အခန်း ( ၃၉၆ )

ပြန်လည်ဖွဲ့စည်းခြင်း

သက်တန့်ဒေသမှ အပြန်လမ်းတလျှောက် ပိုင်ရှောင်ချန်း၏မျက်လုံးတွင်း၌ နားမလည်၍ ဇေဝဇဝါဖြစ်နေမှုများကို မြင်ရလေသည်။ ဦးဆောင်လမ်းပြနေသည့် အေးစက်စက် အမျိုးသမီးကျင့်ကြံသူလေးသည် ရုတ်တရက် ယခင်ထက်ပို၍ နွေးထွေးလာပုံပေါ်ပြီး မျက်ဝန်းထောင့်ကလေးမှပင် ခိုးခိုးကြည့်နေလေသည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ရောက်သောအခါ သူမက သူ့ကို ပြုံးပြပြီး ဒူးကလေးညွတ်၍ အရိုအသေပေးလေသည်။

“အစ်ကိုပိုင်… စောစော ရိုင်းပြမိတဲ့ အတွက် တောင်းပန်တယ်.. ။ အို.. ဒါနဲ့ ကျွန်မနာမည်က ချင်းရွှမ်ပါ”

ထို့နောက် သူတို့နှစ်ယောက်ကြားတွင် တည်နေရာရွှေ့ပြောင်းခြင်း အလင်းတန်းထိုးထွက်လာတော့သည်။ ပိုင်ရှောင်ချန်း၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး မိန်းမပျိုလေး၏အသံကို ကုံမြို့တော်၏ ကျွတ်ကျွတ်ညံနေသော အသံတို့က ဖုံးလွှမ်းသွားလေသည်။

ပိုင်ရှောင်ချန်းမှာ လောလောဆယ် အိပ်မက်မက်နေသည့်အလား ခံစားလိုက်ရတော့သည်။ သို့သော်လည်း သူ့အိတ်ထဲမှ ခုနစ်ရောင်အလံကို ဆွဲထုတ်လိုက်ပြီး လှန်လှောကြည့်လိုက်ကာ သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တဖျတ်ဖျတ်တောက်ပလာတော့သည်။

“ငါ့ကို တကယ်ကြီးပေးလိုက်တာဟ.. ယုံတောင်မယုံနိုင်ဘူး”
ကုံမြို့တော်တွင် ၅ကီလိုမီတာအကျယ် ကိုယ်ပိုင်နေရာကို ရတော့မည်ဆိုသော အတွေးကြောင့် ကျောရိုးထဲပင် စိမ့်လာတော့သည်။

သို့သော်လည်း မည်သည့်အတွက်ကြောင့် ဆုချီးမြှင့်ခဲ့လဲဆိုသောအကြောင်းနှင့်ပတ်သက်၍ သူ၏သံသယများကို မေ့ဖျောက်၍မရပေ။ ကုံမြို့ သက်တန့်ဒေသ၏ တည်နေရာကို ပြန်မော့ကြည့်ရင်း သူတစ်ယောက်တည်း ရေရွတ်လိုက်၏။
” တစ်ယောက်ယောက်ကတော့ ငါ့ကို တိတ်တဆိတ် ကူညီနေတာပဲ..ကုံမြို့ရဲ့ သခင်ကြီးကို ငါ့ကို လက်ဆောင်ပေးဖို့ ဖိအားပေးခံရတာပဲ။ ဒါမှမဟုတ်ရင် ဘာလို့ ဆေးဖော်စပ်နည်းကို တကယ်မယူတာတုံး ” အတွေးထဲနစ်မြောနေရင်း ပိုင်ရှောင်ချန်းသည် မြောက်ပိုင်းဒေသသို့ ပြန်လာလိုက်သည်။ သို့သော်လည်း သူ၏အတွေးများမှာ သိပ်မခံလိုက်ပေ။ မကြာမီ သူ့ဘေးပတ်လည်ရှိ လူတိုင်းမှာ မိုးပြာရောင်နဂါးအဖွဲ့အစည်းအကြောင်း ပြောနေသည်ကို သတိပြုမိသွား၏။

“မင်းကြားလား။ အဲ့မကောင်းဆိုးဝါး မူးယစ်ဆေးလုံးကို စားပြီးရင် တစ်သက်လုံး ဦးနှောက်ပျက်သွားမှာတဲ့။ ဘယ်လောက် ရက်စက်လိုက်သလဲ”

“ဦးနှောက်ပျက်တာတင်မကသေးဘူး။ အများကြီးစားလိုက်ရင် မင်းရဲ့ငုပ်နေတဲ့စွမ်းရည်တွေ ပျက်စီးသွားပြီး တဖြည်းဖြည်း ရူးလာလိမ့်မယ်တဲ့။ ရူးပြီးသေသွားတဲ့လူတွေရှိတယ်လို့ ငါကြားတောင်ကြားခဲ့သေးတယ်”

“ဆိုးလိုက်တာကွာ။ အဲ့ဆေးတွေကစွဲတယ်လေ။ မင်းစ စားတာနဲ့ ရပ်လိုက်လို့ကတော့ ရူးသွားလိမ့်မယ်။ ဒီလို ဆေးလုံးအတွက် မိုးပြာရောင်နဂါးအဖွဲ့အစည်းက တာဝန်ရှိတယ်ဆိုတာ ငါသိခဲ့သင့်တယ်”

“မိုးပြာရောင်နဂါးအဖွဲ့အစည်းရဲ့ ဆရာြကီးက အဲ့ဆေးလုံးကို ထွင်ခဲ့တာလေ။ ဟေးး.. မင်းတို့ ဝမ်းမီးငြိမ်သက် ဆေးလုံးကိုမှတ်မိလား။ သူအဲ့တာလည်း လုပ်ခဲ့တာပဲ။ ဘယ်လောက် အကျင့်ယုတ်တဲ့ မကောင်းဆိုးဝါးလဲကြည့်”

ပိုင်ရှောင်ချန်းမှာ ထိုစကားများကြောင့် သိပ်မပျော်တော့ပေ။ သူ၏ မူးယစ်ဆေးလုံးသည် မပြီးပြည့်စုံသော်လည်း တစ်သက်လုံးအန္တရာယ်ဖြစ်စေလောက်သည်အထိတော့ လုံးဝမဟုတ်ပေ။ ဆေးလုံး၏ ကောင်းသောစွမ်းအင်များသည်လည်း ဘေးထွက်ဆိုးကျိုးများထက် ပိုများလေသည်။

ထို့အပြင် ထိုဆေးစား၍ သေသောသူမရှိသေးပေ။

သို့သော်လည်း ကောလာဟလများမှာ အလွန် အပြစ်ဆိုစရာမရှိအောင်လုပ်ကြံထားပြီး ပိုင်ရှောင်ချန်း မြောက်ပိုင်းဒေသသို့ရောက်ချိန်တွင် ထိုသတင်းများသည် အခြားသော ဒေသများကိုလည်း ပြန့်နှံ့နေလေပြီ။

မိုးပြာရောင်နဂါးအဖွဲ့အစည်းနှင့် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဆရာြကီးအပေါ် မလိုမုန်းထားသောစကားများအရ ပိုင်ရှောင်ချန်းမှာ တစ်ယောက်ယောက်သာ သူ့ကိုမှတ်မိသွားလျှင် မည်သို့များဖြစ်ကုန်မည်နည်းဟု မတွေးဘဲမနေနိုင်အောင် ဖြစ်နေတော့သည်။ တစ်ယောက်ယောက်သာ သူ့ကို မှတ်မိ၍အော်လိုက်လျှင် ဘေးရှိလူမှန်သမျှ သူ့ကို ခုန်အုပ်ကြမည်မှာ မလွဲမသွေပင်။

သူသည် ကြောက်လန့်မှုကြောင့် တဆတ်ဆတ်တုန်နေသော်လည်း တတ်နိုင်သမျှဘေးကင်းစေရန် မိုးပြာရောင်နဂါးအဖွဲ့အစည်းကို ကျယ်နိုင်သမျှကျယ်ကျယ် ကျိန်ဆဲရင်း လူအုပ်ကြားထဲ ဖြတ်လျှောက်သွားလေသည်။ အချိန်အနည်းငယ်ကြာ သုတ်ခြေတင်လာပြီးသည့်နောက်ဆုံး မိုးပြာရောင်နဂါးအဖွဲ့အစည်းဌာနချုပ်သို့ ပြန်ရောက်လာတော့သည်။

သူပြန်ရောက်လာစဥ် လူတိုင်းက ဂါဝရလာပြုကြသော်လည်း သိသိသာသာပင် သူတို့မှာ စိတ်လှုပ်ရှားဂနာမငြိမ်ဖြစ်နေကြသည်။ ပြိုတော့မည်မိုးလို မျက်ရည်များဝဲလျက် ရွှီပေါက်ချိုင်ကပြောသည်။
” ခေါင်းဆောင်လေး .အဲ့အရှက်မရှိတဲ့ ကောင်းကင်ဘုံအဖွဲ့အစည်းက မိုးပြာရောင်နဂါးအဖွဲ့အစည်းအကြောင်း သွားပုတ်လေလွင့် နေရာတကာ ကောလာဟာလတွေ လိုက်ဖြန့်နေတယ်. ။ ကျုပ်တို့လူတော်တော်များများ အဖွဲ့ထဲက နှုတ်ထွက်ကုန်ကြပြီ”

” အခြေအနေတွေကတော့ ထိန်းမနိုင် သိမ်းမနိုင်တွေ ဖြစ်နေပြီ….”
နတ်ဆရာက ခါးသီးသောအပြုံးဖြင့် ပြော၏။ ရန်သူ၏လက်တုန့်ပြန်မှုကို သတိကြီးကြီးစောင့်ကြည့်ခဲ့သော်လည်း ကောင်းကင်ဘုံအဖွဲ့အစည်းသည် အလွန်ကြီးမားပြီး မြို့ထဲတွင် မိုးပြာရောင်နဂါးအဖွဲ့အစည်းထက်ပို၍ နက်ရှိုင်းသော အဆက်အသွယ်များရှိလေသည်။

ဖက်တီးကျန်းကြီးနှင့် ချင်းမေ့ယွမ်မှာ အလွန်စိုးရိမ်သောကရောက်နေဟန်ရှိပြီး အခြားသော မိုးပြာရောင်နဂါးအဖွဲ့အစည်း ကျင့်ကြံသူအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက် ရပ်နေကြသည်။ လူတိုင်းသည် ပိုင်ရှောင်ချန်း သက်တန့်ဒေသခရီးစဥ်တွင် ဖြစ်ပျက်ခဲ့သည်များကို နားထောင်ရန် စောင့်နေကြပြီး ကောင်းသောအရာတစ်ခုခုများဖြစ်ခဲ့လေသလားဟူ၍ မျှော်လင့်နေကြသည်။

အကယ်၍ ရလဒ်သည် အမှန်တကယ်အပြုသဘောဆောင်လျှင် သူတို့ မိုးပြာရောင်နဂါးအဖွဲ့အစည်းကို တွယ်ကပ်နေမည်ဖြစ်ပြီး တိုးတက်လာမည့်အရာများကို မြင်ရန် စောင့်နေမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ကောင်းကင်ဘုံအဖွဲ့အစည်းကို စော်ကားပြီးနောက် မည်သို့ အသက်ရှင်သန်ရမည်ကို စတင် စဥ်းစားရတော့လေမည်။

ပိုင်ရှောင်ချန်း အလွန်ဒေါသထွက်သွား၏။ ကောင်းကင်ဘုံအဖွဲ့အစည်းသည် မူးယစ်ဆေးလုံးများကို စတင်ရောင်းချခဲ့ပြီး ထိုဆေးလုံးများကို ခိုးယူထားသော စိတ်ချောက်ချားခြင်းအငွေ့မှ ပြုလုပ်ထားသည် မဟုတ်ပါလော။ ယခုတွင် သူတို့က ပိုင်ရှောင်ချန်းအပေါ်အပြစ်အားလုံးပုံချသည်အထိ လွန်လွန်ကျူးကျူးဖြစ်လာရာ သူ့မှာ ဒေါကန်လာတော့သည်။ ထို့နောက် ဝမ်းမီးငြိမ်သက် ဆေးလုံးဖြစ်ရပ်တွင် သူထောင်ချောက်မိခဲ့ရသည်ကို ပြန်စဥ်းစားမိသောအခါ သူ၏ဒေါသမှာ ငယ်ထိပ်သို့ရောက်လာတော့သည်။

ဖက်တီးကျန်းကြီး၏မျက်လုံးများတွင် ရက်စက်သောအလင်းများ တောက်ပလာပြီး သူကပြော၏။
“ အမှတ်ကိုး ဖက်တီး။ ကောင်းကင်ဘုံအဖွဲ့အစည်းက တော်တော်လွန်လာပြီ. ။ လာအကုန်လုံးကို တစ်ခါတည်း ကိစ္စသွားတုံးပစ်ရအောင်”

မကြာသေးမီက အတွေ့အကြုံများကြောင့် သူ၏ ရက်စက်သောအသတ်အဖြတ်အရှိန်အဝါများမှာ ပို၍ပြင်းထန်လာတော့သည်။

“ခေါင်းဆောင်လေး” ရွှီပေါက်ချိုင်ကပြောသည်။
” ကျုပ်တို့ သူတို့နဲ့ တကယ်ပဲ သွားတိုက်ရတော့မယ်ထင်တယ်။ ဒါပေမယ့်… ဂိုဏ်းစည်းမျဥ်းကို ထည့်စဥ်းစားလိုက်ရင် ဘယ်လိုလုပ်ရတော့မလဲ ”

“ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး” နတ်ဆရာ ဝင်ပြော၏။
” မူးယစ်ဆေးလုံးက တရားမဝင်ရင် ကျုပ်တို့ဆက်ပြီး အသက်မွေးဝမ်းကျောင်းပြုလို့မရဘူး။ ဘာဆက်လုပ်ရမလဲ”
ဆွေးနွေးနေကြစဥ် အခြားသောကျင့်ကြံသူများမှာ ဘေးတွင် ကုပ်ကုပ်လေး ရပ်နေကြသည်။ နောက်ဆုံးတွင် လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားတစ်ဦးက ရှေ့ထွက်လာပြီး လက်ယှက်၍ ပိုင်ရှောင်ချန်းကို ခေါင်းငုံ့အရိုအသေပေးလိုက်သည်။

” ဆရာကြီး.. သက်တန့်ဒေသသွားတဲ့ ခရီးမှာ သတင်းကောင်းလေးများရှိပါသလား” သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ပိုင်ရှောင်ချန်းကို မျှော့်လင်တကြီး လှမ်းကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ ဒေါသထိန်းရန် အသက်တစ်ချက် ရှိုက်လိုက်ပြီးနောက် ပြောသည်။
” အေး…. ကောင်းတာတော့ဖြစ်လာတယ်ကွ။ ဒါပေမယ့် ငါတို့ မူးယစ်ဆေးလုံးကို တော့ မရောင်းနိုင်သေးဘူး”

သူ့စကားလုံးများကြောင့် တိတ်ဆိတ်သွားမှူမှာ အစောပိုင်းက တိတ်ဆိတ်မှုထက် ပို၍ပြင်းထန်လေသည်။

အဖွဲ့ကို လှမ်းကြည့်လိုက်ပြီးနောက် သူက လူတစ်ယောက်ကို ကုံမြို့တော်၏ မြေပုံယူလာပေးရန် ခိုင်းလိုက်ပြီးနောက် သူ့အခန်းထဲလှည့်ထွက်သွားလေသည်။

အချိန်တို့ ကုန်လွန်သွား၏။ နောက်တစ်ရက်တွင် ကျင့်ကြံသူများစွာ မိုးပြာရောင်နဂါးအဖွဲ့အစည်းကို စွန့်ခွာသွားသည်။ နောက်တစ်နေ့တွင် ပို၍များစွာ ထွက်သွားပြန်သည်။ ကုန်လွန်သွားသောနေ့ရက်တစ်ရက်ချင်းစီတိုင်း ထိုအတိုင်းပင်။

ခုနစ်ရက်တာလုံးကုန်ဆုံးသွားသည့် အချိန်တွင် ကောင်းကင်ဘုံအဖွဲ့အစည်းမှ ဆက်လက်ဖိအားပေးနေမှုကြောင့် မိုးပြာရောင်နဂါးအဖွဲ့အစည်းမှ ကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းပင် ထွက်ခွာသွားလေပြီ။ မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် တစ်ဟုန်ထိုး တိုးတက်လာပြီး ၄င်းအောင်မြင်မှု၏ အထွတ်အထိပ်အချိန်တွင် ထိုလူများက အဖွဲ့ထဲဝင်ရသည့်အတွက် ပျော်ရွှင်ခဲ့သော်လည်း ၄င်းပြိုလဲချိန်တွင်မူ တစ်ယောက်မှ အတူနေလိုစိတ်မရှိကြတော့ပေ။

မြို့တော်၏ အခြားဒေသများရှိ အဖွဲ့၏ လက်အောက်ခံအဖွဲ့အစည်းများ ပြိုကွဲပျက်စီးသွားပြီး သူတို့နှင့် ပူးပေါင်းခဲ့သည့် မျိုးငယ်စုငယ်များနှင့် အသင်းအဖွဲ့များက ပစ်ပယ်သွားကာ အဆက်အသွယ်အားလုံး ဖြတ်တောက်လိုက်လေသည်။

မြို့ထဲတွင် သတင်းစကားမျိုးစုံ ပျံ့နှံ့နေပြီး ကောင်းကင်ဘုံအဖွဲ့အစည်းသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ယခင်အဖွဲ့ဝင်များကို များနိုင်သမျှများများ လိုက်စုဆောင်းနေလေသည်။ မကြာမီ မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဌာနချုပ်သည် ပြောင်းတလင်းခါလုနီးပါးဖြစ်နေတော့သည်။

ကျင့်ကြံသူ ၁၀၀၀အောက်သာ ကျန်ရှိတော့ပြီး နောက်နှစ်ရက်ကြာသော် ထပ်ထွက်သွားကြပြန်သည်။ ကိုးရက်မြောက်နေ့တွင် သူတို့၌ ကျင့်ကြံသူဦးရေ ၂၀၀ အောက်သာ ရှိတော့လေသည်။

ခမ်းနားကြီးကျယ်သော မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် ကိုးရက်တည်းနှင့် လုံးဝပြိုလဲခါနီးနေလေပြီ။ ထိုဖြစ်ရပ်မှာ ကုံမြို့တော်တစ်ခုလုံးအား တုန်လှုပ်သွားစေပြီး စွမ်းအားကြီး၍ များပြားသော စွမ်းအားအရင်းအမြစ်များ ရှိသည်ဆိုသော ကောင်းကင်ဘုံအဖွဲ့အစည်း၏ ဂုဏ်သတင်းများ ပို၍ပင် မွှေးပျံလာတော့သည်။ သို့သော်လည်း ကြီးကြီးမားမားအံ့သြစရာမရှိပေ။ မိုးပြာရောင်နဂါးအဖွဲ့အစည်းနှင့် ပတ်သက်သမျှအရာအားလုံးမှာ စွမ်းဆောင်ရည်ရမှတ်များ၏ မယုံကြည်နိုင်ဖွယ်ဝင်ငွေပေါ်တွင် အခြေခံသည်မဟုတ်ပါလော။ အမှန်တကယ်အတည်ကျဖြစ်ရန် အချိန်မရှိပဲ သူတို့သည် လှိုင်းတစ်ချက် လေပြင်းတစ်ဝှေ့ ရိုက်ခတ်လိုက်ရုံဖြင့် ပြိုလဲသွားနိုင်သော အခွံသက်သက်အဆောက်အဦးတစ်ခုအလားပင်။

ကျင့်ကြံသူအယောက်၁၀၀ စွန်းစွန်းသာကျန်ရစ်ခဲ့ပြီး သူတို့သည် မူလအဖွဲ့ဝင်များသော်လည်းကောင်း၊ အလွန်သံယောဇဥ်တွယ်တါ၍ သစ္စာရှိသော သူများသော်လည်းကောင်းဖြစ်ကြသည်။ ယခုအချိန်တွင် ပိုင်ရှောင်ချန်း၏ တာအိုအစောင့်အရှောက်များလည်း ထွက်ခွာမသွားကြပေ။ ချင်းမေ့ယွမ်သည်ပင် ပစ်ပယ်မသွားပေ။ သူတို့အားလုံးသည် ပိုင်ရှောင်ချန်းအခန်းတံခါးဖွင့်လာမည်ကို စောင့်နေကြရင်း အင်မော်တယ်ဂူ ပတ်လည်တွင် ထိုင်နေကြသည်။

ကိုးရက်တာကုန်ဆုံးသွားသည့် အချိန်အတွင်း ပိုင်ရှောင်ချန်း နားမနေပေ။ ထိုအစား လမ်းကြိုလမ်းကြားပါမချန် အသေးစိတ်ဆုံးအချက်အလက်အထိ စူးစိုက်ကြည့်လျက် ကုံမြို့တော်၏ မြေပုံကို သေသေချာချာလေ့လာနေလေသည်။ ကိုးရက်မြောက်သော ညနေရောက်သည့်နောက်ဆုံး သူထွက်လာတော့သည်။

သူ၏မျက်လုံးများမှာ ရဲရဲနီနေသော်လည်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းတွင် လူအနည်းစုသာကျန်တော့ကြောင်းကို အတန်ငယ်အံ့သြသွားပါသော်လည်း တခဏကြာတွေးပြီးသော် သူက ခေါင်းနောက်လှန်ကာ တဟားဟားအော်ရယ်လိုက်သည်။

မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ကျန်ရှိသော အဖွဲ့ဝင်များမှာ သူရယ်နေသည်ကို တွေ့ရသောအခါ မျှော်လင့်ချက်များဖြင့် ရင်ခုန်သံ မြန်လာတော့သည်။

ထူးခြားသောအလင်းဖြင့် မျက်လုံးများ တလက်လက်တောက်ပနေကာ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ပြောသည်။
“ကဲ.. တာအိုရောင်ရင်းတို့.. အထုတ်တွေ သိမ်းကြ..။ ကျုပ်တို့ နေရာပြောင်းမယ်”

” မိုးပြာရောင်နဂါးအဖွဲ့အစည်း ကျဆုံးသွားပေမယ့် ကျုပ်တို့ကို အရင်ထက် ပိုပြီး ထွန်းတောက်လာစေမယ့် နာမည်အသစ်တစ်ခု တွေးမိထားတယ် ” အင်္ကျီလက်ကို ခါလိုက်ရင်း သူဘာမှထပ်မပြောတော့ပေ။ သို့သော်လည်း ကျန်ရှိသောကျင့်ကြံသူများ၏ အမူအရာများဝင်းလက်သွား၏။ နတ်ဆရာသည် အထုတ်များထသိမ်းသည့် ပထမဆုံးလူဖြစ်ကာ များမကြာမီ ကျင့်ကြံသူ၁၀၀ကျော် တစ်ဖွဲ့လုံး အင်မော်တယ်ဂူထဲမှ ထွက်လာကြတော့သည်။

သူတို့၏ ဦးတည်ရာမှာ မြောက်ပိုင်းဒေသမဟုတ်ဘဲ အနောက်ပိုင်းဒေသဖြစ်လေသည်။

သူတို့လမ်းတစ်လျှောက််တွင် ကျင့်ကြံသူအတော်များများ သူတို့အား သတိပြုမိသွားကြပြီး မိုးပြာရောင်နဂါးအဖွဲ့အစည်းမှလူများဖြစ်ကြောင်း မှတ်မိသွားကြသောအခါ သိချင်စိတ်ပြင်းပြစွာ နောက်ကလိုက်ပါလာကြလေသည်။ အဖွဲ့၏ ညစ်ပတ်ပေရေနေသော လူကျန်များ မည်သည့်နေရာသို့သွားလိမ့်မည်ကို သိချင်နေကြတော့သည်။ ကောင်းကင်ဘုံအဖွဲ့အစည်းမှ သူတို့နောက်လိုက်ရန် စေလွှတ်ထားကြသူအချို့ပင်ရှိလေသည်။

ပိုင်ရှောင်ချန်းက သူတို့အား လုံးဝလျစ်လျူရှုထားကာ တစ်ချက်ကလေးမှ မရပ်နားပဲ အနောက်ပိုင်းဒေသ၏ အစွန်ဆုံးအရပ်ရှိ နေရာတစ်ခုသို့ ဦးတည်နေလေသည်။ အံ့သြဖွယ်ကောင်းစွာ ထိုနေရာတွင် တည်ရှိသည်မှာ ကျယ်ပြောသော ကန္တာရကြီးတစ်ခုပင်။

သူဦးတည်နေသည့်နေရာကို လူအများသတိထားမိသောအခါ အံ့သြမှုများကြောင့် ပါးစပ်များ အဟောင်းသားဖြစ်သွားကြတော့သည်။ ထိုကန္တာရအတွင်း ရှိနေသည်မှာ ကုံမြို့တော်၏ ကျင့်ကြံသူများ အရေးကြီးတာဝန်များထမ်းဆောင်ရန် မကြာခဏသွားလေ့ရှိသည့် မြို့ပျက်ကြီးတစ်ခုဖြစ်နေလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset