Switch Mode

အခန်း ( ၃၉၈ )

အလယ်ပိုင်း ရွှေအမြုတေအဆင့်

ကုံဒေသ၏ သခင်ကြီးက ပေးထားသည့် ခုနစ်ရောင်စုံပါသော အလံကို ယူကာ ထိုကန္တာရထဲရှိ မြေကြီးထဲသို့ စိုက်ချလိုက်သောအခါ ထိုနေရာ၏ ငါးကီလိုမီတာ ပတ်ပတ်လည်နေရာမှာ သူ၏ ကိုယ်ပိုင်နယ်မြေအဖြစ်သို့ ရောက်သွားတော့သည်။ ထိုအချင်းအရာကြောင့် ကုံမြို့တော်ထဲတွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။

ထိုသတင်းများမှာ တောမီးများသဖွယ် ပျံ့နှံ့သွားပြီး တစ်မြို့လုံးရှိလူတိုင်းမှာ ထိုအကြောင်းကို မယုံကြည်နိုင်စွာ တအံ့တသြပြောဆိုနေကြသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

” ကိုယ်ပိုင်နယ်မြေ ဟုတ်လား…. ဘယ်….ဘယ်လိုနည်းနဲ့များ အဲ့တာဖြစ်နိုင်ရတာလဲ။ ”

” ကုံမြို့တော်မှာ ကိုယ်ပိုင်နယ်မြေလို့ သတ်မှတ်လို့ရတဲ့နေရာက ဆယ်ခုတောင်မရှိဘူး။ ပြီးတော့အဲ့နေရာတွေက ကုံမြို့သက်တံ့ဒေသအတွက် ဂုဏ်ထူးဆောင်ပေးတဲ့လူတွေကို ဆုအဖြစ်ပေးတာ။ သေချာတယ် မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ အားကောင်းတဲ့ ကျောထောက်နောက်ခံတွေ ရှိလောက်တယ် ”

” အဲ့တာငါပြောတာပဲ။ မိုးပြာရောင် နဂါးအဖွဲ့အစည်းက ကောင်းကင်ဘုံအဖွဲ့အစည်းကို ဘယ်လိုနည်းနဲ့များ စိန်ခေါ်ရဲလဲဆိုပြီး လူတိုင်းက အံ့သြနေကြတာ။ အခုတော့ အဖြေသိရပြီ။ မိုးပြာရောင် နဂါးအဖွဲ့အစည်းရဲ့ ဆရာကြီးက တော်တော်ကို အံ့သြစရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တာပဲ။ သူ့ဘက်မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ရှိနေရင်တောင် အံ့သြစရာ မဟုတ်တော့ဘူး။ ”

ထိုစကားများမှာ မြို့ထဲတွင် ပျံ့နှံ့နေစဉ် ကောင်းကင်ဘုံ အဖွဲ့အစည်း၏ ခေါင်းဆောင်အဖွဲ့က ထိုသတင်းများကိုကြားသိလိုက်ရသောအခါ ဆွံ့အကုန်ကြတော့သည်။

သူတို့မှာ ကာယအား၊ ဥာဏအား အစွမ်းကုန်သုံးကာ မိုးပြာရောင် နဂါးအဖွဲ့အစည်းကို ကြိုးစား တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းသည် အားပြင်းပြင်းဖြင့် ပြန်လည်တိုက်လိုက်လိုက်ပြီဖြစ်သည်။ သူသည် ပြန်၍ အင်အားပြန်မရနိုင်တော့သော အခြေအနေဖြင့် ရှုံးနိမ့်သွားပုံပေါ်သော်လည်း ယခုတွင် အရာရာတိုင်းကို ပြောင်းပြန်လှန်လိုက်ပြီဖြစ်သည်။ ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ ဤအခြေအနေကြီးကို လက်မခံနိုင်လောက်အောင် ဖြစ်နေတော့သည်။

” ကိုယ်ပိုင်နယ်မြေ ဟုတ်လား။ ” ကောင်းကင်ဘုံ အဖွဲ့အစည်းတွင် မရေမတွက်နိုင်သော တအံ့တသြအော်ဟစ်သံများဖြင့်ပြည့်နှက်နေပြီး အဖွဲ့ဝင်အများစုမှာ ခါးသီးမှုများနှင့် တွေဝေနေကြရတော့သည်။

တစ်ခဏအတွင်းမှာပင် မိုးပြာရောင် နဂါးအဖွဲ့အစည်းအပေါ်သို့ ထားရှိသည့် လူတိုင်း၏ အမြင်များမှာ ပြောင်းလဲသွားတော့သည်။ သူတို့သည် သင်္ချိုင်းဂူအပျက်အစီးများ၏ တစ်ခုထဲသောဝင်ပေါက်ကို ထိန်းချုပ်ထားသည် မဟုတ်ပါလော။

မိုးပြာရောင် နဂါးအဖွဲ့အစည်းကို မကြာသေးမီက စွန့်ပစ်ခဲ့သူများမှာမူ နောင်တများနှင့် ပြည့်နှက်နေကြသော်လည်း အခြားဘာမှ မလုပ်နိုင်ကြချေ။ မိုးပြာရောင် နဂါးအဖွဲ့အစည်းသည် လူသစ်များထပ်၍ မခေါ်တော့ပဲ အဖွဲ့ဝင်ဖြစ်ရန် လာလျှောက်သည့်လူများကိုလည်း ငြင်းဆိုနေတော့သည်။

အချိန်အနည်းငယ်အတွင်း မြို့တော်၏အနောက်ဘက်ဒေ၊ ကန္တာရထဲရှိ ရှေးဟောင်းသင်္ချိုင်းကြီး၏ ဘေးတွင် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ရာကျော်က စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်တော့သည်။

ထိုစားသောက်ဆိုင်ကြီးမှာ ကြီးမားလှပြီး ဖွဲ့စည်းတည်ဆောက်ပုံများစွာပါဝင်ကာ အပြင်ဘက်တွင်လည်း အမိုးများပါသည့် ရွက်ဖျင်တဲပုံစံ အဆောင်လေးများစွာကိုလည်း ထားရှိထားသည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ရာကျော်မှာ စိတ်စွမ်းအင်လက်ဖက်ရည်များကို ရောင်းချသည့် စားပွဲထိုးများအဖြစ် တာဝန်ယူနေကြသည်။

သင်္ချိုင်းကြီးထဲသို့ ဝင်လိုသူများသည် ကောင်းကင်ဘုံ အဖွဲ့အစည်း၏ အမိန့်ပေးဆွဲပြားကိုသုံးကာ ဝင်ရန် မဖြစ်နိုင်တော့ချေ။ ထိုအစား စိတ်စွမ်းအင်လက်ဖက်ရည်တစ်ခွက်ကို ဝယ်ယူသုံးဆောင်ရမည် ဖြစ်သည်။

ထိုစားသောက်ဆိုင်ကြီး၏ ဆောက်လုပ်မှုမှာ ရက်အနည်းငယ်အတွင်း ပြီးစီးသွားပြီး စီးပွားရေးလုပ်ရန် ဖွင့်လှစ်လိုက်ကြတော့သည်။ ကုံမြို့တော်သည် ကုံသက်တံ့ဒေသ၏ လက်အောက်ခံမြို့တစ်မြို့ဖြစ်သော်လည်း ထိုအချင်းအရာနှင့်ပတ်သတ်သည့် တစ်စုံတစ်ခုကိုမှ သူတို့က မပြောသေးချေ။ သက်တံ့ပေါ်ရှိလူများမှာ ဖြစ်ပျက်နေသည်များကို ဂရုမစိုက်ကြသဖြင့် မေးခွန်းထုတ်စရာများ ဖြစ်လာတော့သည်။ ထိုအချင်းအရာကြောင့် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဆန်းကြယ်သော နောက်ခံအကြောင်းနှင့်ပတ်သက်၍ မေးခွန်းများမှာ ပိုမိုထွက်ပေါ်လာသည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ကောင်းကင်ဘုံအဖွဲ့အစည်းမှာ ထိုအခြေအနေကို မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်လိုက်ကြရတော့သည်။ မကြာမီတွင် ရှေးဟောင်းသင်္ချိုင်းကြီး ထဲသို့ လာရောက်လည်ပတ်သည့် လူများမှာ ပုံမှန် နှုန်းထားဆီသို့ ပြန်လည်ရောက်ရှိသွားပြီး မိုးပြာရောင် နဂါးအဖွဲ့အစည်းသည် ရရှိသော အကျိုးအမြတ်များ၏ ဆယ်ရာခိုင်နှုန်းကိုသာ ကောက်ယူသည်ဆိုသည့် အချက်ကြောင့် ထိုနေရာတွင် တာဝန်လာထမ်းဆောင်ကြသည့် ကျင့်ကြံသူများမှာ ပိုမိုများပြားလာတော့သည်။ အဆုံးတွင် ဂိုဏ်းသား တစ်သိန်းကျော်မှာ ထိုသင်္ချိုင်းကြီးဆီသို့ နေ့စဉ်သွားရောက် နေကြပြီဖြစ်သည်။

ထို ဖောက်သည် ပမာဏကြောင့် မိုးပြာရောင် နဂါးအဖွဲ့အစည်း အလုပ်ရှုပ်နေရသည်မှာ အံ့သြစရာမရှိပေ။ မကြာမီတွင် အပြင်ဘက်ရှိ အဆောင်ငယ်လေးများမှာ ကြီးမားသောလူအုပ်ကြီးအတွက် မလောက်ငှတော့သဖြင့် အဆောင်ငယ်များကို ထပ်မံတိုးချဲ့လိုက်ရတော့သည်။

အမြတ်အစွန်းမှရသည့် စွမ်းဆောင်မှုရမှတ်များကို စစ်ဆေးကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ မှင်တက်သွားရတော့သည်။ မူးယစ်ဆေးလုံးများကို ရောင်းချရာမှ ရရှိခဲ့သည့် ပမာဏထက် များစွာပို၍ ရရှိနေသည်ဆိုသည့်အချက်မှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

” ကောင်းကင်ဘုံအဖွဲ့အစည်းက ရွံစရာကောင်းလောက်အောင် ကျိကျိတက် ချမ်းသာမှာပဲ။ ”
သူက ကြိတ်မနိုင်ခဲမရ ရေရွတ်လိုက်သည်။ သူ၏ ဘေးတွင် ဖက်တီးကျန်းကြီးမှာ စွမ်းဆောင်မှုရမှတ်များ၏ စာရင်းများကိုကြည့်ကာ မျက်ဝန်းများမှာ တောက်ပနေတော့သည်။ တချိန်ထဲမှာပင် သူသည် ကောင်းကင်ဘုံအဖွဲ့အစည်းကို စက်ဆုပ်ရွံရှာနေတော့သည်။

မည်သူကမှ စွမ်းဆောင်မှုရမှတ်များကို တစ်ယောက်ထဲ သိမ်းပိုက်မထားချေ။ ထိုရမှတ်များကို အဖွဲ့အစည်းအားကိုယ်စားပြုသည့် အမိန့်ပေးဆွဲပြားထဲတွင် စုဆောင်းထားသည်။ ထိုနည်းအားဖြင့် သန်းပေါင်းများစွာသော စွမ်းဆောင်မှုရမှတ်များကြောင့် ဂိုဏ်းသားတစ်ယောက်သည် သူ၏ဆန္ဒမပါဝင်ပဲ အဝါရောင်ဝတ်ရုံအဆင့်ဂိုဏ်းသားအဖြစ်သို့ မတော်တဆ ရာထူးတိုးသွားမည် မဟုတ်တော့ချေ။

ပိုင်ရှောင်ချန်းသည် တစ်ရက်ရက်တွင် အဝါရောင်ဝတ်ရုံအဆင့် ဂိုဏ်းသားအဖြစ်သို့ မတော်တဆ ရာထူးတိုးသွားမည်ကိုပင် စိုးရိမ်နေတော့သည်။ ထိုသို့သာဖြစ်သွားပါက သူသည် အသက်ပါအောင် ငိုနေရမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ကိုယ်ပေါ်တွင် စွမ်းဆောင်မှုရမှတ် သောင်းဂဏန်းအနည်းငယ်ထက်ပို၍ မည်သည့်အခါမှ မထားမိရန် လွန်စွာ ဂရုပြုနေတော့သည်။ စွမ်းဆောင်မှုရမှတ် အများစုကို မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ စုပေါင်း အမိန့်ပေးဆွဲပြားထဲတွင်သာ စုဆောင်းထားကြသည်။

ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြီး စားသောက်ဆိုင်ကြီးမှာလည်း ပို၍နာမည်ကြီးလာတော့သည်။ ကောင်းကင်ဘုံ အဖွဲ့အစည်း၏ ဝင်ငွေများမှာမူ ကျဆင်းသွားရတော့သည်။ သူတို့သည် မူးယစ်ဆေးလုံးများနှင့် သင်္ချိုင်းဟောင်းကြီး၏ လွှမ်းမိုးထားနိုင်မှုတို့ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ဆွေးနွေးမှုများစွာ ပြုလုပ်လိုက်ပြီးနောက် သူတို့သည် မိုးပြာရောင် နဂါးအဖွဲ့အစည်းနှင့် အပေးအယူတစ်ခုလုပ်ရန် လူများကို စေလွှတ်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့အား ထိုညှိနှိုင်းရေး ကိစ္စများကို တာဝန်လွှဲပေးလိုက်သည်။ မိုးပြာရောင် နဂါးအဖွဲ့အစည်းက မည်သည့်ညှိနှိုင်းချက်ကိုမှ လက်မခံသဖြင့် အဆုံးတွင် ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ လက်လျှော့သွားရတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ အလွန်ကျေနပ်အားရနေတော့သည်။ ယခုတွင် ကုံမြို့တော်သည် သူ၏အိမ်ကဲ့သို့ဖြစ်နေပြီဖြစ်ပြီး သူ၏ စွမ်းဆောင်မှုရမှတ်ဝေစုများမှာလည်း စိတ်ကျေနပ်မှုများစွာ ပေးစွမ်းနေတော့သည်။

” ဒါမျိုးမှ ဘဝလို့ ခေါ်တာကွ။ ”
သူက စားသောက်ဆိုင်၏ ဝရံတာတစ်ခုပေါ်တွင်ရပ်ရင်း အောက်ဘက်ရှိ လှုပ်ရှားနေမှုပေါင်းစုံကို ငုံ့ကြည့်ကာ တွေးနေတော့သည်။

ပိုင်ရှောင်ချန်းအား ကျေနပ်မှုများ ပိုမိုပေးစွမ်းနေသည့်အချက်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံသည် တစ်ခဏအတွင်း ဖောက်ထွက်နိုင်မည့် အခြေအနေသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ သူ၏ အတွေ့အကြုံအရဆိုလျှင် ရက်အနည်းငယ်အတွင်း သူသည် အလယ်ပိုင်းရွှေအမြုတေအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သည်။

ထို့ကြောင့် သူသည် အခြားကိစ္စများကို ဘေးချိတ်ကာ စားသောက်ဆိုင်ထဲရှိ လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် တံခါးပိတ်တရားကျင့်ကြံလိုက်ပြီး နောက်တစ်ဆင့်တက်ရန် ကြိုးပမ်းနေတော့သည်။

ထိုတံခါးပိတ်ကျင့်ကြံခြင်းမှာ တစ်လတိတိ ကြာမြင့်သွားသည်။

ထိုတစ်လအပြီးတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဖျတ်ခနဲပွင့်လာပြီး သူ၏မျက်လုံးအိမ်များထဲတွင် တောက်ပသော အပြာရောင်အလင်းရောင်တစ်ခုကို မြင်နိုင်ပေသည်။ တချိန်ထဲမှာပင် ပြင်းထန်လှသော အေးစိမ့်ချီစီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာတော့သည်။

ထိုအေးစိမ့်ချီများမှာ မကြာမီ ထိုနေရာတစ်လုံးကို လွှမ်းခြုံသွားပြီး အခန်းထဲရှိ အပူချိန်မှာ လျင်မြန်စွာ ကျဆင်းသွားတော့သည်။ နံရံများ၊ မျက်နှာကျပ်နှင့် ခေါင်မိုးများတွင် ရေခဲများ ဖုံးအုပ်သွားကြသဖြင့် အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။

” အေးစိမ့်ကျင့်ကြံသူ တွေက အေးစိမ့်အရိပ်တွေကိုဖန်တီးနိုင်ပြီး အေးစိမ့်သိုင်းကွက်တွေကို ထုတ်သုံးနိုင်တာ။ အေးစိမ့်ပညာရှင် တွေကကြတော့ မီတာသုံးထောင် ပတ်ပတ်လည်မှာရှိတဲ့ အရာရာတိုင်းကို ခဲပစ်လိုက်နိုင်တာကွ။ ” ထိုသို့ဆိုကာ သူက လက်ကိုဝေ့ယမ်းလိုက်သည်။

ချက်ချင်းပင် သူ၏လက်သည် သလင်းကျောက်အလား ကြည်လင်သွားကာ အရေပြား၏အောက်ရှိ စီးဆင်းနေသည့် သွေးကြာများကိုပင် ထင်းခနဲ မြင်နေရတော့သည်။ အခန်းထဲရှိ အေးစက်မှုကြီးမှာ သူ့အပေါ် သက်ရောက်မှုမရှိပေ။

” နောက်တစ်ဆင့်တက်ဖို့ အချိန်ကျပြီဟေ့။ ” ထိုသို့ဆိုကာ သူက မတ်တတ်ထရပ်လိုက်ပြီး လျှို့ဝှက်အခန်းအပြင်သို့ပြေးထွက်သွားသည်။ သူ၏ လှုပ်ရှားမှုကို မည်သူမှ မတွေ့ရလိုက်ရဘဲ စားသောက်ဆိုင်ထဲမှ ထွက်သွားပြီဖြစ်သည်။

သူသည် အလင်းတန်းတစ်တန်းအသွင်ဖြင့် လေကိုခွင်းကာ ကန္တာရထဲရှိ ဝေးလံသော တစ်နေရာတွင် ပေါ်ထွက်လာတော့သည်။ ထိုနေရာသည် လူသူကင်းရှင်းပြီး သက်ရှိများရှိသည့် အရိပ်အယောင် တစိုးတစိမျှ မရှိပေ။ ကုံမြို့တော်ရှိ ကျင့်ကြံသူတစ်ယောက်မှ မရှိသည့် နေရာတစ်ခုဖြစ်သည်။ ဤသို့ဝေးကွာလှသောနေရာသို့ လာမည့်လူမှာ မရှိသလောက်နည်းမည်ဖြစ်သည်။
ထိုနေရာတွင် ပြင်းထန်သော အပူရှိန်က ဖုံးလွှမ်းထားသည်။ ကောင်းကင်တံတားမြစ်၊ ကောင်းကင်တံတား ပင်လယ်တို့နှင့် အလွန်နီးကပ်နေပါသော်လည်း ကန္တာရတစ်ခုဖြစ်သဖြင့် အပူချိန်မှာ မြင့်မားလှပြီး လေထုများပင် တွန့်လိမ်နေသည်။ ထို့ကြောင့် မည်သည်ကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ချေ။

ပိုင်ရှောင်ချန်းက ထိုနေရာတွင်ရပ်ကာ သူ၏မျက်ဝန်းထဲရှိ အပြာရောင်အလင်းတန်းက ပိုမိုတောက်ပလာသည်။ ဘေးနားတွင် မည်သူမှမရှိကြောင်း သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများကို ပိတ်လိုက်သောအခါ ပြင်းထန်သော အေးစိမ့်ချီတစ်ခုမှာ သူ၏ဘေးပတ်ပတ်လည် မီတာသုံးရာခန့်အထိ ပျံ့နှံ့သွားတော့သည်။ ချင်ချင်းပင် ကန္တာရ၏ မီးတောက်များအလား အပူရှိန်က လုံးဝ လျော့နည်းသွားပြီး မြေကြီးပင် အေးခဲသွားတော့သည်။

ဤကဲ့သို့ အပူ၊ အအေးရုတ်ချည်းပြောင်းလဲမှုကြောင့် လေထုထဲတွင် မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံများပင် ပေါ်ထွက်လာသည်။ သို့သော်လည်း ဤမျှနှင့်ပြီးမသွားချေ။ ပိုင်ရှောင်ချန်းက သူ၏ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်သဖြင့် ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်၏ အစွမ်းများ ပေါ်ထွက်လာပြီးနောက် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ရာ ထိုမီတာသုံးရာအကျယ်ရှိသော အေးစက်စက်နယ်ပယ်က လျင်မြန်စွာ ကြီးမားသွားတော့သည်။

ဂျုန်းဂျုန်းဂျုန်း…..

မီတာ ခြောက်ရာ.. မီတာကိုးရာ… မီတာ တစ်ထောင့်ငါးရာ….

သို့သော်လည်း အေးစိမ့်နယ်ပယ်မှာ ထိုမျှဖြင့် မပြီးဆုံးသေးချေ။ ပိုင်ရှောင်ချန်း၏ ဆံပင်များမှာ ခါယမ်းနေပြီး သူ၏ မျက်လုံးများမှာ ပိတ်ထားသော်လည်း အပြာရောင် အလင်းတန်းများက မျက်ခွံများကို ဖောက်ထွက်ကာ အရပ်မျက်နှာပေါင်းစုံသို့ ဖြာထွက်နေသည်။ သူ၏ လက်နှစ်ဖက်စလုံးမှာ သလင်းကျောက်များအလား ကြည်လင်နေပြီး သူ့ခန္ဓာကိုယ်မှာ ရေခဲဖြင့် ထုဆစ်ထားသည့် အလား ဖြစ်နေတော့သည်။

အေးစိမ့်ချီဒေသ၏ အကျယ်အဝန်းမှာ မကြာမီ မီတာ နှစ်ထောင့်တစ်ရာအထိရောက်ရှိသွားပြီး ကန္တာရထဲရှိ အပူရှိန် ပျောက်ကွယ်သွားသဖြင့် အက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်နေတော့သည်။ အေးစိမ့်ချီများမှာ အဆက်မပြတ်ပေါ်ထွက်နေပြီး မီတာနှစ်ထောင့်ခုနစ်ရာ အကျယ်အဝန်းထိ ရောက်သွားတော့သည်။

မီတာ နှစ်ထောင့်ခုနစ်ရာ့ ခြောက်ဆယ်။ မီတာ နှစ်ထောင့်ရှစ်ရာ ငါးဆယ်။
မီတာ နှစ်ထောင့်ကိုးရာ လေးဆယ်။
အသက်ရှုကြိမ်အနည်းငယ်အတွင်း အေးစိမ့်ချီများသည် နှစ်ထောင့်ကိုးရာကိုးဆယ့်ခုနစ်မီတာအထိ ဖုံးအုပ်သွားတော့သည်။

သုံးမီတာသာကျန်ရှိတော့သည် ဖြစ်သည်။

အေးစိမ့်ပညာရှင် အဆင့်သို့ရောက်ရန် သုံးမီတာသာ လိုတော့သည်။

” အေးစိမ့်ပညာရှင် ”
ပိုင်ရှောင်ချန်းက မျက်လုံးများကို ဖျတ်ကနဲဖွင့်ကာ အော်ဟစ်လိုက်သည်။ သူ၏ ကောင်းကင်တာအို ရွှေအမြုတေထဲရှိ အေးစိမ့်ချီများက ဆက်လက်ကြီးထွားနေသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံထဲတွင် ပြင်းထန်ကျယ်လောင်သော ထစ်ချုန်းသံများ ပေါ်ထွက်လာတော့သည်။

ထိုအချိန်တွင် သူ၏ အေးစိမ့်ချီများ ဖုံးလွှမ်းထားသည့် အကျယ်အဝန်းမှာ မီတာသုံးထောင်အထိ ရောက်သွားတော့သည်။ ထိုနေရာအတွင်းရှိ ပြင်းထန်လှသော အေးစက်မှုကြောင့် မြေပြင်မှာ လုံးဝခဲသွားပြီး ရေခဲကမ္ဘာတစ်ခုအလား ဖြစ်သွားတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ အစောပိုင်းအဆင့်မှ ရွှေအမြုတေ အလယ်ပိုင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ တစ်ပြိုင်နက်ထဲမှာပင် ကောင်းကင်တာအို အငွေ့အသက်တစ်ခုက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားတော့သည်။

ထိုမီတာ သုံးထောင်၏ အပြင်ဘက်တွင် ကန္တာရကြီးမှာ ယခင်ကအတိုင်း ပူမြဲပူဆဲပင်။ သို့သော်လည်း ၎င်း၏ဘေးရှိ ပြင်းထန်လှသော အေးစက်မှုကြောင့် လေထုများပင် အက်ကွဲစပြုလာတော့သည်။ ထိုမြင်ကွင်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်းလှပေသည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများ ယိုဖိတ်နေပြီး ဖျတ်ခနဲလက်သွားကာ မီတာသုံးထောင်ပတ်လည်အတွင်း ပိုင်ရှောင်ချန်းနှင့် တစ်ပုံစံထဲတူသော ပုံရိပ်ယောင်ကိုယ်ပွားများစွာ ပေါ်ထွက်လာတော့သည်။ ထိုအရာများမှာ သူ၏ အေးစိမ့်အရိပ်များဖြစ်ကြသည်။

ရုတ်တရက် သူသည် ထိုအရိပ်တစ်ခုနှင့် နေရာချင်း လဲလိုက်သည်။ ထိုဖြစ်စဉ်သည် တည်နေရာရွှေ့ပြောင်းခြင်းနှင့် ဆင်တူသည်ဖြစ်ရာ အမြန်နှုန်းပါဝင်သည်မဟုတ်ပေ။ ပိုင်ရှောင်ချန်း၏ ကိုယ်ခွဲများစွာကို တစ်ယောက်ယောက်သာမြင်လိုက်ပါက တအံ့တသြဖြင့် မှင်တက်နေမည်မှာ အသေအချာပင်။

အနည်းငယ်ကြာသောအခါ ထိုများစွာသော အေးစိမ့်အရိပ်များက စုစည်းသွားကြပြီး ပိုင်ရှောင်ချန်း၏ ပုံရိပ်အစစ်အမှန် ပေါ်ထွက်လာတော့သည်။ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရင်း အေးစိမ့်ဒေသကြီးကို ဖျောက်လိုက်သဖြင့် အပူဓာတ်များ ပြန်လည်ရောက်ရှိလာတော့သည်။ ထိုအခါ ပေါ်ထွက်လာသည် လေပြင်းကြီးကြောင့် သူ၏ ဆံပင်များမှာ လွင့်ပျံနေပြီး သူသည် ဦးခေါင်းကိုနောက်ပစ်ကာ အားပါးတရ ရယ်မောနေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset