Switch Mode

အခန်း (၆၈)

တကယ်တော့ ကျောက်ဟိုက လူကောင်းလေးပါ

အခန်း (၆၈) တကယ်တော့ ကျောက်ဟိုက လူကောင်းလေးပါ

ရန်ကျောက်ကဲအား တစ်ချက် ကြည့်၍ အရှေ့တန်ဘုရင်က ဖြည်းညှင်းစွာ ခေါင်းငြိမ့်၏။ “ငါ့တူကျောက်ကဲ ဘာအကြောင်းဆွေးနွေးချင်တာလဲ ငါသိတယ်”

ရန်ကျောက်ကဲနှင့်သီးသန့်ပြောဆိုနေစဉ်အတွင်း အရှေ့တန်ဘုရင်သည် ယခင်ကကဲ့သို့ ထီးဟန် နန်းဟန် မဆန်တော့ပေ။ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေပင် သုံးနှုန်းသည်။

ဟောင်အာက ကံကောင်းပြီး ဉာဏ်အလင်းရသွားတယ်လို့ ဆိုပေမယ့် ဟောင်အာရဲ့ အပြောင်းအလဲတွေက ကြီးမားလွန်းတယ်၊  ရုတ်တရက် နိုင်လွန်းတယ်”

သူ့စရိုက်အပြောင်းအလဲ မပြောနဲ့၊ သူ့ရဲ့ ဆေးဝါးတာအိုမှာ ကျွမ်းကျင်မှုက ငါကိုယ်တိုင်ကတောင် နိမ့်ကျတယ်လို့ ဝန်ခံရလောက်တယ်၊ သူ့ရဲ့သိုင်းပညာကိုတော့ ငါ မမြင်ရသေးပေမယ့် သူ့ရဲ့ကျင့်ကြံတဲ့အမြန်နှုန်းကတော့ အရင်ကနဲ့စာရင် အများကြီး အများကြီး လျင်မြန်လာတယ်”

အရှေ့တန်ဘုရင်က ပွင့်ပွင့်လင်းလင်းပင် ပြောသည်။ ရန်ကျောက်ကဲကို လူငယ်မျိုးဆက်ဟူ၍ အထင်သေးဟန် မရှိပေ။

ယခင်က မည်သို့မျှ ထူးထူးခြားခြားမရှိသော ကျောက်ဟိုနှင့် ယခု ကျောက်ဟိုတို့၏  တောင်နှင့် မြောက်အလား ကွာခြားမှုကြောင့် ဖခင်ဖြစ်သူ အရှေ့တန်ဘုရင်ပင် ကျောက်ဟိုအကြောင်းကို မည်မျှ နားလည်ထားမှန်း မပြောနိုင်တော့ပေ။

ကျောက်ဟို၏ပြောင်းလဲမှုများနှင့် ပတ်သတ်၍ အရှေ့တန်ဘုရင်သာ ဆန္ဒရှိပါက ကျောက်ဟို၏မွေးကင်းစမှသည် ယနေ့အထိ ဆက်စပ်ခဲ့သူများ၊ အဖြစ်အပျက်များကို အသေအချာ စုံစမ်းစစ်ဆေးနိုင်သည်။ တိုင်းပြည်ကို အုပ်ချုပ်သူတစ်ယောက်အနေဖြင့် ထိုမျှလောက်တောင်မှ မစုံစမ်း၊မစစ်ဆေးနိုင်လျှင် သူသည် ဘုရင်လုပ်နေစရာ မလိုတော့ပေ။

အရမ်းကံကောင်းပြီး သိုင်းအမွေအနှစ်တချို့ကို ရရှိသွားလို့ ဒါမှမဟုတ် ထိပ်သီးကျင့်ကြံသူတစ်ယောက်က တပည့်အနေနဲ့ လက်ခံပြီး တိတ်တဆိတ် သင်ကြားပေးလို့ဆိုရင်တောင် ဟိုအာရဲ့တိုးတက်မှုက နားလည်လို့ရနိုင်သေးတယ်”

ဒါပေမယ့် ဆေးဝါးတာအိုဆိုတာမျိုးက ပါရမီတစ်ခုထဲနဲ့ မဆိုင်ဘူး၊ နှစ်ပေါင်းများစွာ အတွေ့အကြုံစုဆောင်းပြီးမှ ဖြစ်လာနိုင်တာ၊ ကျောက်ဟိုက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကျွမ်းကျင်လာတာလဲ”

ကျောက်ရှီချန်းက အနည်းငယ် ခေါင်းယမ်းလိုက်သည်။ “ဒါတွေအကုန်လုံး ဖြည်းဖြည်းချင်း စုံစမ်းလို့ ရပါတယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ထူးချွန်တဲ့ သားတစ်ယောက် ထွက်ပေါ်လာတာ အရှေ့တန်အတွက် ကောင်းတဲ့အရာပဲ”

ရန်ကျောက်ကဲ နားထောင်နေရင်း စိတ်ထဲမှာ ကြိတ်ရယ်နေမိသည်။

အာဏာလက်ဝယ်ရှိသူများမှာ သူတို့ထက် နိမ့်ပါးသော လူများကို မကြောက်ရွံ့ကြပေ။ သူတို့အတွက် အရေးကြီးဆုံးအရာကား အခြေအနေက သူတို့လက်ထဲမှာ ထိန်းချုပ်မှု ရှိ၊ မရှိသာဖြစ်သည်။

အခြေအနေအား ထိန်းချုပ်မှုကို သူတို့ မဆုံးရှုံးသရွေ့ လက်အောက်ငယ်သားများက ထူးချွန်လေ သူတို့အတွက် ကောင်းလေဖြစ်သည်။

တစ်ခါတစ်ရံ သူတို့သည် မူမမှန်သော အဖြစ်အပျက်များနှင့်  သူတို့၏ဟာကွက်များကို သတိမထားမိဟု ထင်ရသည်။ တကယ်တော့ သူတို့သည် မသိချင်ယောင်ဆောင်၍ အခြေအနေတစ်ခုလုံးကို နောက်ကွယ်မှ ကြည့်ရှု့နေခြင်းသာဖြစ်သည်။

ကျောက်ရှီချန်းသည်လည်း ဤသို့ပင်။ ရန်ကျောက်ကဲ၏အဖေ ရန်တိဆို  အရူးလုပ်ရန် ပိုမို ခက်ခဲသည်။

ထို့ကြောင့် ဤကမ္ဘာတွင် ဒုတိယအကြိမ် ပြန်လည် မွေးဖွားစဉ်ကတည်းက ရန်ကျောက်ကဲသည် တစ်လှမ်းချင်း ဖြည်းညှင်းစွာ လှမ်းခဲ့သည်။

သူသည် သံသယအားလုံးကို မရှောင်လွဲနိုင်လျှင်တောင်မှ အနည်းဆုံးတော့ သူနှင့် သူ့ခန္ဓာကိုယ်၏မူလပိုင်ရှင်အကြား ကွာခြားမှုက အလွန် မကြီးမားလောက်ပေ။

သူသည် အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုကို ဤကမ္ဘာ၌ ပြန်ပေါ်လာအောင် ထုတ်လုပ်ခဲ့သော်လည်း ၎င်းမှာ ကိရိယာတစ်ခုကို ဖန်တီးခြင်းသာ ဖြစ်သည်။ ဝိဉာဉ်လက်နက်သန့်စင်ခြင်း၌ သူ့ကျွမ်းကျင်မှုနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ရန်ကျောက်ကဲ အသုံးပြုသော ဝိဉာဉ်လက်နက် သန့်စင်သည့် နည်းလမ်းများမှာလည်း သာမာန်ထက် အနည်းငယ် သာလွန်သော နည်းလမ်းများဟုသာ ဆိုနိုင်သည်။

သူ ပြန်လည်ဖော်ထုတ်ခဲ့သော ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်မှာလည်း နည်းစနစ်တစ်ခုသာဖြစ်သည်။ ထိုစဉ် ဆေးဝါးတာအို၌ သူ့ကျွမ်းကျင်မှုကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ရင်း သူ့အပေါ် အခြားသူများ၏အမြင်ကို တဖြည်းဖြည်း ပြောင်းလဲတိုးတက်စေနိုင်သည်။

သူ့သိုင်းစွမ်းအားပြောင်းလဲမှုနှင့် ထူးဆန်းသည့် တွေ့ရှိမှုအချို့ကိုတော့ ကံကောင်းမှုများနှင့် ကြုံကြိုက်ခြင်းကြောင့် သို့မဟုတ်  ရုတ်တရက် ဉာဏ်ကွန့်မြူးမှုကြောင့်ဟုဆိုကာ ဆင်ခြေပေး၍ ရနိုင်သည်။

လက်ရှိထက် အနည်းငယ် ပိုမို နှေးကွေးစွာ တိုးတက်လျှင်တောင်မှ အဆင်ပြေသေးသည်၊ အတောင်ဖြန့်၍ ကောင်းကင်ထက်တွင် ပျံသန်းနိုင်မည့် အနာဂတ်နေ့ရက်များမှာ သူ့လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်သည်။

တကယ်တော့ ထိုအကြောင်းကို တစ်ခါတစ်ရံ တွေးမိတိုင်း ကျောက်ဟိုအကြောင်းပါ တွေးမိကာ ရန်ကျောက်ကဲမှာ စိတ်မထိန်းနိုင်ဘဲ ရယ်မောမိသည်။ “တကယ်တော့ ကျောက်ဟိုက လူကောင်းလေးပဲ”

ရန်ကျောက်ကဲ၏လက်ရှိအောင်မြင်မှုများမှာ ကျောက်ဟိုထက် အများကြီး မြင့်မားနေလေပြီ။

သို့သော်လည်း အထိန်းအကွပ်မဲ့စွာ ပြုမူပြောဆို၍ အစွယ် တပြပြဖြစ်နေသော ကျောက်ဟိုနှင့် နှိုင်းယှဉ်လျှင် ရန်ကျောက်ကဲမှာ အများကြီး သဘာဝကျသေးသည်။

သေချာတာပေါ့၊ ၎င်းမှာ ကျောက်ဟို တစ်ယောက်တည်းနှင့် နှိုင်းယှဉ်ခြင်းကြောင့်ပင်။

အများအမြင်၌ ရန်ကျောက်ကဲသည်လည်း တူညီစွာပင် မောက်မာ၍ အထက်စီးဆန်သော လူတစ်ယောက်ဖြစ်လေသည်။

သို့ရာတွင် သူ့ခန္ဓာကိုယ်၏မူလပိုင်ရှင်သည်လည်း ဤကဲ့သို့ စရိုက်မျိုး ရှိလေရာ ကွာခြားမှုမှာ ကြီးမားသည်ဟု မထင်ရတော့။

ထို့ကြောင့် ဖန်းယွမ်ရှန်းအား သူက နိမ့်နိမ့်ချချ နေနေသည်ဟု ပြောခဲ့သည်မှာ ရန်ကျောက်ကဲသည် သူ့ကိုယ်သူ အတော် နိမ့်နိမ့်ချချ နေနေသည်ဟု ခံစားမိခြင်းကြောင့် ဖြစ်သည်။

ဖန်းယွမ်ရှန်း၏ မယုံကြည်နိုင်သော အကြည့်ကို မြင်မိသောအခါ ရန်ကျောက်ကဲသည် သူက မှားယွင်းဆက်ဆံခံရသလို ခံစားမိသည်။

ဤကဲ့သို့ ဟိတ်ဟန်များသော စရိုက်ကို ဖိနှိပ်၍ ရန်ကျောက်ကဲသည် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်ထားခြင်းဖြစ်သည်။

ကျောက်ရှီချန်းက စိတ်ရှုပ်ထွေးစွာ သက်ပြင်းချလိုက်သည်။ “ဟောင်အာရဲ့ လက်ရှိ အလားအလာအရ ပထမမင်းသားနှင့် တတိယမင်းသား မပြောနဲ့၊ စတုတ္တမင်းသားတောင် ယှဉ်လို့မရဘူး”

ရန်ကျောက်ကဲက အနည်းငယ် ပြုံးလိုက်သည်။

ပထမင်းသား ကျောက်ယွမ်နှင့် တတိယမင်းသား ကျောက်ရှန်းအပြင် တကယ်တော့ အရှေ့တန်တော်ဝင်မိသားစု၌ စတုတ္တမင်းသား ကျောက်မင် ရှိသေး၏။

ကျင့်ကြံခြင်းပါရမီအရ ဖျက်မြင်းကျောက်ဟိုကို ထည့်မတွက်ထားပါက ကျောက်မင်သည် ကျောက်ရှီချန်း၏သားများအနက် နံပါတ်တစ်ဖြစ်သလို အရှေ့တန်နိုင်ငံ၏ လူငယ်မျိုးဆက်အနက် အထူးချွန်ဆုံးဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျောက်မင်သည် သိုင်းပညာသင်ယူရန် ဝါဒတောင်သို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ကျောက်မင်သည် ဝါဒတောင်၏ တရားဝင်တပည့်ဖြစ်လာခဲ့သည်။

ဝါဒတောင်မှာ ကောင်းကင်နယ်မြေ၏အရှင်သခင်ဖြစ်လေရာ ကောင်းကင်နယ်မြေအတွင်းမှ ထိပ်တန်းပါရမီရှင်များမှာ ဝါဒတောင်ဂိုဏ်းသို့သာ ရောက်ချေသည်။ ထိပ်တန်းပါရမီရှင်များကလည်း ဝါဒတောင်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရသည်ကို ဂုဏ်ယူကြသည်။

သို့ရာတွင် ကျောက်မင်မှည ဝါဒတောင်၏တပည့်ဖြစ်နေသောကြောင့် အရေးပါသော အပြောင်းအလဲများ မဖြစ်သရွေ့  အရှေ့တန်နိုင်ငံ၏ နောက်တက်မည့် ဘုရင်နေရာမှာ သူနှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။

အရှေ့တန်နိုင်ငံသည် ဝါဒတောင်နှင့် နီးစပ်၍ ဝါဒတောင်ကို သူတို့အထက်က အင်အားစုအဖြစ် သတ်မှတ်ထားသော်လည်း ဝါဒတောင် ပြောသမျှလိုက်နာရမည့် လက်အောက်ခံမျိုးတော့ မဟုတ်ပေ။

ဝါဒတောင်မှာ ကျင့်ကြံမလားနှင့် အရှေ့တန်ဘုရင်အဖြစ် နန်းတက်မလား၊ နှစ်ခုအကြားတွင် မည်သည့်ရွေးချယ်မှုက ပိုကောင်းသနည်းဆိုတာ ကာယကံရှင်နှင့်ပင် သက်ဆိုင်၏။

ကျောက်ဟိုမှာ သိုင်းပညာအပေါ်၌သာ လုံးဝ မြုပ်နှံထားသူဖြစ်သောကြောင့် ဝါဒတောင်သို့ ဝင်ရောက်၍ သိုင်းပညာသင်ယူရန်အတွက်သာ ပျော်ရွှင်စွာ ရွေးချယ်ခဲ့သည်။

ဝါဒတောင်ကို ဝင်ရောက်ခဲ့သောကြောင့် သူနှင့် အရှေ့တန်နိုင်ငံအကြား မည်သည့်ဆက်နွယ်မှုမျှ မရှိတော့သော်လည်း အရှေ့တန်နိုင်ငံသည် ဤအချက်ကို အသုံးချ၍ နှစ်ဖက်ကြား ဆက်ဆံရေးကို တိုးတက်အောင် ကြိုးပမ်းနိုင်ခဲ့သည်။

ဝါဒတောင်ဂိုဏ်းကို ဝင်ရောက်သွားသော စတုတ္ထမင်းသားကျောက်မင်မှအပ ကျန်မင်းသားများမှာ အရှေ့တန်နိုင်ငံ၌သာ ဆက်ရှိနေ၏။

ထို့အပြင် ကျောက်ရှီလီ၏သားကလည်း နေသူတော်စင်ဂိုဏ်းသို့ ဝင်ရောက်သွား၏။

ထို့ကြောင့်ပင် နေသူတော်စင်ဂိုဏ်းနှင့် အရှေ့တန်ဘုရင်၏ ညီတော်ကျောက်ရှီလီအကြား အလွန် ရင်းနှီးလာရာ နေသူတော်စင်ဂိုဏ်းမှာ အရှေ့တန်နိုင်ငံအတွင်း တဖြည်းဖြည်း အရာရောက်လာခဲ့သည်။

ရန်ကျောက်ကဲသည် အလိုက်တသိဖြင့် အရှေ့တန်ဘုရင်ကျောက်ရှီချန်းနှင့် ဤအကြောင်းကို မဆွေးနွေးခဲ့ပေ။

ရန်ကျောက်ကဲက ဖြည်းဖြည်းချင်း ပြော၏။ “ညီအကိုကျောက်ဟိုရဲ့အခြေအနေကို ကျွန်တော် အတိအကျတော့ မခန့်မှန်းနိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ယူဆချက်အရ သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုတွေဟာ အရင်ခေတ်က သိုင်းသူတော်စင်ဖြစ်တဲ့ ဆေးဓားနတ်ဘုရားကော်ဇီနဲ့ သက်ဆိုင်နေလောက်တယ်၊  ကျောက်ဟိုက ကော်ဇီရဲ့အမွေအနှစ်ရသွားတာလည်း ဖြစ်ရင် ဖြစ်နိုင်တယ်”

သူ ထိုမျှ ပြောသည်ပင် လုံလောက်နေပြီဖြစ်သည်။

ကျောက်ရှီချန်းသည် တခဏမျှ လေးနက်စွာ စဉ်းစားရင်း ခေါင်းငြိမ့်၏။ “ဓားပညာအရမ်းကောင်းတယ်၊ ဆေးဝါးတာအိုမှာလည်း ထူးချွန်တယ်… တိမ်မီးခိုးအမှုန့်…. အင်း… ဒါက ဖြစ်နိုင်ချေရှိတဲ့အရာပဲ”

သူ့ခေါင်းကို မော့ကာ ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ “ငါအမှတ်မမှားဘူးဆိုရင် ဆေးဓားနတ်ဘုရားကော်ဇီနဲ့ ဝါဒတောင်အကြား ဆက်ဆံရေးက တော်တော်ဆိုးဝါးတယ်မလား”

ရန်ကျောက်ကဲက ပွင့်ပွင့်လင်းလင်း ပြန်လည် ဖြေကြားသည်။ “ဘာအကြောင်းရင်းကြောင့်ဆိုတာတော့ ကျွန်တော် တိတိကျကျ မသိပေမယ့် ဆက်ဆံရေး ဆိုးဝါးတာတော့ အမှန်ပဲ”

ကော်ဇီက သူ့အမွေအနှစ်နဲ့အတူ အမှာစကား ချန်ခဲ့လို့လား၊ ဒါမှမဟုတ် ညီအကိုကျောက်ဟိုက သူ့ဆီက ဘာများ လက်ခံရရှိလို့ ကျွန်တော်တို့ဂိုဏ်းကို နည်းနည်း ရန်လိုနေလဲဆိုတာတော့ ကျွန်တော်လည်း မှန်းဆလို့ မရပါဘူး”

ကျောက်ရှီချန်း သက်ပြင်းချလိုက်သည်။ “ငါ့လူတွေ ပြန်သတင်းပို့တာကို ငါ ကြားရပါတယ်၊ ငါလည်း ဒီကိစ္စကို သိပြီးပါပြီ”

စိတ်အေးအေးထားပါ၊ သူ့ရဲ့မုန်းတီးမှုကို ပြေပျောက်ဖို့ ငါ ကြိုးစားသွားမှာပါ၊ တကယ်လို့ ဒီနည်းနဲ့ တိုးတက်မှု မရှိရင် အခြားအစီအစဉ်တွေ ပြုလုပ်ရမှာပေါ့”

သူနှင့် ရန်တိအကြား ရင်းနှီးမှုကို ဘေးချထားလျှင်တောင်မှ ကျောက်ရှီချန်းသည် ဝါဒတောင်အား ရန်လိုသော သူ့သားတော်ကို အိမ်ရှေ့စံအဖြစ် ဆက်ခံခွင့် ပေးမည် မဟုတ်ပေ။

ကျောက်ဟိုအား အင်အားများစွာ စိုက်ထုတ်၍ ပြုစုပျိုးထောင်ပေးမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော်  ကျောက်ဟိုမှာ ဤပုံစံဖြင့် ထီးနန်းကို မျှော်လင့်၍ မရပေ။

ရန်ကျောက်ကဲက အရိုအသေပေးလိုက်သည်။ “ဦးရီးတော်မှာလည်း ဦးရီးတော်စီစဉ်ထားတာ ရှိမှာပေါ့၊ ကျောက်ကဲက အတင့်ရဲပြီး မဆင်မခြင် ပြောမိပါတယ်၊ ဦးရီးတော် ဗွေမယူပါနဲ့”

ကျောက်ရှီချန်းက လက်ကာပြလိုက်သည်။ “ရပါတယ် ငါ့တူ၊ မင်းအဖေမှာ ဒီလိုသားမျိုးရှိတာက သူ့မှာ ဆက်ခံသူကောင်း ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ငါတောင် နည်းနည်း အားကျမိတယ်”

ရန်ကျောက်ကဲက ပြုံးလျက် “ဦးရီးတော်နဲ့ ကျွန်တော့်အဖေကြား ရင်းနှီးသလို ကျွန်တော်နဲ့ အရှေ့တန်ရဲ့ညီအကိုတွေကြား ခိုင်မာ နက်ရှိုင်းတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

နိုင်ငံတစ်ခု၏အုပ်ချုပ်သူဖြစ်သော်လည်း ကျောက်ရှီချန်းသည် တစ်ခါတစ်ရံ အကျိုးဆက်ကို မတွေးဘဲ ခံစားချက်အတိုင်း ပြုမူလေ့ရှိသည်။

သို့ရာတွင် သည်ဦးရီးတော်မှာ သူ့အဖေအပေါ် အကြွင်းမဲ့ သစ္စာရှိကာ သူ့အပေါ်လည်း အလွန် ဂရုစိုက်လေ၏။

ကျောက်ရှီချန်းနှင့် ရန်ကျောက်ကဲတို့ တိတ်တဆိတ် ဆွေးနွေးနေသည်ကို ရန်ရှု့ကလည်း သတိပြုမိ၏။

ရန်ရှု့၏မျက်နှာ မပြောင်းလဲဘဲ ကိုယ့်လမ်းကိုယ် လျှောက်၍ အခြား တစ်ဖက်သို့ လှည့်ထွက်သွားလေ၏။

သူ့နောက်တွင် အတော် စိုးရိမ်နေဟန် မျက်နှာထားရှိသည့် လူတစ်ယောက် လိုက်လာ၏။ “ရန်ကျောက်ကဲက တကယ်ပဲ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ရှိတဲ့ရှောင်ရှန်းကို အပြင်ပိုင်း ကြယ်တာရာချီအလယ်အလတ်အဆင့်နဲ့ အနိုင်ယူခဲ့ပါတယ်”

ဒီအတိုင်းသာ ဆက်သွားရင်… လုဝမ်တော့…”

ရန်ရှု့၏ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။ သူ့မျက်နှာမှာ သုန်မှုန်၊ မဲမှောင်လာ၏။

လုဝမ်သည် ရန်ကျောက်ကဲ၏ဒုတိယဦးလေး ဖန်ကျွမ်း၏ တိုက်ရိုက်တပည့်ပင်။ လုဝမ်မှာ ဝါဒတောင်လူငယ်မျိုးဆက်၏ နောက်ထပ် ထိပ်တန်းပါရမီရှင် တစ်ယောက်ဖြစ်သလို အတော် နာမည်ကောင်း ရရှိထားသူဖြစ်၏။

( Note : လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ်မှာ တိုက်ရိုက် တပည့်သုံးယောက် ရှိပါတယ်၊ ရန်ကျောက်ကဲရဲ့အဖေ ရန်တိက အငယ်ဆုံးပါ၊ ရန်ကျောက်ကဲက ဂိုဏ်းချုပ်ရဲ့ အကြီးဆုံးတပည့်ကို အကြီးဆုံးဦးလေး၊ ဒုတိယတပည့်ကို ဒုတိယဦးလေးလို့ခေါ်ပါတယ်၊ ဂိုဏ်းနဲ့ မသတ်ဆိုင်တဲ့ အရှေ့တန်ကဘုရင်ကိုတော့ ဦးရီးတော်လို့ ပြောင်းလဲသုံးနှုန်းသွားပါမယ်၊ ဂိုဏ်းကအကြီးအကဲတွေကို ရန်ကျောက်ကဲ ခေါ်တဲ့ နေရာမှာတော့ ဂိုဏ်းတူဦးလေး/အကြီးအကဲလို့ သုံးနှုန်းသွားပါမယ်၊ အဲ့တာလေးတော့ နားလည်ပေးပါ ရောင်းရင်းတို့)

လုဝမ်မှာ ရန်ကျောက်ကဲထက် အသက်ကြီးသောကြောင့် ရန်ကျောက်ကဲထက် အရင် စတင် ကျင့်ကြံခဲ့သူဖြစ်၏။ သူသည် လက်ရှိတွင် နှစ်ဆယ့်ငါးနှစ် ရှိနေပြီဖြစ်ရာ ရှောင်ရှန်းနှင့် သက်တူရွယ်တူ ဖြစ်သည်။

ယနေ့ထိတိုင်အောင် ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းတို့ကြား မကြာခဏ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ထူးခြားဖြစ်စဉ်များ မပေါ်ပေါက်ခင်က ရန်ကျောက်ကဲနှင့်ချောင်ယွမ်လုံ၊ လုဝမ်နှင့် ရှောင်ရှန်းတို့သည် ကာလရှည်ကြာ ပြိုင်ဘက်များ ဖြစ်ကြသည်။ နှစ်ဖက် ဘက်ညီနေသလို တူညီသော ခွန်အားကိုလည်း ပိုင်ဆိုင်ထားကြသည်။

လက်ရှိတွင် လုဝမ်မှာ ဝါဒတောင်၌ တံခါးပိတ်ကျင့်ကြံလျက်ရှိသည်။ ရှောင်ရှန်းကဲ့သို့ အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်သိုင်းပညာရှင်ဖြစ်သော လုဝမ်သည် ဤတံခါးပိတ်ကျင့်ကြံမှုမှတဆင့် ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်ကို ရှောင်ရှန်းမရောက်ခင် အရင် ရောက်နိုင်မည်ဟု မျှော်လင့်နေ၏။

လုဝမ်မှာ ရှောင်ရှန်းထက် အနည်းငယ် ရှေ့ရောက်နေသဖြင့် နှာတစ်ဖျားသာနေသည်ဟု ဆိုနိုင်ကာ သူသာ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်သို့ အရင် တက်လှမ်းနိုင်ပါက ရှောင်ရှန်းထက် ခြေတစ်လှမ်းသာသွားမည်ဖြစ်သည်။

သို့သော် ရုတ်တရက် တရှိန်ထိုး တိုးတက်လာသော ရန်ကျောက်ကဲသည် သက်တူရွယ်တူဖြစ်သော ချောင်ယွမ်လုံကိုသာမက ရှောင်ရှန်းကိုပါ အဆင့်ကျော်၍ အနိုင်ယူခဲ့လိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။

သူ့ကျင့်ကြံမှုသည်ပင် လုဝမ်နှင့် နီးသည်ထက် နီးကပ်လာနေလေပြီ။

တခဏမျှ နက်ရှိုင်းစွာ စဉ်းစားပြီးနောက် ရန်ရှု့သည် သူ့ပုံမှန်အမူအရာအတိုင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “အားလုံးက ပြောဖို့ စောသေးပါတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset