းများက သူတို့၏အမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံတို့ကို အစွမ်းကုန် ထုတ်ဖော်လျက် စားသောက်ဆိုင်ကြီးဆီသို့ ပျံသန်းသွားကြသည်။ ချက်ချင်းပင် ကောင်းကင်နှင့်မြေပြင်တစ်ခွင် တဝုန်းဝုန်းမြည်ဟည်းသံများ ပြည့်နှက်သွားပြီး လေလှိုင်းများ လွင့်လာသည်။ ပြင်းထန်လှသော ဖိအားက ထိုနေရာတစ်ဝိုက် သက်ရောက်လာပြီး ထိုေနရာရှိ ကျင့်ကြံသူအားလုံးမှာ တုန်ရီသွားလေသည်။

ကောင်းကင်ဘုံမှ ဖိအားများ သက်ဆင်းလာသည်နှင့်တူနေပြီး ကျင့်ကြံသူများ၏ ပခုံးထက်သို့ များပြားလှသော တောင်များက ဖိနှိပ်နေသည်နှင့်တူလေသည်။ စားသောက်ဆိုင်ကြီးအတွင်းရှိ မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ကျင့်ကြံသူများမှာ မျက်နှာများ အိုကျသွားပြီး အထိတ်တလန့်အော်ဟစ်ကြလေသည်။

နတ်ဆရာ၏ မျက်လုံးများတွင် ထူးဆန်းသည့်အရောင်များတောက်ပလျက် ဝင်ပေါက်ဆီသို့ အပြေးအလွှားရောက်ချလာလေသည်။ သူ၏များပြားလှသော စွမ်းဆောင်ရည်ရမှတ်ဝင်ငွေကြောင့် မကြာသေးမီကမှ အခြေခိုင်မာခြင်းအဆင့်၏ ကြီးမားသောစက်ဝန်းကို ဖြတ်ကျော်နိုင်ခဲ့ပြီး ယခုတွင် အမြုတေတစ်ပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ဖက်တီးကျန်းကြီးလည်း ထွက်ပေါ်လာသည်။ သူ၏ကျင့်ကြံခြင်းတိုးတက်မှုမှာ တာအိုစောင်ရှောက်သူများအကြားတွင် အမြန်ဆုံးဖြစ်လေသည်။ ၎င်းမှာ သူက ကောင်းကင်တံတားမြစ်၏ အနီးရှိ စိတ်စွမ်းအင်များနှင့် ရင်းနှီးကျွမ်းကျင်မှုကြောင့် ဖြစ်နိုင်လိမ့်မည်။ သို့မဟုတ် သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၌ အလွန်ကျွမ်းကျင်သောကြောင့် ဖြစ်နိုင်သော်လည်း ထိုအရာများနှင့် စွမ်းဆောင်ရည်ရမှတ်အချို့၏အကူအညီကို ပေါင်းစပ်လိုက်သောအခါ အခြေခိုင်မာခြင်းအဆင့်၏ မဟာစက်ဝန်းဆီသို့ အဆင့်တက်နိုင်ခဲ့သည်။

ထိုကဲ့သို့ သူကဖြစ်ပျက်သမျှကို အပြေးအလွှား လာရောက်ကြည့်ရှုခြင်းက သူ့အား အထင်ကြီးသည့်ပုံပေါက်သွားစေသည်။ ရွှီပေါက်ချိုင်နှင့် ချင်းမေ့ယွမ်မှာလည်း မသေချာမရေရာသည့် အမူအယာများဖြင့် ပေါ်လာလေသည်။ သူတို့အားလုံးက အမြုတေအဆင့်ဖိအားများဖြာထွက်နေသည့် လေထုထဲရှိ ဒါဇင်နှင့်ချီအောင်များပြားလှသော အဝါရောင်ဝတ်ဂိုဏ်းသားအုပ်စုကို မြင်လိုက်ရသောအခါ လုံးလုံးလျားလျား စိတ်ပျက်အံ့အားသင့်သွားကြသည်။

ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲက အလွန်အမင်းစိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုလိုက်လေသည်။
” မိုးပြာရောင်နဂါးအဖွဲ့အစည်းရဲ့အကြီးအကဲကို ဒီနေရာကနေ ထွက်သွားဖို့ အခုချက်ချင်း သွားပြောလိုက်ကြစမ်း…”

သူက မိုးပြာရောင်နဂါးအဖွဲ့အစည်းကို ရိုးတွင်းချဥ်ဆီအထိစိမ့်နေအောင် မုန်းတီးနေကြောင်း သိသာထင်ရှားလှပြီး ထိုစကားလုံးများကို ပြောထွက်သွားခြင်းက သူ့အားအလွန်စိတ်ကျေနပ်သွားစေခဲ့သည်။

ပွဲကြည့်ရန်လာကြသော ရာနှင့်ချီသည့် လူအုပ်ကြီးမှာ ဖြစ်ပျက်သမျှကိုသာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေရန်သာ တတ်နိုင်တော့သည်။

” မိုးပြာရောင်နဂါးအဖွဲ့အစည်းတော့ အဆုံးသတ်ပြီ…”

” ကောင်းကင်ဘုံအဖွဲ့အစည်းက အင်မတန် အစွမ်းထက်တာပဲ။ သူတို့ကို နတ်မျိုးနွယ်စုက အထောက်အပံ့ပေးထားတာဆိုေတာ့လဲ…နတ်မျိုးနွယ်စုရဲ့ အမိန့်တစ်ချက်နဲ့ ကျင့်ကြံသူအများကြီးကို စေလွှတ်ထားနိုင်တာပဲ ”

” အဲဒီလူကို ငါအရင်ကမြင်ဖူးတယ်ကွ…။ သူက လီယွမ်ရှန်တဲ့…။ ဘုရားရေ…။ သူက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့် အယောက်ကိုးရာထဲက လက်ရွေးစင်တစ်ယောက်ပဲဟ..”
ထိုသို့အာမေဋိတ်သံများက လူတိုင်းကြားလောက်သည်အထိ ကျယ်လောင်စွာနှင့် ရှင်းလင်းစွာပင် ထွက်ပေါ်လာလေသည်။

လက်ရွေးစင်များအနက် စစ်မှန်သော ထိပ်တန်းကြယ်ပွင့်များသာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များ၏ ထိပ်တန်းအယောက် တစ်ထောင်အတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ တကယ်တမ်းတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ကြီးမားလှသောဂိုဏ်းကြီးဖြစ်ပြီး အလွန်ကြီးမားလှသောကြောင့် ဂိုဏ်းထဲတွင် ဂိုဏ်းသားပေါင်းမည်မျှရှိသည်ကို မည်သည့်အပြင်လူကမှ တွက်ချက်နိုင်မည်မဟုတ်ချေ။

လူအုပ်ကြီးမှာ ပွတ်လောရိုက်အောင်ဆူညံသွားပြီး ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲက သူ၏စိန်ခေါ်မှုအကြောင်း အော်ဟစ်လိုက်စဥ် ပိုင်ရှောင်ချန်းက အပြင်မှာဖြစ်ပျက်သမျှကို ကြည့်ရှုရန် ပြတင်းပေါက်ကို ဝုန်းခနဲဖွင့်လိုက်သည်။ လေထဲတွင် ပျံဝဲနေသော ဒါဇင်နှင့်ချီသည့် ကျင့်ကြံသူများကိုတွေ့လိုက်ရသောအခါ သူက ရိုးရှင်းစွာပင် မျက်လုံးကိုလှန်ကြည့်လိုက်သည်။ အမှန်တကယ်တွင် ဤနေရာမှာ သူ၏ကိုယ်ပိုင်နေရာဖြစ်သည်။ ထို့ကြောင့် သူက စိတ်ပူနေရန်မလိုအပ်ချေ။ သူကချောင်းဟန့်ရင်း ဝင်ပေါက်ဆီသို့ ဟန်ပါပါ လျှောက်သွားလေသည်။

” ဒီလောက်ဆူညံနေရအောင် ဘယ်ကောင်လုပ်တာတုံးကွ ”
သူက ေလသာဆောင်တွင် မတ်တပ်ရပ်ကာ အထင်အမြင်သေးဟန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
” မင်းတို့အားလုံး…ထွက်သွားကြစမ်း…”

ထိုသို့ဆိုကာ သူ၏အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး ခုနှစ်ရောင်ခြယ်အလံ၏ မန္တန်အစီအရင်စွမ်းအားကို သက်ဝင်စေလိုက်သည်။ ချက်ချင်းပင် မဖိတ်ေခါ်သည့် ဧည့်သည်အပေါင်းအား မောင်းထုတ်ရန် ခရမ်းရောင်လေများ တိုက်ခတ်လာသည်။ သို့သော် လီယွမ်ရှန်ကပြုံးကာ ကျောက်စိမ်းပေလွှာတစ်ခုကို ရုတ်တရက် ထုတ်လိုက်ပြီး ၎င်းအပေါ်သို့ သူ၏လက်ညှိုးကိုဖိလိုက်လေသည်။

” အစီအရင် ပြိုကွဲစေ…”

ထိုကဲ့သို့ ရိုးရှင်းလှသောစကားလုံးများ သူ၏ပါးစပ်အတွင်းမှ ထွက်လာသည်နှင့်တပြိုင်နက် မန္တန်အစီအရင်၏စွမ်းအားများမှာ တစ်ခါမှ မရှိဖူးခဲ့သည့်အလား ပျောက်ကွယ်သွားလေသည်။ လီယွမ်ရှန်၏ လုပ်ရပ်ကြောင့် ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေစဥ် လီယွမ်ရှန်က သူ၏ပတ်လည်တွင် အဖြူရောင်မီးတောက်များ ဝန်းရံလျက် ကြယ်ကြွေသည့်အလား တဟုန်ထိုးဆင်းသက်လာသည်။

တဖြည်းဖြည်း နီးကပ်လာသောအခါ သူက အလယ်ပိုင်းအမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်လိုက်ရာ ပြင်းထန်သောဖိအားကြီးတစ်ခုဖြစ်လာသည်။ အဝေးမှကြည့်လျှင် ပိုင်ရှောင်ချန်း၏အရှေ့တည့်တည့်တွင် ကောင်းကင်မီးလျှံများ ထွက်ပေါ်လာသည်နှင့်ပင် တူနေသည်။

” နောက်တစ်ခါ ငါ လာပြောရအောင် မလုပ်နဲ့ ”
လီယွမ်ရှန်က ဂရုမစိုက်ခြင်း၊ အထင်သေးခြင်း အရိပ်အယောင်များပြည့်နှက်လျက် အေးစက်စက်ပြောလေသည်။
” ဒီနေရာကနေ ထွက်သွားစမ်း”

ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်မီးတောက်များ၏ မြင်ကွင်းက ပိုင်ရှောင်ချန်း၏ မျက်လုံးအိမ်များကို ကျဥ်းမြောင်းသွားစေသည်။ ထိုလူငယ်၏ ကျင့်ကြံခြင်းအခြေခံမှာ အလယ်ပိုင်းအမြုတေအဆင့်ဖြစ်ပြီး သူနှင့်အဆင့်တူနေသည်။ သူက တမူထူးခြားသည့် စွမ်းအားများနှင့်လည်း တိုက်ခိုက်သေးသည်။ အမှန်အတိုင်းဆိုရလျှင် သူက မည်သည့်အရာမှ ရယူရန် ရောက်လာခြင်းမဟုတ်ဘဲ ပိုင်ရှောင်ချန်းကို ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရစေကာ ပိုင်ရှောင်ချန်း၏ စားသောက်ဆိုင်ကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ပြသနေသည်။

နတ်ဆရာနှင့် အခြားတာအိုစောင့်ရှောက်သူများမှာ အထိတ်တလန့်အော်ဟစ်လိုက်ကြသော်လည်း ပိုင်ရှောင်ချန်းမှာ ဒေါသအမျက်ချောင်းချောင်း ထွက်လာသည်။ ဤနေရာက သူ၏အိမ်ဖြစ်ပြီး လူတစ်ယောက်က ဓားပြ တစ်ယောက်အလား ထွက်ပေါ်လာကာ သူ့ကို အဝေးသို့မောင်းထုတ်ခြင်းက သူ၏အမျက်ဒေါသကို တောင်လောင်လာစေသည်။

” မင်း ထွက်သွားစမ်းကွာ ”
သူက ညာဘက်လက်ဖြင့် လက်ကွက်ဖော်လိုက်ရင်း ပြောလေသည်။ ချက်ချင်းပင် ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန် ထွက်ပေါ်လာပြီး မီတာသုံးထောင်အတွင်း အရာအားလုံးကို အေးခဲသွားစေသည့် ထိတ်လန့်ချောက်ချားဖွယ် အေးစိမ့်ချီများ သူ၏လက်ဖဝါးအတွင်းမှ ဝဲကတော့ကဲ့သို့ ရစ်ပတ်ကာ ပျံ့လွင့်လာသည်။

လီယွမ်ရှန်၏ ကောင်းကင်မီးလျှံများက ပိုင်ရှောင်ချန်း၏ညာဘက်လက်ဖဝါးဆီသို့ ပြင်းထန်စွာတိုးဝှေ့ဝင်လာပြီး ရှောင်ဖယ်သွားကာ တခြားနေရာများသို့ ပြင်းထန်စွာ ဝင်ရောက်သွားလေသည်။ သို့သော်လည်း ၎င်းက အေးခဲနေသည့်အဆောက်အအုံများနှင့် စားသောက်ဆိုင်များအပေါ် မသက်ရောက်ရုံမျှမက သေးငယ်သည့် ပန်းပွင့်ချပ်ခဲလေးများအသွင် အေးခဲသွားလေသည်။

အေးစိမ့်ချီက သူ့အားဖြတ်တိုက်သွားသောအခါ လီယွမ်ရှန်မှာ မျက်နှာပျက်သွားလေသည်။ ထူးဆန်းစွာပင် အေးစိမ့်ချီမှာ လွင့်ပြယ်သွားခြင်းမရှိပဲ ထိုအစား မရေမတွက်နိုင်သည့် သေးငယ်လှသောရေခဲတုံးလေးများကဲ့သို့ ဖြစ်လာကာ သူ၏ပါးစပ်အစွန်းမှ ချက်ချင်းပင် သွေးများစိမ့်ထွက်လာပြီး ခဲသွားလေသည်။

သို့သော် သူ အသက်ရှူခြင်းအပေါ် သက်ရောက်မှုမရှိလေရာ ဒေါသတကြီး အော်ပြောလိုက်သည်။
” ကျန်တဲ့ကောင်တွေ စုပေါင်းပြီး….”

သို့သော်လည်း သူ၏စကားဆုံးအောင်မပြောရသေးမီ ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်သည်။ အေးစိမ့်ချီမှာ သူ၏ပတ်လည်၌ ရစ်ဝိုင်းနေပြီး မီးတောက်များ ပျောက်ကွယ်လာကာ လီယွမ်ရှန်ဆီသို့ တဟုန်ထိုးဝင်ရောက်သွားသည်။

သူ၏ အံ့မခန်းအမြန်နှုန်းကို စဥ်းစားကြည့်လျှင် လီယွမ်ရှန်၏အရှေ့သို့ရောက်ရန် တခဏသာ ကြာလိုက်လေသည်။ ချက်ချင်းပင် သူက မန္တန်လက်ကွက်ဖော်လိုက်ရာ အေးစိမ့်ချီများ ထွက်ပေါ်လာပြီး လီယွမ်ရှန်ဆီသို့ ပြေးဝင်သွားသည်။ လီယွမ်ရှန်မှာ မျက်နှာပျက်သွားပြီး နောက်ထပ်တိုက်ခိုက်လိုက်ပြန်သည်။ တဒင်္ဂကြာပြီးနောက် သူ့သူငယ်ချင်းများအားလုံးက အစွမ်းကုန်တိုက်ခိုက်လိုက်ရာ ဘုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ဧရာမပါးစပ်ကြီးတစ်ခုက ပိုင်ရှောင်ချန်းကို ဝါးမျိုရန် ကြိုးစားနေ၏။

” ရှောင်ချန်း”
ဖက်တီးကျန်းကြီးက အော်ဟစ်လိုက်လေသည်။ သူက ကူညီပေးလိုသော်လည်း ကံမကောင်းစွာပင် မစွမ်းဆောင်နိုင်ပေ။

မမျှော်လင့်ပဲ ပါးစပ်ကြီးက ပိုင်ရှောင်ချန်းအား ဝါးမျိုလုဆဲဆဲတွင် သူကပျောက်ကွယ်သွားပြီး အမြုတေအဆင့်ကျင့်ကြံသူအုပ်စု၏ အနောက်ဘက်တွင် ပြန်၍ပေါ်လာလေသည်။ သူ၏မျက်နှာအမူအယာမှာ ခက်ထန်တင်းမာနေပြီး သူ၏လူသတ်ငွေ့များမှာ ညမုဆိုးဖြစ်ခဲ့စဥ်ကအတိုင်း ပြင်းထန်နေလေသည်။

တခဏကြာပြီးနောက် အမြုတေအဆင့်ကျင့်ကြံသူများက လှည့်ကြည့်လိုက်ရာ သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်သည့်အမူအယာများဖြစ်နေကြပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြလေသည်။

” အသေးစားတည်နေရာ ရွှေ့ပြောင်းမှုလား။ ဒါ လုံးဝ မဖြစ်နိုင်ဘူး “

Comment

Leave a Reply

Options

not work with dark mode
Reset