အပိုင်း(၆၉) ရှားပါးသောအခွင့်အရေး
ကျင်းယန်မြို့နှင့် မနီးမဝေးရှိ တောင်ကုန်းတစ်ခုပေါ်တွင်….
လူတစ်စုသည် တိတ်ဆိတ်စွာရပ်လျက် အဝေးရှိအရှေ့တန်မြို့တော်ကို ငေးကြည့်နေကြသည်၊
ဖြာကျနေသောနေရောင်ကြောင့် သူတို့ဝတ်ထားသော ရွှေရောင်ဝတ်ရုံများမှာ တလက်လက်တောက်ပနေ၏။
သူတို့ကို ဦးဆောင်လာသူမှာ နေသူတော်စင်ဂိုဏ်း၏နေဘုရင်ခုနှစ်ပါးထဲမှအရှေ့တက်နေဝန်းဘုရင်ဟု ကျော်ကြားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။
အရှေ့တက်နေဝန်းဘုရင်၏ဘေးတွင်တော့ ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော နေသူတော်စင်ဂိုဏ်း၏အရှေ့တန်အကြီးအကဲ မတ်တတ်ရပ်နေ၏။ နေသူတော်စင်ဂိုဏ်း၏ အခြားကျင့်ကြံသူများလည်း သူ့အနီးတွင် ရှိနေကြသည်။
ထိုအဖွဲ့ထဲတွင် အဖြူရောင်ဝတ်ရုံဝတ် လူငယ်တစ်ယောက်ကိုလည်း တွေ့နိုင်သည်။
သူ့မျက်နှာ၌ ရှည်လျားထူထပ်သော မုတ်ဆိတ်မွေးများပြည့်နှက်နေရာ သူ့ပုံစံမှာ ကြမ်းတမ်းခက်ထန်၍ ဘာကိုမှ ဂရုမစိုက်သည့်ပုံပေါ်သော်လည်း မျက်လုံးများမှာမူ မြွေတစ်ကောင်၏အေးစက်ခြင်းမျိုးဖြင့် တောက်ပလျက်ရှိသည်။
ထိုလူငယ်ကား အခြားမဟုတ်၊ ရှောင်ရှန်းပင်တည်း။
ထိုအချိန်တွင် ရန်ကျောက်ကဲအပေါ်ထားသော သူ၏အမုန်းတရားများကား ဖန်းယွမ်ရှန်းအပေါ် သူ၏မုန်းတီးမှုအောက် အနည်းငယ်မျှ မလျော့ပေ။
ရန်ကျောက်ကဲသည် သူ့ကိုအနိုင်ယူခဲ့သည်သာမက ဖန်းယွမ်ရှန်းကြောင့် သူ့ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာရသွားသည့်အကြောင်း ကိုလည်း လူပုံအလယ်၌ ဖွင့်ပြောကာ သူ့ကို အရှက်ရအောင် လုပ်ခဲ့သေးသည်။
ရှောင်ရှန်း၏မျက်နှာမှာ လုံးဝ မဲ့ရွဲ့နေ၏။
ဖန်းယွမ်ရှန်းကြောင့် သူ့အောက်ပိုင်း ဒဏ်ရာရသွားသည့်အကြောင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး နေသူတော်စင်ဂိုဏ်း၏ရာထူးကြီးသောအကြီးအကဲများတွင်ပင် ထိုအကြောင်းကို သိသူ အနည်းငယ်သာရှိသည် ။
ယခုတော့ ထိုအကြောင်းကို လူတိုင်း သိကုန်ကြလေပြီ။
လူအုပ်ထဲတွင် ရပ်နေချိန်၌ သူ့ကို မည်သူမှ ကြည့်မနေသော်လည်း ရှောင်ရှန်းသည် နေရာတိုင်းတွင် အထင်သေးလိုသော လှောင်ရယ်လိုသော အကြည့်များရှိနေသလို ခံစားရပြီး ထိုခံစားချက်က သူ့ကို အလွန် မသက်မသာဖြစ်စေသည်။
ဤစိတ်သောကရောက်မှုနှင့် အရှက်ရမှုများသည် ရန်ကျောက်ကဲအပေါ် မုန်းတီးမှုများအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲက အရှေ့တက်နေဝန်းဘုရင်အား လှည့်ကြည့်လိုက်သည်။ “ထိပ်တန်းကျင့်ကြံသူတွေ ထပ်ပို့ပေးဖို့ ကျုပ်တို့ဂိုဏ်းကို တောင်းဆိုသင့်တယ် ဒီကိစ္စကို ဒီလိုလွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး၊”
“မန်ဝမ်က အရင်နှစ်က ထူးကဲယင်သရဖူကို ရှုံးနိမ့်ခဲ့တယ်၊ ပြီးတော့ ဂိုဏ်းချုပ်ကလည်း တံခါးပိတ်ကျင့်ကြံနေတာကြာပြီ ၊ ကြည့်ရတာ တစ်ချို့လူတွေက နေသူတော်စင်ဂိုဏ်းက ခုလက်ရှိ အင်အားအကြီးဆုံး ထိပ်သီးနယ်မြေဆိုတာ မေ့နေကြပြီထင်တယ်၊”
“အရှေ့တန်နိုင်ငံက ကောင်းကင်နယ်မြေမှာရှိတော့ရောဘာအရေးလဲ ငါတို့နေသူတော်စင်ဂိုဏ်းက ဆန္ဒရှိသရွေ့ သူတို့ကိုနင်းခြေပစ်လို့ရတယ်၊”
ထိုစကားများကို ပြောသူမှာ အရှေ့တက်နေဝန်းဘုရင်မှတပါး အခြားမဟုတ်ပေ။
ထိုအခိုက်တွင် အရှေ့တက်နေဝန်းဘုရင်မတ်တတ်ရပ်နေပုံမှာ ကောင်းကင်ထက်တွင် နေတစ်စင်း တလက်လက်တောက်ပနေသည်နှင့်ပင် တူနေတော့သည်။
သူသည် အဝေးရှိ ကျင်းယန်မြို့တော်ကိုကြည့်၍ ပြောလိုက်သည်၊
“ငါတို့ ပြင်ဆင်ထားတာတွေကော ဘယ်လိုအခြေအနေရှိလဲ၊”
ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲက ခေါင်းကို ဖြေးဖြေးချင်းခါလိုက်သည်။ “လုံလောက်အောင် မပြည့်စုံသေးဘူး။”
အရှေ့တက်နေဝန်းဘုရင်က ပြန်ပြောလိုက်သည်။ “ငါတို့တောင် လုံလုံလောက်လောက် မပြင်ဆင်ရသေးရင် ဝါဒတောင်ဂိုဏ်းကလည်း ငါတို့လိုပဲ ဖြစ်လိမ့်မယ်”
“ဒါပေမယ့် ဒီနဂါးချုပ်နှောင်ခြင်းချောက်နက်ရဲ့ လက်တလောမူမမှန်မှုတွေက ငါတို့ မလုံလောက်သေးတာတွေကို ဖြည့်စွက်ပေးနိုင်တဲ့အပြင် ငါတို့ကိုပါ အနိုင်ရစေလိမ့်မယ်”
ရွှေရောင်ဝတ်စုံဝတ်အကြီးအကဲ အားတက်သွားသည်။ “အရှင် ပြောတာမှန်ပါတယ်”
အရှေ့တက်နေဝန်းဘုရင်က ရှောင်ရှန်းကိုလှည့်ကြည့်ပြီး ပြောလိုက်သည် “တခြားအရာတွေကို ဖယ်ထားလိုက်ဦး၊ ရန်ကျောက်ကဲက မင်းကို လွယ်လွယ်ကူကူ အနိုင်ယူသွားပုံရတယ်”
“ကျွန်တော့်အရည်အချင်းက နည်းနည်းနိမ့်ကျနေလို့ပါ” ရှောင်ရှန်းသည် အသက်ပြင်းပြင်းရှူ၍ ခက်ခက်ခဲခဲပြန်ဖြေလိုက်ရသည်။
အရှေ့တက်နေဝန်းဘုရင်သည် ကျင်းယန်မြို့တော်ကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်၊ “မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကပိုမြင့်နေတာတောင် မင်းအစွမ်းက သူ့ထက် နည်းသေးတယ်၊ မင်းတို့သာအဆင့်တူတူဆို မင်းလည်း ချောင်ယွမ်လုံထက် အခြေအနေကောင်းမှာမဟုတ်ဘူး၊”
ရှောင်ရှန်းသည် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခေါင်းငုံ့လိုက်သည်။
အရှေ့တက်နေဝန်းဘုရင်က ညင်ညင်သာသာ ဆက်ပြောလိုက်သည်။ “ကြည့်ရတာတော့ ကျန်းဒေါင်ဂီလိုလူ ရန်တိလိုလူ ဒါမှမဟုတ် သူတို့ထက်တောင် ပိုသာနိုင်တဲ့လူတစ်ယောက် ပေါ်လာတဲ့ပုံပဲ”
“ဒီလိုအစေ့ကောင်းလေးတစ်စေ့က ဝါဒတောင်ဂိုဏ်းထဲမှာပေါ်လာတာကတော့ တော်တော် နှမြောဖို့ကောင်းတယ်၊”
“သူ အတောင်မစုံခင် ငါတို့ဂမြန်မြန် ကိစ္စတုံးပစ်တာအကောင်းဆုံးဘဲ”
ထိုစကားများကိုကြားသောအခါ ရှောင်ရှန်း၏အသက်ရှူသံများ မြန်ဆန်လာ၏။
အရှေ့တက်နေဝန်းဘုရင်က သူ့ကို လှည့်မကြည့်ဘဲ ဆက်ပြောလိုက်သည်။
“စိတ်ရှည်ရှည်နဲ့သာ စောင့်နေ၊ သူ့ကို ကိုယ်တိုင်သတ်ပြီး လက်စားချေဖို့ မင်း အခွင့်အရေးရနိုင်သေးတယ်”
“ရန်ကျောက်ကဲကို ကိုယ်တိုင်သတ်နိုင်မယ့်အခွင့်အရေး.. ဒါ ကျွန်တော် အလိုချင်ဆုံးအရာပါပဲ” ရှောင်ရှန်း၏အသက်ရှူသံများ တည်ငြိမ်သွားပြီး လေသံပျော့ပျော့ဖြင့် ပြန်ပြောလိုက်သည်၊
…………
ကျောက်ရှီချန်းထံမှထွက်လာပြီးနောက် ရန်ကျောက်ကဲသည် သူ့အိမ်တော်ကို ပြန်လာသောအခါ အားဟူက သူ့အား စောင့်နေသည်ကို တွေ့လိုက်ရသည်။
အားဟူကရယ်မောရင်း ရန်ကျောက်ကဲထံလျှောက်လာသည်။ “မင်းသား၊ အခြေအနေဘယ်လိုရှိလဲ”
ရန်ကျောက်ကဲက ပခုံးတွန့်ပြလိုက်သည်။
“ဂျူနီယာညီမလေးဖန်းကို ဂိုဏ်းရဲ့ပင်မဋ္ဌာနချုပ်ဆီခေါ်သွားပြီ။ ငါတို့ကတော့ ဒီမှာဆက်နေရဦးမယ်။ ငါ့မှာလည်းလုပ်စရာနည်းနည်းရှိသေးတယ်။ “
“ငါရော ရန်ရှုရောက ဂျူနီယာညီမလေးလင်းရဲ့ကိစ္စကို ဝင်စွက်ဖက်မှာမဟုတ်ဘူး၊ ရန်ရှုက သူ့လက်ထဲက လုပ်ပိုင်ခွင့်တစ်ချို့ကို ငါ့ကို လွှဲပေးလိုက်ပေမယ့် သူ လွယ်လွယ်နဲ့အရှုံးပေးမယ်လို့တော့ ငါမထင်ဘူး”
ထိုအချိန်တွင် ရန်ကျောက်ကဲသည် အားဟူကို အမိန့်ပေးလိုက်သည်။
“အားဟူ၊ ဂျူနီယာညီမလေးလင်းသေဆုံးမှုနဲ့ ပတ်သက်တဲ့ကောလဟလတွေကို မင်းလူတွေကို နားစွင့်ခိုင်းထားလိုက်၊ အပြောင်းအလဲရှိရင် ငါ့ကို အသိပေးပါ”
အားဟူက သူ့ခေါင်းသူပြန်ကုတ်လိုက်သည်။ “ဘယ်လိုအပြောင်းအလဲကိုပြောတာလဲ၊ မင်းသား။”
“အခုလက်ရှိ ကောလဟလတွေအရတော့ ဂျူနီယာညီမလေးလင်းက ငါ့နဲ့ စစ်ခုန်ချင်း နီးနီးစပ်စပ်ရှိတာကြာပြီး မနာလိုလို့ ငါ့ကိုစိတ်အနှောင့်အယှက်ပေးနေတာကြောင့် ငါကစိတ်မရှည်ဘဲ သတ်လိုက်မိတယ် လို့ဆိုကြတယ်”
ရန်ကျောက်ကဲ၏မျက်လုံးများ မှေးသွားသည်။ “တကယ်လို့ ကောလဟလတွေက ဂျူနီယာညီမလေးလင်းဟာ ရီကျင်းကို သံယောဇဉ်မကုန်သေးလို့ သူ့ရင်ခွင်ထဲပြန်ဝင်တာကို ငါက မကျေမနပ်ဖြစ်ပြီး သတ်လိုက်တာလို့ ပြောင်းလဲသွားရင် ဒါ အဓိပ္ပာယ်က တစ်ခုပဲရှိတယ်”
“ရန်ရှုက ရီကျင်းကို ရှာတွေ့ပြီလို့ ဆိုတာပဲ”
“ဒီလိုကောလဟလတွေဖြန့်တာက ငါ့ရဲ့ဂုဏ်သိက္ခာကိုပျက်စီးစေတယ်ဆိုပေမယ့် အဲ့တာတွေက ငါ့ခန္ဓာကိုယ်ကို တကယ် ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဒီလိုလုပ်နေတာက ကိစ္စကြီးတစ်ခုလုပ်ဖို့ အစပျိုးနေတာဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာ ဆက်ပြောသည်။ “ဒီတစ်ခါတော့ ရန်ရှုက ငါ့ကို ဝါဒတောင်ကို ဘယ်တော့မှ ပြန်မသွားနိုင်အောင် လုပ်လိမ့်မယ်လို့ ခံစားမိနေတယ်။”
အားဟူ၏ရယ်သံ တိတ်ဆိတ်သွားပြီး သူ့အမူအရာက ချက်ချင်း လေးနက်သွားသည်။
“သူက မင်းသားကို သတ်ချင်နေတာလား၊”
“ဒါပေမယ့် ဘာလို့လဲ၊ အဲ့လောက်ထိ လုပ်စရာအကြောင်း မရှိဘူးမလား၊ မင်းသားက သူ့ကို အခက်တွေ့အောင်လုပ်ပြီး သူ့အစီအစဉ်တွေကိုဖျက်စီး၊ သူ့ကို ဒေါသထွက်စေပေမယ့် မင်းသားကို သတ်ပစ်ချင်လောက်တဲ့ထိ ကိစ္စကြီးကြီးမားမားမရှိဘူးလေ၊ ဟုတ်တယ်မလား”
“ပြောရမယ်ဆိုရင် မင်းသားက သာမာန်ဂိုဏ်းသား မဟုတ်ဘူးလေ။ အကြီးအကဲဖန်ကသာ အမိန့်မပေးရင် တစ်ခြား….. ”
ရန်ကျောက်ကဲက ခဏတာ လေးလေးနက်နက် တွေးတောပြီးနောက် ပြန်ပြောလိုက်သည်။
“ဒုတိယဦးလေးဖန်ကတော့ ငါ့ကို သေစေလိုတဲ့ ဆန္ဒမရှိလောက်ဘူး၊ ဒါ ရန်ရှုရဲ့ကိုယ်ပိုင်အကြံအစည် ဖြစ်မယ်၊ ငါ ထင်ယောင်ထင်မှားဖြစ်နေတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမယ့် ဂျူနီယာညီမလေးလင်းသေဆုံးမှုမှာ ရန်ရှု့ရဲ့အပြုအမူတွေက နည်းနည်း ထူးဆန်းနေတယ်”
အားဟူက အသံနက်ကြီးဖြင့် ထအော်လိုက်သည်။
“သူ ရူးများရူးနေလား၊ ဒါကလက်ခံနိုင်တဲ့အတိုင်းအတာ ကိုကျော်သွားပြီ”
“မင်းသား လက်ရှိပြနေတဲ့ အလားအလာတွေအရ တစ်ခြားမျိုးဆက်သစ်လူငယ်တွေကို အသာအယာလေး ဖိနှိပ်နိုင်တယ်၊ အကြီးအကဲဖန်ကတောင် မင်းသားကိုယှဉ်နိုင်တဲ့ ဂျူနီယာတစ်ယောက်ကို မွေးထုတ်နိုင်ဖို့ တော်တော်ကြီး ကြိုးစားရမယ်”
“မင်းသားသာ တစ်ခုခုဖြစ်သွားရင် ရန်အိမ်တော်ရဲ့ အထက်ပိုင်းပုဂ္ဂိုလ်တွေမပြောနဲ့ ဂိုဏ်းချုပ်ကတောင် ရန်ရှု့ကိုအလွတ်ပေးမှာမဟုတ်ဘူး။”
ရန်ကျောက်ကဲက ညင်သာစွာ ပြန်ပြောလိုက်သည်။ “ရန်ရှု့က သူ့ကိုယ်သူ အပြစ်တင်ခံရအောင်တော့ မလုပ်လောက်ပါဘူး၊ အဲ့ဒီ့ရီကျင်းက သူ့အတွက် အပြစ်ပုံချဖို့ အကောင်းဆုံးလူဘဲ”
အားဟူက လှောင်ရယ်လိုက်သည်။
“အဲဒီ့ရီကျင်းလိုကောင်ကများ မင်းသားကို သတ်နိုင်မှာလား”
ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဆန့်ကားလိုက်သည်။
“ငါတို့ ခုနကပဲ နေသူတော်စင်ဂိုဏ်းက လူတွေကို ရိုက်နှက်ထားတာမဟုတ်ဘူးလား၊ ပြီးတော့ ဝိညာဉ်အလံငါးပါးဂိုဏ်းချုပ်အပြင် ရီကျင်းနဲ့ဆက်နွှယ်နေတဲ့ တစ္ဆေရဲဒင်းအဖိုးအို လည်းရှိသေးတယ်၊”
“ငါသာ အဲဒီ့သိုင်းဆရာသခင်တွေရဲ့ လက်ထဲမှာ သေသွားရင် ရန်ရှု့အတွက် အကောင်းဆုံးပဲပေါ့။”
“ရန်ရှုကိုယ်တိုင် လုပ်မယ်ပဲ ထားဦး၊ အဲ့ဒီ့သိုင်းဆရာသခင်နှစ်ယောက်ဆီမှာ ငါ့ကို အပြင်းအထန်ဒဏ်ရာရအောင် လုပ်နိုင်တဲ့ စွမ်းရည်ကော လုပ်ရမယ့် အကြောင်းရင်းကော ရှိတယ်၊ ရန်ရှု့က ငါ့ကို အပြင်းအထန် ဒဏ်ရာရအောင်လုပ်၊ ရီးကျင်းကို ပွဲသိမ်းခိုင်းပြီး ငါ အသတ်ခံရတာကို အဲ့သိုင်းဆရာသခင်တွေနဲ့ ရီကျင်းအပေါ် လွဲချလိုက်ရုံပဲ”
“ရန်ရှု့ကသာ ငါ့ကို သတ်ချင်ရင် အပြင်က သိုင်းဆရာသခင်တွေထက် လွယ်ကူတယ်”
“အကြီးအကဲချင်ရောက်လာတော့ နေသူတော်စင်ဂိုဏ်းက လူတွေ တန့်သွားတယ်၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ အကြီးအကဲချင်ကလည်း အဲ့လူတွေကို အာရုံစိုက်နေရတယ်”
“အဲ့အချိန်မှာ ရန်ရှု့က လှုပ်ရှားဖို့ အခွင့်အရေးရလာတာပဲ”
အားဟူက စိတ်ရင်းဖြင့် ပြောလိုက်သည်။ “မင်းသား၊ မင်းသားကို ဖန်းမိန်းကလေးနဲ့အတူတူ ဝါဒတောင်ကို တခါထဲ လိုက်သွားဖို့ ကျွန်တော် လေးလေးနက်နက် အကြံပေးပါတယ်”
လက်နှစ်ဖက်ကို နောက်ပစ်လျက် ရန်ကျောက်ကဲသည် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ထို့နောက် ပြုံးရင်း လမ်းလျှောက်နေ၏။ “အားဟူ၊ ရိုးရိုးသားသားပြောရရင် မင်းပြောတဲ့ဟာကို ငါ အခုလေးတင် အလေးအနက် စဉ်းစားမိတယ်”
“ဒါပေမယ့် ငါ သေမှာ ကြောက်လို့တော့ မဟုတ်ဘူး၊ ငါ့နောက်မှာ လိုက်နေတဲ့ မင်းတို့တွေပါ ဒုက္ခရောက်မှာ စိုးလို့”
“ငါ တစ်ယောက်ထဲသာဆို” ရန်ကျောက်ကဲ၏အပြုံးက တဖြည်းဖြည်း အေးစက်သွားသည်။ “ရန်ရှု့က ငါ့ကို မလှုပ်ရှားရင်တောင်မှ ငါက သူ့အပေါ် လှုပ်ရှားဖို့ စဉ်းစားနေလောက်ပြီ”
“အစောပိုင်းက ဝမ်နင်ဇီတို့ ခွိုင်ရှင်းတို့နဲ့ မတူတာက အဆင့်အမြင့်အကြီးအကဲတစ်ယောက်ကို ဖြုတ်ချဖို့ အရမ်း ခက်ခဲတယ်”
ရန်ကျောက်ကဲက ဟက်ခနဲ ရယ်လိုက်သည်။ “ဒါပေမယ့် အဆင့်မြင့်အကြီးအကဲတစ်ယောက်ကိုသာ ဖြုတ်ချနိုင်ခဲ့ရင် ဒုတိယဦးလေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ၊ အဆင့်နိမ့်အကြီးအကဲနှစ်ယောက်ကို ငါ ဖြုတ်ချခဲ့လို့ သူတို့ နည်းနည်းလေးထိခိုက်တာနဲ့ ဘယ်လိုမှ ယှဉ်လို့ မရဘူး”
အားဟူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ “မင်းသားလေး၊ ဒါ မီးနဲ့ကစားနေတာပဲ၊ ကိုယ့်ကိုကိုယ်တောင် ပြန်လောင်နိုင်တယ်နော်”
ရန်ကျောက်ကဲက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။ “ဒီကမ္ဘာမှာ မစွန့်စားရတဲ့အရာ ဘယ်ဟာရှိလို့လဲ”
များမကြာမီ ဝါဒတောင်မှ ထိပ်တန်းကျင့်ကြံသူတချို့ အရှေ့တန်နိုင်ငံသို့ ရောက်လာကြသည်။
အချိန်အတော်ကြာမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲသည် အရှေ့တန်၌ ဆက်နေရန် ဆုံးဖြတ်လိုက်ကာ ဖန်းယွမ်ရှန်းကမူ ဝါဒတောင်မှ ရောက်လာသော ကျင့်ကြံသူများနှင့် ပြန်လိုက်သွားလေသည်။
“သွား၊ ဒဏ်ရာတွေပျောက်ကင်းအောင် ကုသပြီး ကိုယ့်ကိုကိုယ် အားဖြည့်နေ၊ ငါ ပြန်ရောက်တာနဲ့ မင်းရဲ့အိမ်မက်ဆိုးစပြီပဲ” ရန်ကျောက်ကဲသည် ပြုံးလျက် ဖန်းယွမ်ရှန်းအား ကြည့်နေ၏။ “မင်းကို စောင့်နေမှာက စိတ်ကူးလို့ မရနိုင်လောက်တဲ့ ဒုက္ခဆင်းရဲတွေပဲ”
ဖန်းယွမ်ရှန်းသည် မျက်ခုံးပင့်လျက် ရယ်ကာမောကာဖြင့် ပြန်ပြောလိုက်၏။ “ဘယ်လောက်တောင် ပြင်းထန်မှာလဲ”
ရန်ကျောက်ကဲက လက်ဖျောက်တီးလိုက်သည်။ “အရမ်းပြင်းထန်တယ်၊ နေသူတော်စင်ဂိုဏ်းတပည့်တွေ လိုက်ဖမ်းတာ ခံရတာတောင် သက်သာသေးတယ်လို့ မင်း ခံစားရလောက်တဲ့အထိပဲ”