အခန်း ( ၃၉၉ )

စုန့်ချွဲ၏စိတ်ကူး

ထိုမြင်ကွင်းကို မြင်လိုက်ရသူသာရှိပါက အလွန်အမင်းတုန်လှုပ်သွားမည်သာ ဖြစ်သည်။ ဤအချင်းအရာမှာ သာမန် အမြုတေအလယ်အဆင့်ရှိသော ကျင့်ကြံသူများ မဆိုထားနှင့် လက်ရှိမျိုးဆက်၏ ထိပ်သီးလက်ရွေးစင်များပင်လျှင် မလုပ်နိုင်သော အရာဖြစ်သည်။

ထို့အပြင် ဤနေရာသည် မြစ်ဝဂိုဏ်းဖြစ်သော ရှင်းကုံကျစ်တာအိုဂိုဏ်းဖြစ်ရာ ၎င်း၏ လက်ရွေးစင်များမှာ အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများရှိ လက်ရွေးစင်များထက် များစွာ သာလွန်ကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏လက်ရှိ လုပ်နေသောအရာကြောင့် ထိုသို့သော လက်ရွေးစင်များအားလုံးပင် တုန်လှုပ်သွားကြမည်မှာ ဧကန်ပင်။

ထို့အပြင် ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်သည် ယခုမှ ပထမပိုင်းအဆင့်သာ ရှိသေးသည်။

” ဒါက အေးစိမ့်ပညာရှင် အဆင့်ပဲ ရှိသေးတာနော်။ ငါသာ အေးစိမ့်သခင် အဆင့်ရောက်လို့ကတော့ကွာ…. ” သိုင်းကွက်၏ ဖော်ပြချက်ကို ပြန်တွေးရင် ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ မျှော်လင့်ချက်များနှင့်အတူ တောက်ပစွာ လင်းလက်လာတော့သည်။

” အေးစိမ့်သခင်တွေက မီတာသုံးသောင်း အကျယ်အဝန်းရှိပြီး ကိုယ်ပွားအစစ်တွေပဲပါတဲ့ အေးစိမ့်နယ်မြေတစ်ခုကို ဖန်တီးနိုင်တယ်။ အခုဟာတွေက အေးစိမ့်အရိပ်တွေပဲ ရှိသေးတာ။ ကိုယ်ပွားအစစ်တွေ မဟုတ်သေးဘူး။ ” ဤအချိန်တွင်မူသူသည် အေးစိမ့်ကိုယ်တော် အဆင့်အကြောင်းကို မတွေးပဲ မနေနိုင်တော့ချေ။

” အေးစိမ့်ကိုယ်တော် တွေဆိုရင် ကောင်းကင်တံတားမြစ်ရဲ့ အစိတ်တပိုင်းတစ်ခုကိုတောင် ခဲပစ်လို့ရတယ်တဲ့။ ”
ပိုင်ရှောင်ချန်းမှာ မျှော်လင့်ချင်ရောင်ခြည်များသန်းနေသည့် မျက်ဝန်းများဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့သည်။ သို့သော်လည်း ဤကျင့်ကြံခြင်းမှာ မပြီးဆုံးသေးပဲ သူ၏ အဆင့်တက်ခြင်းမှာ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်တွင် ရပ်မသွားပေ။ သူ၏ ထာဝရ အရွတ်အကြောများ အဆင့်တက်ရန်အတွက်လည်း အချိန်ကျရောက်လာပြီဖြစ်သည်။

သူ၏ ဘယ်ခြေထောက်ကို ငုံ့ကြည့်လိုက်သောအခါ ၎င်းခြေထောက်အတွင်းရှိ အရွတ်အကြောများသည် အပြီးအစီးသန့်စင်ပြီးသွားပြီဖြစ်သဖြင့် ထိုခြေထောက်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲတွင် အသန်မာဆုံးနှင့် ဒဏ်အခံနိုင်ဆုံး အစိတ်အပိုင်း ဖြစ်သွားတော့သည်။

သူက တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဘယ်ခြေထောက်ကိုမြှောက်ကာ ထာဝရအရွန်အကြောများ၏ အစွမ်းအားလုံးကို သုံးကာ မြေကြီးပေါ်သို့ ပြန်လည်ဆောင့်ချလိုက်သည်။ ခြေထောက်မှာ မြေကြီးနှင့် မထိရသေးချိန်တွင် မြေကြီးမှာ စတင်တုန်ရီလာပြီး သဲမှုန်များစွာမှာ လေပေါ် ပျံတက်လာကြတော့သည်။

သို့သော် ပိုင်ရှောင်ချန်းမှာ ကျေနပ်မှု မရှိသေးပေ။ သူ၏ခြေထောက်မှာ မြေကြီးနှင့်ထိသွားသောအခါ သူက အရောင်လက်နေသည့် မျက်လုံးများဖြင့်ဆိုလိုက်သည်။
” ထာဝရပြုစားခြင်းသိုင်း။ ”

မရေမတွက်နိုင်သော အက်ကွဲကြောင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး သဘာဝ အချုပ်အနှောင် မန္တန်အစီအရင်တစ်ခုကဲ့သို့ အရာတစ်ခုကို ဖန်တီးလိုက်လေသည်။ ထိုအချိန်တွင် ထိုနေရာရှိ အရာအားလုံးမှာ ချုပ်နှောင်ခံလိုက်ရပြီး တပြိုင်နက်ထဲ ပျက်စီးသွားတော့သည်။ ပိုင်ရှောင်ချန်း၏ ဘေးပတ်လည်ရှိနေရာမှာ ပြိုလဲကုန်ကြပြီး ဖုန်လုံးကြီးများ လွင့်ပျံနေတော့သည်။

မိုးခြိမ်းသံများ အရပ်မျက်နှာအားလုံး ပဲ့တင်ထပ်နေပြီး ကုံမြို့တော်၏ လူမနေသော နေရာများအထိပင် ရောက်ရှိသွားတော့သည်။

လေပေါ်တွင် ပျံဝဲနေသည့် ဖုန်လုံးကြီးများနှင့် သဲများအောက်တွင် ပိုင်ရှောင်ချန်းမှာ လူးလိမ့်နေရင်း ခွေးတစ်ကောင်ကဲ့သို့ တကိန်ကိန် အော်ဟစ်နေတော့သည်။ ထို့နောက် ဖုန်များငြိမ်ကျသွားသောအခါ မီတာသုံးရာ အကျယ်အဝန်းရှိသည့် ဧရာမကျဥ်းကြီးတစ်ခု၏ အောက်ခြေတွင်ရောက်နေသည်ကို မြင်လိုက်ရတော့သည်။

ထိုကျဥ်းကြီးကို တစ်ခုနှင့်တစ်ခုချိတ်ဆက်နေသည့် ရွှေရောင်အမျှင်အတန်းများက ဖုံးအုပ်ထားသည်။ ထိုအမျှင်အတန်းများသည်ကား လည်မျိုဖမ်းဆုပ်ကွက်နှင့် တောင်ဖြိုသိုင်းကွက်တို့အပြီး တတ်မြောက်နိုင်သည့် နတ်ဘုရားအစွမ်းဖြစ်သော ထာဝရပြုစားခြင်းသိုင်း၏ ပုံရိပ်များဖြစ်သည်။

၎င်းသိုင်းကွက်သည် အရာရာတိုင်းကို ချုပ်နှောင်နိုင်ပေသည်။

ကျဥ်းကြီး၏ အောက်ခြေတွင် ဖုန်များဖြင့်အလူးလူးအလဲလဲဖြစ်နေသည့် ပိုင်ရှောင်ချန်းမှာ ကုန်းရုန်း၍ပြန်ထကာ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ သူသည် ကန္တာရတစ်ခုထဲသို့ ရောက်ရှိနေပြီး သူ၏ခြေထောက်အောင်တွင် လျော့တိလျော့ရဲဖြစ်နေသည့် သဲများနှင့် အညစ်အကြေးများသာ ရှိကြောင်းကို သူကမေ့သွားသည်။ အောင်မြင်မှုကိုခံစားရမည့်အချိန်တွင် အညစ်အကြေးများအောက်တွင်လူးလိမ့်နေရသည်မှာ မျက်နှာပျက်စရာတစ်ခုဖြစ်သော်လည်း ကျဥ်းကြီးပေါ်သို့ပြန်တက်လာပြီး မည်သူမှ ထိုအချင်းအရာကို မမြင်လိုက်ကြောင်း သေချာစေရန် စစ်ဆေးလိုက်ပြီးနောက် သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူသည် ဣန္ဒြေပြန်ဆည်လိုက်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ စားသောက်ဆိုင်ဘက်သို့ ပြန်၍ ပျံသန်းသွားတော့သည်။

သူထွက်ခွာသွားပြီး အနည်းငယ်အကြာတွင် ကုံမြို့တော်မှ ကျင့်ကြံသူများမှာ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကို လာကြည့်ရန် ရောက်လာကြသည်။ သူတို့အားလုံး ထိုမီတာသုံးရာအကျယ်ရှိသော ကျဥ်းကြီးကိုမြင်လိုက်ရသောအခါ တအံ့တသြဖြစ်သွားကာ မှင်တက်နေကြတော့သည်။

” ဒါ…. ဒီကန္တာရကို ရှင်းကုံကျစ်တာအိုဂိုဏ်းက ဒီနေရာမှာ ထားတာမလား။”

” သာမန်အားမျိုးနဲ့ ဒီလိုထိခိုက်မှုကြီး ဖြစ်အောင်လုပ်လို့မရနိုင်ဘူး။ တစ်ယောက်တစ်ယောက်က ဒီလိုမျိုး ကျဥ်းအကြီးကြီးပေါ်လာအောင် လုပ်နိုင်လိုက်တာ ငါ့ဖြင့် မယုံနိုင်လောက်အောင်ပဲ။ မဟုတ်မှလွဲရော။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက်ယောက်က ဒီနေရာကိုဆင်းလာပြီး လေ့ကျင့်ခန်း လာလုပ်တာများလား။ ”

” အမြုတေအဆင့် ကျင့်ကြံသူတွေတောင် ဒီလိုမလုပ်နိုင်ဘူး။ ဒါ ရှင်းကုံကျစ်တာအိုဂိုဏ်းကရဲ့ ထိပ်သီးလက်ရွေးစင် အယောက်တစ်ထောင်ထဲက တစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ ”
ထိုသို့ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်သီးလက်ရွေးစင်များအကြောင်း ပါဝင်လာသောအခါ ရှိသမျှ ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် အားကျနေသည့် အမူအရာများ ပေါ်ပေါက်လာတော့သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်သီးလက်ရွေးစင်များသည် ဂိုဏ်းတွင် အလွန်အရေးပါသည်။ သူတို့သည် ယင်ယန်ဝိညာဥ်အဆင့်၏အောက် စွမ်းအားနှင့် ကျွမ်းကျင်မှုများအပေါ် မူတည်ကာ အဆင့်ခွဲခြားသတ်မှတ်ထားကြသည့် ထိပ်သီးကျင့်ကြံသူများဖြစ်သည်။ ထိုစာရင်းထဲရှိ လူတိုင်းမှာ အရှေ့ပိုင်းကျင့်ကြံခြင်းလောကကြီးကို တစ်ယောက်ထဲအားနှင့်ပင် ကိုင်လှုပ်နိုင်သည်။

ထိုကိစ္စအကြောင်းကို ဆွေးနွေးငြင်းခုံနေကြစဥ် ခပ်လှမ်းလှမ်းတွင် အလင်းတန်းတစ်ခုနှင့်အတူ ယောက်ျားပီသသော လူငယ်တစ်ဦးပေါ်ပေါက်လာသည်။ သူသည် ခရီးပန်းသည့်ဒဏ်ကြောင့် မောပန်းနွမ်းနယ်နေပါသော်လည်း သူ၏ မျက်လုံးများမှာ လင်းလက် တောက်ပနေပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အံ့သြဖွယ်ကောင်းစွာ အခြေခိုင်မာခြင်းအဆင့်မဟာစက်ဝန်းတွင်ရှိပြီး အမြုတေအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည်။

သူ့ကိုတစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူသာ စိတ်စွမ်းအင်ပင်လယ်များကို အစိုင်အခဲအသွင် ပြောင်းလဲလိုက်ပါက အမြုတေအဆင့်သို့ ရောက်သွားမည်ဖြစ်ကြောင်း သိနိုင်သည်။ ထိုအချင်းအရာသည် ကျဆုံးနိုင်ခြေရှိသော်လည်း သူ့ဆီမှထွက်ပေါ်နေသည့် အငွေ့အသက်များအရ ကျရှုံးနိုင်ခြေမှာ အလွန်ပင်နည်းပါးလှသည်။

ထိုလူငယ်လေးထံမှ သတ်ဖြတ်လိုသည့် အခိုးအငွေ့တစ်ခုလည်း လွင့်ပျံနေသည်။ ထို့အပြင် သူ၏ မျက်နှာပေါ်ရှိ အမာရွတ်များနှင့် ပေါင်းစည်းလိုက်သော အခါ သူ့ကိုချဥ်းကပ်၍မရနိုင်သည့် ပုံစံပင် ပေါ်နေတော့သည်။

သူသည် စုန့်ချွဲပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းနှင့် လမ်းခွဲခဲ့စဥ်က သူသည် တာဝန်များထမ်းဆောင်ရန် ချက်ချင်းပင် ဂိုဏ်းအပြင်သို့ထွက်သွားခဲ့သည်။ နှစ်တစ်ဝက်နီးပါး ကုန်လွန်လာသောအခါတွင် သူသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ သို့သော် သူသည် တာဝန်များကို ထမ်းဆောင်ရန် အစွမ်းကုန်ကြိုးစားခဲ့ပြီး ယခုတွင်မူ သင်္ချိုင်းဟောင်းကြီးထဲတွင် တာဝန်အနည်းငယ်သာ ထမ်းဆောင်ရန် ကျန်ရှိတော့သည်။ ထိုတာဝန်များကို ပြီးစီးအောင် ထမ်းဆောင်ပြီးသွားပါက သူသည် စွမ်းဆောင်မှုရမှတ် သောင်းဂဏန်းများစွာကို စုစည်းမိသွားမည်ဖြစ်သည်။

သူက ထိုနေရာမှ ဖြတ်၍လာသောအခါ ကျဥ်းကြီးကို သတိထားမိလိုက်၍ ရပ်ကာ ကြည့်လိုက်တော့သည်။

” ဒီကျဥ်းကြီးပေါ်ပေါက်လာအောင် လုပ်ခဲ့တဲ့လူက တော်တော်တော့ တမူထူးခြားမှာပဲ။ တစ်ရက်ရက်တော့ သူ့လိုစွမ်းလာအောင် လုပ်ရမယ်…. ”

အခြားကျင့်ကြံသူများမှာ သူ့ကို သတိကြီးကြီးထားကာ ကြည့်နေကြသည်။ သူ၏မျက်ဝန်းထဲရှိ အန္တရာယ်အရိပ်အယောင်များ၊ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် သူ၏ဘေးနားရှိ ကြောက်မက်ဖွယ် လေပြင်းများကြောင့် မည်သူမှ သူ့ကို ရန်မစရဲလောက်အောင် ဖြစ်နေရသည်။ သူသည် အသက်နှင့်ရင်းရသည့်အခက်အခဲများကြားတွင် ရှင်သန်နေထိုင်လာသူတစ်ယောက်နှင့် တူနေတော့သည်။

သူတို့၏မျက်ဝန်းများထဲရှိ ကြောက်ရွံ့မှု အရိပ်အယောင်များကို သတိထားမိလိုက်သောအခါ စုန့်ချွဲမှာ ကြိတ်၍ကျေနပ်နေပြီး အနည်းငယ်ပင် ဂုဏ်ယူနေ တော့သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူသည်ပို၍သန်မာလာကာ လူသစ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား ခံစားနေရသည်။ သူ၏အတွေ့အကြုံအရဆိုလျှင် သူသည် အဝါရောင်ဝတ်ရုံအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရန် အနည်းငယ်မျှသာ လိုတော့သည်။

” ငါ့အဖွဲ့ထဲက တခြားကောင်တွေ ငတ်သေသွားပြီဆိုရင်တောင် အံ့သြစရာမရှိပါဘူး။ ဟွန်း။ ”
သူသည် ခေါင်းမာမာဖြင့် နတ်ဆရာ၊ ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးတို့အားလုံးကို အသုံးမဝင်သည့် လူအများအဖြစ်သာ တွေးနေသည်။ ချင်းမေ့ယွမ်တစ်ယောက်သာလျှင် အရည်အချင်း အနည်းငယ်ရှိသည်။

ပိုင်ရှောင်ချန်း အကြောင်းတွေးမိလိုက်တိုင်း စုန့်ချွဲမှာ အံကြိတ်နေရစမြဲပင်။ ပိုင်ရှောင်ချန်းသည် သူ့ကို ပထမဆုံးအကြိမ်အဖြစ် မြေခဓားချောက်ထဲတွင် အနိုင်ယူခဲ့ပြီး သူ၏ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ ရောက်နိုင်မည်အခွင့်အရေးကို ခိုးယူခဲ့သည်။ ထိုကိစ္စကို သူက အခဲမကျေဖြစ်ကာ တစ်သက်လုံး မေ့မရနိုင်လောက်အောင် ဖြစ်နေတော့သည်။ ထို့နောက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိခဲ့စဥ်က ဖြစ်ပျက်ခဲ့သည့် အရာများကြောင့်လည်း သူက ရူးသွပ်လုနီးပါးဖြစ်ခဲ့ရသည် အထိပင်။ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အရာများကိုပင် သူက မနည်းသည်းခံခဲ့ရသည်။

” ပိုင်ရှောင်ချန်း ။ ပထမအခေါက် မြေခဓားကမ္ဘာတုံးက မင်းငါ့ကို အရူးလုပ်ခဲ့တာ။ ဒုတိယအခေါက်ရောက်တော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ။ တတိယအကြိမ်ရောက်တော့ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ။ မင်းက အမြဲတမ်း ချွဲအာရေ…ချွဲအာရေ ကို ပါးစပ်ကမချဘူး။ ငါ အဝါရောင်ဝတ်ရုံအဆင့် ဂိုဏ်းသားဖြစ်မှ မင်းနဲ့ငါတွေ့မယ်။ အဲ့အချိန်ရောက်ရင် မင်းငါ့ကို အရူးလုပ်ခဲ့တာထက် ဆယ်ဆပိုပြီး မင်းကို အရူးပြန်လုပ်ပြမယ်။ ”
သူက တစ်ကိုယ်ထဲ ရေရွတ်နေရင်း သူ၏မျက်လုံးများမှာ ပို၍တောက်ပလာတော့သည်။

သူ၏အကြံအစည်အတိုင်း အရာအားလုံးဖြစ်သွားလိမ့်မည်ဟု သူက အပြည့်အဝယုံကြည်နေသည်။

” ရှင်းကုံကျစ်တာအိုဂိုဏ်းက ငါ့အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့ နယ်မြေကြီးပဲကွ။ ငါဒီကိုမလာခင်တုံးက မျိုးနွယ်စုခေါင်းဆောင်ကြီးက ငါဒီမှာ သေချာပေါက် ယင်ယန်ဝိညာဥ်အဆင့်ထိရောက်နိုင်လိမ့်မယ်ဆိုပြီး အပြည့်အဝယုံကြည်နေတာ။ ”
ထို့နောက် သူက ငုံ့ကြည့်ကာ သူ၏ထည့်စရာအိတ်ကို ပုတ်၍ အပြာရောင် အမိန့်ပေးဆွဲပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုဆွဲပြားမှာ အရွယ်အစား မကြီးမားသော်လည်း အလွန်အရေးပါသည်။ ဂိုဏ်းအပြင်ဘက်တွင် သူ တာဝန်ထမ်းဆောင်ခဲ့စဥ်က ကြုံတွေ့ခဲ့ရသည့် ကုံမြို့တော်မှ အခြားကျင့်ကြံသူတစ်ယောက်က သူ့ကို ထိုဆွဲပြားအား စျေးအများကြီးနှင့် ရောင်းချခဲ့သည်။ ထိုဆွဲပြားသည် ကောင်းကင်ဘုံအဖွဲ့အစည်း အုပ်ချုပ်သည့် ရှေးဟောင်းသင်္ချိုင်းကြီးဆီသို့ ဝင်ရာတွင် သုံးရသည့် အမိန့်ပေးဆွဲပြားပင် ဖြစ်သည်။

” ငါ အဝါရောင် ဝတ်ရုံအဆင့် ဂိုဏ်းသားတစ်ယောက် ဖြစ်နိုင်၊မဖြစ်နိုင်က အဲ့ေရှးဟောင်းသင်္ချိုင်းကြီးထဲမှာ ဘယ်လိုဖြစ်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ကံကောင်းရင်တော့ ရာထူးတိုးဖို့ လုံလောက်တဲ့ စွမ်းဆောင်မှုရမှတ်တွေ ရပြီး သက်တံ့ဒေသပေါ်ကို တက်နိုင်ကောင်းပါရဲ့။ ” သူကထိုသို့တွေးတောကာ သူ၏မျက်ဝန်းများမှာ မျှော်လင့်ချက်နှင် ခံစားချက်ပေါင်းစုံတို့ဖြင့် တောက်ပလာတော့သည်။

” အရင်ဆုံး အဲ့သင်္ချိုင်းဟောင်ကြီးဆီ သွားပြီး အကဲခတ်မယ်။ ပြီးရင် တာဝန်တွေကို အပြီးသတ်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရမယ်။ ”
သူက ပြုံးကာ သင်္ချိုင်းဂူ အဝင်ပေါက်ဆီသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။

မကြာမီ သူကထိုအနီးသို့ရောက်သွားရာ ထိုနားပတ်လည်တွင် တည်ဆောက်ထားသည့် စားသောက်ဆိုင်ကြီးကို မြင်လိုက်ရသည်။

အပြင်ဘက်ရှိ အမိုးထိုးထားသော အဆောင်များစွာနှင့် အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားသော စားပွဲထိုးများနှင့်တူသည့် ကျင့်ကြံသူများက အလုပ်ရှုပ်နေကြသည် ကိုလည်း သူက မြင်လိုက်လေသည်။

အခြား သာမန်ကျင့်ကြံသူများကမူ သင်္ချိုင်းကြီးအဝင်ပေါက်တွင် သွားလာနေကြသည်။

” ကုံမြို့တော်ရဲ့ ထိပ်သီးအဖွဲ့အစည်းဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။ ကျောထောက်နောက်ခံနေရာမှာ နတ်အဆင့်ကျင့်ကြံသူ မျိုးနွယ်စုတစ်ခုရှိတဲ့ ကောင်းကင်ဘုံအဖွဲ့အစည်းကသာ ဒီလို စားသောက်ဆိုင်ကြီးကို ဆောက်နိုင်မှာ။ ” သူက သက်ပြင်းချကာ ကောင်းကင်ဘုံ အဖွဲ့အစည်းက ဤနေရာကိုထိန်းချုပ်ရာမှ ရရှိမည့် အမြတ်အစွန်းဝင်ငွေများကို မနာလိုသည့်မျက်ဝန်းများဖြင့် တွေးတောနေသည်။ သို့သော်လည်း သူက ထိုကိစ္စနှင့် ပတ်သတ်၍ ဘာမှမလုပ်နိုင်ေချ။

” ငါတစ်နှစ်လောက် ခြစ်ကုတ်ပြီးစုရတဲ့ ပမာဏထက် သူတို့ရဲ့တစ်ရက်ဝင်ငွေက ပိုများမယ်ဆိုတာ လောင်းရဲတယ်…”

လွန်ခဲ့သည့်တစ်နှစ်လုံးတွင် သူက ဂိုဏ်းအပြင်ဘက်တွင် ထွက်ကာ တာဝန်များထမ်းဆောင်နေခဲ့သည်ဖြစ်ရာ ထိုအတောအတွင်း မြို့တော်ထဲတွင်ဖြစ်ပျက်ခဲ့သည်များကို မသိပေ။ အားကျစိတ်များဖြင့် သက်ပြင်းချလိုက်ပြီး သူက ကောင်းကင်ဘုံ အဖွဲ့အစည်း၏ အမိန့်ပေးဆွဲပြားကိုထုတ်ကာ စားသောက်ဆိုင်ဆီသို့ ဦးတည်သွားလိုက်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset