Switch Mode

အခန်း ( ၄၀၁ )

မယုံနိုင်စရာကောင်းလောက်အောင် မခန့်လေးစားနိုင်ခြင်း

ထိုညတွင် စုန့်ချွဲ မျက်လုံးဖွင့်လိုက်သောအခါ စားသောက်ဆိုင်၏ အခန်းတစ်ခန်းထဲ လှဲနေမိကြာင်း သိလိုက်သည်။ ဘေးဘီဝဲယာအား တခဏ ငေးကြောင်ကြောင် ကြည့်လိုက်ပြီးနောက် အစောပိုင်းက ဖြစ်သွားခဲ့သည့် ဖြစ်ရပ်များမှာ ကယောက်ချောက်ချားဖြစ်ခြင်းမဟုတ်ကြောင်း သိသွားတော့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာတုံး။ ငါ တစ်နှစ်လုံး အရိုးကြေကြေ အရေခမ်းခမ်း အလုပ်လုပ်ခဲ့ရတယ်။ အစားအသောက် အဝတ်အစား အကုန် ချွေတာခဲ့ရတာ.. ။ ငါ့အသက်ကိုတောင် ငါလောင်းကစားလုပ်ခဲ့ရတယ်”

“အခုတော့ ပိုင်ရှောင်ချန်း…. ဘာလို့လဲ.. ဘာလို့လဲ.. ဘာလို့လဲကွာ ”
ယခုအခါ စုန့်ချွဲ၏မျက်လုံးများတွင် မျက်ရည်များဝဲတက်လာတော့သည်။ သူ့ဘဝအကြောင်းသူ ပြန်တွေးရာတွင် အရေးကြီးသောအပိုင်းနှစ်ပိုင်းရှိကြောင်း သိလိုက်သည်။

သူဘဝ၏ ပထမပိုင်းတွင် တဟုန်ထိုး အောင်မြင်ခဲ့သည်။ နောက်အနာဂတ်တွင် အလားအလာကောင်းများရှိသော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူဘဝတဆစ်ချိုးမှာ ပိုင်ရှောင်ချန်းကို တွေ့ဆုံရာတွင် ပြောင်းလဲသွားခဲ့ရပြီးနောက် အရှက်တကွဲခံစားရသော ဘဝ၏ ဒုတိယပိုင်း စတင်လာတော့သည်။

” မြေခဓားကမ္ဘာ၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ အဏ္ဏဝါခေါ်သံဂိုဏ်းမှာကော ငါက သူနဲ့ ပြိုင်ဘက်မဟုတ်ခဲ့ဘူး။ အခုတော့ ရှင်းကုံကျစ်တာအိုဂိုဏ်းအထိတောင် ဖြစ်နေပီလား။ သူ့ကို ဘယ်လိုမှ မယှဥ်နိုင်ပါလား”

သို့သော်လည်း ကုံသက်တန့်ဒေသမှ သတိပေးခြင်းအလျဥ်းမရှိဘဲ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူ့ထံ နိမ့်ဆင်းလာလေသည်။ သူ ကြက်သေသေသွားပြီး သူ၏ စွမ်းဆောင်ရည်ရမှတ်များကို အလျင်အမြန် စစ်လိုက်ပြီးနောက် သူ့ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

သူ့မှာ ဝတ်ရုံဝါဂိုဏ်းသားတစ်ဦးဖြစ်ရန်လိုအပ်သော ပမာဏထက် အလွန်များပြားသော စွမ်းဆောင်ရည်ရမှတ် ၂သိန်းကျော်ပင် ရှိနေလေပြီ။ အမှန်တွင် သူကိုယ်တိုင်သွား၍ ပေးစရာမလိုပေ။ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ မန္တန်အစီအရင်က သူ့ကို သက်တန့်ဒေသထံ အလိုအလျောက် အဆင့်တိုးမြှင့်ပေးလိမ့်မည်။

ထိုသည်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စည်းမျဥ်းများပင်။

ကုံမြို့ရှိ ကျင့်ကြံသူများအားလုံးက အလင်းတန်းဆင်သက်လာသည်ကို မြင်တွေ့လိုက်ရပြီး သူတို့၏မျက်လုံးများမှာ အားကျမနာလိုမှုများ ၊ မျှော်လင့်ချက်အလင်းရောင်များဖြင့် တောက်ပလာတော့သည်။ စုန့်ချွဲမှာမူ အောက်ရှိ စားသောက်ဆိုင်အား ရောထွေးနေသော ခံစားချက်များဖြင့် ငုံ့ကြည့်လိုက်လေသည်။ မည်သို့တွေးနေလဲဆိုသည်ကိုပင် သူ သေသေချာချာမသိတော့ပေ။

သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းအဖွဲ့ထဲမှ ပထမဆုံး ဝတ်ရုံဝါဂိုဏ်းသားဖြစ်လာပြီး ကုံဒေသသို့ ပထမဆုံး အဆင့်တက်သွားသူဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် သူသည် တကယ့်အရှုံးသမားကြီးပင်မဟုတ်ပါလော။

အတွေးထဲနစ်မြောနေစဥ် ပိုင်ရှောင်ချန်း ထွက်လာပြီး သူ့ကို မော့ကြည့်လိုက်သည်။ လည်ချောင်းရှင်းပြီး သူက လက်ပြနှုတ်ဆက်လိုက်လေ၏။

” အဲ့ရောက်ရင် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နော်။ မင်းအဒေါ်နဲ့ ငါ့ကို မျက်နှာမပျက်ရစေနဲ့။ ဒုက္ခရောက်ရင် ဖြစ်ဖြစ်၊ မင်းကို အနိုင်ကျင့်ကြရင် ဖြစ်ဖြစ် ငါကို သေချာပြော ။ မင်းဦးလေးဆိုေတာ့ ငါက မင်းရဲ့မိသားစုပဲ။ အဆက်အသွယ်လဲ မပြတ်စေနဲ့…”

စုန့်ချွဲ၏ ရောထွေးနေသော ခံစားချက်များမှာ ထိုစကားကြားလိုက်ရသည်တွင် ပို၍ ရှုပ်ထွေးကုန်တော့သည်။ ပိုင်ရှောင်ချန်းကို မျက်စောင်းထိုးလိုက်ရင်း အလင်းတန်းများ သူ့ကိုဝန်းရံလာသဖြင့် သက်ပြင်းချလိုက်ပြီး ကုံသက်တန့်ဒေသလားရာဘက်တွင် ပျောက်ကွယ်သွားတော့သည်။ သူထွက်ခွာသွားရာ လမ်းတလျှောက် ခုနစ်ရောင်ခြယ်အလင်းတစ်ခု ကျန်ခဲ့လေရာ စောင့်ကြည့်နေကြသူများ၏ မျက်လုံးများထဲတွင် ထိုကဲ့သို့ ကြုံတွေ့လိုသော ဆန္ဒများ ပေါက်ဖွားလာတော့သည်။

စုန့်ချွဲ ထွက်သွားသည်ကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းသည် ကောင်းမွန်သော အလုပ်များ လုပ်ပေးလိုက်ရသည့်အတွက် သူ့ကိုယ်သူ အံ့သြဂုဏ်ယူနေရင်း အခန်းသို့ပြန်လာလိုက်သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ပြန်ရောက်သည့်အခါ သူမ၏တူကို မည်မျှဂရုစိုက်ခဲ့ကြောင်း ပြောလိုက်လျှင် ဖြစ်ပျက်သွားမည့် စုန့်ကျင်းဝမ်၏မျက်နှာ အမူအရာကို သူပုံဖော်ကြည့်နေမိသည်။

” ချွဲအာ..မင်းတော့ ငါ့လို ထူးချွန်တဲ့ဦးလေးရထားတာ ဘုရားမတာပဲ ”
သဘောထားကြီးသော ဝါရင့်ဂိုဏ်းဝင်တစ်ဦးအလား သူ ခံစားလိုက်ရပြီး ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်ကို လေ့ကျင့်ရန် တင်ပျဥ်ခွေထိုင်လိုက်သည်။

ယခုအခါ သူသည် အေးစိမ့်ပညာရှင် အဆင့်သို့ရောက်နေပြီဖြစ်၍ သူ၏ကျင့်ကြံခြင်းအရှိန်တိုးလာခြင်းကြောင့် စွမ်းအင်များစွာကုန်ခမ်းနေသည်။ ထို့ကြောင့် နေ့စဥ်နေ့တိုင်း အလွန်တရာများပြားလှသော ဝိညာဥ်အစားအစာများကို စားပေးရလေသည်။

သူ၏ စွမ်းအင်ကို ဖြည့်တင်းရန်အတွက် အစားအသောက်ပေါပေါများများရှိလေရာ သူ၏ ထာဝရအရွတ်အကြောများတွင် ခေါင်းကို ဆက်လက်လေ့ကျင့်ရန်ဆုံးဖြတ်လိုက်သည်။ လက်သီးသည် တိုက်ပွဲတွင် အသုံးပြုရန် အသိသာဆုံးလက်နက်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းခံစားမိပြီး ယခုအခါ သူ့ ဘယ်ခြေ၏ အရှိန်နှင့် စွမ်းအားသည် တိုက်ပွဲတွင် သုံးရန်အတွက် လုံလောက်နေလေပြီ။ ရန်သူကို ဟာခနဲဖြစ်သွားစေမည့် တိုက်ကွက်များအတွက်မူ သူ့ခေါင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

တိုက်ခိုက်နေစဥ် လူတစ်ယောက်ကို ရုတ်တရက် ခေါင်းချင်းတိုက်မည့်အတွေးကြောင့် သူ့မှာအလွန်စိတ်လှုပ်ရှားလာလေရာ စိတ်အားထက်သန်စွာဖြင့် သူခေါင်းရှိ အရွက်အကြောများကို လေ့ကျင့်လိုက်သည်။

စားသောက်ဆိုင်ရှိ စီးပွားရေးမှာ တည်ငြိမ်ပြီး မတော်တဆမှုများလည်းမရှိပေ။ မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ အမြတ်များလည်း တိုးပွားလာပြီး စုမိဆောင်းမိလာကြသည်။ ယခုအခါ သူတို့သည် ကုံမြို့တော်အတွင်း ပြိုင်ဘက်ကင်းအဖွဲ့အစည်းတစ်ခုဖြစ်လာတော့သည်။

သူတို့သည် အလွန်နာမည်ကျော်ကြားပြီး အင်အားကြီးကာ ကောင်းကင်ဘုံအဖွဲ့အစည်းနှင့် အဆင့်အတန်း အတူတူ ဖြစ်လာတော့သည်။ ယခင်မိုးပြာရောင်နဂါးအဖွဲ့အစည်းပုံစံနှင့် မိုးနှင့်မြေအလားပင်။

သို့သော်လည်း ထာဝရအသက်ရှည်စားသောက်ဆိုင်သည် အချိန်ကြာမြင့်သည်အထိ ကုံမြို့တော်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း သိသာထင်ရှားလာလေရာ ကောင်းကင်ဘုံအဖွဲ့အစည်းခေါင်းဆောင်များမှာ ရူးမတတ်ဖြစ်နေကြလေသည်။ စိတ်မကောင်းစွာပင် စားသောက်ဆိုင်သည် ကိုယ်ပိုင်နယ်မြေအပေါ်တွင် တည်ဆောက်ထားလေရာ ထိုကဲ့သို့ အခြေအနေအမျိုးကို မည်သည့်အကျိုးမှ မရှိပဲ မည်သူကမှ ထိပ်တိုက်မတွေ့ရဲပေ။

ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်မည်ဆိုလျှင် သူတို့ရှုံးမည်ဖြစ်သည့်အပြင် ဂိုဏ်း၏စည်းကမ်းများကို ချိုးဖောက်ရာကျသည်။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့နောက်ရှိ နတ်အဆင့်မျိုးနွယ်စုမှ အကြီးအကဲများ သတိထားမိရန်အတွက် ထိုအခြေအနေကို တင်ပြန်ရန်သာ ရှိတော့သည်။

ကောင်းကင်ဘုံအဖွဲ့အစည်း၏ ဝင်ငွေများ ကျဆင်းလာသည်မှာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး နောက်ဆုံးတွင် အပြင်ဘက် ကိစ္စရေးရာများကို စီမံဆောင်ရွက်ရသည့် မျိုးနွယ်စုအကြီးအကဲက သတိပြုမိသွားလေသည်။ ကောင်းကင်ဘုံအဖွဲ့အစည်းမှ နောက်ဆုံးတင်ပြချက်ကို ဖတ်ရှုပြီးနောက် သူက အေးစက်စက်နှာမှုတ်လိုက်ပြီး ပြော၏။
” မလောက်လေးမလောက်စား လိမ္မော်ရောင်ဂိုဏ်းသား။ ရိုင်းစိုင်းအတင့်ရဲလိုက်တာ။ မင်းအနိုင်ကျင့်ချင်ရင် ကျင့်လို့ရပေမယ့် ငါ့တို့မျိူးနွယ်စုနဲ့သက်ဆိုင်တဲ့ ပစ္စည်းကို ဘယ်လိုလုပ် လုယူဝံ့ရတာလဲ ”

ထိုအကြီးအကဲမှာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်ပြီး မျိုးနွယ်စု၏ အရေးအကြီးဆုံးလူများအထဲမှ မဟုတ်သော်လည်း သူ့စကားလုံးများသက အာဏာသက်ရောက်လေသည်။ တခဏကြာတွေးပြီးနောက် အလျင်စလို မပြုတာ အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပြီး ကျောက်စိမ်းပေလွှာထုတ်၍ ပိုင်ရှောင်ချန်းကို မည်သည့်အတွက်ကြောင့် ကိုယ်ပိုင်နယ်မြေ ပေးခဲ့ကြောင်း အနည်းငယ်စုံစမ်းလိုက်သည်။

” ကုံဒေသ သခင်ကြီးက မူးယစ်ဆေးလုံးဖော်စပ်နည်းနဲ့ လဲလိုက်တာပါလား။ အဲဒီ ပိုင်ရှောင်ချန်းနဲ့ ကုံဒေသ သခင်ကြီးနဲ့ အဆက်အသွယ်ရှိလဲ ဂရုမစိုက်ဘူးကွာ။ အဲ့ကောင်ကို ဘယ်လိုဖြစ်ဖြစ် ဆုံးမရမယ် ”
အင်္ကျီလက်ကိုခါလိုက်ရင်း သူက ပိုင်ရှောင်ချန်းကိုဆုံးမပြီး နယ်မြေကို ပြန်လည်ရယူရန် အမိန့်သွားပေးအံ့ ဆဲဆဲမှာပင် သူအခန်းအပြင်ဘက်မှ စူးရှသောအသံတစ်ခုထွက်ပေါ်လာ၏။

အချိန်အနည်းငယ်ကြာသော် ခရမ်းရောင် ကျောက်စိမ်းပေလွှာတစ်ခုက သူ့အခန်းကို ကာကွယ်ပေးထားသည့် မန္တန်အစီအရင်ကို ဖြတ်၍ သူ့ရှေ့တည့်တည့်တွင် ရပ်သွားလေသည်။

ကျောက်စိမ်းပေလွှာကိုကြည့်ပြီး
” ကောင်းကင်ဘုံ” ဆိုသော စာလုံးကို မြင်သောအခါ ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲ၏ မျက်နှာမှာ အိုစာသွားတော့သည်။ တဆတ်ဆတ်တုန်လျက် ကျောက်စိမ်းပေလွှာကို လက်နှစ်ဖက်ဖြင့် တရိုတသေ လက်ခံလိုက်ပြီးနောက် နတ်ဘုရားအာရုံဖြင့် ဖတ်လိုက်လေသည်။ ဖတ်ပြီးသည်နှင့် သူ၏မျက်လုံးများ ပန်းကန်ပြားတမျှ ပြူးကျယ်သွားတော့သည်။

“ဒီကောင်ပိုင်ရှောင်ချန်းမှာ ဘယ်..ဘယ်..လို နောက်ခံများ ရှိနေတာလဲကွာ..”
ကျောက်စိမ်းပေလွှာမှ ခရမ်းရောင်အလင်းများပျံ့နှံ့လာပြီးနောက် ပျောက်ကွယ်သွားတော့သည်။

ကျောက်စိမ်းပေလွှာပျောက်ကွယ်သွားသောအခါ ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအနည်းငယ်ရှိသေးသော်လည်း မျက်နှာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။ မျိုးနွယ်စုထံမှ အမိန့်တောင်းခံရန် အကြံများအားလုံးကို ချက်ချင်းပင် ဖျောက်ပစ်လိုက်ပြီး သူ၏မျိုးနွယ်စုတစ်စုလုံး ဒု က္ခရောက်သွားစေမည့်အရာအား လုပ်မိတော့မည်ကို သဘောပေါက်လိုက်သောအခါ သူ၏ဒေါသများငယ်ထိပ်ထိဆောင့်တက်လာတော့သည်။ အေးစက်စက်နှာမှုတ်ရင်း ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲကို သက်တန့်ပေါ်ခေါ်လာရန် ချက်ချင်းပင် လူလွှတ်လိုက်လေသည်။

ကောင်းကင်ဘုံအဖွဲ့အစည်းအကြီးအကဲမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး နတ်အဆင့်မျိုးနွယ်စုမှ ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲကအခေါ်တော်လွှတ်လိုက်ကြောင်းပြောသောအခါ တည်နေရာရွှေ့ပြောင်းရာနေရာသို့ မြန်နိုင်သမျှမြန်မြန် အလောတကြီးပြေးသွားလိုက်သည်။ ပထမတွင် ပိုင်ရှောင်ချန်းကို တိုက်ခိုက်ပြီး ရှေးဟောင်းသချိုင်းဝင်ပေါက်ကို ပြန်လည်ယူရန် အမိန့်ပေးခံလိမ့်မည်ဟုထင်ခဲ့သည်။ သို့သော်လည်း သူတွေ့လိုက်ရသည်မှာ တင်းမာခက်ထန်သောမျက်နှာဖြင့် ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲက သူ့ကို ဆဲရေး မာန်မဲနေတော့သည်။

” ဒီလို ကိစ္စသေးသေးလေးနဲ့ ငါ့ကို စိတ်ပျက်စေတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး ။ မင်းဘာသာမင်း ဘာလို့မလုပ်နိုင်တာလဲ”

ယင်ယန် ဝိညာဥ်အဆင့်အကြီးအကဲက အော်ငေါက်နေလေရာ ကောင်းကင်ဘုံအဖွဲ့အစည်းအကြီးအကဲမှာ ကြောက်ဒူးတုန်နေလေပြီ။ အမြုပ်ထွက်လုမတတ် တောင်းပန်ခယပြီးနောက် မျက်ရည်ဝဲလျက် အမြန်ပြန်သွားတော့သည်။ ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်ရသည့်အချိန်တိုင်း သူ့ဘက်၌ အင်အားမည်မျှ ရှိရှိ အမြဲတမ်း နံရံနှင့်ခေါင်းပြေးဆောင့်မိနေတော့သည်။

“ကိစ္စသေးသေးလေးတဲ့လား။ မိုးပြာရောင်နဂါးဆရာကြီးမှာ ကိုယ်ပိုင်ပိုင်နယ်မြေ ရှိတယ်လေ။ ကျုပ်က အမြုတေအဆင့်ကျင့်ကြံသူလေဗျာ။ ကျုပ်လို အပြင်ဘက်မျိုးနွယ်ဝင်က ဒီလိုကိစ္စမျိုးကို ဘယ်လို ရင်ဆိုင်နိုင်မှာတုံး ” တရားမမျှတမှုကြောင့် အဆက်မပြတ် သက်ပြင်းချနေပြီး မျိုးနွယ်စုကထိုကိစ္စကိုဂရုစိုက်ပုံမရသည့်အတွက် ပိုင်ရှောင်ချန်းကို ရန်စသင့်ကြောင်း တွေးရင်း မျိုးနွယ်စုခြံဝင်းထဲ၌ ထွက်လာတော့သည်။

“အား..ဘာပဲဖြစ်ဖြစ်ကွာ။ မျိုးနွယ်စုက ဒီလိုဆိုမှတော့ တော်ပါပြီ”
ကုံမြို့တော်ကို ပြန်ရန်ပြင်လိုက်ချိန်မှာပင် တခြားကျင့်ကြံသူများနှင့်အတူ လမ်းလျှောက်လာသော အဖိုးတန်အဝါရောင်ဝတ်ရုံနှင့် လူငယ်လေးကို မြင်လိုက်သည်။

ထိုလူငယ်သည် မျိုးနွယ်စုထဲတွင် ရာထူးမြင့်လရာ သူ၏ စိတ်ကြီးဝင်နေသော မျက်နှာဖြင့် အပြစ်ပြောစရာမရှိအောင်လိုက်ဖက်လေသည်။ ကောင်းကင်ဘုံအဖွဲ့အစည်းအကြီးအကဲသည် ထိုလူငယ်က နှစ်တစ်ရာတွင်း အမြုတေအဆင့်ရောက်ခဲ့သည့် မျိုးနွယ်စုလက်ရွေးစင် လီယွမ်ရှန် ဖြစ်ကြောင်း ချက်ချင်းပင် သတိပြုမိလိုက်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် အခြေခိုင်မာခြင်းအဆင့်သာ ရှိသေးကာ ကောင်းကင်ဘုံအဖွဲ့အစည်းမှ စွမ်းဆောင်ရည်ရမှတ်တချို့ကောက်ယူရန် ကောင်းကင်မြို့တော်သို့လာဖူးလေရာ အကြီးအကဲသည် သူ့ကို အသေအချာမှတ်မိနေခြင်းဖြစ်သည်။ အကြီးအကဲသည် ထိုအဖွဲ့ ဖြတ်သွားသည်နှင့် လက်ယှက်ကာ အော်၍ အရိုအသေပေးလိုက်သည်။

လီယွမ်ရှန် ရပ်လိုက်ပြီး လှမ်းကြည့်လိုက်သည်။ သူတို့နောက်ဆုံးတွေ့ဆုံခဲ့သည်ကို ပြန်စဥ်းစားပြီး သူက ပြော၏ ။
“ခင်ဗျား ဒီကို ဘာလို့ရောက်လာတာလဲ”

ကောင်းကင်ဘုံအဖွဲ့အစည်းအကြီးအကဲမှာ စိတ်လှုပ်ရှားမှုကြောင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ချက်ချင်းပင် မိုးပြာရောင်နဂါးဆရာြကီးက နှောင့်ယှက်ခဲ့သည့် ကိစ္စကို ချဲ့ကား ပြောပြလိုက်သည်။

လီယွမ်ရှန်၏ သူငယ်ချင်းများမှာ ချက်ချင်းပင် စနောက်ကြတော့သည်။

“အစ်ကိုလီ… မင်းရဲ့ မျိုးနွယ်စုက ကိုယ့် စီးပွားရေးခိုးသွားတဲ့သူကို ဒီတိုင်းထားလိုက်တယ်လား”

“ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။ မိုးပြာရောင်နဂါးအဖွဲ့အစည်းရဲ့ ဆရာြကီးဆိုတဲ့လူက အမြုတေ အဆင့်ကျင့်ကြံသူသာသာပဲနော် ဒါပေမယ့် ကျားပါးစပ်ထဲကနေ ခိုးရဲတယ် ”

ကောင်းကင်ဘုံအဖွဲ့အစည်း၏ အကြီးအကဲက လက်ယှက်၍ လေးလေးနက်နက်ခေါင်းငုံ့လိုက်သည်။
” သခင်လေး… ကျေးဇူးပြုပြီး ဒီအခြေအနေကို ဖြေရှင်းပေးနိုင်မလား”

လီယွမ်ရှန် ၏ မျက်လုံးများမှာ အထူးသဖြင့် အခြားကျင့်ကြံသူများ၏ ပြောစကားကြောင့် စူးရှတောက်ပသွား၏။ အေးစက်စက်နှာမှုတ်ရင်း သူက ပြောသည်။
” ကဲပါ..ကျုပ်လဲ ဒီနေ့ပျင်းနေတာနဲ့ အတော်ပဲ။ အခြေအနေတွေကို ကျုပ်ကိုယ်တိုင် ကောင်းကောင်းအကဲခတ်လိုက်ဦးမယ်။ ဒီကောင် ဒီလောက်မျက်နှာပြောင်လိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး “


Comment

Leave a Reply

Options

not work with dark mode
Reset