ဖုန့်ချိုးရန်မှာ မြဲ့လျဲ့ကျိ၏ အစီအစဉ်အား လက်မတင်ကလေး ကန့်ကွက်ခဲ့နိုင်သည့်တိုင်အောင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲပင်။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် အရာအားလုံးမှာ သူမ စီစဉ်ထားသည့်အတိုင်း ဖြစ်လာလျှင်တောင် သူမဘက်မှ အများကြီး နစ်နာနေရဦးမည် ဖြစ်သည်။
သို့သော် သူမဆီတွင် အခြားရွေးချယ်စရာမရှိပေ။ အကယ်၍ မြဲ့လျဲ့ကျိ၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်လိုက်မည်ဆိုပါက သူမအတွက် ထွက်လမ်းရှိနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူမ၏ အစီအစဉ်ဖြစ်သော ဂိုဏ်းသားခြောက်ရာအား ယှဉ်ပြိုင်ခိုင်းခြင်းသည်သာလျှင် လတ်တလောတွင် သူမစဉ်းစားမိသည့် နည်းလမ်းများထဲ၌ အကောင်းဆုံးဖြစ်ပေသည်။
ထို့ကြောင့် သူမမှာ အတွေးများ ယောက်ယက်ခတ်ကာ ကောင်းကျိုးဆိုးကျိုးများကို ချင့်ချိန်နှိုင်းဆကြည့်နေတော့သည်။ ထို့အပြင် သူမသည် ဤကိစ္စကြီးအား သူမအတွက် ပိုအကျိုးရှိသည့် အခြေအနေသို့ရောက်လာအောင် တွန်းပို့ပေးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေနေသေးသည်။
သို့သော် မြဲ့လျဲ့ကျိမှာ ဖုန့်ချိုးရန်အား စဉ်းစားတွေးတောရန် အချိန်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် နှာမှုတ်ကာ ဗေဒါရွက်များအကြောင်း မပြောတော့ဘဲ ဒုတိယမြောက်ကိစ္စအား စတင်ဆွေးနွေးလိုက်တော့သည်။
” ကျုပ်ကတော့ ပြည်ထောက်စုပျိုးပင် ဒုတိယအသုတ် ရောက်လာမယ့်ကိစ္စကို သဘောတူမှာ မဟုတ်ဘူး။ အဲဒီ ပြည်ထောင်စုပျိုးပင်တွေက ဘာအရည်အချင်းမှ ရှိကြတာ မဟုတ်ဘူး။ သူတို့ရှိနေတာ ကျယ်ပြန့်တာအိုနန်းတော်တဲ့ အကန့်အသတ်နဲ့ရှိနေတဲ့ ရင်းမြစ်ပစ္စည်းတွေကို ဖြုန်းတီးရာကျတယ် ”
” အဲဒီ ရင်းမြစ်ပစ္စည်းတွေနဲ့ဆိုရင် သူတို့ထက် အများကြီးပိုပြီးတော့ ပါရမီရှိတဲ့ ကျုပ်တို့ရဲ့ ဂိုဏ်သားတွေကို ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးလို့ရတယ် ” မြဲ့လျဲ့ကျိမှာ သွယ်ဝိုက်ပြောဆိုနေခြင်း မရှိပေ။ သို့သော် ဖုန့်ချိုးရန်ကမူ သူ၏စကားများကို သဘောမတူသောကြောင့် အေးစက်စက်ရယ်မောကာ ဆိုလိုက်၏။
” ပြည်ထောင်စုပျိုးပင်တွေအားလုံး အချိန်တိုလေးအတွင်းမှာ အခုလို တိုးတက်လာတာကိုကြည့်ရင် သူတို့တွေ ပါရမီဘယ်လောက်ပါလည်းဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ ပြည်ထောင်စုကြီးထဲက လူဦးရေ အရေအတွက်က ကျွန်မတို့ထက် ပိုများတယ်လေ။ သူတို့က အခုမှ စတင်လေ့ကျင့်နေကြတာဆိုပေမဲ့ ကျွန်မတို့အတွက် အကျိုးပြုနိုင်မယ့် အခြေအနေကို အချိန်တိုလေးအတွင်း ရောက်လာမှာ မလွဲမသွေပါပဲ။ ပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အရင်ကတည်းက ဆုံးဖြတ်ထားပြီးသားမလို့ အခုမှ ပြောင်းလဲမှုတွေလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်က ကျွန်မတို့ သဘောတူထားတဲ့အတိုင်း ရောက်ကိုရောက်လာမှဖြစ်မယ် ”
” ဖုန့်ချိုးရန် ” ထိုအခါ မြဲ့လျဲ့ကျိနှာ ဖြည်းညင်းစွာ မတ်တတ်ထလာပြီး သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားများကို ရုတ်ခြည်းဆိုသလို ထုတ်လွှတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရန်လိုသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူသည် သူ သဘောမတူသည့် စကားတစ်ခွန်းသာ ထပ်ကြားလိုက်ရမည်ဆိုပါက သူမအား ချက်ချင်းတိုက်ခိုက်တော့မည့်ပုံစံ ပေါက်နေ၏။
ဖုန့်ချိုးရန်မှာ နူးညံ့သိမ်မွေ့သော အကျင့်စရိုက်တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ယခုကိစ္စကြီးမှာ ဆုံးဖြတ်ထားပြီးသား ဖြစ်သောကြောင့် အလျှော့ပေး၍မဖြစ်ကြောင်း နားလည်ထား၏။ ထိုကဲ့သို့ အလျှော့ပေးလိုက်ပါက သူမနှင့် ပြည်ထောင်စုကြီး၏ မဟာမိတ်ဆက်ဆံရေးလမ်းကြောင်းပေါ်တွင် အခက်အခဲအတားအဆီးများ ပေါ်ပေါက်လာရုံတင် မဟုတ်တော့ဘဲ ဆက်ဆံရေးတစ်ခုလုံး ပျက်ပြားသွားမည့် အဆင့်အထိ ရောက်သွားမည်မဟုတ်ပါလော။ ထို့ကြောင့် သူမသည်လည်း သူမသည်လည်း မျက်ဝန်းများ အေးစက်သွားပြီး သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်၏။
သူတို့နှစ်ယောက်စလုံး ယခုလို ရန်လိုနေကြသည်ကို မြင်လိုက်ရသောအခါ တာအိုဘုန်းတော်ကြီး ယိုရန်မှာ မတ်တတ်ထလာပြီး သူတို့နှစ်ယောက်၏ ကြားတွင်ရပ်ကာ ရှုံ့မဲ့မဲ့မျက်နှာထားဖြင့် ပြုံး၍ ခေါင်းယမ်းလိုက်၏။
” မင်းတို့ နှစ်ယောက်စလုံး ရန်မဖြစ်ကြပါနဲ့တော့။ ဂိုဏ်းတူညီမလေး ချိုးရန် ဒီလိုလုပ်ပါလား။ ညီမလေးကမှ ပြည်ထောင်စုကြီးကို အဲလောက် အထင်ကြီးနေရင်း သူတို့တွေ ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ ဘယ်လိုမျိုးရလဒ်တွေကို ဆွတ်ခူးနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ”
” ဒီတစ်ခေါက် အရည်အချင်း စမ်းသပ်ပွဲထဲမှာ စုစုပေါင်း လူအယောက်ခြောက်ရာတိတိ ယှဉ်ပြိုင်ခိုင်းဖို့ ဆုံးဖြတ်ထားပြီးသားလေ။ အမြုတေအဆင့် ကျင့်ကြံသူတွေပဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတယ်ဆိုပေမယ့် ပြည်ထောင်စုပျိုးပင်တွေထဲမှာလည်း အမြုတေအဆင့်ကျင့်ကြံသူတွေ ရှိနေတာကို အစ်ကို သတိထားမိတယ်။ အဲတာမလို့ သူတို့ကိုပါ ဝင်ပြိုင်ခိုင်းကြတာပေါ့။ တကယ်လို့ သူတို့ထဲက တစ်ယောက်ယောက်က သစ်ရွက်တစ်ရွက်ကို ယူနိုင်ရင် သူတို့တွေက တကယ့်ကို တကယ်ကို တန်ဖိုးရှိလို့ပဲ။ အဲအခါကျရင် အစ်ကိုတို့ဘက်ကလည်း ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်ကို လက်ခံပေးလို့ရပြီ ”
” ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ယောက်က မယူနိုင်ခဲ့ရင်တော့… ဂိုဏ်းတူညီမလေး ချိုးရန်… လတ်တလောအတွင်းမှာ အစ်ကို့ဆီကို ရောက်လာပြီး ညီမလေးကို သံသယဝင်နေတယ်လို့ လာပြောတဲ့လူတွေ အများကြီးရှိနေပြီနော်။ အစ်ကို သူတို့ရဲ့ ပြောစကားတွေကို စဉ်းစားမိလိုက်တိုင်း ဂိုဏ်းတူညီလေးမြဲ့လျဲ့ကျိရဲ့ ရပ်တည်ချက်ကလည်း မမှားဘူးလို့ ခံစားနေရတာ ” ဖုန့်ချိုးရန်မှာ တာအိုဘုန်းတော်ကြီး ယိုရန်၏ စကားများကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရပြီး ရင်ခုန်နှုန်းများ ရပ်တန့်သွားရ၏။ ထို့နောက် သူမသည် သူငယ်အိမ်များပင် ကျဉ်းမြောင်းသွားရပြီးတာအိုဘုန်းတော်ကြီးယိုရန်အား စိုက်ကြည့်နေမိတော့သည်။
ပထမဖြစ်စဉ်ကတည်းက သူမသည် ယိုရန်မှာ မြဲ့လျဲ့ကျိဘက်သို့ ပါနေခဲ့သည်ဖြစ်ကြောင်း ခံစားနေခဲ့ရ၏။ ယခုတွင်မူ ယိုရန်မှာ ရင်ကြားစေ့ပေးသူတစ်ယောက်အဖြစ် ပြောဆိုနေသည့်တိုင်အောင် သူ၏ စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကိုကြည့်လျှင် သူသည် မြဲ့လျဲ့ကျိဘက်၌ ရပ်တည်ပေးနေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။
ထိုအခါ မြဲ့လျဲ့ကျိမှာ ပြုံးသွားပြီး စကားတစ်ခွန်းမှ ဆက်မပြောတော့ပေ။ သူနှင့် တာအိုဘုန်းတော်ကြီး ယိုရန်တို့ နှစ်ယောက်စလုံးမှာ ဖုန့်ချိုးရန်အား စိုက်ကြည့်နေလိုက်ကြ၏။
ပင်မခန်းမကြီး တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွား၏။ ဖုန့်ချိုးရန်မှာ မကျေမချမ်း ဖြစ်နေရပြီး အစီအစဉ်များကို ပြောင်းလဲပစ်ချင်ပါသော်လည်း မစွမ်းနိုင်ဘဲ ဖြစ်နေသည်။
ထိုသို့ဖြင့် သုံးရက်အကြာတွင် ပင်မခန်းမဆီမှ အမိန့်ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာပြီး မျှော်လင့်စောင့်ဆိုင်းနေကြသည့် ဂိုဏ်းသားများအားလုံးမှာ အံ့ဩတုန်လှုပ်သွားကြ၏။
” ခုနစ်ရက်နေရင် အရည်အချင်းစမ်းသပ်ပွဲတစ်ခု ကျင်းပမယ်။ ထိပ်ဆုံးသုံးယောက်ကို ဗေဒါရွက် တစ်ယောက်တစ်ရွက်စီ ပေးမယ် ”
ထိုသတင်းများ ထွက်ပေါ်လာသောအခါ ဂိုဏ်းသားပေါင်း မြောက်မြားစွာမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ သူတို့မှာ အချင်ချင်း ငြင်းခုံဆွေးနွေးနေကြသလို အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် စုံစမ်းနေကြ၏။ ပြည်ထောင်စုပျိုးပင်များပင်လျှင် ထိုသတင်းများကို ကြားသိလိုက်ရပြီးနောက် ဆူညံပွက်လောရိုက်သွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ သစ်သီးခြောက်လေးမှာ ဗေဒါပင်ကြီး၏ အသီးဖြစ်ကြောင်း သိလိုက်ရပြီးနောက် ထိုသစ်ရွက်သုံးရွက်အပေါ် အာရုံအပြည့် စိုက်နေခဲ့၏။
ထို့ကြောင့် သူသည် ဂိုဏ်းမှထုတ်ပြန်လိုက်သည့် ထိုသတင်းအား လက်ခံရရှိလိုက်သောအခါ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားရ၏။ ထို့နောက် သူသည် ဒေသတွင်းသုံး အုပ်စုဖွဲ့စကားဝိုင်းထဲသို့ ဝင်ရောက်ကာ ထိုကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးငြင်းခုံနေကြသည့် စကားဝိုင်းများကို လိုက်လံကြည့်ရှုလိုက်ပြီးနောက် ယွင်ဖျောင်ကျိအား လှမ်း၍ဆက်သွယ်ကာ အသေးစိတ်အချက်အလက်များကို မေးမြန်းလိုက်၏။
ယွင်ဖျောင်ကျိမှာ ကျယ်ပြန့်တာအိုနန်းတော်၏ နယ်ခံ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အံ့သြဖွယ်ကောင်းသည့် နောက်ခံအင်အားတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ပြည်ထောင်စုကြီးထဲမှ လူများထက် အများကြီးပို၍ သိထား၏။ အကယ်၍ အခြားတစ်ယောက်ယောက်ကသာ သူ့အား ထိုသို့ လာမေးနေသည်ဆိုပါက သူသည် မည်သည့်အချက်အလက်ကိုမှ ထုတ်ပြောမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူ့အား လာရောက်မေးမြန်းသည့်သူမှာ ဝမ်ပေါင်လဲ့ ဖြစ်နေသောကြောင့် ယွင်ဖျောင်ကျိမှာ မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်မနေဘဲ သူသိထားသမျှ အရာအားလုံးကို ပြောပြလိုက်တော့သည်။
” ဒီတစ်ခေါက် အကြီးအကဲကြီးသုံးယောက်က တစ်ယောက်ကို ဂိုဏ်းသားနှစ်ရာစီ ရွေးပြီးတော့ ဒီ အရည်အချင်း စမ်းသပ်ပွဲထဲမှာ ဝင်ပြိုင်ခိုင်းမှာ။ ပြိုင်ပွဲဝင်တွေက အနည်းဆုံး အမြုတေအဆင့်မှာ ရှိနေဖို့လိုတာမလို့ ဒီပြိုင်ပွဲကြီးက အကြိတ်အနယ်ရှိမှာတော့ သေချာတယ်။ ဒါပေမဲ့ အမြုတေအဆင့်ကို ဘယ်အဆင့်ကနေ ဘယ်အဆင့်ထိပဲဆိုပြီး ကန့်သတ်ချက် ချမှတ်ထားတာမရှိဘူး။ အဲတာမလို့ အခုပြိုင်ပွဲထဲမှာ အစောပိုင်း အမြုတေအဆင့် ကျင့်ကြံသူတွေကနေ အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံသူတွေအထိ ပါနေမှာပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်ခုံးများပင့်မိသွား၏။
” အဲတာဆို ဒီပြိုင်ပွဲကြီးက ဘာအဓိပ္ပါယ် ရှိဦးမှာလဲ ”
ယွင်ဖျောင်ကျိမှာ သူ၏မေးခွန်းကို ကြားလိုက်ရသောအခါ ရယ်မောလိုက်ပြီးနောက် နောက်ထပ် အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်၏။
” အင်း ဘာအဓိပ္ပါယ်မှတော့ မရှိဘူးပေါ့။ ဂိုဏ်းသားအများစုက အခွင့်အရေး သေးသေးလေးတောင် ရကြမှာမဟုတ်ဘူး။ အဲတာမလို့ ဒီ ပြိုင်ပွဲကြီးကို လုံးဝ တရားမျှတမှုမရှိဘူးလို့ သတ်မှတ်ရင် သတ်မှတ်လို့ရတယ်။ ငါ့အထင်တော့ သူတို့ပေးချင်တဲ့လူတွေကို ကြိုပြီးတော့ ရွေးထားပြီးသား ထင်ပါတယ်။ တခြားလူတွေက အိမ်ဖြည့်အဆင့်လောက်ပဲ ရှိတာ ”
” ဒါပေမဲ့ ဒါတွေက ငါ့ရဲ့ ခန့်မှန်းချက်တွေပါ။ ပြီးတော့ အဲဒီလို တရားမျှတမှုမရှိတဲ့ ကိစ္စအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးသားလို့ ငါ ကြားထားတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ အရည်အချင်းစမ်းသပ်ပွဲစမှ သိရမှာပဲ ”
ယွင်ဖျောင်ကျိမှာ ထိုမျှလောက်သာ သိထားပြီး အခြား အသေးစိတ်အချက်အလက်များကို ကြားသိထားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်ဆီသို့ပင် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့ပါသော်လည်း အလားတူ အဖြေမျိုးသာ ပြန်ရလိုက်၏။ ရှဲ့ဟေးရန်မှာ တရားမျှတမှုမရှိသည့် ကိစ္စအား ဖြေရှင်းပေမည့်နည်းလမ်းနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိထားခြင်းမရှိပါသော်လည်း ဝန်ဆောင်ခ အမြောက်အမြား တောင်းခံခဲ့၏။
သူသည် ဝမ်ပေါင်လဲ့နှင့် အရောင်းအဝယ်များ လုပ်ခဲ့စဉ်တုန်းက ကြိမ်ဖန်များစွာ ဈေးလျှော့ပေးခဲ့သည့်တိုင်အောင် ယခုတွင် ရှဲ့ဟေးရန်မှာ အမြတ်ကြီးစားလွန်းနေသည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်ပြီး သူ၏ ကမ်းလှမ်းချက်အား ငြင်းဆိုလိုက်၏။
” သတင်းလေးတစ်ခုအတွက် တိုက်ပွဲရမှတ် အမှတ်ငါးသောင်းဆိုပဲ။ ဓားပြတိုက်နေတာလားဟ ”
ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်နေသည့် လေသံဖြင့်ရေရွတ်ကာ သူ၏ အသံလွှင့်လက်စွပ်အား အောက်သို့ချလိုက်၏။ အများဆုံး ခုနစ်ရက်တိတိ စောင့်ဆိုင်းလိုက်ရုံဖြင့် လူတိုင်းမှာ ထိုသတင်းအား သိရှိသွားကြမည်ဖြစ်ရာ သူသည် ယခုလောက် ဈေးအများကြီးပေး၍ ထိုသတင်းအား မဝယ်ချင်ဘဲ ဖြစ်နေရ၏။
ထိုအကြောင်းအား ကြိုသိထားပါက သူ့အတွက် အကျိုးရှိနိုင်သည်ကို ဝမ်ပေါင်လဲ့မှာ သိထားပါသော်လည်း သူသည် ထိုအကြောင်းအား ပို၍ စဉ်းစားလေလေ သူပေးရမည့် ဈေးနှင့် ထိုက်တန်မှုမရှိဟု ပို၍ ခံစားရလာလေလေ ဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် ဖုန့်ချိုးရန်ပေါ်သို့ အာရုံပြန်စိုက်လိုက်ပြီး သူမဆီသို့ သွားရောက်လည်ပတ်ရန် သင့်မသင့် စဉ်းစားတွေးတောနေလိုက်၏။ လက်ရှိပြည်ထောင်စုပျိုးပင်အသုတ်မှာ သူမ၏ လက်အောက်တွင်ရှိနေသည်ဟု မှတ်ယူနိုင်သည် မဟုတ်ပါလော။ ထို့အပြင် သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေသောကြောင့် ပြိုင်ပွဲဝင် အယောက်နှစ်ရာထဲတွင် နေရာတစ်နေရာ ရလောက်ပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောနေစဉ် ဖုန့်ချိုးရန်မှာ သူမ၏ ဂူဗိမာန်ထဲ၌ ရှိနေပြီး စိတ်ဓာတ်များကျနေ၏။ တာအိုဘုန်းတော်ကြီး ယိုရန်နှင့် မြဲ့လျဲ့ကျိတို့၏ ပူးပေါင်းမှုကြောင့် သူမသည် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ဖြစ်နေခဲ့ရသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူမသည် မရွှင်မပျဖြစ်ကာ မျက်နှာညှိုးငယ်နေရခဲ့သည်။ သူမသည် ထိုကိစ္စ ကြီး တစ်ခုလုံးအား အသေးစိတ် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ပြီးနောက် ဆွေးနွေးပွဲထဲ၌ မြဲ့လျဲ့ကျိမှာ တစ်ချိန်လုံး အသာစီးရနေခဲ့သည်ဖြစ်ကြောင်း သိရှိလိုက်ရ၏။
ယခုတွင် သူမသည် ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်သည်။ အကယ်၍ သူမသည် ပြည်ထောင်စုကြီးနှင့် သူမ၏ကြားရှိ မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းလိုပါက ပြည်ထောင်စုပျိုးပင်များအား ဗေဒါရွက်တစ်ရွက် ပေးရမည်ဖြစ်သည်။
သို့သော် ထိုသို့ ပေးလိုက်မည်ဆိုပါက အခက်အခဲနှစ်ခုနှင့် ကြုံတွေ့နိုင်ပေသည်။ ပထမတစ်ခုမှာ သူမ၏ လက်အောက်ငယ်သားများ မကျေမနပ်ဖြစ်လာကြပြီး သူမအပေါ် ယခင်ကထက်ပို၍ သစ္စာမဲ့လာကြမည့် ကိစ္စပင်ဖြစ်သည်။ ၎င်းမှာ အရေးအကြီးဆုံး ပြဿနာ မဟုတ်သေးပေ။ အရေးကြီးဆုံး ပြဿနာဖြစ်သည့် ဒုတိယမြောက် ပြဿနာမှာ … ပြည်ထောင်စုကြီးဘက်မှ ထို သစ်ရွက်အား ရယူနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းနေခြင်းပင်ဖြစ်သည်။
သူမသည် ပြည်ထောင်စုကြီးမှ ကျင့်ကြံသူများ၏ အစွမ်းအစများကို ယုံကြည်ထားပြီး သူတို့၏ အနာဂတ်အတွက် အများကြီး မျှော်လင့်ထားပါသော်လည်း သူတို့၏ လက်ရှိအခြေအနေများမှာ အားရစရာမကောင်းပေ။ ထို့အပြင် လက်ရှိအနေအထားအရဆိုလျှင် ပြည်ထောင်စုပျိုးပင်များမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ဂိုဏ်းသားများထက် ပို၍ ပါရမီပါသည့်ဆိုသည့်အချက်အား သူမကိုယ်တိုင်ပင် မယုံကြည်ဘဲ ဖြစ်နေရ၏။ သူမ၏ အမြင်တွင် ပြည်ထောင်စုပျိုးပင်များအနေနှင့် ပြိုင်ပွဲဝင်ပေါင်းခြောက်ရာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အရည်အချင်း စမ်းသပ်ပွဲထဲ၌ ထိပ်ဆုံးနေရာသုံးခုအား ရရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူမကြုံတွေ့နေရသည့် ဒုတိယမြောက် အခက်အခဲကြီးအား ကျော်ဖြတ်လိုပါက သူမ၏ တပည့်ရင်းများအား အလျှော့ပေးခိုင်းရန် လိုအပ်ပေသည်… သူမသည် ထိုအကြောင်းများကို တွေးတောကာ သက်ပြင်းများချရင်း သူမ၏ ဂူဗိမာန်တံခါးအား လှမ်းကြည့်နေလိုက်၏။ ခဏအကြာတွင် ဂူဗိမာန် အပြင်ဘက်မှ ဂါရဝပြုသံများ ထွက်ပေါ်လာပြီး ကျင့်ကြံသူနှစ်ယောက် ဂူထဲသို့ ဝင်ရောက်လာတော့သည်။
သူတို့နှစ်ယောက်မှာ လူငယ်များဖြစ်ကြပြီး တစ်ယောက်မှာ မိန်းမပျိုလေးတစ်ယောက်နီးပါးပင် ချောမောလှသော ယောကျာ်းလေးတစ်ယောက် ဖြစ်ပေသည်။ သူသည် နူးညံ့သိမ်မွေ့ကာ ကျက်သရေအပြည့်ရှိသော ကိုယ်ဟန်အမူအရာဖြင့် မတ်တတ်ရပ်နေ၏။ အကယ်၍ သူသာ လက်ထဲ၌ ယပ်တောင်တစ်ချောင်း ကိုင်လိုက်မည်ဆိုပါက သခင်လေးတစ်ယောက်နှင့် တူသွားမည်သာဖြစ်သည်။ သူသည် ဂူဗိမာန်ထဲသို့ ဝင်ရောက်လာပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဖုန့်ချိုးရန်အား အရိုအသေးပေးလိုက်၏။
” တပည့်ရှုမင် ဆရာ့ကို ဂါရဝပြုပါတယ် ”
” တပည့် လုယွင် ဆရာ့ကို ဂါရဝပြုပါတယ် ”
အခြားတစ်ယောက်မှာ ပထမတစ်ယောက်ထက် ပို၍အသက်ကြီးသည့်ပုံပေါ်ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပိုမိုတောင့်တင်းခိုင်မာနေ၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။ သူ၏ စကားသံထဲတွင်ပင် အားမာန်အပြည့် ကိန်းအောင်းနေ၏။
ဖုန့်ချိုးရန်မှာ သူတို့နှစ်ယောက်အားကြည့်၍ ပြုံးသွား၏။ သူတို့နှစ်ယောက်စလုံးမှာ သူမ အားအထားရဆုံး တပည့်နှစ်ယောက်ဖြစ်သလို ကျယ်ပြန့်တာအိုနန်းတော်ထဲတွင်လည်း အလွန်အင်မတန်မှ ထင်ပေါ်ကျော်ကြားကြသည့် အမြုတေအဆင့် ဂိုဏ်းသားများ ဖြစ်ကြပေသည်။
သူတို့နှစ်ယောက်မှာ သူမ၏ အဖွဲ့အစည်းတစ်ခုလုံးထဲတွင် သူမကိုယ်တိုင် အများဆုံး မျှော်လင့်ထားသည့် တပည့်နှစ်ယောက် ဖြစ်သည်ဟုလည်း သတ်မှတ်နိုင်ပေသည်။
” မင်အာ။ ယွင်အာ။ ဆရာ့မှာ မင်းတို့နှစ်ယောက်စလုံး မဖြစ်မနေ ပြီးမြောက်အောင်ထမ်းဆောင်ပေးရမယ့် တာဝန်တစ်ခု ရှိတယ် “