Switch Mode

အခန်း (၅၅၃)

လီရှင်းဝမ်နှင့် ဖုန့်ချိုးရန်

ရှုမင်နှင့် လုယွင်တို့မှာ ဖုန့်ချိုးရန်၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အမူအရာများ တည်ကြည်သွားကြပြီး သူတို့၏ဆရာဖြစ်သူ ညွှန်ကြားချက်များ ပေးမည်ကို စောင့်ဆိုင်းနေလိုက်ကြ၏။

ဖုန့်ချိုးရန်မှာ သူမ တန်ဖိုးအထားရဆုံး တပည့်နှစ်ယောက်၏ မျက်နှာအမူအရာများကို ကြည့်ရင်း ကိုယ့်စိတ်နှလုံး ချမ်းမြေ့သွားရသည်။ သူမသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် စကားစပြောလိုက်၏။

” ခုနစ်ရက်နေရင် ကျင်းပတော့မယ့် အရည်အချင်းစမ်းသပ်ပွဲ အကြောင်းကို နင်တို့ နှစ်ယောက်စလုံး ကြားထားပြီးသားဖြစ်မှာပါ။ နင်တို့နှစ်ယောက် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီစမ်းသပ်ပွဲထဲက ထိပ်ဆုံးသုံးယောက်ထဲမှာ ကျန်ခဲ့ဝာာကို ဆရာမြင်ချင်တယ် ”

” စမ်းသပ်ပွဲပြီးခါနီး အချိန်ကျရင် နင်တို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ နေရာကို ပြည်ထောင်စုပျိုးပင်တွေထဲက ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ နေရာနဲ့ လဲပေးရမယ်။ အဲလိုလဲပေးတဲ့လူကို ဆရာကိုယ်တိုင် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာပါ ” ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီး စူးရှတောက်ပသော မျက်ဝန်းများဖြင့် သူမ၏ တပည့်နှစ်ယောက်အား လှမ်းကြည့်လိုက်၏။

ရှုမင်နှင့် လုယွင်တို့မှာ နှုတ်ဆိတ်နေကြဆဲပင်။ တစ်အောင့်ခန့် ကြပြီးသွားသောအခါမှ သူတို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်ကြ၏။

သူမ၏ တပည့်ရင်းနှစ်ယောက်မှာ မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိသည်ကို ဖုန့်ချိုးရန်က သတိထားမိလိုက်ပါသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ခံစားချက်မျိုးစုံ ဗြောင်းဆန်သွားရသည်ကို သူမက အာရုံခံမိလိုက်၏။ သူမ၏ တောင်းဆိုချက်မှာ သင့်တင့်လျောက်ပတ်မှု မရှိသည်ကို သူမက သိထားပါသော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် သူမသည် နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာဖြင့် ဆက်ပြောလိုက်၏။

” အဲ့လိုလဲပေးတဲ့လူရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးဖို့ ဆရာ ကတိပေးပါတယ်။ အဲဒီမြှင့်တင်မှုကြောင့် ယွမ်ယင်အဆင့်ကို ဖောက်ထွက်တဲ့အချိန်ကျရင် အလယ်အလတ် ယွမ်ယင်အဆင့်ကို တန်းပြီးရောက်သွားမှာပါ ”

ရှုမင်နှင့် လုယွင်တို့မှာ ထိုစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြပြီး မျက်ဝန်းများအေးစက်သွားကြ၏။ စောစောတုန်းက သူတို့မှာ သူတို့ဆရာ၏ တောင်းဆိုချက်အား ဖြည့်ဆည်းပေးရန် အင်တင်တင် ဖြစ်နေကြပါသော်လည်း ယခုတွင်မူ သူတို့ပြန်ရမည့် နစ်နာကြေးကို သိလိုက်ရသောအခါ စိတ်ဓာတ်များတက်ကြွသွားကြ၏။

” ဆရာ။ တကယ်လို့ လူတစ်ယောက်စာ နေရာတစ်ခုပဲရှိရင်ရော ” လုယွင်မှာ ရုတ်တရက်ဆိုသလို မေးလိုက်၏။

” တစ်ခုပဲရှိရင်လည်း ရပါတယ်။ ဒါပေမဲ့ အဲထက်ပိုပြီး နည်းလို့တော့ မရတော့ဘူးနော် ” ဖုန့်ချိုးရန်မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။

” ဆရာ။ တကယ်လို့ ကျွန်တော်တို့က စမ်းသပ်ပွဲရဲ့ ထိပ်ဆုံးသုံးယောက်ထဲမှာ ပါချင်တယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက်စလုံး အစွမ်းကုန်ကြိုးစားမှ ရမှာ။ အဲ့တာမလို့ ကျွန်တော်တို့တွေက ပြည်ထောင်စုပျိုးပင်တွေကို စောင့်ရှောက်ပေးနိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့တွေ ပြည်ထောင်စုပျိုးပင်တွေအကြောင်း အာရုံစိုက်စရာမလိုဘဲ အစွမ်းကုန်ကြိုးစားနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အောင်မြင်နိုင်ခြေ ပိုများတယ်။ စမ်းသပ်ပွဲပြီးသွားတဲ့အချိန်ကျ ကျွန်တော်တို့တွေ ဗေဒါရွက်တစ်ရွက်ကို ပြည်ထောင်စုပျိုးပင်တစ်ယောက်ဆီ ပေးပြီးတော့ သူ့ကို ရှိခိုးနန်းတော်အဆောင်ထဲ ဝင်ခွင့်ပေးလိုက်ရုံပဲ ” ရှုမင်မှာ ထိုသို့ရှင်းပြလိုက်ပြီးနောက် ဖုန့်ချိုးရန်အား လှမ်းကြည့်လိုက်၏။

ထိုအခါ ဖုန့်ချိုးရန်မှာ မျက်မှောင်ကြုတ်သွားပြီး စကားပြန်ပြောရန် ပြင်လိုက်၏။ သို့သော် သူမသည် ဤကိစ္စနှင့်ပတ်သက်‌၍ ခေါင်း‌မာနေမည်ဆိုပါက ထိုတာဝန်မှာ သိသိသာသာပို၍ ခက်ခဲသွားနိုင်ကြောင်းကို သိထား၏။ သူတို့မှာ ပြည်ထောင်စုပျိုးပင်များကို ကာကွယ်စောင့်ရှောက်နေရရုံသာမက အင်အားကြီး ပြိုင်ဘက်များကိုလည်း ဂရုစိုက်နေရဦးမည် မဟုတ်ပါလော။ ထို့အပြင် ထို စမ်းသပ်ပွဲကြီး၏ စည်းမျဉ်းစည်းကမ်းများမှာ တမူထူးခြားလွန်းနေသေးသည်။ ထို့ကြောင့် သူမသည် သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် သူမဘက်မှ စိတ်ကူးယဉ်ဆန်လွန်းနေခဲ့သည်ဖြစ်ကြောင်း နားလည်သွားတော့သည်။

သို့ဖြစ်ရာ ဖုန့်ချိုးရန်မှာ အခြေအနေတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်လိုက်ပြီးနောက် ပြည်ထောင်စုပျိုးပင်ထဲမှ လူများမှာ ထိပ်ဆုံးသုံးယောက်ထဲသို့ မရောက်နိုင်ဘဲ မြဲ့လျဲ့ကျိ တင်ပြထားသည့် အစီအစဉ်တိုင်း ဆောင်ရွက်နိုင်စွမ်း မရှိလျှင်တောင် သူမဘက်မှ ပြည်ထောင်စုပျိုးပင်တစ်ယောက်ယောက်အား ဗေဒါရွက်တစ်ရွက် ပေးလိုက်ရန်သာ လိုအပ်ကြောင်း သိလိုက်ရ၏။ ထိုသို့ဆိုသာလျှင် သတ်မှတ်ချက်များနှင့် အတိုင်းအတာတစ်ခုအထိ ကိုက်ညီသွားမည် မဟုတ်ပါလော။ အဆိုးဆုံး ရလဒ်မှာ သူမသည် မြဲ့လျဲ့ကျိနှင့် ဆက်၍ အချင်းများနေရခြင်းသာ ဖြစ်ပေမည်…

ထို့အပြင် ပြည်ထောင်စုပျိုးပင်များမှာ စမ်းသပ်ပွဲပြီးနောက် ဗေဒါရွက်နှင့်အတူ ရှိခိုးနန်းတော်အဆောင်ထဲသို့ ဝင်ရောက်သွားနိုင်ခဲ့ပြီး တာအိုနန်းတော် ဂိုဏ်းသားအစစ်အမှန်ဆိုသည့် ရာထူးအား ပိုင်ဆိုင်သွားမည်ဆိုပါက သူမ၏ အစီအစဉ်များမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ သို့သော် ထိုအချိန်သို့ မရောက်ခင် အရာအားလုံး ပြောင်းလဲသွားနိုင်ပေသည်။

ဖုန့်ချိုးရန်မှာ ထိုသို့စဉ်းစားတွေးတောလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေ၍ မဖြစ်တော့ကြောင်း သိသွားသဖြင့် ဆုံးဖြတ်ချက်ချရန် ပြင်လိုက်တော့သည်။ ထို့ကြောင့် သူမသည် အံကြိတ်ကာ ဆိုလိုက်၏။

” သူတို့ကို စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးတော့ကြိုးစားကြည့်ပေါ့။ တကယ်လို့ အရမ်းခက်ခဲနေမယ်ဆိုရင် နင်တို့နှစ်ယောက် ကိုယ့်တာဝန်တွေပဲ ကိုယ်လုပ်ကြ ” လုယွင်နှင့် ရှုမင်တို့မှာ ဖုန့်ချိုးရန်၏ စကားများကို ကြားလိုက်ရသောအခါမှ စိတ်အေးသွားရ၏။ သူတို့မှာ ပြည်ထောင်စုပျိုးပင်များကို အထင်မသေးကြပါသော်လည်း အထင်ကြီးကြခြင်းလည်း မရှိပေ။ ပုံမှန်အချိန်များတွင် သူတို့မှာ ထိုပြည်ထောင်စုပျိုးပင်များအား ဝန်ထုပ်ဝန်ပိုး တစ်ခုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်ပါသော်လည်း ယခုတွင်မူ သူတို့ဆရာ၏ ဆုံးဖြတ်ချက်များကို ကြားသိလိုက်ရပြီးနောက် သူတို့မှာ သေသေချာချာ စဉ်းစားတွေးကာ အသေးစိတ် အချက်အလက်များအား ဆက်လက်မေးမြန်းလိုက်ကြ၏။ ဖုန့်ချိုးရန်တစ်ယောက် သူတို့အား စမ်းသပ်ပွဲ၏ စည်းမျဉ်းစည်းကမ်းများ ရှင်းပြလိုက်ပြီးနောက် သူတို့နှစ်ယောက်မှာ တရိုတသေ ထွက်ခွာလာကြတော့သည်။

ဖုန့်ချိုးရန်မှာ သူမ၏တပည့်နှစ်ယောက်၏ နောက်ကျောကို လှမ်းကြည့်ရင်း သက်ပြင်းများချမိနေတော့သည်။ ထို့နောက် သူမသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူမ၏ အိမ်စောင့်အား လှမ်းခေါ်ကာ ပြည်ထောင်စုပျိုးပင်များ ဖြစ်ကြသည့် ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား သူမဆီသို့ လာရောက်လည်ပတ်ဖို့ အကြောင်းကြားခိုင်းလိုက်၏။

ဖုန့်ချိုးရန်မှာ ပြည်ထောင်စုပျိုးပင်များကိုလည်း တန်ဖိုးထားပေသည်။ အထူးသဖြင့် သူမသည် သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းများအား အဓိက အာရုံစိုက်နေ၏။ ထို့ကြောင့် ဖုန့်ချိုးရန်မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့နှစ်ယောက် အဆင့်တက်သွားကြသည့် အကြောင်းကိုလည်း ကြားသိထားပြီးသား ဖြစ်သည်။

ဖုန့်ချိုးရန်တစ်ယောက် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား လှမ်း၍ ခေါ်နေစဉ် မြံ့လျဲ့ကျိမှာ ပင်မကျွန်းပေါ်ရှိ သူ၏ဂူဗိမာန်ထဲ၌ ရှိနေ၏။ သူသည် သူ၏ တပည့်တစ်ယောက်တည်းကိုသာ ဆင့်ခေါ်ခဲ့၏။ ထိုသူမှာ ဒူဂူလင်း ဖြစ်ပေသည်။

” လင်းအာ။ မင်း ဒီစမ််းသပ်ပွဲကြီးအတွက် အဆင်သင့်ဖြစ်နေပြီလား ” မြံ့လျဲ့ကျိမှာ သူ၏ရှေ့တွင်ရှိနေသည့် အေးစက်စက် အငွေ့အသက်များ ထုတ်လွှတ်နေသော သူ၏ တပည့်အား ကြည့်ကာ မေးလိုက်၏။ သူ၏မျက်ဝန်းများထဲ၌ ပုံမှန်အချိန်များတွင်ဆိုလျှင် မြင်ရလေ့မရှိသော သဘောကျနေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။

” အဆင့်တစ်နေရာကို ရအောင်ယူနိုင်ဖို့က ကျွန်တော့်အတွက် အခက်ကြီးမဟုတ်ပါဘူး ” ဒူဂူလင်း၏ မျက်ဝန်းများမှာ အေးစက်နေဆဲဖြစ်ပြီး သူ၏ လေသံမှာ တည်ကြည်မှုအပြည့် ရှိနေဆဲပင်။

” မင်း နံပါတ်တစ်နေရာရတာကို ငါ မလိုချင်ဘူး။ ငါလိုချင်တာက မင်း အဲဒီစမ်းသပ်ပွဲထဲမှာ နေရာတစ်နေရာပဲ ကျန်အောင် လုပ်ဖို့ပဲ။ မင်း လုပ်နိုင်မယ်လို့ ထင်လား ” မြံ့လျဲ့ကျိမှာ မျက်လုံးများမှေးသွားပြီး ဒူဂူလင်းအားကြည့်ကာ ထပ်မေးလိုက်၏။

” လူတိုင်းကို ပြိုင်ပွဲကနေ နုတ်ထွက်သွားရအောင် လုပ်ဖို့ပြောတာလား။ ကျွန်တော် အကောင်ဆုံးကြိုးစားကြည့်ပါ့မယ် ” ဒူဂူလင်း၏ တည်ကြည်မှုအပြည့်ရှိနေသော လေသံမှာ ပြောင်းလဲသွားခြင်း မရှိသေးပေ။

” တော်တယ်။ လင်းအာ။ စမ်းသပ်ပွဲထဲမှာ လိုအပ်တဲ့အချိန်တွေ ရောက်လာရင် မင်းရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေကို အပြည့်အဝထုတ်သုံးနိုင်ဖို့ ငါ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အချုပ်အနှောင်တွေကို ပြန်ဖွင့်ပေးမယ်။ အဲတာဆိုရင် ကျယ်ပြန့်တာအိုနန်းတော်ထဲက လူတိုင်း မြံ့လျဲ့ကျိရဲ့ တပည့်က ဘယ်လောက်အထိ ကြောက်ဖို့ကောင်းသလဲဆိုတာကို သိသွားကြမှာပဲ ” မြဲ့လျဲ့ကျိ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာတော့သည်။

” အဲ့လိုဆိုမှတော့လည်း… ” ဒူဂူလင်းမှာ ထိုသို့ရေရွတ်ကာ အေးစက်စက် ပြုံးလိုက်၏။ ထို့နောက် သူသည် ခေါင်း‌မော့လာပြီး မြံ့လျဲ့ကျိ အား ကြည့်ကာ ရိုသေလေးစားမှု အပြည့်ရှိ‌သောလေသံဖြင့် ဆိုလိုက်တော့သည်။

” ဆရာ ဆန္ဒရှိတဲ့အတိုင်း ဖြစ်စေရပါမယ် ”

ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော အေးစက်စက် အငွေ့အသက်ကြီးတစ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာတော့မည့်အလား ဖြစ်သွား၏။ ထို့အပြင် သူ၏ ကြောက်မက်ဖွယ်ရာ အပြုံးကြီးကြောင့် မြံ့လျဲ့ကျိ ပင်လျှင် သူ၏ တပည့်ရင်းမှာ အလွန်အင်မတန်မှ အစွမ်းထက်ပြီး တမူထူးခြားနေသည်ဖြစ်ကြောင်း ပို၍ပင် ယုံကြည်မိနေတော့သည်။ သူသည် ကျင့်ကြံခြင်းလောကကြီးထဲ၌ ရှားပါးပါရမီရှင်တစ်ယောက် ဖြစ်နေရုံသာမက တိုက်ပွဲများထဲ၌ အသုံးဝင်သည့် ကြယ်စင်စုခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားသည့်အပြင် အလွန်အင်မတန်မှ ဉာဏ်ကောင်းသောကြောင့် သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ နေ့စဉ်နေ့တိုင်း သိသိသာသာ တိုးတက်နေ၏။ ထို့အပြင် သူသည် ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်စွမ်း ရှိနေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။

သို့သော် သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ကြီးမားလွန်းလှပေသည်။ သူသည် သူ၏ အခြေခံအုတ်မြစ်အား ခိုင်မာမှုအပြည့်ရှိအောင် တည်ဆောက်လို၏။ သူသည် ကြယ်စင်စုခန္ဓာကိုယ်ပိုင်ရှင်တစ်‌ယောက် ဖြစ်နေသည့် အချက်ကို အခွင့်ကောင်းယူကာ ကျယ်ပြန့်တာအိုနန်းတော်၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုကို အသုံးပြု၍ သူ့ကိုယ်သူ ချုပ်တည်းထားခဲ့၏။ သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားသည်နှင့် ယွမ်ယင်အဆင့်အား ကျော်ဖြတ်ကာ ဝိညာဉ်ကြားခံနယ်အဆင့်သို့ တန်း၍ ရောက်ရှိသွားအောင် လုပ်ပြီး သူ့ကိုယ်သူ ပြန်လည်ချုပ်တည်းပစ်ရန် ကြံရွယ်ထား၏။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ထာဝရဝိညာဉ်အဆင့်သို့ ရောက်ပြီးလျှင် ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ရန် ဖြစ်ပေသည်။

ရှေးယခင်ကတည်းက ထိုပန်းတိုင်သို့ တက်လှမ်းနိုင်ခဲ့သည့် လူများအားလုံးမှာ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ မြဲ့လျဲ့ကျိမှာ သူသာ အမြုတေအဆင့်တွင် ရှိနေမည်ဆိုပါက သူ့လိုလူ ဆယ်ယောက်ပေါင်းလျှင်တောင် သူ၏တပည့်အား ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု ဝန်ခံခဲ့၏။ ထို့အပြင် ကျယ်ပြန့်တာအိုနန်းတော်အစစ်သာ ပျက်စီးသွားခဲ့ခြင်းမရှိပါက သူ၏ အရည်အချင်းမျိုးနှင့်သာဆိုလျှင် သူ့လိုမျိုး ဂိုဏ်းသားတစ်ယောက်အား ထာဝရကြယ်အဆင့်တွင်ရှိသော အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများကပါ မရမက လိုချင်နေကြမည်သာဖြစ်သည်။

မြဲ့လျဲ့ကျိမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ယခုလို ယုံကြည်မှုအပြည့် ရှိနေရသည်ဟု ဖုန့်ချိုးရန်က သတ်မှတ်ထားပါသော်လည်း လက်တွေ့တွင်မူ မြဲ့လျဲ့ကျိ ထိုကဲ့သို့ ယုံကြည်မှုလွန်ကဲနေရသည့် အကြောင်းအရင်း နောက်ထပ်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ သူ၏ တပည့်ကြီးပင် ဖြစ်သည်။

သူသည် ပြည်ထောင်စုကြီးတစ်ခုလုံးအား စတေးကာ သူတို့၏ သွေးပင်လယ်ကြီးနှင့် ဝိညာဉ်များကို အသုံးပြု၍ သူ၏ တပည့်ကြီးအတွက် အောင်မြင်မှုလမ်း ခင်းပေးရမည်ဆိုလျှင်တောင် ထိုက်တန်မှုရှိသည်ဟု မှတ်ယူထားပေသည်။

သူ၏အမြင်တွင် သူ၏တပည့်ကြီးသာလျှင် ပါရမီရှင်အစစ်တစ်ယောက် ဖြစ်ပြီး ပြည်ထောင်စုကြီးထဲမှ လူများအားလုံးမှာ အမှိုက်သာသာအဆင့်တွင်သာ ရှိကြသည့်လူများ ဖြစ်ပေသည်။

ထို့ကြောင့် သူသည် ယခုအကြိမ်တွင် ဒူဂူလင်းအား ဝှက်ဖဲအဖြစ် အသုံးပြုရန် စီစဉ်ထား၏။ ထို့အပြင် ဤ စမ်းသပ်ပွဲကြီးပြီးလျှင် သူသည် အင်အားအကုန်ထုတ်၍ ဖုန့်ချိုးရန်နှင့် ရင်ဆိုင်တော့မည်ဖြစ်သည်။ ထို့နောက် သူသည် ဂိုဏ်းသားများအားလုံး အံ့ဩတုန်လှုပ်နေကြမည့် အချိန်ကို အခွင့်ကောင်းယူကာ ပြည်ထောင်စုကြီးတစ်ခုလုံးကို ဖျက်စီးပစ်မည့် အစီအစဉ်အား စတင်အကောင်အထည်ဖော်လိုက်မည် ဖြစ်သည်။

မြဲ့လျဲ့ကျိတစ်ယောက် ယုံကြည်ချက်များပြင်းထန်နေစဉ် ဝမ်ပေါင်လဲ့ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ဖုန့်ချိုးရန်၏ အမိန့်များအတိုင်း ရောက်ရှိလာကြ၏။ သူတို့မှာ သူတို့ တာဝန်ကျနေသည့် ကျွန်းများပေါ်မှ ချက်ချင်းပင် ထွက်ခွာလာကြပြီး ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းဆီသို့ ဦးတည်ပျံသန်းလာကြ၏။

ခဏအကြာတွင် သူတို့သုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောကြပါသော်လည်း အခြေအနေများကို ရိပ်စားမိကြပေသည်။ ထိုသို့ဖြင့် သူတို့မှာ အိမ်စောင့်၏နောက်မှ လိုက်လာကြပြီး ဖုန့်ချိုးရန်၏ ဂူဗိမာန်ထဲသို့ ရောက်ရှိလာကြ၏။ သူတို့မှာ ဖုန့်ချိုးရန်အား ဂါရဝပြုကာ ဂူဗိမာန်ထဲသို့ ဝင်လာကြပြီးနောက် ဖုန့်ချိုးရန်တစ်ယောက် အနည်းငယ်ခန့်မောပန်းနွမ်းနယ်နေသည့်ပုံဖြင့် ထိုင်ခုံအမြင့်တစ်လုံးပေါ်၌ ထိုင်နေသည်ကို မြင်လိုက်ရ၏။

” မင်္ဂလာပါ အကြီးအကဲဖုန့် ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်သဖြင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း အလားတူပင် အရိုအသေပေးလိုက်ကြ၏။

ဖုန့်ချိုးရန်ကမူ စကားတစ်ခွန်းမှမပြောဘဲ သူတို့သုံးယောက်အား ဖျတ်ခနဲကြည့်ရှုလိုက်၏။ ထို့နောက် သူမသည် သူတို့အား သေသေချာချာ စိုက်ကြည့်နေလိုက်၏။ အကယ်၍ အခြားတစ်ချိန်ချိန်တွင်သာ ဆိုပါက သူမသည် သဘောကျနှစ်သက်သည့်အမူအရာ ပေါက်နေမည် ဖြစ်ပါသော်လည်း ယခုတွင်မူ သူမမှာ ခေါင်းသာယမ်းလိုက်ရသည်။ သူမ၏ အမြင်တွင် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ အခြား သာမန်ဂိုဏ်းသားများနှင့် ယှဉ်လိုက်ပါက ထူးချွန်ထက်မြက်နေကြပါသော်လည်း သူမ၏ တပည့်ရင်းနှစ်ယောက်နှင့် ယှဉ်လိုက်လျှင်မူ မိုးနှင့်မြေကဲ့သို့ ကွာခြားနေဆဲပင်။

ထို့ကြောင့် ဖုန့်ချိုးရန်မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိသွားပြီး အနည်းငယ်ခန့် စိတ်ဓာတ်ကျသွားရ၏။ ထို့နောက် ပြည်ထောင်စုကြီးနှင့် မဟာမိတ်ဖွဲ့လိုသည့် သူမ၏ ဆုံးဖြတ်ချက်များပင်လျှင် တစ်ခဏမျှ ဝေဝါးသွားရတော့သည်။ တစ်အောင့်ခန့် ကြာပြီးနောက် သူမသည် နဖူးအား လက်ဖြင့်ပွတ်ကာ သူတို့အား အားပေးစကားပြောလိုသည့် အ‌တွေးများအား မေ့ပျောက်ထားလိုက်ပြီး ခတ်ပြတ်ပြတ်သာ ဆိုလိုက်၏။

” နင်တို့သုံးယောက်စလုံးက ပြည်ထောင်စုကြီးရဲ့ ကိုယ်စားပြုတွေဖြစ်တယ်ဆိုတာ အသိပေးဖို့ ငါ နင်တို့ကို ဆင့်ခေါ်လိုက်တာပါ။ နောက်လာမယ့် ခုနစ်ရက်မှာ ကျင်းပမယ့် စမ်းသပ်ပွဲထဲမှာ နင်တို့တွေ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ၊ နင်တို့ထဲက တစ်ယောက်ကို ဗေဒါရွက်တစ်ရွက် ပေးနိုင်အောင်လုပ်ဖို့ ငါ အကောင်းဆုံး ကြိုးစားပါ့မယ်။ နင်တို့တွေလည်း… အကောင်းဆုံးကြိုးစားဖို့ ငါ မျှော်လင့်ပါတယ်။ သွားလို့ရပြီ။ ငါ အရမ်း ပင်ပန်းနေလို့ ” ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်လုံးများမှိတ်သွား၏။

ထိုအခါ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ အံ့အားသင့်သွားကြပြီး တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားကြ၏။ ထို့အပြင် သူတို့မှာ သူမ၏စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကိုလည်း ဖော်ထုတ်နိုင်လိုက်၏။ သူမသည် သူတို့သုံးယောက်မှာ သူတို့၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ထိုသစ်ရွက်အား ယူနိုင်လိမ့်မည်မဟုတ်ဟု ထင်မှတ်ထားသည့်ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ခုံးများ ပင့်မိသွားပါသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောလိုက်ပေ။ သူသည် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား ကြည့်လိုက်ပြီးနောက် သူတို့သုံးယောက်မှာ နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။ ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ မျက်လုံးများပွင့်လာပြီး သူတို့သုံးယောက်၏ နောကျောများကိုကြည့်ကာ ထပ်ပြောလိုက်ပြန်သည်။

” ဒီစမ်းသပ်ပွဲရဲ့ ရလဒ်က ပြည်ထောင်စုပျိုးပင်ဒုတိယအသုတ် ရောက်လာနိုင်ခွင့် ရှိမရှိကို ဆုံးဖြတ်ပေးမှာ… ဝမ်ပေါင်လဲ့။ နင် တစ်ရက်ရက် ပြည်ထောင်စုကြီးဆီကို ပြန်ရောက်တဲ့ အချိန်ကျရင် လီရှင်းဝမ်ကို ငါ အကောင်ဆုံးကြိုးစားခဲ့တယ်လို့ ပြောပေးပါ… ” ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်လုံးများပြန်မှိတ်သွား၏။ ထို့နောက် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က အလွန်အင်မတန်မှ အားအင်ချည့်နဲ့နေခဲ့သည့်တိုင်အောင် သူမ၏ရှေ့၌ မားမားမတ်မတ် ရပ်နေခဲ့သည့် လူရိပ်လေးတစ်ခုမှာ သူမ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။

နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးသွားသည့်တိုင်အောင် သူမဘက်မှ ပြည်ထောင်စုကြီးအား အသိအမှတ်ပြုနေရခြင်းမှာ သူမ၏ စိတ်ထဲ၌ ပြည်ထောင်စုကြီး၏ အရည်အချင်းများကို နားလည်ထားသောကြောင့်လား သို့မဟုတ် သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည့် ကြည်လင်တောက်ပြောင်လွန်းနေသော ထိုလူရိပ်လေးကြောင့်လား ဆိုသည့်မေးခွန်း၏ အဖြေကို သူမကိုယ်တိုင်ပင် အတိအကျ မသိသေးပေ…

Comment

Leave a Reply

Options

not work with dark mode
Reset