သဲကန္တာရကြီးနှင့် မနီးမဝေးနေရာတွင် ဂူပျက်ကြီးတစ်ခုရှိသည်။ ထိုဂူပျက်ကြီးသည် မြို့တော်၏အောက်ခြေရှိ ရှေးဟောင်းသင်္ချိုင်းကြီးဆီသို့သွားရာ ဝင်ပေါက်တစ်ခု ဖြစ်သည်။
ရှေးဟောင်းသင်္ချိုင်းကြီးမှာ ကုံမြို့တော်၏ အရွယ်အစားတစ်ဝက်နီးပါး ကြီးမားလေသည်။ ထိုနေရာတွင် ရှားပါးသော သားရဲကောင်ကြီးများ၊ အင်မော်တယ်မြက်များနှင့် စိတ်စွမ်းအင်အပင်မျိုးစုံ ပေါက်ရောက်နေလေသည်။ ၄င်းသည် ကျင့်ကြံသူများအတွက် စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသောနေရာတစ်ခုဖြစ်လေသည်။
ရှေးဟောင်းသင်္ချိုင်းပျက်ကြီးမှာ ကုံမြို့တော်တွင် ဂိုဏ်းသား၊ဂိုဏ်းသူများ တာဝန်သွားရောက်ထမ်းဆောင်နိုင်သည့် တစ်ခုတည်းသော နေရာတစ်ခုဖြစ်သည်။ ဂိုဏ်းကပေးအပ်သော တာဝန်အမြောက်အမြားတွင် ဂိုဏ်းသားများ ထိုနေရာသို့ သွားရန်လိုအပ်လေသည်။
၄င်းသည် အပြင်ဘက်ရှိနေရာများထက် ပို၍ ဘေးကင်းလုံခြုံသည့် အထူးနေရာတစ်ခုဖြစ်သည်။ တကယ်တမ်း ရှေးဟောင်းသင်္ချိုင်းပျက်ကြီးတစ်ခုဖြစ်သော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်းက ဂိုဏ်းသားများကို လေ့ကျင့်ပေးရန်ဟူသော တိကျပြတ်သားသော ရည်ရွယ်ချက်ဖြင့် ထားရှိထားခြင်းဖြစ်လေသည်။
သင်္ချိုင်းပျက်ထဲတွင် လူတစ်ယောက်ထဲ မကိုင်တွယ်နိုင်သည့် သတ္တဝါကြီးများနှင့်နေရာများရှိသော်လည်း တစ်ခါတရံမှ ပေါ်လာတတ်လေသည်။ ထို့အပြင် ကုံမြို့တော်သည် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်းရှိသည်ဟု သတ်မှတ်ထားလေရာ ဂိုဏ်းသားအများအပြားမှာ ထိုနေရာသို့ တာဝန်ထမ်းဆောင်ရန် သွားရောက်လိုကြလေသည်။
ထိုအကြောင်းကြောင့်ပင် လူများ ယောက်ယက်ခတ်လှုပ်ရှားသွားလာနေသော နေရာတစ်ခု ဖြစ်လာတော့သည်။
ထိုနယ်မြေသည် အလွန်တရာတန်ဖိုးကြီးမားပြီး ကောင်းကင်ဘုံအဖွဲ့အစည်းမှ လွဲ၍ မည်သူမှ ထိုနေရာတွင် စျေးဆိုင်ထောင်ရန် အင်အားမကြီးမားပေ။ များသောအားဖြင့် သူတို့က မည်သူကိုမဆို အထဲဝင်ခွင့်ပြုသော်လည်း ပြန်ထွက်လာသည့်အချိန်၌ အထဲတွင် အမြတ်မည်မျှရသည်ဖြစ်စေ ထိုအမြတ်၏ ၃၀ရာခိုင်နှုန်းကို ခွဲပေးရန်လိုလေသည်။ ထိုသို့မဟုတ်လျှင် စွမ်းဆောင်ရည်ရမှတ် အမြောက်အမြားအသုံးပြု၍ ကောင်းကင်ဘုံအဖွဲ့အစည်းမှ အထူးအမိန့်လည်ဆွဲကိုဝယ်မှသာ မေးခွန်းတစ်စုံတစ်ရာအမေးမခံရပဲ သူတို့လမ်းသူတို့ သွားနိုင်မည်ဖြစ်သည်။
နတ်အဆင့် မျိုးနွယ်စု နောက်ခံဖြင့် ကောင်းကင်ဘုံအဖွဲ့အစည်းသာ ထိုသို့ လုပ်ဆောင်နိုင်လေသည်။ လူအတော်များများ
သင်္ချိုင်းပျက်ကြီးကို ထိုနည်းတူ အမြတ်ထုတ်ရန် ကြိုးစားကြည့်သော်လည်း ကောင်းကင်ဘုံအဖွဲ့အစည်းက ခွင့်မပြုပေ။
ကောင်းကင်ဘုံအဖွဲ့အစည်းသည် ထိုနေရာကို တစ်ဦးတည်းမောင်ပိုင်စီးနိုင်ရန်အတွက် ငွေကြေးအမြောက်အမြားအကုန်ကျခံထားရပြီး ရရှိသည့် အမြတ်များသည် သူတို့ စုစုပေါင်းဝင်ငွေ၏ ၅၀ရာခိုင်နှုန်းရှိသည် မဟုတ်ပါလော။
ထိုသို့ အမြတ်အမြောက်အမြားအား ခေါင်းပုံဖြတ်နေလေရာ ကောင်းကင်ဘုံအဖွဲ့အစည်းသည် ထိုနေရာအား အလွန်တရာ အရေးကြီးသော နေရာအဖြစ်သတ်မှတ်ထားသည်မှာ သိသာလှသည်။
ပိုင်ရှောင်ချန်းသည် သူ၏ လူတစ်ရာကျော်အဖွဲ့အား သဲကန္တာရသို့ ခေါ်ဆောင်လာလေရာ ကောင်းကင်ဘုံအဖွဲ့အစည်းမှ ကျင့်ကြံသူများအပါအဝင် လူတိုင်း အံ့သြသွားကြသည်။
” မိုးပြာရောင်နဂါးအဖွဲ့အစည်းက ဘာတုန်းဟ။ ဒီမှာ ဘာလာလုပ်ဖို့ တွေးနေတာတုံး ”
” ရှေးဟောင်းသင်္ချိုင်းပျက်ထဲမှာ တာဝန်ဆောင်ရွက်ဖို့ လာတာလို့တော့ မပြောနဲ့နော်”
” အဲ့လိုလုပ်မယ့်ပုံမပေါ်ပါဘူး”
သင်္ချိုင်းပျက်ကြီး၏ အပြင်ဘက်မှာ ကောင်းကင်ဘုံအဖွဲ့အစည်းကျင့်ကြံသူအမြောက်အမြားစောင့်ကြပ်နေသည့် စစ်ဆေးဂိတ်တစ်ခုရှိပြီး ပိုင်ရှောင်ချန်းနှင့် သူ၏နောက်လိုက်များ သူတို့ထံဦးတည်လာသည်ကို မြင်လိုက်သည်နှင့် သူတို့မျက်နှာပေါ်တွင် လေးနက်သောအမူအရာများပေါ်လာကာ ထရပ်လိုက်ကြသည်။
သင်္ချိုင်းပျက်ထဲ တာဝန် သွားရောက်ထမ်းဆောင်ရန် ပြင်ဆင်နေကြသည့် ကျင့်ကြံသူလူအုပ်ကြီးလည်း ရှိလေသည်။ မိုးပြာရောင်နဂါးအဖွဲ့ဝင်များ ချဉ်းကပ်လာသည်ကို သူတို့မြင်သောခါ သိချင်စိတ်များပြင်းပြလာကြတော့သည်။
တစ်ယောက်မှ စကားတစ်ခွန်းမဆိုပေ။ ပိုင်ရှောင်ချန်းက အတူခေါ်လာသည့် မိုးပြာရောင်နဂါးအဖွဲ့အစည်းကျင့်ကြံသူများသာမက ဖက်တီးကျန်းကြီးနှင့် အခြားတာအိုအစောင့်အရှောက်များပင်လျှင် ဖြစ်ပျက်နေသည်တို့အား နားမလည်နိုင်တော့ပေ။
နောက်ဆုံးတွင် ရွှီပေါက်ချိုင်က မနေနိုင်ပဲ မေးလိုက်သည်။
” ခေါင်းဆောင်လေး..ကျုပ်တို့ ဒီဘာလုပ်တာလဲ”
” ဒီနေရာကို ငါတို့ ပြောင်းလာတာ ” ပိုင်ရှောင်ချန်းက နောက်ပင်လှည့်မကြည့်ပဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုအစား သူက ကောင်းကင်းဘုံအဖွဲ့အစည်းကျင့်ကြံသူများကို လုံးဝလျစ်လျူရှုကာ မျက်လုံးများက ရှေ့တည့်တည့်ကိုသာရှေးရှု၍ လမ်းဆက်လျှောက်သွားလေသည်။
ထိုကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်း၏လမ်းကို မတားရဲပေ။ သူသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်သာမက ပို၍ အရေးကြီးသည်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စည်းမျဉ်းများအရ မည်သူမဆို သင်္ချိုင်းပျက်ထဲ ဝင်ရောက်နိုင်လေသည်။ ပြန်ထွက်လာမှသာလျှင် ကောင်းကင်ဘုံအဖွဲ့အစည်းထံ သူတို့၏ ဝေစုကို ခွဲပေးရမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက ကောင်းကင်ဘုံအဖွဲ့အစည်း ကျင့်ကြံသူများကို ကျော်သွားပြီးနောက် ဂူပျက်ကြီးမှ အကြမ်းအားဖြင့် မီတာ ၃၀၀၀ ခန့်ရှိ နေရာတွင် ရပ်လိုက်သည်။ ဘေးဘီဝဲယာအား တခဏမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် အလွန်ကျေနပ်နေပုံရလေသည်။
“ကဲ..”
သူက ကြေညာလိုက်၏။
” ဒါ ငါတို့အိမ်အသစ်ပဲ”
နတ်ဆရာသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။
ရွှီပေါက်ချိုင်၏မျက်လုံးများထဲတွင် သတိလက်လွတ်ဖြစ်သွားသောအရိပ်အယောင်များကို မြင်ရပြီး ဖက်တီးကျန်းကြီးမှာ အံ့သြမှူကြောင့် အသံပင်မထွက်နိုင်တော့ပေ။ ချင်းမေ့ယွမ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
သူတို့သာ ထိုသို့ တုန့်ပြန်ပါလျှင် မိုးပြာရောင်နဂါးအဖွဲ့အစည်းမှ အခြားသော ကျင့်ကြံသူများမှာ မည်သို့ဆိုဖွယ်ရာရှိမည်နည်း။ သူတို့မှာ ကသိကအောက်ဖြစ်ကာ ကြောင်တောင်တောင်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကောင်းကင်ဘုံအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် ပိုင်ရှောင်ချန်း၏စကားကိုကြားသောအခါ ချက်ချင်းပင် ဝါးလုံးကွဲမတတ် တဟားဟားထရယ်တော့သည်။
” အင်မတန် ရယ်ရတာပဲ.။ ဒီမှာနေမယ်လို့ တွေးနေတာတဲ့။ ဒီနေရာတစ်ခုလုံးကို ဘယ်သူမှပိုင်တာ မဟုတ်ဘူး.. ရှင်းကုံကျစ်တာအိုဂိုဏ်း ပိုင်တာကွ”
“မိုးပြာရောင်နဂါးအဖွဲ့အစည်း ဘာတွေလုပ်ဖို့ စဉ်းစားနေတာတုန်း”
သူတို့သည်သာလျှင် မမြိုသိပ်နိုင်ပဲ ရယ်နေကြသူများမဟုတ်ပေ။ နောက်ကလိုက်ပါလာသည့် လူအုပ်ကြီးနှင့် သင်္ချိုင်းပျက်ထဲဝင်ရန် စုဝေးပြင်ဆင်နေကြသည့် ကျင့်ကြံသူများအားလုံး တဟားဟားအော်လိုက်ကြသည်။
” ဟိုးတလောက မိုးပြာရောင်နဂါးအဖွဲ့အစည်း အပြစ်ပေးခံရတာသိပေမယ့် သူတို့ တကယ်များရူးနေကြပြီလား ။ ဒီနေရာမှာ အလွယ်လေး အခြေချနိုင်တယ်လို့ တကယ်ကြီး ထင်နေကြတာလား”
“မိုးပြာရောင်နဂါးအဖွဲ့ရဲ့ ဆရာကြီးက ရွှေအမြုတေအဆင့်ကျင့်ကြံသူ ဆိုပေမဲ့လည်း သူ့အစွမ်းကုန်သုံးရင်တောင် ယူလို့မရဘူးလေ။ ဒီနေရာက ကောင်းကင်ဘုံအဖွဲ့အစည်းရဲ့ အသက်သွေးကြော ။ ပြီးတော့ သူတို့နောက်မှာ နတ်အဆင့်မျိုးနွယ်စုလည်းရှိတယ်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းသာ ဒီမှာ အခြေချလို့ကတော့ အဲ့မျိုးနွယ်စု သေချာပေါက်သူတို့ကို မြေမြှုပ်ပစ်လိမ့်မယ် ”
ဘေးပတ်လည်ရှိ လှောင်ပြောင်ရယ်မောသံများကြောင့် နတ်ဆရာ၏မျက်နှာမှာနီရဲလာပြီး ရွှီပေါက်ချိုင်မှာ အနေခက်လာတော့သည်။ ထို့အပြင် မိုးပြာရောင်နဂါးအဖွဲ့အစည်းကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ရှက်ရွံ့တွေဝေမှုများ ပိုမိုပြင်းထန်လာတော့သည်။
ဖက်တီးကျန်းကြီးနှင့် ချင်းမေ့ယွမ်မှာ ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး တစ်ခုခုပြောသင့်၊မပြောသင့် တုံ့ဆိုင်းနေကြလေသည်။
“ရှောင်ချန်း..”
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက မေးကို ပင့်ထားလိုက်ပြီး အင်္ကျီလက်ကိုခါယမ်းကာ လက်ကိုဆန့်ထုတ်၍ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် မျက်စိကျိန်းမတတ် တလက်လက်တောက်ပနေသော ခုနစ်ရောင်အလံငယ်လေးကို ပြသလိုက်သည်။
ချက်ချင်းပင် ထိုနေရာတစ်ခုလုံးသို့ စွမ်းအားပြင်းဖိအားကြီးသက်ရောက်လာပြီး ရယ်သံများအားလုံး တိခနဲရပ်သွားတော့သည်။ ပိုင်ရှောင်ချမ်းသည် သူ့ရှေ့ရှိ မြေကြီးထဲသို့ အလံငယ်လေးကို စိုက်ချလိုက်ပြီး သူ့ကိုယ်သူ အလွန်တရာကျေနပ်နေလေသည်။
” အသက်ဝင်လိုက်စမ်း ”
သူက ဟိန်းဟောက်လိုက်သည်။ အလံငယ်လေးက မြေကြီးထဲသို့ ထိုးဖောက်သွားသည့် တခဏတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ကောင်းကင်တုန်ခါ၍ မြေပြင်တို့ ကွဲအက်သွားစေသော ထစ်ခြုန်းသံကြီး မြည်ဟည်းသွားလေသည်။
ဂျိန်းးးးးး
အလံငယ်လေးထံမှ လေပြင်းမုန်တိုင်းတစ်ခုထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ဝါးမျိုသွားကာ ပို၍ပြင်းထန်သော ဖိအားများ သက်ရောက်လာလေရာ အရာအားလုံးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။
တာအိုစောင့်ရှောက်သူများ၏ မျက်နှာများဝင်းလက်သွားပြီး အံ့သြလျက် နောက်သို့ ဆုတ်လိုက်ကြလေသည်။ ကောင်းကင်ဘုံအဖွဲ့အစည်း ကျင့်ကြံသူများ၊ ဖြတ်သွားဖြတ်လာများ နှင့် တာဝန်ထမ်းဆောင်ရန် စောင့်နေကြသည့် ကျင့်ကြံသူများအားလုံး နောက်သို့ဆုတ်သွားရလေသည်။
သူတို့အပေါ်သက်ရောက်နေသည့် ဖိအားမှာ ပိုင်ရှောင်ချန်း မြေကြီးထဲသို့ ထိုးစိုက်လိုက်သည့် အလံငယ်လေးထံမှ လာနေပြီး ကောင်းကင်ဘုံမှာလာသည့် အင်အားကြီးအလား ထင်ရသည်။
လေများ တဝေါဝေါတိုက်ခတ်လာပြီး မြေပြင်မှာ အဆက်မပြတ် တုန်ခါလာလေရာ ပိုင်ရှောင်ချန်း၏ ဆံပင်များ လွင့်ပျံနေပြီး ခုနစ်ရောင်ခြယ်အလင်းသည် အလံပတ်လည်ရှိ မီတာ၃၀၀အပြည့်သို့ ဖုံးလွှမ်းသွားလေသည်။
သို့သော် ဤမျှနှင့်မရပ်သေး။ အလင်းသည် ဆက်လက် ပျံ့နှံ့နေပြီး မျက်စိတစ်မှိတ်အတွင်းမှါပင် ၁.၅ကီလိုမီတာ ပြည့်သွားလေပြီ။ ထို့နောက် ၂.၅ကီလိုမီတာ။ နောက်ဆုံးတွင် ၅ကီလိုမီတာ။
ခုနစ်ရောင်ခြယ်လှိုင်းဂယက်များသည် ယခင်က ရှိခဲ့သော သဲကန္တာရများနေရာတွင် အစားထိုးရင်း နေရာတစ်ခုလုံး ဖုံးလွှမ်းနေလေသည်။အရာအားလုံးမှာ ပြိုးပြိုးပြက်ပြက် လင်းလက် တောက်ပနေပြီး ထိုနေရာရှိ အခြားကျင့်ကြံသူများ၏ တအံ့တသြရေရွတ်သံများအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်မှု ပြိုကွဲသွားတော့သည်။
သို့သော်လည်း သူတို့တစ်ယောက်မှ မတုံပြန်နိုင်မီ ခုနစ်ရောင်ခြယ်လှိုင်းဂယက်များက မြေကြီးနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားလေရာ မြေပြင်သည် ထပ်မံတုန်ခါလာပြီး ပို၍ပြင်းထန်သော ထစ်ခြုန်းမြည်သံများထွက်ပေါ်လာတော့သည်။ သူတို့ပျောက်ကွယ်သွားသည်နှင့် ဧရာမကြီးမားသော တံဆိပ်တော် အမှတ်အသားတစ်ခု ကို မြင်လိုက်ရလေသည်။
မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ကြီးမားသော တံဆိပ်တော် အမှတ်အသားတစ်ခု။
ထို့နောက် ထိုနေရာရှိ မည်သူမှ မတွန်းလှန်နိုင်သည့် ပြင်းထန်သော တွန်းအားတစ်ခုပေါ်လာကာ သူတို့ကို ရစ်ပတ်သွားပြီး ၅ကီလိုမီတာ နယ်ပယ်အတွင်းမှ ဖယ်ရှားပစ်လိုက်လေသည်။
လူတိုင်းမှာ လုံးဝ အံသြမှင်သက်နေတော့သည်။
“ဒါက..ဒါက…ပုဂ္ဂိုလ်ရေးရာ ပိုင်ဆိုင်မှုအတွက် ဖန်တီးထားတဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းမန္တန်အစီအရင် တွန်းအားမလား”
“မဖြစ်နိုင်တာ။ ဒါက တွန်းအား အစစ်ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ ဘုရားရေ..။ ရှင်းကုံကျစ်တာအိုဂိုဏ်းက အသိအမှတ်ပြုတာခံထားရတဲ့ လူတွေပဲ ဒီလို မန္တန်အစီအရင်မျိုးနဲ့ ပုဂ္ဂိုလ်ရေးရာ ပိုင်ဆိုင်မှု ရနိုင်တာလေ”
“ကုံမြို့တော်မှာ ပုဂ္ဂိုလ်ရေးရာ ပိုင်ဆိုင်မှုရှိတဲ့နေရာ ဆယ်ခုတောင်မပြည့်ဘူး”
” မိုးပြာရောင်နဂါးအဖွဲ့အစည်းရဲ့ ဆရာကြီးက ပုဂ္ဂိုလ်ရေးရာ ပိုင်ဆိုင်မှုရနိုင်မယ်လို့ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး ”
ဝန်းရံနေကြသော ကျင့်ကြံသူများမှာ ခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တအံ့တသြ ရေရွတ်သံများ ပွက်လောရိုက်လာတော့သည်။ တာအိုအစောင့်အရှောက်များအပါအဝင် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ကျင့်ကြံသူများပင်လျှင် အံ့သြမှုကြောင့် အသံပင် မထွက်ကြတော့ပေ။
သို့သော်လည်း အားလုံးထက်ပို၍လက်ဖျားခါလောက်သည်မှာ ရှေးဟောင်းသင်္ချိုင်းပျက်အတွင်းဝင်ပေါက်သည် ထို ၅ကီလိုမီတာနယ်ပယ်အတွင်းရှိနေလေသည်။
အံ့သြရေရွတ်သံများ ပွက်လောရိုက်နေစဉ် ပိုင်ရှောင်ချန်းက လက်ကိုနောက်ပစ်ပြီး မေးကို မိုးထိအောင်ပင် မော့ထားလေသည်။ သူ့ကိုယ်သူ အလွန်တရာ ကျေနပ်အားရနေရင်း ပြောလိုက်၏။
” အဟမ်းး။ ကျုပ်ဒီမှာ စားသောက်ဆိုင်သေးသေးလေးဖွင့်မယ် ။ ပြီးတော့ နာမည်လည်း စဉ်းစားပြီးသွားပြီ။ ထာဝရအသက်ရှည်စားသောက်ဆိုင် လို့ခေါ်မယ်ကွာ ”
” ကဲ. အကုန်လုံးပဲ ခါတိုင်းလို ရှေးဟောင်းသင်္ချိုင်းထဲ လွတ်လွတ်လပ်လပ်သာ သွားကြပါ။ ဒါပေမယ့်လဲ ဒါက ကျုပ်နေရာဆိုတော့ မဝင်ခင် စိတ်စွမ်းအင်လက်ဖက်ရည်လေး တစ်ခွက်လောက်သောက်သွားဖို့ တောင်းဆိုပါတယ်ဗျာ၊ တစ်ခါသောက်တာနဲ့ ခင်ဗျားဟာ မိတ်ဆွေဖြစ်ပါပြီ”
ထို့နောက်သူက လည်ချောင်းရှင်းကာ နှစ်လိုဖွယ်ပြုံးရင်း ဆက်ပြော၏။
” စိတ်မပူပါနဲ့ ။ စိတ်စွမ်းအင်လက်ဖက်ရည်တစ်ခွက်က စျေးသက်သာပါတယ်။ ဒါ့အပြင် ရှေးဟောင်းသင်္ချိုင်းပျက်ထဲက ရတာတွေနဲ့ပတ်သက်ပြီး ကျုပ် ကောင်းကင်ဘုံအဖွဲ့အစည်းထက် အင်မတန်နည်းတဲ့ ပမာဏပဲ ကောက်ခံမှာပါ။ ၁၀ရာခိုင်နှုန်းပဲပေးပါဗျာ ”
ကောင်းကင်ဘုံအဖွဲ့အစည်းမှ ကျင့်ကြံသူများမှာ အံ့သြလွန်း၍ နှလုံးရပ်မတတ်ဖြစ်နေတော့သည်။ သင်္ချိုင်းပျက်ဝင်ပေါက်အပေါ်လက်ဝါးကြီးအုပ်ခွင့်သည် ယခုလေးတင် သူတို့လက်ထဲမှ ခုန်ထွက်သွားလေပြီ။
အခြားကျင့်ကြံသူများ၏ မျက်လုံးများမှာ တလက်လက်တောက်ပလာတော့သည်။ ကောင်းကင်ဘုံအဖွဲ့အစည်းက ၃၀ရာခိုင်နှုန်းကောက်ခံခဲ့လေရာ မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် လူအများ ပျော်ရွှင်ကြည်နူးစေရန် သူတို့လုပ်နိုင်သမျှအရာအားလုံး လုပ်ပေးနေသည်မဟုတ်ပါလော။