Switch Mode

အခန်း (၅၅၁)

အတွင်းရေးပဋိပက္ခ 

မြဲ့လျဲ့ကျိမှာ ဖုန့်ချိုးရန်၏ စကားများကို ကြားလိုက်ရသောအခါ မျက်လုံးများ မှေးသွားပြီး သူမအား အေးစက်စက်စိုက်ကြည့်လိုက်၏။ ယခင်တုန်းက ဖုန့်ချိုးရန်မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်၏ ထိပ်ဆုံးအဆင့်တွင် ရှိနေခဲ့ပြီး ထိုစဉ်တုန်းကမှ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်ရှိလာခဲ့သော မြဲ့လျဲ့ကျိအား ဖိနှိပ်ခဲ့သဖြင့် သူသည် ပြည်ထောင်စုကြီးနှင့် ပူးပေါင်းဆောင်ရွက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။

သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့သောကြောင့် ယခုတွင် သူနှင့် ဖုန့်ချိုးရန်၏ ကြားမှ ခြားနားချက်မှာ ယခင်ကလောက် ကြီးမားနေခြင်းမရှိတော့ပေ။ သို့သော်ငြားလည်း သူသည် အခြားရွေးချယ်စရာ မရှိတော့မှသာ ဖုန့်ချိုးရန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကြံရွယ်ထားသည်။ ကျယ်ပြန့်တာအိုနန်းတော်၏ အကြီးအကဲသုံးယောက်ထဲတွင် ယိုရန်လည်း ပါနေသည် မဟုတ်ပါလော။

ယိုရန်မှာ လောကီကိစ္စများနှင့် ပတ်သက်လာလျှင် ဂရုမစိုက်သည့်ပုံ ပေါ်ပါသော်လည်း မြဲ့လျဲ့ကျိမှာ သူ့အား သတိထားနေဆဲပင်။ မြဲ့လျဲ့ကျိမှာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ဘေးတွင် ရှိနေသော ယိုရန်က သက်ပြင်းချကာ ဆိုလိုက်၏။

” မြဲ့လျဲ့ကျိ၊ ဖုန့်ချိုးရန်။ ငြင်းခုံမနေပါနဲ့တော့။ အမြဲတမ်း ဒီလိုချည်းပဲ။ ဒါပေမဲ့ အကြီးအကဲဖုန်း။ အကြီးအကဲ မြဲ့လျဲ့ကျိပြောတာ မှန်တယ်။ အခုအချိန်မှာ အရေးအကြီးဆုံးက ဗေဒါပင်ကြီးနဲ့ ပတ်သတ်တဲ့ ကိစ္စပဲ။ ငါ‌တို့တွေ တခြားကိစ္စတွေကို မဆွေးနွေးခင် ဗေဒါပင်ကြီးနဲ့ ပတ်သတ်ပြီးတော့ အရင်ဆုံး ဆုံးဖြတ်ချက်တစ်ခုခု ချထားဖို့ လိုတယ်လို့ ငါလည်း ထင်တယ်။ နင်ရော ဘယ်လိုထင်လဲ ”

တာအိုဘုန်းတော်ကြီး ယိုရန်မှာ ယခင်အကြိမ်များတုန်းကအတိုင်း ရင်ကြားစေ့ပေးသူတာဝန် ယူထားသည်ဖြစ်ရာ ဖုန့်ချိုးရန်မှာ စကားတစ်ခွန်းမှ မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်ပြီး ဗေဒါပင်ကြီးအကြောင်း အရင်ဆုံးဆွေးနွေးရန် သဘောတူလိုက်၏။

” လွန်ခဲ့တဲ့ သုံးဆယ့်ခုနစ်နှစ်တုန်းက ဗေဒါပင်ကြီးပေါ်ကနေ သစ်ရွက်ခုနစ်ရွက် ကြွေကျခဲ့ပေမယ့် အခုတော့ သစ်ရွက်သုံးရွက်ပဲ ရှိတော့တယ်။ ကြွေကျလာတဲ့ သစ်ရွက်အရေအတွက်က တဖြည်းဖြည်းနဲ့ လျော့နည်းလာနေတာဆိုတော့ နောက်တစ်ခါကျရင် သစ်ရွက်တစ်ရွက်ပဲ ကြွေကျရင်ကျလာတော့မှာ ” တာအိုဘုန်းတော်ကြီး ယိုရန်က သက်ပြင်းချကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များကို အထင်သားမြင်နိုင်ပေသည်။

” အဲတာမလို့ ဒီတစ်ခေါက် ငါတို့တွေ တံဆိပ်သုံးခုပဲ ရတော့မှာ။ ဘာပြဿနာမှ ပေါ်မလာရင်တော့ ဂိုဏ်းသားသုံးယောက် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ရှိခိုးနန်းတော်အဆောင်ထဲကို ဝင်ပြီးတော့ သူတို့ရဲ့ နာမည်တွေကို တာအိုကျောက်ပြားပေါ်မှာ ရေးထိုးနိုင်မှာပဲ။ အဲလို ရေးထိုးနိုင်ရင် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားအစစ် ဖြစ်သွားမှာ။ မင်းတို့နှစ်ယောက် ဒီ ဂိုဏ်းသားသုံးယောက်ကို ဘယ်လိုနည်းနဲ့ ရွေးချယ်ဖို့ စဉ်းစားထားကြလဲ ” တာအိုဘုန်းတော်ကြီး ယိုရန်မှာ မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့အား ကြည့်ကာ မေးလိုက်၏။

ထိုအခါ မြဲ့လျဲ့ကျိမှာ ဖုန့်ချိုးရန်အား စကားပြောခွင့်မပေးဘဲ အေးစက်စက်လေသံဖြင့် ဦးအောင်ပြောလိုက်၏။

” အရင်တစ်ခေါက်တုန်းက သစ်ရွက်ခုနစ်ရွက်ရှိလို့ ကျုပ်တို့တွေ လူခုနစ်ယောက် စေလွှတ်ခဲ့ပေမဲ့ လေးယောက်က အသက်မရှင်ခဲ့ဘူး။ ချီလင်းနဲ့ တခြားနှစ်ယောက်ပဲ တာအိုနန်းတော်ရဲ့ အပြင်စည်းဂိုဏ်းသားတွေအဖြစ်ကို ရောက်သွားခဲ့တာ။ ကျုပ်တို့ဘက်က အများကြီး ဆုံးရှုံးလိုက်ရတာလေ။ ပြီးတော့ အခုက သစ်ရွက်သုံးရွက်ပဲ ရှိတာဆိုတော့ ဘယ်နှယောက်ပဲလွှတ်လွှတ် ဘာမှအကျိုးမရှိဘူးလို့ ကျုပ်ကတော့ ထင်တယ် ”

ဖုန့်ချိုးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မကျေမနပ် ဖြစ်သွားရပြီး ပြန်ပြောလိုက်၏။

” ဗေဒါပင်ကြီးရဲ့ သစ်ရွက်တွေက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ တရားဝင်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာနိုင်ဖို့ လိုအပ်တဲ့ အမှတ်တံဆိပ်တစ်ခုပဲ။ တာအိုနန်းတော်ကို စတည်ထောင်ခဲ့တဲ့ အချိန်ကတည်းက အဲဒီ ရိုးရာကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တာ။ ကျွန်မတို့တွေ အလှည့်တုန်းကလည်း အဲ့လိုပဲ မဟုတ်ဘူးလား။ အခုလောလောဆယ်မှာ ရှိခိုးနန်းတော်အဆောင်ထဲကို ဝင်ဖို့က အန္တရာယ်များနေတာ မှန်ပေမဲ့ ဗေဒါပင်ကြီးက ရွက်ဟောင်းကြွေနေတုန်းပဲလေ ”

” အတွင်းစည်းဂိုဏ်းသားတစ်ယောက် ဖြစ်လာနိုင်လောက်တဲ့အထိ ကံကောင်းနိုင်မယ့် ဂိုဏ်းသားတစ်ယောက်ယောက် ရှိရင်ရှိနေမှာပေါ့။ အဲလိုသာဆိုရင် ကျွန်မတို့အတွက် အများကြီး အကျိုးရှိနိုင်တယ်။ ဒါပေမဲ့ အကြီးအကဲကြီး မြဲ့လျဲ့ကျိက သဘောမတူရင်တော့ ရှင့်ရဲ့လက်အောက်က တပည့်တွေကို ဗေဒါပင်ရွက်‌တွေ သွားယူခိုင်းဖို့ မစေလွှတ်နဲ့ပေါ့ ” ဖုန့်ချိုးရန်တစ်ယောက် ထိုသို့ဆိုလိုက်သောအခါ မြဲ့လျဲ့ကျိမှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်၏။

” အကြီးအကဲဖုန်းရဲ့ စကားက အဓိပ္ပါယ်ရှိပါတယ်။ ကျုပ်ဘက်က သေချာ မစဉ်းစားခဲ့မိတာပါ။ ကျုပ်တို့ဆီမှာ အဖွဲ့အစည်းသုံးခု ရှိနေမှတော့ သစ်ရွက်သုံးရွက်ကို အညီအမျှခွဲဝေဖို့ကလည်း လွယ်သွားပြီလေ။ ကျုပ်တို့တွေ တစ်ယောက်ကို သစ်ရွက်တစ်ရွက်စီ ယူပြီးတော့ ကျုပ်တို့ရဲ့ တပည့်တွေကို အချင်းချင်း ယှဉ်ပြိုင်ခိုင်းကြတာပေါ့။ ပြီးရင် အနိုင်ရတဲ့လူကို ဗေဒါပင်သစ်ရွက် ဆုချီးမြှင့်လိုက်မယ် ”

” အခု ကျုပ်တို့ရဲ့ တပည့်တွေက အလေလိုက်ဖို့လောက်ပဲ သိကြတာ။ အဲတာမလို့ ကျင့်ကြံခြင်းလောကကြီးက ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်သလဲဆိုတာကို သူတို့ သိသွားအောင် လုပ်မှရမယ်။ ဒါက ကောင်းကင်ဘုံနဲ့ လူတွေရဲ့ကြားက တိုက်ပွဲတစ်ခုပဲ။ ဟိုးအရင်တုံးကလည်း ကျုပ်တို့သုံးယောက်က အခက်အခဲတွေအများကြီး ကျော်ဖြတ်ခဲ့ပြီးတော့မှ အခုလိုအဆင့်အထိ ရောက်လာခဲ့တာလေ ” မြဲ့လျဲ့ကျိမှာ မျက်လုံးများမှေးကာ ဆိုလိုက်ပြီးနောက် ဖုန့်ချိုးရန်အား လှမ်းကြည့်လိုက်၏။ သို့သော် သူသည် စိတ်ထဲတွင်မူ အေးစက်စက် ရယ်မောနေ၏။ သူပြောခဲ့သည့် သစ်ရွက်သုံးရွက်အား တစ်ယောက်တစ်ရွက်စီ ခွဲဝေယူမည်ဆိုသော စကားမှာ အပြင်ပန်းတွင် မျှတမှုရှိသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူသည် မကောင်းကြံနေခြင်း ဖြစ်သည်။

မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီး ယိုရန်တို့မှာ အပြင်ပန်းတွင် သူတို့၏ တပည့်များအား ထိုဗေဒါရွက်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည့်ပုံ ဟန်ဆောင်နိုင်ပါသော်လည်း လက်တွေ့တွင်မူ သူတို့မှာ သူတို့ ပေးချင်သည့်လူအား စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပေသည်။

သို့သော် ဖုန့်ချိုးရန်မှာ သူတို့နှင့် မတူပေ။ အဘယ်ကြောင့်ဆိုသော သူမ၏ ဦးဆောင်မှုအောက်တွင် ပြည်ထောင်စုကြီးရှိနေသဖြင့် အရာအားလုံးမှာ ပို၍ရှုပ်ထွေးလာရသောကြောင့်ဖြစ်သည်။ သူမသည် အပင်ပန်းခံ၍ ကြိုးစားခဲ့သည့်တိုင်အောင် သူမ၏ အဖွဲ့အစည်းထဲ၌ အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့သည်ကို မတားဆီးနိုင်ခဲ့ပေ။ တစ်ဖွဲ့မှာ ဖုန့်ချိုးရန်ဘက်မှ ရပ်တည်ပေးနေဆဲဖြစ်ပါသော်လည်း အခြားတစ်ဖွဲ့မှာ နှုတ်ဆိတ်နေကြသည့်တိုင်အောင် ပုန်ကန်တော့မည့်ပုံစံ ပေါက်နေကြပြီ ဖြစ်သည်။

ထိုအဖွဲ့နှစ်ဖွဲ့ထဲမှ ဂိုဏ်းသားများမှာလည်း ထိုနည်းတူပင်။ ပြည်ထောင်စုပျိုးပင်များမှာ အားအင်ချည့်နဲ့လွန်းနေသောကြောင့် အတူတကွ ပေါင်းစည်းနေကြရ၏။ ဖုန့်ချိုးရန်၏ လက်အောက်တွင်ရှိနေသော ဂိုဏ်းသားများမှာ သူတို့ဘက်မှ ရပ်တည်ပေးကြပါသော်လည်း သူတို့မှာ ပြည်ထောင်စုပျိုးပင်များအား ညီအစ်ကိုမောင်နှမ အရင်းအချာများအဖြစ် သဘောထားဆက်ဆံပေးရန် အခက်တွေ့နေရဆဲပင်။

ထို့ကြောင့် ယခုတွင် သစ်ရွက်အား ခွဲဝေပေးရမည့် ကိစ္စမှာ ပြဿနာတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ အကယ်၍ မြဲ့လျဲ့ကျိ အကြံပေးခဲ့သည့်အတိုင်း သူမ၏ တပည့်များအား ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းလိုက်မည်ဆိုပါက ပြည်ထောင်စုပျိုးပင်များလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမရှိ ဆုံးဖြတ်ပေးရတော့မည်ဖြစ်သည်…

အကယ်၍ ပြည်ထောင်စုပျိုးပင်များအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးလိုက်မည်ဆိုပါက သူတို့မှာ ဗေဒါရွက်ကြီးအတွက် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ရတော့မည်ဖြစ်ရာ သေကျေပျက်စီးမှုများနှင့် မလွဲမသွေ ကြုံတွေ့ရမည်သာဖြစ်သည်။ မည်သူကမှ ထိုအခွင့်အရေးကြီးအား လက်လွှတ်ခံကြမည် မဟုတ်ပေ။ ထို့ကြောင့် ထိုပြိုင်ပွဲကြီး စတင်သွားသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုပျိုးပင်များနှင့် ဖုန့်ချိုးရန်၏ လက်အောက်ရှိ စိတ်ဝမ်းကွဲနေကြသော ဂိုဏ်းသားများ၏ ကြားရှိ ဆက်ဆံရေးမှာ ပို၍ပင် အေးစက်သွားမည်သာ ဖြစ်သည်။

သို့သော် ပြည်ထောင်စုပျိုးပင်များအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးလျှင်လည်း ထိုကဲ့သို့ ခွဲခြားခွဲခြား ဆက်ဆံမှုကြောင့် အထက်ပါဖြစ်ရပ်မျိုးနှင့် ကြုံတွေရမည်သာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဖုန့်ချိုးရန်မှာ သူမ၏ တပည့်များအား ယှဉ်ပြိုင်တိုက်ခိုက်ခွင့်မပေးလျှင်လည်း အလားတူ ပြဿနာမျိုးနှင့် ရင်ဆိုင်ရဦးမည်သာ ဖြစ်သည်။ ထိုသစ်ရွက်အား ပြည်ထောင်စုပျိုးပင်များထဲမှ တစ်ယောက်ယောက်အားပေးလိုက်မည်ဆိုပါက သူမ၏ လက်အောက်မှ ကျင့်ကြံသူများမှာ ကျေနပ်ကြမည်မဟုတ်ပေ။ အကယ်၍ သူမ၏ လက်အောက်မှ ကျင့်ကြံသူများထဲမှ တစ်ယောက်ယောက်အား ပေးလိုက်မည်ဆိုလျှင်လည်း ထိုနည်းတူပင်။

မြဲ့လျဲ့ကျိ၏ အစီအစဉ်အတိုင်းသာဆိုလျှင် ထိုကိစ္စကြီးအား မည်ကဲ့သို့ပင် ကိုင်တွယ်ဖြေရှင်းစေကာမူ ဖုန့်ချိုးရန်နှင့် ပြည်ထောင်စုကြီး၏ကြားတွင် ပဋိပက္ခများ ပေါ်ပေါက်လာမည်သာ ဖြစ်သည်။ ထို့အပြင် အနည်းငယ်ခန့်ပို၍ ဖိအားပေးလိုက်မည်ဆိုပါက လက်ရှိ ဖုန့်ချိုးရန်၏ လက်အောက်တွင် မကျေမနပ်ဖြစ်နေကြသည့် ကျင့်ကြံသူများမှာ ဘက်ပြောင်းသွားသည့် အဆင့်အထိ ရောက်သွားနိုင်သေးသည်။

၎င်းမှာ အလွန်အင်မတန်မှ ရက်စက်ယုတ်မာသည့် အကြံအစည်ကြီးတစ်ခု ဖြစ်ပေသည်။

သူသည် ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်အား လက်ခံမည့်ကိစ္စကို ငြင်းဆန်ခဲ့ပြီး ဗေဒါရွက်များ၏ အရေးပါမှုအား အရင်ဆုံး ‌ဆွေးနွေးလိုကြောင်း ပြောခဲ့သည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။ သူသည် ဤယှဉ်ပြိုင်တိုက်ခိုင်မှု အစီအစဉ်အား တင်ပြလိုသောကြောင့်သာ ထိုကဲ့သို့ စကားပလ္လင်ခံခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ ဖုန့်ချိုးရန်မှာ သူတို့၏ဂိုဏ်း၏ ရိုးရာကို မဖြစ်မနေ ထိန်းသိမ်းရန် ဆန္ဒရှိနေသည်ဆိုပါက ထိုသစ်ရွက်များအား ခွဲဝေယူမည့် အစီအစဉ်ကို ကန့်ကွက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် တာအိုဘုန်းတော်ကြီး ယိုရန်မှာလည်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိသွားမည်ဖြစ်သည်။ အကယ်၍ ဖုန့်ချိုးရန်မှာ သူမကောင်းကြံနေသည်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိနေလျှင်တောင် သူ တင်ပြထားသည့် အစီအစဉ်အား ကန့်ကွက်နိုင်တော့မည် မဟုတ်ပေ။

တစ်ချိန်ထဲမှာပင် သူသည် အနာဂတ်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးသားဖြစ်သည်။

ဖုန့်ချိုးရန်မှာ အပြင်ပန်းတွင် ဆုံးဖြတ်ချက် မပြတ်မသားနှင့် အနည်းငယ်ခန့် စိတ်‌ဓာတ်ပျော့ညံ့သည့်ပုံ ပေါ်ပါသော်လည်း သူမသည် တုံးအသူတစ်ယောက်တော့ မဟုတ်ပေ။ ထို့ကြောင့် သူမသည် သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် မြဲ့လျဲ့ကျိ၏ အစီအစဉ်များထဲမှ ထောင်ချောက်များကို ရိပ်မိလိုက်သဖြင့် သူမ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူမသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် တာအိုဘုန်းတော်ကြီးယိုရန်မှာ ရယ်မောကာ ခေါင်းညိတ်၍ ဆိုလိုက်၏။

” မင်းရဲ့အကြံက ကောင်းသားပဲကွ။ ငါ သဘောတူတယ် ”

ဖုန့်ချိုးရန်မှာ တာအိုဘုန်းတော်ကြီး ယိုရန်၏ ကိုကြားလိုက်ရသောအခါ နှုတ်ဆိတ်သွားရပြီး မျက်စိမျက်နှာ ပျက်သွားရတော့သည်။ သူမသည် ယနေ့ဆွေးနွေးပွဲထဲတွင် ငြိမ်ခံလွန်းရာ ကျနေခဲ့၏။ ထို့အပြင် မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီး ယိုရန်တို့နှစ်ယောက်မှာ အချင်းချင်းပူးပေါင်းကာ သူမအား ဘေးကျပ်နံကျပ် အခြေအနေထဲသို့ ရောက်အောင် တွန်းပို့နေသည့် ပုံပင်။

ဖုန့်ချိုးရန်၏ ခေါင်းထဲ၌ အတွေးမျိုးစုံဖြင့် ဗြောင်းဆန်နေရပြီ ဖြစ်သည်။ သူမသည် ဤအခြေအနေကြီးထဲမှ အမြန်ဆုံးနည်းဖြင့် ရုန်းထွက်ရန်လိုအပ်ကြောင်း နားလည်ထား၏။ အကယ်၍ ထိုသို့သာ ရုန်းမထွက်နိုင်ဘဲ မြဲ့လျဲ့ကျိ၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်လိုက်မည်ဆိုပါက သူမဘက်မှ ပြောရေးဆိုခွင့်အားလုံးကို ဆုံးရှုံးလိုက်ရမည်သာဖြစ်သည်။

ထို့အပြင် တာအိုဘုန်းတော်ကြီးယိုရန်မှာ နှစ်ပေါင်းများစွာ ကြားနေအဖွဲ့အစည်းတစ်ခုအဖြစ် နေလာခဲ့ပြီးမှ ရုတ်ခြည်းဆိုသလို ဘက်ပြောင်းသွားလိမ့်မည်ဟု သူမက ယုံကြည်ထားခြင်း မရှိပေ။

ဖုန့်ချိုးရန်မှာ ထိုသို့တွေးတောလိုက်ပြီးနောက် သူမ၏ မျက်ဝန်းများထဲ၌ အေးစက်စက်အလင်းရောင်များ တောက်ပလာတော့သည်။ ထို့နောက် သူမသည် ညာဘက်လက်အား မြှောက်ကာ သူမ၏ဘေးတွင် ရှိနေသော ထိုင်ခုံ၏ လက်ရန်းအား လက်ဝါးဖြင့် ရိုက်နှက်လိုက်၏။ ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုထိုင်ခုံကြီးမှာ တစ်စစီ ကျိုးပဲ့ပျက်စီးသွားတော့သည်။ ထို့နောက် သူမသည် အမျက်ချောင်းချောင်းထွက်ကာ နာကျည်းနေသည့် မျက်ဝန်းများဖြင့် မတ်တတ်ထလာတော့သည်။

” မြဲ့လျဲ့ကျိ။ ယိုရန်။ အခုလောလောဆယ်မှာ ပင်မတာအိုနန်းတော်ကြီးက ပိတ်ဆို့ခံထားရတာနော်။ ခေါင်းဆောင်ကြီး‌တွေကလည်း သတိမေ့နေတာလား ပျောက်ဆုံးနေတာလား‌ဆိုတာ မသဲကွဲသေးဘူး။ အဲ့တာမလို့ ကျွန်မတို့သုံးယောက်က တာအိုနန်းတော်ရဲ့ အတွင်းစည်းဂိုဏ်းသားတွေကို ပြန်ပြီးတော့ ပြုစုပျိုးထောင်ပေးဖို့ တာဝန်အကြီးကြီး ယူထားရတာ။ အခုက ကိုယ့်ရဲ့ စိတ်‌ဆန္ဒအတိုင်း ခွဲထွက်သွားရမယ့် အချိန်မဟုတ်ဘူး ”

” မြဲ့လျဲ့ကျိ။ ရှင်က အဖွဲ့အစည်းသုံးခုရှိတယ်ဆိုတဲ့ စကားကို ဘာရည်ရွယ်ချက်နဲ့ ခဏခဏ ပြောနေရတာလဲ ”

” ကျယ်ပြန်တာအိုနန်းတော်ထဲမှာ အဖွဲ့အစည်း သုံးခုမရှိဘူး။ တစ်ခုပဲ ရှိတယ်။ ကျယ်ပြန်တာအိုနန်းတော်ဆိုတာလည်း တစ်ခုပဲ ရှိတယ်။ မြဲ့လျဲ့ကျိ။ ရှင်က ရှင့်ရဲ့ ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ စဉ်းစားနေတာလား ” ဖုန့်ချိုးရန်မှာ အေးစက်စက် လေသံဖြင့် မေးလိုက်ပြီး သာမန်အချိန်များတွင် သူမ၏ မျက်ဝန်းများထဲ၌ မြင်ရလေ့မရှိသော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။ ထို့အပြင် သူမ၏ အမူအရာမှာ အမျက်ချောင်းချောင်း ထွက်နေသည့်ပုံ ပေါက်နေသောကြောင့် သူမ၏ သတ်ဖြတ်လိုစိတ်များထဲ၌ အမျက်ဒေါသများနှင့် နာကျည်းမှုများ ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေတော့သည်။

ထိုအခါ ယိုရန်မှာ အံ့သြတုန်လှုပ်သွားကာ ဖုန့်ချိုးရန်အား စိုက်ကြည့်နေလိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောတော့ပေ။ မြဲ့လျဲ့ကျိမှာလည်း ဖုန့်ချိုးရန်မှာ သူပြောခဲ့သည့် ” အဖွဲ့အစည်းသုံးခု ” ဆိုသည့် စကားများအား ပြန်၍ အထအနကောက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် မျက်စိမျက်နှာပျက်သွားရပြီး စကားပြောရန် ပြင်လိုက်ပါသော်လည်း ဖုန့်ချိုးရန်မှာ သူ့အား စကားပြောခွင့်မပေးဘဲ သူမဘက်မှ ဦးအောင် ဆက်ပြောလိုက်၏။

” ဗေဒါရွက်တွေကို ရှင်ပြောတဲ့အတိုင်း ‌အဖွဲ့အစည်းသုံးခုကြားမှာ အညီအမျှ ခွဲနေဖို့ မလိုပါဘူး။ ကျွန်မတို့အားလုံးက ကျယ်ပြန်တာအိုနန်းတော်ရဲ့ အဖွဲ့ဝင်တွေပဲလေ။ အဲတာမလို့ ကျွန်မတို့ တစ်ယောက်ချင်းစီက အမြုတေအဆင့် ဂိုဏ်းသားအယောက်နှစ်ရာစီ စုစည်းပေးပြီးတော့ စုစုပေါင်း ဂိုဏ်းသားခြောက်ရာကို အဲဒီ သစ်ရွက်တွေအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းလိုက်မယ်။ ပြီးရင် တာအိုနန်းတော်ထဲမှာ လူသတ်ခွင့်မရှိတာမလို့ အဲဒီ စမ်းသပ်ပွဲကို အဆုံးမဲ့လမ်းစဉ်မန္တန်အစီအရင်ထဲမှာ ကျင်းပမှဖြစ်မယ် ”

” တာအိုဘုန်းတော်ကြီး ယိုရန်။ ဒီအစီအစဉ်ကို ရှင် ဘယ်လိုသဘောရလဲ ” ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်အား မေးလိုက်၏။

” ဒါ… ငါ သဘောတူပါတယ်။ နင်တို့နှစ်ယောက်စလုံးရဲ့ အစီအစဉ်တွေက ငါ့အတွက် အဆင်ပြေတာမလို့ ငါ နှစ်ခုစလုံးကို သဘောတူပါတယ် ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ရှုံ့မဲ့မဲ့ပြုံးကာ သဘောတူလိုက်၏။ ထို့အပြင် သူသည် ဖုန့်ချိုးရန်နှင့် မြဲ့လျဲ့ကျိတို့၏ ကြားမှ တင်းမာမှုများကို ဖြေလျှော့ပေးရန် ကြိုးစားလိုက်သေးသည်။

မြဲ့လျဲ့ကျိမှာမူ ဖုန့်ချိုးရန်အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ သူသည် ခွဲထွက်လိုသည့် အဓိပ္ပါယ်သက်ရောက်သော စကားများကို ပြောမိလိုက်သောကြောင့် ဤ‌‌ဆွေးနွေးပွဲထဲ၌ အမှားတစ်ခု လုပ်မိခဲ့သည်ဖြစ်ကြောင်း ရိပ်မိသွားသည်။ ထို့ကြောင့် မြဲ့လျဲ့ကျိမှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် နှာမှုတ်ကာ စကားတစ်ခွန်းမှ ပြန်မပြောတော့ဘဲ ဖုန့်ချိုးရန်၏ အစီအစဉ်အား လက်ခံလိုက်ရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset