Switch Mode

အခန်း (၅၅၄)

အဆင်သင့်ပြင်ထားကြ

ဖုန့်ချိုးရန်၏ မောပန်းနွမ်းလျနေသော စကားသံ သူတို့၏နောက်မှ ထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ အံ့ဩတုန်လှုပ်သွားကြပြီး ခြေလှမ်းများရပ်တန့်သွားကြ၏။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း နှုတ်ဆိတ်သွားကြသည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါး ပြန်တင်ကာ မေးလိုက်၏။

” အကြီးအကဲဖုန်း။ ကျွန်တော်တို့သုံးယောက် ကြိုတင်ပြင်ဆင်ထားနိုင်အောင်လို့ စမ်းသပ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောပြထားလို့ရမလား ”

ဖုန့်ချိုးရန်ကမူ သူတို့အား ပြောပြလျှင်လည်း အကျိုးထူးမည်မဟုတ်ကြောင်း မှတ်ယူထားသဖြင့် စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ သူမသည် သူမ၏ လက်ကိုသာ ဝှေ့ယမ်းလိုက်ပြီး သူတို့သုံးယောက်အား ထွက်သွားရန် အချက်ပြလိုက်၏။ ဝမ်ပေါင်လဲ့မှာ စကားအချို့ ပြောချင်ပါသော်လည်း သူ၏ဆန္ဒများကို ပြန်လည်ချုပ်တည်းလိုက်၏။ နောက်ဆုံးတွင် သူသည် စကားဆက်မပြောတော့ဘဲ ဖုန့်ချိုးရန်၏ ဂူဗိမာန်ထဲမှ ထွက်ခွာလာတော့သည်။

ဖုန့်ချိုးရန် သူတို့သုံး‌ယောက် ထွက်ခွာသွားသည်ကို မြင်လိုက်ရပြီးနောက် သူမခံစားနေရသည့် စိတ်ပင်ပန်းမှုဝေဒနာများမှာ ဖုံးကွယ်၍မရလောက်အောင် ပေါ်ပေါက်လာတော့သည်။ အထူးသဖြင့် သူမ၏ မျက်နှာအမူအရာမှာ သိသိသာသာ ညှိုးငယ်သွား၏။ သူမသည် မျှော်လင့်ချက်အားလုံး ပျက်သုဉ်းနေသကဲ့သို့ ခံစားနေရခြင်း မရှိပါသော်လည်း သူမတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားပြီးသွားပြီဖြစ်သည်။ သူမ၏ တပည့်ရင်းနှစ်ယောက်အား ဗေဒါရွက်များကို ရယူပေးရန် စေခိုင်းခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမဘက်မှ ယခုထက်ပို၍ ကူညီပေးနိုင်တော့မည် မဟုတ်ပေ။

သူမဘက်မှ မြဲ့လျဲ့ကျိနှင့် ဆက်ဆံရေးအားလုံး ဖြတ်တောက်ကာ သူနှင့် တိုက်ပွဲတစ်ခု ဆင်နွှဲရုံမှလွဲ၍ လက်ရှိအခြေအနေကြီးအား ဖြေရှင်းနိုင်မည့် အခြားနည်းလမ်းတစ်ခုတစ်လေပင် မရှိတော့ပေ။ သို့သော် သူမဘက်မှ ထိုကဲ့သို့ တိုက်ခိုက်လိုက်လျှင်တောင် ဆွေးနွေးပွဲထဲ၌ သူမ မြင်ခဲ့ရသည့်အတိုင်း မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီး ယိုရန်တို့မှာ ရင်နှီးသောဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဖုန့်ချိုးရန်မှာ လက်ရှိအခြေအနေကြီးအား ပြောင်းလဲပစ်နိုင်တော့မည်မဟုတ်ကြောင်း နားလည်ထား၏။

” အရာအားလုံးက ကံကြမ္မာပေါ်မှာပဲ မူတည်နေပြီ ” ဖုန့်ချိုးရန်မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူမ၏ တပည့်ရင်းနှစ်ယောက်မှာ ထူးချွန်ထက်မြက်သော ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင်အောင် ယခုကဲ့သို့သော ကိစ္စများမှာ ကံကြမ္မာပေါ်တွင် အများကြီး မူတည်နေကြောင်း သူမက သိထား၏။ ထို့ကြောင့် သူမသည် မအောင်မြင်ဘဲ ကျရှုံးသွားမည့် ဖြစ်နိုင်ခြေ အတွက်ပင် သူမ၏စိတ်ကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ အကယ်၍ သူမဘက်မှ ရှုံးနိမ့်သွားခြင်း မရှိလျှင်တောင် မြဲ့လျဲ့ကျိဆင်ထားသည့်‌ ထောင်ချောက်ထဲမှ ရုန်းထွက်နိုင်ရန် မသေချာသေးပေ။

ထိုကဲ့သို့သော အတွေးများကြောင့် ဖုန့်ချိုးရန်မှာ အလွန်အင်မတန်မှ စိတ်ဖိစီးကာ အမောဖောက်လာရတော့သည်။ ထို့ကြောင့် သူမသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား သံသယများ ဝင်လာရပြီး ယခုလို နှစ်ပေါင်းများစွာ တောင့်ခံခဲ့ရသည့်အတွက် အနည်းငယ်ခန့် နောင်တရလာရတော့သည်။

” အဖြေမရှိတော့ဘူး….. သူတို့သုံးယောက် ကိုယ့်အားကိုယ် ကိုးပြီးတော့ စမ်းသပ်ပွဲထဲမှာ ထိပ်ဆုံးသုံးယောက်ထဲက တစ်ယောက်အဖြစ် ကျန်ရစ်ခဲ့မှပဲ ရမယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်ရှိအစွမ်းအစနှင့်ဆိုရင် ပြိုင်ပွဲဝင်ခြောက်ရာရဲ့ ထိပ်ဆုံးအဆင့်ကို ဘယ်လိုလုပ်ပြီးတော့ တက်လှမ်းနိုင်မှာလဲ။ ထူးဆန့်အံ့ဖွယ် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာမှပဲရမယ်… ” ဖုန့်ချိုးရန်မှာ ထိုသို့တွေးတောကာ ‌မျက်လုံးများမှိတ်လိုက်၏။ သူမသည် စိတ်ကူးယဉ်နေခြင်းသာဖြစ်ကြောင်း ကောင်းကောင်းကြီး သိထားသည်။

ဖုန့်ချိုးရန်တစ်ယောက် သူမကိုယ်သူမ သံသယဝင်ကာ သူမနှင့် ပြည်ထောင်စုကြီး၏ကြားရှိ မဟာမိတ်ဆက်ဆံရေးအပေါ် ယုံကြည်မှုများ ပျက်ပြားလာစဉ် သူမ၏ ဂူဗိမာန်ထဲမှ ထွက်ခွာလာခဲ့သော ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ လူစုခွဲသွားကြခြင်းမရှိပေ။ ဝမ်ပေါင်လဲ့၏ ဖိတ်ကြားမှုကြောင့် သူတို့သုံးယောက်မှာ ဝမ်ပေါင်လဲ့၏ မီးစိမ်းကျွန်းဆီသို့ ဦးတည်ပျံသန်းသွားလိုက်ကြ၏။ လမ်းတစ်လျှောက်လုံးတွင် သူတို့မှာ အတွေးများထဲ၌ နစ်မျောနေခဲ့ကြသဖြင့် စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ မီးစိမ်းကျွန်းပေါ်ရှိ ဝမ်ပေါင်လဲ့၏ ဂူဗိမာန်ထဲသို့ ရောက်သွားသောအခါမှသာ ခုန်းတောက်မှာ မျက်လုံးများ အရောင်လက်သွားပြီး အရင်ဆုံး ပြောလိုက်၏။

” ပြဿနာပဲ။ ဒီအတိုင်းဆို အကြီးအကဲဖုန်းက ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အာဏာမြဲမှာ မဟုတ်‌တော့ဘူး။ ပြည်ထောင်စုကြီးက ဒီလိုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် ဒီလောက်မြန်မြန်ကြီး ဖြစ်သွားလိမ့်မယ်လို့ လုံးဝ ထင်မှတ်ထားမှာမဟုတ်ဘူး ”

” ပြီးတော့ ကျယ်ပြန့်တာအိုနန်းတော်က ငါတို့ကို ဖိနှိပ်ဖို့ ဒီ စမ်းသပ်ပွဲကို တမင်တကာ ကျင်းပတဲ့ ပုံပဲ။ တကယ်လို့ ငါတို့တွေ ထိပ်ဆုံးသုံးဆင့်ထဲကို မဝင်နိုင်ဘူးဆိုရင် သူတို့က ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်ကို လက်ခံမှာ မဟုတ်ဘူး ” ခုန်းတောက်မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။ သို့သော် ဤကိစ္စကြီးကြောင့် သူ၏ ခံစားချက်များမှာ ရှုပ်ထွေးနေရပြီဖြစ်သည်။

” အမှန်အတိုင်းပြောရမယ်ဆိုရင် ငါ ပြည်ထောင်စုကြီးဆီကို ကျင့်ကြံခြင်းပညာရပ်တွေ ပြန်ပို့ခဲ့တဲ့ နောက်ဆုံးအကြိမ်တုန်းက တစ်ခုခု မူမမှန်ဖြစ်နေတာကို သတိထားမိခဲ့တယ်။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှာ ငါတို့တွေ ပြန်ပို့တဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို စစ်ဆေးနိုင်တဲ့ စနစ်တစ်ခု ထည့်ထားတဲ့ပုံပဲ။ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် အဲဒီ မန္တန်အစီအရင်ကြီးကို သုံးပြီးတော့ ကျင့်ကြံခြင်းပညာရပ်တွေကို ပို့လို့ရပေမဲ့ ကျင့်ကြံခြင်းပညာရပ်နဲ့ မသက်ဆိုင်တဲ့ တခြား အချက်အလက်တွေကို ပြန်ပို့ခွင့်မရှိဘူး ” ကျောက်ယမုန့်မှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သူမ စုံစမ်းထားခဲ့သည့် အရာများကို ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့အား အသိပေးလိုက်၏။

” အဲလိုတွေလည်း ရှိသေးတာလား ” ထိုအခါ ခုန်းတောက်မှာ မျက်နှာပျက်သွားရပြီး ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်ကာ သူ ဆုံးဖြတ်ချက်ချမည်ကို စောင့်ဆိုင်းနေလိုက်တော့သည်။ သူတို့ အင်္ဂါဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ အထက်လူကြီး ဖြစ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ခုန်းတောက်မှာ ဝမ်ပေါင်လဲ့၏ အမိန့်များအား နာခံရသည်ကို အကျင့်ဖြစ်နေပြီဖြစ်သည်။ ဤနေရာတွင်လည်း ဝမ်ပေါင်လဲ့မှာ ခေါင်းဆောင်ဖြစ်နေသောကြောင့် သူနှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့ ချမှတ်မည့် အစီအစဉ်အား စောင့်ဆိုင်းနေကြ၏။

ဝမ်ပေါင်လဲ့မှာလည်း အမူအရာတည်ကြည်နေ၏။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် လွန်ခဲ့သည့် တစ်နှစ်အတွင်းတွင် သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ အကြောင်းကို အခြားပြည်ထောင်စုပျိုးပင်များထက် ပို၍ နားလည်လာခဲ့၏။ ဖုန့်ချိုးရန်မှာ ပြည်ထောင်စုပျိုးပင်များနှင့်ပတ်သက်လာလျှင် အနည်းငယ်ခန့် ဆုံးဖြတ်ချက်ပြတ်သားမှုမရှိကြောင်း သူက သိထား၏။ သူမသည် အချို့အချိန်များတွင် ရပ်တည်ချက်ပြတ်သားသည့်တိုင်အောင် တွေဝေတုံ့‌ဆိုင်းနေတတ်သည့် အခိုက်အတန့်များလည်း ရှိပေသည်။ ထိုသို့ဖြစ်နေရသည့် အကြောင်းအရင်းတစ်ခုမှာ ဖုန့်ချိုးရန်၏ လက်အောက်တွင်ရှိနေသော ကျင့်ကြံသူများ၏ သဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပြီး အခြား အကြောင်းအရင်းတစ်ခုမှာ မြဲ့လျဲ့ကျိ၏ အားကောင်းသော အတိုက်အခံ အဖွဲ့အစည်းကြောင့် ဖြစ်ပေသည်။

မြဲ့လဲ့ကျိ၏ အင်အားကြီးထွားလာမှုကို ဖုန့်ချိုးရန်၏ တပည့်များနှင့် တာအိုဘုန်းတော်ကြီး ယိုရန်တို့ အပါအဝင် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ဂိုဏ်းသားပေါင်း မြောက်မြားစွာက သတိထားမိခဲ့ကြ၏။ သူတို့၏လက်အောက်မှ အချို့သော တပည့်များမှာဆိုလျှင် မြဲ့လျဲ့ကျိ၏ အယူအဆများအား တဖြည်းဖြည်းနှင့် သဘောတူလာကြပြီဖြစ်သည်။ ကျယ်ပြန့်တာအိုနန်းတော်ကြီးမှာ အကြီးမြတ်ဆုံး ဖြစ်သည်ဟူသော ခံယူချက်များမှာလည်း တဖြည်းဖြည်းနှင့် ပို၍အားကောင်းလာနေပြီဖြစ်သည်။

ထို့ကြောင့် မြဲ့လျဲ့ကျိ၏ ဩဇာအာဏာမှာ တဖြည်းဖြည်းနှင့် ကြီးထွားလာပြီး အနှေးနှင့်အမြန် ဖုန့်ချိုးရန်၏ ဩဇာအာဏာထက် ပို၍ ကြီးမားလာတော့မည်မှာ မလွဲမသွေပင်။ ပြည်ထောင်စုကြီးမှာလည်း ထိုကဲ့သို့ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့်လည်း ပြည်ထောင်စုကြီးမှာ ဖုန့်ချိုးရန်အား ကူညီထောက်ပံ့ပေးနိုင်ရန် ပြည်ထောင်စုပျိုးပင် ပထမအသုတ်အား စေလွှတ်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် လက်ရှိတွင်မူ အချိန်မလောက်တော့သည့်ပုံပင်။ ပြည်ထောင်စုကြီး၏ ကူညီပံ့ပိုးမှုများမှာ အရာမထင်သေးသည့်တိုင်အောင် ဘေးအန္တရာယ်ကြီးတစ်ခုမှာ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ သူတို့သုံးယောက်သာ စမ်းသပ်ပွဲထဲ၌ ထိပ်ဆုံးသုံးယောက်စာရင်းထဲသို့ မဝင်နိုင်ပါက နောက်ထပ် ပြည်ထောင်စုပျိုးပင်များ ထပ်၍ ရောက်ရှိလာနိုင်တော့မည် မဟုတ်ပေ။

၎င်းမှာ အဆိုးရွားဆုံး ကိစ္စ မဟုတ်သေးပေ။ အဆိုးရွားဆုံး ကိစ္စမှာ မြဲ့လျဲ့ကျိသာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အာဏာအကြီးဆုံး ဖြစ်သွားမည်ဆိုပါက ကျယ်ပြန့်တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီး၏ ကြားတွင် စစ်ပွဲတစ်ပွဲ သေချာပေါက် ပေါ်ပေါက်လာမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားထားသလို ခုန်းတောက်နှင့် ကျောက်ယမုန့်တို့မှာလည်း ထိုနည်းတူပင်။ ထို့ကြောင့် သူတို့၏ မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များကို အထင်အရှားမြင်နိုင်ပေသည်။ သို့သော် သူတို့မှာ အဖြေမရှိသောကြောင့် ဝမ်ပေါင်လဲ့ကိုသာ ငေးကြည့်နေကြတော့သည်။

” အဲလိုဆိုမှတော့လည်း ငါတို့သုံးယောက် စမ်းသပ်ပွဲထဲမှာ ထိပ်ဆုံးသုံးနေရာထဲက တစ်နေရာကို ရအောင်ယူလိုက်ရုံပဲပေါ့။ အဲတာ အရိုးရှင်းဆုံး နည်းလမ်းပဲ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာပြီး ထိုစကားလုံးများကို တစ်လုံးချင်းစီ ရေရွတ်လိုက်တော့သည်။ သူ၏ စကားသံမှာ အေးပင်အေးစက်နေသောကြောင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ အသက်ရှူသံများ မြန်ဆန်လာရ၏။ ထို့နောက် သူတို့၏ မျက်ဝန်းများထဲတွင်လည်း စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

” အကြီးအကဲဖုန်းက စမ်းသပ်ပွဲရဲ့ စည်းမျဉ်းတွေကို ငါတို့ကို ပြောပြမထားတာ နာတယ်ကွာ။ နောက်လာမယ့်နေ့တွေမှာ ငါတို့တွေ ပြည်ထောင်စုပျိုးပင်တွေရဲ့ အချိတ်အဆက်တွေကို အသုံးပြုပြီးတော့ အဲဒီအကြောင်းတွေကို လိုက်ပြီး စုံစမ်းရမယ် ”

” ယမုန့်၊ ခုန်းတောက်။ မင်းတို့နှစ်ယောက်စလုံး လာမယ့်နေ့တွေမှာ သေချာပြင်ဆင်ထားကြ။ ဒီတစ်ခေါက် ငါတို့တွေ ကျယ်ပြန့်တာအိုနန်းတော်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားအောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ ပြီးတော့ အဲဒီ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ထိပ်သီးအဆင့် ကျင့်ကြံသူတွေက ငါတို့ ပြည်ထောင်စုပျိုးပင်တွေထက် တကယ်ပဲ ပိုအစွမ်းထက်နေတာလားဆိုတာ ငါ သိချင်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် ယှဉ်ပြိုင်လိုစိတ်များ ပို၍ ပြင်းထန်လာရတော့သည်။ သူ၏ စကားလုံးများကြောင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ပို၍ပင် စိတ်အေးသွားရ၏။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ ဝမ်ပေါင်လဲ့နှင့်အတူ အသေးစိတ်အချက်အလက်များ ဆွေးနွေးလိုက်ကြပြီးနောက် ထွက်ခွာသွားကြတော့သည်။

သူတို့နှစ်ယောက် ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စအကြောင်း စဉ်းစားတွေးတောလိုက်ပြီးနောက် ရှဲ့ဟေးရန်အား လှမ်း၍ ဆက်သွယ်လိုက်၏။ သူသည် တိုက်ပွဲရမှတ်များ အသုံးပြုကာ စမ်းသပ်ပွဲ၏ စည်းမျဉ်းများနှင့် ပတ်သက်သော အချက်အလက်များကို ဝယ်ယူရန် ကြံစည်ထားပါသော်လည်း ရှဲ့ဟေးရန်မှာ သူ့အား အကြောင်းပြန်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ တစ်အောင့်ခန့် ကြာပြီးသွားသည့်တိုင်အောင် ရှဲ့ဟေးရန်မှာ သူ့အား အကြောင်းပြန်ခြင်း မရှိသေးသဖြင့် သူသည် အချိန်ထပ်မဖြုန်းတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် တံခါးပိတ်ကျင့်စဉ်ထဲသို့ ချက်ချင်းဝင်ရောက်သွားလိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အကောင်းဆုံးအနေအထား၌ ရှိနေအောင် ထိန်းသိမ်းရင်း စမ်းသပ်ပွဲအတွက် လိုအပ်သည့်ပြင်ဆင်မှုများကို ပြုလုပ်နေလိုက်တော့သည်။

သူသည် ပထမဦးစွာ သူ၏ ဓမ္မလက်နက်များအား အစီအစဉ်တကျ ဖြစ်သွားအောင် စုဝေးလိုက်၏။ ၎င်းတို့ထဲတွင် သုံးရောင်ခြယ်ဓားပျံလေးနှင့် သူ ထိန်းချုပ်နိုင်စွမ်းရှိသော မန္တန်စစ်သည်တော် ကြေးဒင်္ဂါးပြားတစ်ပြားမှာ အစွမ်းအထက်ဆုံး ဓမ္မလက်နက်များ ဖြစ်ပေသည်။ ၎င်းတို့မှာ နဝမအဆင့် ဓမ္မလက်နက်အစစ်များ မဟုတ်ကြပါသော်လည်း ထိုအဆင့်သို့ ရောက်ရန် သိပ်မလိုတော့ကြောင်း သတ်မှတ်နိုင်ပေသည်။

၎င်းတို့အပြင် သူ၏ အဋ္ဌမအဆင့် ဓမ္မလက်နက်များထဲတွင် အဋ္ဌမအဆင့် ဓမ္မရတနာတစ်ခုနှင့် တူသော ဖဲကြိုးလေးနှင့် တစ်ကြိမ်သာ အသုံးပြုနိုင်သော ရတနာဆယ်ခု ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ သတ္တမအဆင့် ဓမ္မလက်နက်အချို့ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အော်လံကြီးဖြစ်စေ၊ ဓားပျံကြီးဖြစ်စေ၊ သူသန့်စင်ထားသည့် ဓားရှည်ကြီးဖြစ်စေ၊ ၎င်းတို့အားလုံးအား ပုံမှန်အသုံးပြုနိုင်သည့် ဓမ္မလက်နက်များအဖြစ် သတ်မှတ်နိုင်ပေသည်။

” ပြီးရင် ရုပ်သေးရုပ်တွေလည်း ကျန်သေးတယ်… ဒါပေမဲ့ အချိန်မလောက်တော့ဘူး။ ပြီးတော့ ကုန်ကြမ်းပစ္စည်းတွေက ဈေးအရမ်းကြီးလွန်းတဲ့အပြင် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းကလည်း တော်တော်ကို နည်းနေသေးတာ… အဲလိုသာမဟုတ်လို့ ရုပ်သေးရုပ်တွေကို သတ္တမအဆင့် ဓမ္မလက်နက်တွေဖြစ်လာအောင် အဆင့်မြှင့်တင်နိုင်မယ်ဆိုရင် ငါ့ရဲ့ တိုက်ရည်ခိုက်ရည်တွေက သေချာပေါက် တိုးတက်လာမှာ ” ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မလက်နက်များကို အစီစဉ်တကျ ဖြစ်အောင်လုပ်ရင်း ထိုသို့တွေးကာ ခေါင်းယမ်းမိသွား၏။ ထို့နောက် သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ မန္တန်များအကြောင်းကို စဉ်းစားနေလိုက်တော့သည်။

သူလေ့ကျင့်ထားသည့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ဝှက်ဖဲတစ်ချပ်အဖြစ် အသုံးပြုနိုင်ပေသည်။ သို့သော် သူသည် စမ်းသပ်ပွဲ၏ စည်းမျဉ်းများကို မသိထားသောကြောင့် အကယ်၍ စမ်းသပ်ပွဲထဲ၌ သတ်ဖြတ်ခြင်းအား ခွင့်ပြုထားလျှင်တောင် လူဦးရေအ အမြောက်အမြား သေဆုံးမည့် ဖြစ်ရပ်မျိုးကို ခွင့်ပြု‌လောက်မည် မဟုတ်ပေ။ တစ်ချိန်ထဲမှာပင် ထိုစမ်းသပ်ပွဲအား စောင့်ကြည့်နေကြမည့် ပွဲကြည့်ပရိသတ်များလည်း ရှိနေကြမည်ဖြစ်ရာ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ အစွမ်းများကို အပြည့်အဝ ထုတ်လွှတ်နိုင်ရန် အခက်တွေ့နေရမည်သာဖြစ်သည်။

” ပြီးရင် လျှပ်စီးကိုယ်ပွားလည်း ရှိသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ၏ အမှောင်ပညာရပ်နှင့် အပြင်ခန္ဓာကိုယ်စွမ်းအားတို့အား ထည့်တွက်လိုက်၏။ သို့သော်ငြားလည်း သူသည် သူ့ကိုယ်သူ ယုံကြည်မှုမရှိသေးပေ။ ထို့ကြောင့် သူသည် မျက်လုံးများမှေးကာ တစ်ခဏမျှ စဉ်းစားတွေးလိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွားတော့သည်။

” ကျူးသိုပညာရပ်ကို အသုံးပြုပြီးတော့

နတ်ဘုရားလက်နက် ချပ်ဝန်တန်ဆာရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ အဆင်မြှင့်တင်ထားရင် ကောင်းမလား။ အဲတာဆိုရင်… စမ်းသပ်ပွဲထဲမှာ ဘာပြဿနာနဲ့မှ ကြုံရတော့မှာမဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ချက်ချင်းပင် မတ်တတ်ထလာ၏။ ထို့နောက် သူသည် သူ၏ ဂူဗိမာန်ထဲမှ ထွက်ခွာလာပြီး မြည်းလေးအား ဖမ်းကာ သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် မီးပင်လယ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ကျူးသိုပညာရပ်အား အသုံးပြုကာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား အဆင့်မြှင့်တင်နိုင်ရန်အတွက် သတ်ဖြတ်မှုများ ပြုလုပ်ရန် လိုအပ်ပေသည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ မည်သူ့ကိုမှ သတ်ဖြတ်၍ မရဘဲ ဖြစ်နေသောကြောင့် မီးပင်လယ်ကြီးထဲသို့ဝင်ရောက်ကာ သားရဲကြီးများကို လိုက်လံရှာဖွေပြီးမှ သတ်ဖြတ်ရမည်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset