သဲကန္တာရအတွင်းရှိ ကျန်သောအရာများထက် သင်္ချိုင်းဟောင်းကြီးက အလွန်ကွာခြားလေသည်။ သူတို့၏ အလယ်တည့်တည့်တွင် ရှေးဟောင်းသင်္ချိုင်းကြီးထံ ဝင်ပေါက် ဖြစ်သော တံခါးပေါက်ကြီးကို မြင်ရလေသည်။
တံခါးဘေးတွင် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ စားသောက်ဆိုင်ရှိပြီး ရွက်ဖျင်တဲလေးများမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများအပြည့်ဖြင့် ယောက်ယက်ခတ်နေလေသည်။
တချို့မှာ ရှေးဟောင်းသင်္ချိုင်းအတွင်းမှ ရရှိခဲ့သောငွေကြေးပစ္စည်းများကို ရေတွက်နေပြီး အခြားသူများမှာ အထဲမဝင်ခင် သူတို့၏ စိတ်စွမ်းအင်လက်ဖက်ရည်များကို လက်စသတ်နေကြသည်။ စည်းမျဥ်းစည်းကမ်းမှာ ကောင်းကင်ဘုံအဖွဲ့အစည်း ဦးစီးခဲ့သည့်အချိန်နှင့် အတန်ငယ်ကွာခြားလေသည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် အမြတ်များ၏ ၁၀ရာခိုင်နှုန်းကိုသာ ကောက်ခံသော်လည်း ရှေးဟောင်းသင်္ချိုင်းထဲဝင်ရောက်မည့် မည်သူမဆို စွမ်းဆောင်ရည်ရမှတ် ၁၀မှတ်တန် စိတ်စွမ်းအင်လက်ဖက်ရည်တစ်ခွက် ဦးစွာ ဝယ်ယူရန်လည်း လိုအပ်လေသည်။
ထိုစည်းကမ်းအသစ်ထုတ်ထားသော်လည်း သူတို့သည် ကောင်းကင်ဘုံအဖွဲ့အစည်းထက်ပို၍ သဘောမနောကောင်းပျူငှာလေရာ ကုံမြို့တော်၏ ကျင့်ကြံသူများမှာ အလွန်တရာကျေနပ်နေတော့သည်။ အမှန်တွင်သူတို့၏ ပိုင်ဆိုင်မှုအပေါ်ခြိမ်းခြောက်ငွေညစ်ခံခဲ့ရသည်ကို ဘယ်အရာကမှ မေ့ဖျောက်ပစ်နိုင်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် မိုးပြာရောင်နဂါးဆရာကြီး နှင့်ပတ်သက်သော ပို၍ကြောက်မက်ဖွယ်သတင်းများ ပျံ့နှံ့လာလေရာ မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို အာခံရန် ဘာမှ မလုပ်ရဲပေ။
ရွက်ဖျင်တဲများတွင် ဝင်လိုက်ထွက်လိုက်ရှုပ်ယှက်ခတ်နေကြစဥ် စုန့်ချွဲ၏ မျက်နှာပေါ်တွင် အေးစက်သောအမူအရာနှင့် သတ်ဖြတ်လိုသောအရှိန်အဝါများ တဟုန်းဟုန်းတောက်နေကာ ချဥ်းကပ်လာလေသည်။ ထိုပုံစံမှာ ဂိုဏ်းအပြင်ဘက်တွင် သူ့တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားခဲ့ချိန်က အကျင့်ဖြစ်နေခြင်းဖြစ်သည်။ များသောအားဖြင့် ပြောရလျှင် ထိုသို့ခြိမ်းခြောက်သည့်ပုံပေါ်နေပါက အလုပ်လုပ်ရ ပိုမိုလွယ်ကူလေသည်။
စုန့်ချွဲသည် ရွက်ဖျင်တဲတစ်ခုကို ဝင်ရန် အစီအစဥ်မရှိ၍ ထိုအစား လေ့လာမှုတချို့ပြုလုပ်ရန် သင်္ချိုင်းဟောင်းကြီးထံ တည့်တည့်လျှောက်သွားလိုက်သည်။ သို့သော်လည်း မိုးပြာရောင်နဂါးအဖွဲ့အစည်းကျင့်ကြံသူလူငယ်တစ်ယောက်က ရွက်ဖျင်တဲများကို ကျော်သွားရန်လုပ်နေကြောင်း သတိပြုမိသောအခါ အပြေးအလွှား ရောက်လာ၏။
ထိုလူငယ်က လက်ယှက်၍ ပြုံးလိုက်ပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်သည်။
” မင်္ဂလာပါ တာအိုရောင်ရင်းခင်ဗျာ.. .စိတ်စွမ်းအင်လက်ဖက်ရည်လေးတစ်ခွက်လောက် လာပြီး သုံးဆောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”
မိုးပြာရောင်နဂါးအဖွဲ့အစည်းကျင့်ကြံသူများမှ စားသုံးသူများအား ယဥ်ကျေးပျူငှာစွာဆက်ဆံရန်မှာ ချင်းမေ့ယွမ်သတ်မှတ်ထားသည့် စည်းကမ်းများထဲမှ တစ်ခုဖြစ်သည်။
ဤနေရာတွင် သူတို့တည်ရှိနေခြင်းမှာ အားကျမနာလိုဖွယ်ကောင်းနေပြီဖြစ်သော်လည်း လျော့ချထားသော စျေးနှုန်းများအပြင် စားသုံးသူများအား ယဥ်ယဥ်ကျေးကျေးဆက်ဆံရန်လိုသေးသည် မဟုတ်ပါလော။ တချိန်တည်းမှာပင် အကယ်၍ လာရောက်သော လူတစ်ယောက်က ပြန်လည် ယဥ်ကျေးမှုမရှိလျှင် မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် ပြဿနာရှာသူများကို မကြိုဆိုကြောင်း သိသွားစေရမည်ဖြစ်သည်။
“စိတ်စွမ်းအင်လက်ဖက်ရည် ”
စုန့်ချွဲက အနည်းငယ် အံ့သြသွားကာ ပြောသည်။
“ကျုပ် စိတ်စွမ်းအင်လက်ဖက်ရည်တစ်ခွက်မှ မဝယ်တော့ဘူး ”
သူသည် မကျေနပ်သော်လည်း မြို့ထဲတွင် ကောင်းကင်ဘုံအဖွဲ့အစည်းမည်မျှ အင်အားကြီးကြောင်း စဥ်းစားလိုက်သောအခါ သူ၏ ဒေါသများကို မြိုသိပ်လိုက်ပြီး အမိန့်ပေးလည်ဆွဲကို ပြလိုက်သည်။
” ကြည့် မြင်လား။ ကျုပ်မှာ အမိန့်ပေးလည်ဆွဲရှိတယ်”
သူ၏အသံနေအသံထားကြောင့် ထိုနေရာရှိ ကျင့်ကြံသူများ ချက်ချင်းပင်စိတ်ဝင်စားလာကြပြီး ထူးဆန်းသော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။
မိုးပြာရောင်နဂါးအဖွဲ့အစည်းမှ လူငယ်လေးသည် စိတ်ကွက်သွားပုံမရသည့်အပြင် အပြုံးတစ်ချက် ပျက်မသွားပေ။ ထိုနေရာကို ရယူပြီးနောက် လုပ်ဆောင်ချက်များ ပြောင်းလဲသွားသည့်အကြောင်းကို မသိသည့် လူများစွာကို ကြုံခဲ့ဖူးလေသည်။ ထပ်မံလက်ယှက်၍ လူငယ်လေးက ဖော်ရွေစွာ ရှင်းပြပေးလေသည်။
” ကျွန်တော်တောင်းပန်ပါတယ် တာအိုရောင်ရင်းခင်ဗျား။ ဒါပေမယ့် ခင်ဗျားရဲ့ အမိန့်လည်ဆွဲက ကောင်းကင်ဘုံအဖွဲ့အစည်းက ဖြစ်ပြီး ဒီနေရာမှာ သူတို့ အလုပ်မလုပ်တော့ပါဘူး။ ကျွန်တော်တို့က မိုးပြာရောင်နဂါးအဖွဲ့အစည်းပါ။ကျွန်တော်တို့လက်အောက်မှာ လုပ်ဆောင်ချက်တွေက မတူတော့ပါဘူး ခင်ဗျာ ”
ထို့နောက် လူငယ်လေးက စည်းကမ်းများကို စိတ်ရှည်ရှည်ရှင်းပြနေစဥ် စုန့်ချွဲ၏ အမူအရာမှာ ကြိမ်ဖန်များစွာ ပြောင်းလဲနေတော့သည်။
သူသည် ကောင်းကင်ဘုံအဖွဲ့အစည်းကောက်ခံသည့် ၃၀ရာခိုင်နှုန်းအခကြေးငွေကို မပေးလိုသည့် ရည်ရွယ်ချက်ဖြင့် အမိန့်ပေးလည်ဆွဲအတွက် အမြောက်အမြားသုံးစွဲခဲ့ရလေသည်။ ယခုတွင် သူ၏ အမိန့်ပေးလည်ဆွဲမှာ အသုံးမဝင်ကြောင်း အပြောခံလိုက်လေရာ စုန့်ချွဲမှာ မအံ့သြဘဲမနေနိုင်တော့ပေ။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး ” စုန့်ချွဲကပြောသည်။
” ကောင်းကင်ဘုံအဖွဲ့အစည်းက အင်မတန် အရှိန်အဝါကြီးမားတယ်လေ.. မင်းတို့လူတွေက… ”
စုန့်ချွဲမှာ စိုးရိမ်သောကရောက်လာလေပြီ။ အကယ်၍ အမိန့်ပေးလည်ဆွဲသာ အသုံးမဝင်သည်မှာ မှန်ကန်လျှင် သူ၏ ဝတ်ရုံဝါဂိုဏ်းသားဖြစ်ရန် အစီအစဥ်ပျက်စီးသွားလိမ့်မည်။
ထိုအချိန်တွင် စုန့်ချွဲ၏ သတ်ဖြတ်လိုသောအရှိန်အဝါမှာ တဟုန်းဟုန်းတောက်ပလာတော့သည်။ သူသည် နဂိုကထဲက စိတ်ဆတ်သူဖြစ်လေရာ သူ၏ဒေါသကြောင့် စကားလုံးများမှာ ရင့်သီးလာတော့သည်။
” မင်းတို့ကောင်တွေ အဲ့လို လုပ်လို့မရဘူးလေကွာ။ ဒီအမိန့်ပေးလည်ဆွဲက သောက်ရမ်း စျေးကြီးတာကွ ”
ထိုနေရာတစ်ဝိုက်ရှိ ကျင့်ကြံသူများမှာ ဘေးသို့ ရှောင်သွားကြကာ ဖြစ်ပျက်နေသည့်မြင်ကွင်းကို အပျင်းပြေကြည့်နေကြလေသည်။ လူအုပ်ထဲရှိ ကောင်းကင်ဘုံအဖွဲ့အစည်းအတွက် လျှို့ဝှက်အလုပ်လုပ်ပေးနေသည့် ကျင့်ကြံသူအချို့မှာ မီးလောင်ရာလေပင့်လုပ်နေတော့သည်။
“မိုးပြာရောင်နဂါးအဖွဲ့အစည်း ဒါကို ကောင်းကောင်းရှင်းပြပေးသင့်တယ်”
“အေး ဟုတ်တယ်။ ကျုပ် အဲဒီ အမိန့်ပေးလည်ဆွဲကို ခြစ်ခြစ်ကုတ်ကုတ်စုဆောင်းပြီး ဝယ်ခဲ့ရတာ။ အခုတော့ လုံးဝ အသုံးမဝင်တော့ဘူးလို့ မပြောနဲ့နော်”
မိုးပြာရောင်နဂါးအဖွဲ့အစည်းမှ လူငယ်လေး၏ မျက်နှာမှာ တင်းမာလာတော့သည်။ အေးစက်စက် နှာမှုတ်လိုက်ရင်း သူကပြော၏။
” ဒီနေရာက ထွက်သွားစမ်း။ မင်း ပြဿနာထပ်ရှာဦးမယ်ဆိုရင် မိုးပြာရောင်နဂါးအဖွဲ့အစည်းက ရိုင်းပြတယ်ဆိုပြီး အပြစ်မဆိုနဲ့”
စုန့်ချွဲသည် သေေရးရှင်ရေး အန္တရာယ်များကို တစ်နှစ်ကြာ ရင်ဆိုင်ခဲ့ရပြီး သူ၏သတ်ဖြတ်လိုစိတ်မှာ အနည်းငယ်ဆွပေးလိုက်ရုံဖြင့် ပေါက်ကွဲထွက်သွားတော့သည်။ မျက်လုံးများအတွင်း အေးစက်စက်အလင်းများဖြတ်ပြေးသွားပြီး သူ၏ အမြုတေတစ်ပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်လိုက်ရာ သူရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် အားပြင်းသော မုန်တိုင်းတစ်ခုက တိုက်ခတ်လာတော့သည်။
မိုးပြာရောင်နဂါးအဖွဲ့အစည်းမှ လူငယ်လေးမှာ အံသြတုန်လှုပ်သွားပြီး ထိုနေရာတွင် တအံ့တသြအော်ဟစ်သံများ ပွက်လောရိုက်သွားတော့သည်။ ထိုအခြင်းအရာအရ ရုတ်ရုတ်သဲသဲဖြစ်ပေတော့မည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် လူတစ်ယောက်က ငေါ့တော့တော့လှမ်းအော်လိုက်သည်။
” စုန့်ချွဲ ”
နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့ ရောက်ရှိလာပြီး စုန့်ချွဲကို မြင်လိုက်သောအခါ သူတို့၏ ပါးစပ်များ အဟောင်းသားဖြစ်သွားတော့သည်။
စုန့်ချွဲမှာ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ဒေါသထွက်နေသော်လည်း နတ်ဆရာနှင့် ရွှီပေါက်ချိုင်ကို မြင်လိုက်ရသောအခါ အံသြမှင်သက်သွားလေသည်။ ကျန်းမာတောက်ပြောင်နေလျက် ထိုနေရာရှိ မိုးပြာရောင်နဂါးအဖွဲ့အစည်း ကျင့်ကြံသူများအားလုံးက သူတို့ကို ကြည်ညိုလေးစားသော အမူအရာဖြင့် ကြည့်နေသည့်ခြင်းကြောင့် သူ အံ့အားသင့်သွားရခြင်းဖြစ်သည်။
“မင်းတို့နှစ်ယောက်…” စုန့်ချွဲမှာကြက်သေသေသေနေသော်လည်း သူဘာမှ မတုံ့ပြန်နိုင်မီ ရုတ်ရုတ်သဲသဲအခြေအနေကို ကြား၍ ပိုင်ရှောင်ချန်းသည် ဝတ်ရုံကိုသပ်သပ်ရပ်ရပ်ပြင်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် အာရုံခံလိုက်လေသည်။ စုန့်ချွဲကို မြင်လိုက်သောအခါ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီးနောက် အားပါတရပြုံးကာ အပြေးအလွှားထွက်လာတော့သည်။
သူအပေါက်ဝတွင်ပေါ်လာသည်နှင့် မိုးပြာရောင်နဂါးအဖွဲ့အစည်း ကျင့်ကြံသူများက ကြည်ညိုလေးစားစွာကြည့်လိုက်ကြပြီး ဒူးထောက်ဦးညွှတ်လိုက်ကြသည်။
” ဆရာကြီးကို ဂါဝရပြုပါတယ်”
မိုးပြာရောင်နဂါးအဖွဲ့အစည်း ကျင့်ကြံသူများ၏ အပြုအမူကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ တခြားလူများသည် ပိုင်ရှောင်ချန်းကိုမြင်လိုက်သောအခါ အံသြသွားကြပြီး အလောတကြီး လက်ယှက်၍ ခေါင်းငုံအရိုအသေပေးလိုက်ကြသည်။
” မိုးပြာရောင်နဂါးဆရာကြီးကို ဂါဝရပြုပါတယ်”
ရွက်ဖျင်တဲထဲရှိလူတိုင်း ဂါဝရပြုရန် အချိန်တခဏသာ ကြာလိုက်သည်။ စုန့်ချွဲ မှာမူ ပိုင်ရှောင်ချန်းကို လှမ်းကြည့်ပြီး မှင်သက်သွားကာ သူ၏ခေါင်းတစ်ခုလုံးချာချာလည်သွားပြီး မျက်လုံးများမှာ အသက်မဲ့သွားတော့သည်။
“ချွဲအာ..”
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ချစ်မြတ်နိုးသော အရိပ်အယောင်များ ပေါ်ထွက်နေပြီး အလောတကြီးပြေးလာရင်း အော်လိုက်သည်။
” မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဒီလိူ အခြေအနေဆိုးကြီးထဲ ဘယ်လိုများရုန်းကန်ခဲ့ရလဲ ချွဲအာရယ်။ ငါဆိုလိုတာက ငါလဲ ဆိုးရွားခဲ့တာပဲ ဒါပေမယ့် မင်းက ငါ့ထက်ပိုဆိုးနေပါရော့လား”
ပိုင်ရှောင်ချန်း၏စကားတို့ကို ကြားသောအခါ လူများထံမှ အံ့သြရေရွတ်သံများ ထွက်ပေါ်လာပြီး စုန့်ချွဲအား အားကျသောအကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်း ဆရာကြီးက ထိုကျင့်ကြံသူကို ချွဲအာဟုခေါ်ပုံထောက်လျှင် သူတို့နှစ်ယောက်၌ အလွန်ရင်းနှီးသော ဆက်ဆံရေးတစ်ခုရှိကြောင်း သေချာလေသည်။
ထိုချွဲအာဆိုသူလူငယ်က မိသားစုအဆင့်အရဆိုလျှင် မိုးပြာရောင်နဂါးဆရာြကီး၏အောက်ရှိ မျိုးဆက်တစ်ယောက်ဖြစ်မည်မှာ သိသာထင်ရှားသည်။
စုန့်ချွဲ၏မျက်နှာမှာ စာရွက်တစ်ရွက်အလား ဖြူဆွတ်နေပြီး သူ၏ ခေါင်းထဲတွင် အံ့သြမှုလှိုင်းလုံးကြီးများ ရိုက်ခတ်နေတော့သည်။ တစ်လောကလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်အလား ရုတ်တရက်ခံစားလိုက်ရလေသည်။ ဤနေရာတွင် ပိုင်ရှောင်ချန်းမှာ မှော်ပစ္စည်းများ၏ အလင်းရောင်များဖြင့် တောက်ပြောင်နေပြီး မရေမတွက်နိုင်သောကျောက်စိမ်းဆွဲကြိုးများမှာ သူ့ပေါ်တွင် တွဲလောင်းကျနေလေသည်။ တစ်ချက်ကလေးကြည့်လိုက်ရုံဖြင့် သူသည် စွမ်းဆောင်ရည်ရမှတ် တစ်သိန်းကျော်တန် လက်ဝတ်တန်ဆာများဝတ်ဆင်ထားသည်မှာ သိသာလေသည်။
ထို့အပြင် သူ့ကို အစေခံရုပ်သေးရုပ်တစ်ဒါဇင်က ဝန်းရံထားပြီး တစ်ခုချင်းစီတွင် ချည်နှောင်ထားသော စိိတ်စွမ်းအင်သတ္တဝါတစ်ကောင်ရှိလေသည်။ သူတို့၏ စုစုပေါင်းတန်ဖိုးမှာ စွမ်းဆောင်ရည်မှတ်သန်းချီရှိပေမည်။
စုန့်ချွဲမှာ ချွေချွေတာတာစားသုံး၍ တစ်နှစ်ပတ်လုံးဆင်းဆင်းရဲရဲနေထိုင်ခဲ့ရပြီး ဝတ်ရုံဝါဂိုဏ်းသားဖြစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် လောကဓံများကို ခါးစည်းခံခဲ့ရသည်။ ယခုတွင် သူ၏စိတ်များ တစစီကြေမွသွားလေတော့သည်။
“မင်း…မင်းက မိုးပြာရောင်နဂါးဆရာြကီး လား”
သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ သူ၏အမြင်အာရုံများ ဝေဝါးနေပြီး ထိုမယုံကြည်နိူင်ဖွယ်အခြေအနေတို့မှာ သူစဥ်းစားနိူင်သည့် အတိုင်းအတာထက်ကျော်နေလေသည်။
ထိုသို့ဖြစ်ပျက်နေစဥ် ဖက်တီးကျန်းကြီးနှင့် ချင်းမေ့ယွမ်တို့ အနားရောက်လာတော့သည်။ စုန့်ချွဲသည် ပိုင်ရှောင်ချန်းထံမှ အကြည့်လွှဲလိုက်ပြီး သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်ရာ သူတို့ ဝတ်ဆင်ထားသည့် ဝတ်ကောင်းစားလှများကို မြင်လိုက်သောအခါ သူရုတ်တရက် ဝမ်းနည်းလာတော့သည်။
“မင်းတို့ ကောင်တွေ..”
ရွှီပေါက်ချိုင်က လည်ချောင်းရှင်းလိုက်ပြီး စုန့်ချွဲကို သနားကရုဏာသက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“စုန့်ချွဲ ငါတို့ ဒီနေရာကို ပိုင်တယ်။ ခေါင်းဆောင်လေးက မိုးပြာရောင်နဂါးအဖွဲ့အစည်းကို ဒီလိုနေ့ရောက်တဲ့အထိ ထူထောင်ခဲ့တာပဲ။ ပြီးတော့ အဲ့စားသောက်ဆိုင်ကလဲ ငါတို့အပိုင်ပဲ။ ဒီတစ်နေရာလုံးက ခေါင်းဆောင်လေးရဲ့ ကိုယ်ပိုင်နေရာ လေ။ မင်းရဲ့ အမိန့်ပေးလည်ဆွဲက ဒီနေရာမှာ ဘာမှ လုပ်လို့မရဘူး။ ဒါပေမယ့် မင်းက ခေါင်းဆောင်လေးရဲ့တူဆိုတာ စဥ်းစားလိုက်ရင် ငါတို့က တစ်ဖွဲ့တည်းပဲလေ ဟုတ်တယ်မလား။ ဘယ်သူက အမိန့်ပေးလည်ဆွဲတွေကို ဂရုစိုက်နေမှာတုံး။ အမှိုက်ထဲသာ လွှင့်ပစ်လိုက်။ ရှေးဟောင်းသင်္ချိုင်းထဲကို မင်းကြိုက်တဲ့အချိန်သွားလို့ရတယ်။ ဟုတ်တယ်နော် ခေါင်းဆောင်လေး”
ပိုင်ရှောင်ချန်းက စိတ်မကောင်းဖြစ်နေသော အမူအရာဖြင့် စုန့်ချွဲ၏ပခုံးကို ပုတ်လိုက်သည်။ ဝါရင့်ဂိုဏ်းဝင်တစ်ဦးအလား သူကခေါင်းညိတ်ပြလိုက်လေသည်။
“ချွဲအာ မင်းဘေးကင်းဖို့အတွက် မင်းအဒေါ်က ငါ့ကိုအပ်ထားတာ။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးအနေနဲ့ မင်းကိုဂရုစိုက်ဖို့တာဝန် ငါ့မှာရှိတာပေါ့။ ငါတို့ ဒီကို ပထမဆုံးရောက်ချိန်တုန်းက မင်းငါ့ကို ရက်ရက်စက်စက်ထားရစ်ခဲ့ပေမယ့် ငါဗွေမယူပါဘူးကွာ။ နားထောင်။ ဒီသင်္ချိုင်းကြီးက အင်မတန် အန္တရာယ်များတယ်။ပြီးတော့ ဦးလေးတစ်ယောက်အနေနဲ့ မင်း အခုလို အန္တရာယ်တွင်းထဲသွားမှာကိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ မင်းစွမ်းဆောင်ရည်ရမှတ်ဘယ်လောက်လိုသလဲပြော။ ငါထုတ်ပေးမယ်။ အခုချက်ချင်း မင်းဝတ်ရုံဝါဂိုဏ်းသားတစ်ယောက်ဖြစ်သွားစေရမယ်။ ငါစကားတစ်ခွန်းပြောလိုက်တာနဲ့ ပြီးတယ် ”
သူ့စကားများကြောင့် တအံ့တသြရေရွတ်သံများ ထွက်ပေါ်လာပြီး ငမ်းငမ်းတက်လိုချင်သော အကြည့်တို့က စုန့်ချွဲအပေါ် စုပုံကျလာတော့သည်။ လူအများစုမှာ ဝတ်ရုံဝါဂိုဏ်းသားတစ်ယောက်ဖြစ်ရန် စိတ်ကူးသာယဥ်နိုင်ကြသော်လည်း ပိုင်ရှောင်ချန်းသည် ထိုဂုဏ်အရှိန်အဝါကို စုန့်ချွဲအား လက်ဆောင်ပေးမည်ဟု သူတို့ ကြားလိုက်ကြလေသည်။ သူတို့မျက်လုံးများထဲရှိ အားကျမနာလိုမှုများမှာ ဖုံးဖိမရတော့ပေ။
သို့သော်လည်း စုန့်ချွဲသည် မာနကြီးသော လူဖြစ်လေရာ ” ဦးလေး” နှင့် ” ချွဲအာ” ဆိုသော အသုံးအနှုန်းများအား ကြားလိုက်သည်တွင် ဒေါသများ မိုးထိအောင်မြင့်တက်သွားတော့သည်။ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သူ့မျက်နှာမှာဖျော့ေတာ့လာကာ သတိလစ်သွားလေတော့သည်။