Switch Mode

အခန်း (၇၀)

ရေခဲနဂါးဟိန်းသံ

အခန်း (၇၀) ရေခဲနဂါးဟိန်းသံ

ဖန်းယွမ်ရှန်းသည် ဂိုဏ်းမှ လာသော ထိပ်တန်းကျင့်ကြံသူတချို့နှင့်အတူ ဝါဒတောင်သို့ ပြန်လိုက်သွားခဲ့သည်။

ကျန်ထိပ်တန်းကျင့်ကြံသူများမှာမူ အရှေ့ကောင်းကင်ဒေသကို တည်ငြိမ်အောင် ထိန်းသိမ်းရာ၌ အကြီးအကဲချင်ကို ကူညီရန် နှင့် ဖြစ်လာနိုင်သော နေသူတော်စင်ဂိုဏ်း၏နောက်ဆက်တွဲ တုံ့ပြန်မှုများကို ရင်ဆိုင်ရန်အတွက် ဤနေရာ၌ ဆက်နေခဲ့ကြသည်။

ဖန်းယွမ်ရှန်း ထွက်သွားပြီးနောက် ရန်ကျောက်ကဲသည် လမ်းလျှောက်ရင်း တွေးတောလျက် သူတည်းခိုရာနေရာသို့ ပြန်လာခဲ့သည်။

သည်တစ်ကြိမ်တွင် သူတို့သည် နေသူတော်စင်ဂိုဏ်းကို ကြီးကြီးမားမား ရန်စခဲ့သည်။ အရင်ရက်များအတွင်း သူ ပြသခဲ့သော စွမ်းရည်နှင့် အလားအလာများအရ နေသူတော်စင်ဂိုဏ်းက သူ့အား မျက်လုံးဒေါက်ထောက်ကြည့်နေမည်မှာ အသေအချာပင်။

ထို့ပြင် သူ့ကို ဘေးမှ ကျားချောင်းသလို ချောင်းမြောင်းနေသော ရန်ရှု့လည်း ရှိသေးသည်။

ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီအဆင့်အလယ်အလတ်အဆင့်ကို ရောက်သွားသည့်အပြင် နှောင်းပိုင်းအဆင့်ရှိသော ရှောင်ရှန်းကိုပါ အနိုင်ရခဲ့လေရာ  သူ့နောက်လိုက် အနက်ရောင်ဝတ်ကျင့်ကြံသူများမှာ သူနှင့် ဆက်ရှိနေစရာ မလိုတော့ပေ။

သိုင်းပညာရှင်အဆင့် ကိုယ်ရံတော်များအနေဖြင့် သူတို့သည် ရန်ကျောက်ကဲအတွက် အများကြီး အကူအညီ မဖြစ်နိုင်တော့ပေ။ အခြားတစ်ဖက်တွင် ရန်ကျောက်ကဲဘေး၌ ဆက်နေခြင်းအားဖြင့် သူတို့သည် မမျှော်လင့်ဘဲ အရှုပ်အထွေးထဲ၌ ပါဝင်ပတ်သတ်သွားနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သူက မည်သူ့ကို ကာကွယ်ရမည်နည်း။

သို့တိုင်အောင် အနက်ရောင်ဝတ်ကျင့်ကြံသူများသည် အရှေ့တန်နိုင်ငံမှ ထွက်မသွားဘဲ ဆက်နေခဲ့ကာ ရန်ကျောက်ကဲ အမိန့်ပေးပါက ဆောင်ရွက်နိုင်ရန် အသင့် စောင့်ဆိုင်းနေ၏။

အကြီးအကဲချင်နှင့် ရန်ကျောက်ကဲတို့ အုပ်စုသည် ချောက်နက်ကြီးကြပ်ခြင်းမြို့ကို ရောက်လာကြသည်။

ထိုနေရာတွင် ရန်ကျောက်ကဲနှင့် အခြားသူများသည် လင်းယုရှောင်၏အလောင်းကို သွားကြည့်ကြသည်။

သူ့ခန္ဓာကိုယ်မူလပိုင်ရှင်၏မှတ်ဉာဏ်များကို ရုပ်ရှင်ကဲ့သို့ ကြည့်နေရသည်မျိုး မဟုတ်ဘဲ ထိုအချိန်ကြမှသာ လင်းယုရှောင်၏ တကယ့် ရုပ်ရည်သွင်ပြင်ကို ရန်ကျောက်ကဲ ကောင်းကောင်း မြင်ဖူးတော့သည်။

ရန်ရှု့ပြောခဲ့သလိုပင် အလောင်းပေါ်မှ ဒဏ်ရာများမှာ တုရှိတလက်ဝါးချက်ကြောင့် ဖြစ်လာခြင်းဖြစ်သည်။

ခရမ်းရောင်တုရှိတမီးတောက်မှ အကြွင်းအကျန် အမှတ်အသားများမှာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့ကြဲနေ၏။

အခြားခြေရာလက်ရာများကိုပင် ဖုံးလွှမ်းလျက်ရှိသည်။

တိုတောင်းပြီး သနားစရာကောင်းတဲ့ဘဝလေးပါလား” ရန်ကျောက်ကဲ သက်ပြင်းချမိသည်။

ထိုနေရာမှ ထွက်လာပြီးနောက် ရန်ကျောက်ကဲသည် ကောင်းကင်သို့ မော့ကြည့်မိသည်။ “ရီကျင်းက တကယ်ပဲ ဒီအဆင့်ကို ရောက်နေပြီလား”

ရေခဲရေကန်မှာတုန်းက သူ ဒဏ်ရာထပ်ရသွားသေးတယ်ထင်တယ်၊ သူ့ဒဏ်ရာတွေကို ကုသဖို့ အဲ့လျှို့ဝှက်နည်းကိုသာ ထပ်သုံးလောက်တယ်၊ အဲ့နည်းက သူ့စိတ်ကို အပြင်းအထန် သက်ရောက်စေလိမ့်မယ်”

အဲ့နည်းကိုသာ ထပ်သုံးရင် သူက ပိုမို ကြမ်းတမ်း၊ ရန်လိုလာနိုင်တယိ”

ရန်ကျောက်ကဲ၏အကြည့်က အေးစက်သွားသည်။ “မင်း ဒီကမ္ဘာထဲမှာ မနေချင်တော့ရင်လည်း ငါက မင်းကို ကိုယ်တိုင် အဆုံးသတ်ပေးမယ်”

သူတို့ တည်းခိုရာနေရာသို့ ပြန်လာနစဉ် သူ့ဘေးမှ အားဟူက ခပ်ရွရွလေး ခေါ်လိုက်သည်။ “မင်းသားလေး”

သွားဖြီးပြနေသော အားဟူကို မြင်သောအခါ ရန်ကျောက်ကဲ အနည်းငယ် ကြောင်အသွားသည်။

အားဟူကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ရာ လှပ၍ ကျက်သရေရှိသော မိန်းကလေးတစ်ယောက် လမ်းဘေးတွင် ရပ်နေသည်ကို တွေ့ရသည်။

ဂျူနီယာညီမလေးစစ်ခုန်း၊ တံခါးပိတ်ကျင့်ကြံမှုက ထွက်လာပြီလား” ရန်ကျောက်ကဲ မေးလိုက်၏။ “ကြည့်ရတာ ဂျူနီယာညီမလေးတော့ အဆင့်ပိတ်ဆို့နေတာကို ချိုးဖျက်ပြီး သိုင်းပညာရှင်အဆင့်ကို ရောက်သွားပြီထင်တယ်”

မိန်းကလေးကား အေးစက်၍ တသီးတခြားနိုင်သော ဟန်ပန်ရှိသည့် စစ်ခုန်ချင်းပင်ဖြစ်သည်။

သူမသည် ရန်ကျောက်ကဲအား လေးစားစွာ ဂါဝရပြုလိုက်သည်။ “အစောပိုင်းက စီနီယာအကိုကြီးရန်ရဲ့ လမ်းညွှန်ပေးမှုတွေကြောင့်ပါပဲ၊ ကျွန်မ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတော့ ကျေးဇူးတင်တဲ့အနေနဲ့ လာရောက်ပြီး ဂါဝရပြုတာပါ”

ဂျူနီယာညီမလေးလင်းရဲ့ အဖြစ်ဆိုးကို ကျွန်မ ကြားမိပါတယ်၊ ကျွန်မလည်း ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်းပါ စီနီယာအကိုကြီးရန်”

ရန်ကျောက်ကဲက လက်ယမ်းလိုက်သည်။ “ရပါတယ်၊ ပြောပေးတဲ့အတွက် ကျေးဇူးပါ”

ထိုသို့ပြောပြီး သူသည် သူမကို အသေးစိတ် အကဲခတ်နေ၏။ “မဆိုးပါဘူး၊ ငါတို့ဂိုဏ်းမှာတောင် ဆယ့်ခြောက်နှစ်နဲ့ သိုင်းပညာရှင်အဆင့်ရောက်တာ ရှားတယ်၊ ဂျူနီယာညီမလေးစစ်ခုန်က တကယ်ကို စိတ်ဓာတ်ပြတ်သားမှုအပြည့်နဲ့ ကြိုးစားခဲ့တာပဲ”

ဒါပေမယ့် ဒီရလဒ်လောက်ကို ကျေနပ်မနေနဲ့၊ နေသူတော်စင်ဂိုဏ်းက မန်ဝမ်ဆို အသက်ဆယ့်ငါးနှစ်မှာ သိုင်းပညာရှင်အဆင့်ကို ရောက်နေပြီ”

စစ်ခုန်ချင်း၏အကြည့်က ပြတ်သားသလို သူ့မျက်နှာကလည်း တည်ငြိမ်လျက်ရှိ၏။ “ဟုတ်ကဲ့၊ ကျွန်မ သဘောပေါက်ပါတယ်”

ကိုယ့်ကိုကိုယ် မဝင့်ကြွားနေသလို စိတ်မရှည်လည်း ဖြစ်မနေဘူး၊ တော်တယ်” ရန်ကျောက်ကဲက ခေါင်းငြိမ့်၏။ “မင်းဟာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သိုင်းတာအိုအပေါ် လုံးဝ မြုပ်နှံထားတာပဲ၊ အဲ့တာကြောင့် ငါက မင်းကို အားလျော့အောင် မပြောတော့ဘူး၊ မန်ဝမ်အပြင် နေသူတော်စင်ဂိုဏ်းမှာ ဆယ့်ခြောက်နှစ်မပြည့်ခင် သိုင်းပညာရှင်အဆင့်ကို ရောက်နေတဲ့သူ နောက်တစ်ယောက် ရှိသေးတယ်”

သူမက အခုတော့ ငါတို့ဂိုဏ်းကို ရောက်နေပြီ”

စစ်ခုန်ချင်းက တည်ငြိမ်စွာ ပြော၏။ “အနာဂတ်မှာ သူမနဲ့ မကြာခဏ ပညာချင်း ဖလှယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အဲ့အတွေ့အကြုံကနေ အကျိူးကျေးဇူးတွေ အများကြီး ရရှိလိမ့်မယ်လို့ ကျွန်မ ယုံကြည်မိပါတယ်”

သူမကို ကြည့်လျက် ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်၏။ “ဒါပေမယ့် မန်ဝမ်လိုပဲ သူမကလည်း ထူးကဲယင်မိန်းမပျိုတစ်ယောက်ပဲ၊ သူတို့အခြေအနေက အတော်လေး ထူးခြားတယ်၊  ထူးကဲယင်ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းရဖို့ နေသူတော်စင်ဂိုဏ်းက သူတို့ ပိုလျင်လျင်မြန်မြန်တိုးတက်အောင် အထူးနည်းလမ်းတချို့ကို သုံးစွဲခဲ့တယ်”

အဲ့တာကြောင့် သူတို့ရဲ့အခြေခံက အနည်းနဲ့အများ မတည်မငြိမ်ဖြစ်မှာ အသေအချာပဲ၊ သူတို့ရဲ့ အထူး လျင်မြန်တဲ့ ကျင့်ကြံမှုအမြန်နှုန်းက အနာဂတ်မှာ နည်းနည်း လျော့ကျသွားနိုင်တယ်”

ဒါပေမယ့် နေသူတော်စင်ဂိုဏ်းနဲ့ ဒီဝါဒတောင်ဂိုဏ်းရဲ့ နောက်ခံနဲ့ဆို အနာဂတ်မှာ သူတို့ရဲ့ ကျင့်ကြံတဲ့အမြန်နှုန်းက ယခင်ကထက်စာရင် နှေးကွေးသွားပေမယ့် လူအများစုထက်တော့ မြန်ဆန်နေတုန်းပဲ၊ ပြီးတော့…”

ရန်ကျောက်ကဲ၏စကားကို နားထောင်နေရင်း စစ်ခုန်ချင်းက သူ့စကားကို အဆုံးသတ်ပေးလိုက်သည်။ “ပြီးတော့ ထူးကဲယင်သရဖူမှာလည်း ထူးကဲယင်မိန်းမပျိူတွေရဲ့ ကျင့်ကြံတဲ့နှုန်းကို တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းရှိတယ်”

ပထမအကြိမ် ထူးကဲယင်ပြိုင်ပွဲကို အနိုင်ရပြီးတော့ ထူးကဲယင်သရဖူကို ရခဲ့တဲ့အချိန်ကစပြီး မန်ဝမ်ရဲ့ကျင့်ကြံမှုက ခုန်ပျံကျော်လွှားတိုးတက်လာတယ်၊ သူမရဲ့ ပုံမှန်ကျင့်ကြံတဲ့အမြန်နှုန်းထက် အများကြီး မြန်ဆန်လာတယ်”

မန်ဝမ်ပြီးတော့ ကျောက်စိမ်းပင်လယ်မြို့တော်က စီနီယာအမကြီးက ဒုတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲကို အနိုင်ရခဲ့တယ်၊ ထူးကဲယင်သရဖူကို လွဲပြောင်းရရှိပြီးတဲ့နောက်မှာ သူမရဲ့ကျင့်ကြံမှုကလည်း တဟုန်ထိုး တိုးတက်လာတယ်”

စစ်ခုန်ချင်း၏အကြည့်မှာ မယိမ်းယိုင်သော ကျောက်သားကျောက်တိုင်သဖွယ် တည်ကြည်ပြတ်သားနေ၏။ “သတိပေးတဲ့အတွက် စီနီယာအကိုကြီးရန်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ သေချာပေါက် လက်ရှိအခြေအနေမှာပဲ ပျော်မွေ့မနေပါဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်၏။ “ကောင်းပြီ၊ အခု မင်းက အတွင်းပိုင်းကြယ်တာရာချီအဆင့်ရောက်နေပြီပဲ၊ နောက်တစ်ဆင့်က မင်းရဲ့  အသစ်ဖြစ်ပေါ်လာတဲ့ ကြယ်တာရာချီနဲ့ မင်းခန္ဓာကိုယ်တစ်ခုလုံးက အကြောတွေကို ဖွင့်ရမယ့်အချိန်ပဲ”

အဲ့တာ အောင်မြင်သွားရင် မင်းက အတွင်းပိုင်းကြယ်တာရာချီအလယ်အလတ်အဆင့်ကို ရောက်ပြီ၊ အဲ့အဆင့်မှာ မင်းခန္ဓာကိုယ်ကို သန်မာအောင် မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေကို ဆေးကြောရမယ်”

ကြယ်တာရာချီနဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ချီနံရံတည်ဆောက်နိုင်ပြီဆိုရင် မင်းဟာ အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ကို ရောက်ပြီပဲ၊ အဲ့အချိန်ကြရင် မင်းခန္ဓာကိုယ်ရဲ့ခွန်အားက တိုက်ခိုက်မှုအရဖြစ်စေ ခုခံမှုအရဖြစ်စေ အကြီးအကျယ် တိုးတက်လာလိမ့်မယ်၊ ပြီးတော့ အပြင်ပိုင်းကြယ်တာရာချီအဆင့်ကို ချိုးဖြတ်ဖို့ ပြင်ဆင်မှုတွေ စတင်လို့ရပြီ”

ခိုင်ခိုင်မာမာ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ကြိမ်ကို တစ်လှမ်းပဲလှမ်း၊ မင်း လုပ်နိုင်မယ်လို့ ငါ ယုံပါတယ်”

စစ်ခုန်ချင်းက ခေါင်းငြိမ့်၏။ “ကျွန်မ ပြင်းပြင်းထန်ထန်ကြိုးစားပါမယ်၊ ဂရုစိုက်ပေးတဲ့အတွက် စီနီယာအကိုကြီးကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ထိုနှစ်ယောက် လမ်းခွဲခဲ့သည်။ ထွက်ခွာသွားသော စစ်ခုန်ချင်း၏ပုံရိပ်ကို ကြည့်ရင်း ရန်ကျောက်ကဲသည် အချိန်အတော်ကြာမျှ တိတ်ဆိတ်နေ၏။

အားဟူက ရန်ကျောက်ကဲ ရှေ့သို့ ရောက်လာကာ ဟားတိုက် ရယ်မောလိုက်သည်။ “မင်းသား၊ လင်းမိန်းကလေး ထွက်သွားတာ မကြာသေးဘူး၊ မင်းသားက စစ်ခုန်မိန်းကလေးကို စားဖို့ စဉ်းစားနေတာလား၊ အဲ့တာ မကောင်းဘူးနော်”

ရန်ကျောက်ကဲ စိတ်မရှည်စွာ ပြောလိုက်သည်။ “အောက်ပိုင်းအကြောင်းကို မတွေးလို့ မရဘူးလားကွာ”

အားဟူက ခေါင်းကုပ်လိုက်သည်။ “အဲ့တာဆို မင်းသားက စစ်ခုန်မိန်းကလေးကို ဘာလို့ အဲ့လို အကြည့်နဲ့ ကြည့်တာလဲ”

ရန်ကျောက်ကဲ၏မျက်လုံးများ မှေးသွားသည်။ “ငါ ထင်ယောင်ထင်မှား ဖြစ်မိတာ နေရင်နေမှာပါ၊ ဒါပေမယ့် သိုင်းပညာရှင်အဆင့်ကို ရောက်ပြီးတော့ စစ်ခုန်ချင်းက လုံးဝ အသစ်ပြန်မွေးဖွားလာသလို၊ သူမရဲ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်တုန်ခါနိုင်တဲ့၊ ကမ္ဘာမြေကို ပြောင်းပြန်လှန်နိုင်တဲ့ အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတဲ့ပုံပဲ”

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူနဲ့ သိုင်းပညာရှင်အကြားမှာ ကောင်းကင်လို ကြီးမားတဲ့ ကွာဟမှုကြီးရှိပြီး အဲ့တာကို ကျော်ဖြတ်နိုင်ရင် လုံးဝ ကမ္ဘာသစ်တစ်ခုကို ရောက်သွားတယ်လို့ ဆိုနိုင်ပေမယ့် စစ်ခုန်ချင်းဆီက အပြောင်းအလဲတွေက အဲ့ထက် ပိုမိုကြီးမားတယ်၊ အဲ့ခံစားမှုက သိပ်မသဲကွဲဘူး”

အားဟူသည် မြင်ကွင်းမှ ပျောက်လုပျောက်ခင် ဖြစ်နေသော စစ်ခုန်ချင်း၏ပုံရိပ်ကို အချိန်အကြာကြီး ငေးကြည့်နေပြီးနောက် စဉ်းစားရကျပ်စွာဖြင့် ပြောလိုက်သည်။ “မင်းသား၊ သိုင်းပညာရှင်ဖြစ်လာတာက လွဲရင် သူမဆီက အခြားပြောင်းလဲမှုတွေကို ကျွန်တော် မတွေ့မိဘူး”

ရန်ကျောက်ကဲက သူ့နှုတ်ခမ်းကို စေ့လိုက်သည်။ “ဖြစ်နိုင်တာက…”

ဟုတ်သားပဲ၊ အစောတုန်းက ငါ မင်းကို လူလွှတ်ပြီး ကျောက်ဟိုကို စောင့်ကြည့်ခိုင်းထားတာ၊ ဘာမှ သတင်းပြန်မပို့သေးဘူးလား”

အားဟူက ပြန်လည်ဖြေကြား၏။ “ဒီအချိန်အထိ ကျောက်ဟိုက ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး၊ ကြည့်ရတာတော့ သူက မင်းသား ထင်တာထက် အများကြီးပိုပြီး ဥပဒေကို လိုက်နာတဲ့ပုံပါပဲ”

ရန်ကျောက်ကဲ ခေါင်းငြိမ့်၏။ “ဆက်စောင့်ကြည့်နေ၊ ဒါပေမယ့် အရှေ့တန်က လူတွေ မသိစေနဲ့”

ကိစ္စအားလုံးကို ခေတ္တမျှ သူ့ခေါင်းထဲမှ ထုတ်ပြီးနောက် ရန်ကျောက်ကဲသည် တည်းခိုရာနေရာသို့ ပြန်လာခဲ့သည်။ ထို့နောက် ရန်ကျောက်ကဲသည် အကြီးအကဲချင်ထံမှ ရလာသော ရတနာကိုးသွယ် ရေခဲဘူးသီးခြောက်ကို ထုတ်လိုက်၏။

သည်ဘူးသီးခြောက်ကို ဝိဉာဉ်လက်နက် သို့မဟုတ် ဝိဉာဉ်ဆေးဝါးကဲ့သို့သော ပစ္စည်းများကို သိုလှောင်ထိန်းသိမ်းရာ၌ သုံးလေ့ရှိကြသည်။

အချို့ဝိဉာဉ်ဆေးပင်များသည် နုတ်ယူပြီးသည်နှင့် သူတို့ထဲမှ ဝိဉာဉ်ချီက အလွန် လျင်မြန်စွာ လွင့်ပါးပျောက်ကွယ်သွားရာ ၎င်းတို့မှာ အသုံးမဝင်တော့ပေ။ သို့ရာတွင် ရတနာကိုးပါးရေခဲဘူးသီးခြောက်တစ်ခု ရှိခြင်းက ထိုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ရမည်ကို တားဆီးနိုင်၏။

ဘူးသီးခြောက်အဆို့ကို ဖယ်ရှားပြီးနောက် ရန်ကျောက်ကဲသည် ရေခဲနဂါးအရိုးဝိဉာဉ်ပိတ်လှောင်ထားသော ရေခဲကျောက်စိမ်းကို ထုတ်ယူလိုက်သည်။

ရန်ကျောက်ကဲမှာ ရေခဲနဂါးအရိုးဝိဉာဉ်၏စွမ်းအားကို တစိတ်တပိုင်း စုပ်ယူပြီးပြီဖြစ်သည်။ ယခု ရန်ကျောက်ကဲသည် ၎င်း၏အဆီအနှစ်ကို သူ့ခန္ဓာကိုယ်ထဲသို့ နောက်တစ်ဖန် စတင်စုပ်ယူလျက်ရှိ၏။

ရေခဲနဂါးအရိုးဝိဉာဉ်အဆီအနှစ်၏ အားဖြည့်မှုအောက်တွင် ရန်ကျောက်ကဲ၏ကြယ်တာရာချီက အဆက်မပြတ် လည်ပတ်နေကာ အဆီအနှစ်သည်လည်း သူ့ခန္ဓာကိုယ်နှင့် ကိုက်ညီအောင် ပြောင်းလဲသွားသည်။

အနှိုင်းမဲ့ကောင်းကင်ကျမ်း၏အကူအညီဖြင့် ရန်ကျောက်ကဲသည် သိုင်းပညာရှင်အများစု မဖြစ်မြောက်နိုင်ခဲ့သော ဤအရာကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ကျင့်ကြံမှုသည်လည်း တိုးတက်လာ၏။

သို့ရာတွင် ဤတစ်ကြိမ်၌ ရန်ကျောက်ကဲသည် ကျင့်ကြံနေရင်း သူ့လက်တစ်ဖက်က ရတနာကိုးပါးကျောက်စိမ်းဘူးသီးခြောက်ကို ဖိထား၏။

ရေခဲနဂါး၏အဆီအနှစ်သည် ရေခဲကျောက်စိမ်း၊ ဘူးသီးခြောက်နှင့် ရန်ကျောက်ကဲ၏ခန္ဓာကိုယ် အကြားတွင် စတင် လှည့်ပတ်လာ၏။

တဖြည်းဖြည်းဖြင့် ရတနာကိုးပါးရေခဲဘူးသီးခြောက် ပတ်လည်မှ အေးစက်သော အငွေ့အသက်က ပိုမို သိပ်သည်းလာ၏။ ဘူးသီးခြောက်အတွင်းမှ နဂါးဟိန်းသံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။

ထို့နောက် အဖြူရောင်နဂါးပုံရိပ်သည် ဘူးသီးခြောက်၏မျက်နှာပြင်၌ ခပ်ရေးရေးမျှ ပေါ်လာ၏။

ရန်ကျောက်ကဲ ပြုံးလိုက်သည်။ “ရေခဲနဂါးဟိန်းသံ၊ ပြည့်စုံပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset