Switch Mode

အခန်း (၆၇)

ရန်ရှုအား ဖိအားပေးခြင်း

အခန်း (၆၇) ရန်ရှုအား ဖိအားပေးခြင်း

ထိုနေရာရှိ လူများသည် အကြီးအကဲချင်၊ ရန်ကျောက်ကဲနှင့် ရန်ရှု့တို့ကို ကြည့်ရင်း သူတို့စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ဖြတ်ခနဲ ပေါ်လာလေ၏။

ဆေးလုံးစံအိမ်သည် အရှေ့တန်တော်ဝင်မိသားစု၏ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်သည်။ အရှေ့ကောင်းကင်ဒေသ၏အရှင်သခင်ဖြစ်သော ဝါဒတောင်ဂိုဏ်းသည်လည်း ဆေးလုံးစံအိမ်၌ အစုရှယ်ယာ ထည့်ဝင်ထားလေသည်။

အခြားတစ်ဖက်တွင် ဆေးလုံးစံအိမ်မှာ အရှေ့တန်နိုင်ငံအတွင်း ဝါဒတောင်ဂိုဏ်း၏ရပ်တည်မှုနှင့် အကျိုးအမြတ်များ၏ သင်္ကေတလည်း ဖြစ်သည်။

ထို့ပြင် အရှေ့တန်အပြင်ဘက်သို့ ဆေးလုံးစံအိမ်၏ဆေးလုံးများနှင့် ဆေးဝါးများ တင်ပို့ရာ၌ ဝါဒတောင်ဂိုဏ်းသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ် သို့မဟုတ် တိမ်မီးခိုးအမှုန့် မရှိလျှင်တောင်မှ ဆေးလုံးစံအိမ်သည် မြောက်မြားလှသော အကျိုးအမြတ်များကို ထုတ်ပေးနေဆဲဖြစ်သည်။

ယခင်က ဝါဒတောင်ဂိုဏ်းနှင့် ဆေးလုံးစံအိမ်ကြား ကိစ္စများကို အရှေ့တန်၏အဆင့်မြင့်အကြီးအကဲ ရန်ရှု့ကသာ ကိုင်တွယ်ခဲ့သည်။ ၎င်းမှာ သူ့လုပ်ပိုင်ခွင့်ထဲတွင် ရှိနေရာ ရန်ရှု့မှာ ဆေးလုံးစံအိမ်နှင့် ပတ်သတ်၍ ဩဇာအာဏာရှိသည်ဟု ဆိုနိုင်၏။

သို့ရာတွင် ရန်ကျောက်ကဲသည် ကျောက်ရှီလီထံမှ ဆေးလုံးစံအိမ်၏ အတော်များပြားသော ရှယ်ယာပမာဏကို ရယူနိုင်ခဲ့သည်။ ဖြစ်ရိုးဖြစ်စဉ်အရ ရန်ကျောက်ကဲက ထိုရှယ်ယာများကို ဝါဒတောင်ဂိုဏ်းထံ လွဲပြောင်းပေးသင့်ပြီး ဝါဒတောင်ဂိုဏ်းက ဆေးလုံးစံအိမ်ရှိ ဂိုဏ်း၏ရှယ်ယာများနှင့် ပေါင်းကာ စီမံလိမ့်မည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် ရန်ကျောက်ကဲသည်လည်း အခြားပုံစံတစ်မျိုးဖြင့် ဆုချီးမြှင့်ခံရလောက်သည်။

ထိုလွဲပြောင်းပေးလိုက်သော ရှယ်ယာများကို ရန်ရှု့ကသာ စီမံခွင့်ရမည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော် ယခုတော့ ကြည့်ရသည်မှာ အခြေအနေတစ်ခုလုံးက ကပြောင်းကပြန်ဖြစ်သွားပုံရသည်။ ရန်ရှု့ဆီ ရောက်မည့်အစား ဆေးလုံးစံအိမ်ထဲမှ ဝါဒတောင်၏နဂိုရှယ်ယာများပင် ရန်ကျောက်ကဲထံသို့ လွဲပြောင်းပေးခြင်းခံရသည်။

ထိုရှယ်ယာများ၏တန်ဖိုးကို ထည့်မတွက်လျှင်တောင်မှ ဆေးလုံးစံအိမ်ရှိ သူ့လုပ်ပိုင်ခွင့်ကို လွဲပေးလိုက်ရခြင်းမှာ ရန်ရှု့အတွက် အသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ပင်ဖြစ်သည်။

အခြားကျင့်ကြံသူများသည် အကြီးအကဲချင်အား စိတ်ရှုပ်ထွေးမှုအချို့ဖြင့် ကြည့်နေကြသည်။ အံ့အားသင့်နေဟန်ဖြင့် အရှေ့တန်ဘုရင်ကျောက်ရှီချန်းတောင်မှ အကြီးအကဲချင်အား ဘေးတိုက် ကြည့်နေ၏။

အကြီးအကဲချင်ကမူ အေးချမ်းနေသော မျက်နှာကို ထိန်းသိမ်းလျက် ရန်ရှု့လည်း ထို့နည်းတူပင်။

ရန်ကျောက်ကဲသည် အပြုံးတစ်ခုကို ဆင်မြန်းလျက် ဤမြင်ကွင်းအား ကြည့်နေ၏။ သို့သော် မည်သည့်စကားမှ ဝင်မပြောချေ။

ရန်ကျောက်ကဲအပေါ် အကြီးအကဲချင်၏ အမြင်က ပြောင်းလဲသွားပြီး ရန်ကျောက်ကဲအား အလွန် သဘောကျမိသော်လည်း ရန်ကျောက်ကဲကြောင့် ရန်တိ၏အုပ်စုဘက်ကို ယိမ်းလောက်သည်အထိတော့ မဟုတ်သေးပေ။

အကြီးအကဲချင်၏ လက်ရှိ လုပ်ရပ်မှာ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်လိုက်သည်နှင့် ဆင်တူပေသည်။ တစ်ဖက်တွင် ရန်ကျောက်ကဲသည် ဂိုဏ်းအတွက် များစွာ အကျိုးဆောင်နိုင်ခဲ့သဖြင့် အကြီးအကဲချင်က ရန်ကျောက်ကဲအား ဆုချီးမြှင့်ခဲ့သည်။ အခြားတစ်ဖက်တွင် အကြီးအကဲချင်သည် သတိပေးသည့်အနေဖြင့် ရန်ရှု့အား အနည်းငယ် ဖိအား ပေးလိုက်ပုံရသည်။

ယခင်က ဝမ်နင်ဇီသည် ရန်ကျောက်ကဲအား ဒုက္ခပေးရန်ကြိုးစားရာ၌ နောက်ဆုံးတွင် သူသာ ပြန်ဒုက္ခရောက်သွားရသည်။ ဝမ်နင်ဇီမှာ ရန်ရှု့၏ လက်ရုံးတစ်ယောက်ဖြစ်လေရာ အကြီးအကဲချင်သည်လည်း အရှေ့တန်အကြီးအကဲနှင့် ရန်ကျောက်ကဲတို့ကြား ဆက်ဆံရေးကို အာရုံစိုက်မိသည်။

လင်းယုရှောင် သေဆုံးမှုနှင့် ပတ်သတ်၍ နောက်ဆုံး အဆုံးအဖြတ်ကို မချမှတ်နိုင်သော်လည်း အနည်းဆုံးတော့ ရန်ကျောက်ကဲမှာ သူ့အပေါ် သံသယများကို ယာယီ ဖယ်ရှားသွားနိုင်ခဲ့သည့်ပုံပေါ်နေသည်။

သူမအား သတ်သွားသော သူကိုတော့ အသေးစိတ် စုံစမ်းဖော်ထုတ်ရန် လိုအပ်ပေသည်။

အလောင်းကို စတင်တွေ့ရှိသူများနှင့် ထိန်းသိမ်းထားသူများမှာ ရန်ရှု့နှင့် သူ၏လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ထိုအလောင်းပေါ်မှ ကြီးမားသော ဒဏ်ရာမှာ တုရှိတလက်ဝါးချက်ကြောင့်ဟု ဆိုသော်လည်း ရန်ရှု့ ကိုယ်တိုင်ကလည်း တုရှိတလက်ဝါးသိုင်းကို တတ်ကျွမ်းလေရာ သူ့ကျင့်ကြံမှုအဆင့်ဖြင့် အပြင်ပိုင်းကြယ်တာရာချီကနဦးအဆင့်တစ်ယောက်၏ တိုက်ခိုက်မှုကို တုပချင်ပါက အလွယ်လေး ဖြစ်သည်။

အကြီးအကဲချင်၏အမြင်အရ လင်းယုရှောင်ကို ရန်ရှု့သတ်တာ မဟုတ်လောက်ပေ။ သို့သော် ရန်ကျောက်ကဲအား စွပ်စွဲရန် ရန်ရှု့က အနည်းငယ် အကွက်ရွေ့ခဲ့သည်ဟု အကြီးအကဲချင် ထင်မြင်မိသည်။

သိသာစွာပဲ ရန်ရှု့၏လုပ်ပိုင်ခွင့်တစ်စိတ်တစ်ပိုင်းကို နှုတ်ယူ၍ ရန်ကျောက်ကဲအား ပေးအပ်ခြင်းသည် ရန်ရှု့ကို သတိပေးသည့် သဘောပင် ဖြစ်လေသည်။

ရန်တိနှင့် ဖန်ကျွမ်းတို့ကြား ဂိုဏ်းချုပ်နေရာလုပွဲတွင် အကြီးအကဲချင်သည် မည်သည့်ဘက်ကမှ ဝင်မပါခဲ့ချေ။ သို့သော် ဤလူအိုကြီးအတွက် ကိုယ်ကျင့်တရားဟူသည် မည်သည့်ဘက်ကမှ မဖောက်ဖျက်သင့်သော နောက်ဆုံးစည်းဖြစ်သည်။

အကျိုးအမြတ်ရတာက တစ်ကဏ္ဍပဲ” ရန်ကျောက်ကဲက အေးအေးလူလူ တွေးနေ၏။ “အဲ့မတိုင်ခင်တုန်းက ငါက မိဘလုပ်စာ သုံးဖြန်းနေတဲ့ လူပေါ်ကျော့သခင်လေးတစ်ယောက်ပဲ ရှိသေးတယ်၊ အခု ဒါက ငါ့ဘာငါ ပိုက်ဆံရှာနိုင်ပြီလို့ သတ်မှတ်နိုင်ပြီလား”

အကြီးအကဲချင်က ဆက်ပြောသည်။ “မင်းက ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို တွေ့ရှိပြီး ငါတို့ဂိုဏ်းထဲ ဝင်အောင် သူမကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်၊ ဒါက စကားနဲ့တောင် ဖော်ပြလို့မရနိုင်တဲ့ စွမ်းဆောင်မှုကြီးပဲ”

ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ်ကို တွေ့ရှိခဲ့တဲ့အပြင် ဆေးလုံးစံအိမ်က ကျောက်ရှီလီရဲ့ရှယ်ယာကိုလည်း ရရှိခဲ့တယ်၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို တည်ဆောက်ပုံကို ဖော်ထုတ်နိုင်ခဲ့တယ်၊ တိမ်သွေးကြောသလင်းကျောက်ကို ကျောက်စိမ်းအဆီအနှစ်ပြောင်းလဲနိုင်တဲ့ နည်းလမ်းကိုလည်း တွေ့ရှိခဲ့တယ်၊ အဲ့တာတွေတစ်ခုချင်းစီတိုင်းက ကြီးမားတဲ့ စွမ်းဆောင်မှုကြီးတွေပဲ”

တကယ်လို့ မိတ်ဆွေလေးဖန်းက သူမရဲ့ ထူးကဲယင်ခန္ဓာကိုယ်ကိုသာ ပြန်လည်ရရှိသွားရင် ဂိုဏ်းက မင်းကို နောက်ထပ် ဆုအကြီးကြီး ချီးမြှင့်မှာပဲ”

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ သူ အသေးစိတ်ကို မသိရသော်လည်း ဂိုဏ်းက ချီးမြှင့်သော ဆုအပေါ် အနည်းငယ် မျှော်လင့်မိသည်။

အကြီးအကဲချင်က စကားဆက်ပြောသည်။ “မင်းက ရှောင်ရှန်းကို အနိုင်ယူပြီး ဝါဒတောင်ရဲ့ဂုဏ်သတင်းကို ပျံ့နှံ့စေခဲ့တယ်၊ ထူးကဲယင်မိန်းမပျိုကိစ္စက တရားဝင် ကြေငြာလို့ မရပေမယ့် အဲ့အတွက် ဂိုဏ်းက မင်းကို ဆုချီးမြှင့်ဦးမှာပါ”

အဲ့ဆုတွေက ဘာဖြစ်မလဲဆိုတာတော့ ပင်မဂိုဏ်းက ဆုံးဖြတ်လိမ့်မယ်၊ ဒီလူအိုကြီးက ဒီလိုဆုံးဖြတ်ချက်တွေ ချမှတ်ခွင့် မရှိဘူး၊ မင်းက အရှေ့ကောင်းကင်ဒေသမှာ အခြေစိုက်တဲ့ ကျင့်ကြံသူ မဟုတ်ဘူးလေ၊ မင်းက ပင်မဂိုဏ်းက လူပဲကို”

ဒါပေမယ့် မင်းက ဒီလောက် ဆက်တိုက် အကျိုးဆောင်နေမှတော့ ဂိုဏ်းကလည်း ကပ်စေးနှဲမနေလောက်ပါဘူး၊ မင်း တစ်ခုခုကို မျက်စိကျတာရှိရင် ငါ့ကို ပြောလိုက်၊ ဂိုဏ်းကို ပြန်တင်ပြပေးမယ်”

မင်း စည်းမျဉ်းတွေအကုန် သိပြီးသားပါ၊ မဖြစ်နိုင်တာတော့ မတောင်းဆိုနဲ့”

အကြီးအကဲချင်၏ နောက်ဆုံးပြောခဲ့သော စကားကို ကြားပြီးနောက် ရန်ကျောက်ကဲသည် အနည်းငယ် ခေါင်းယမ်းလျက် ရယ်မောလိုက်သည်။ “အများကြီး ကျေးဇူးတင်ပါတယ် အကြီးအကဲချင်၊ အဲ့လိုဆို ကျွန်တော် မကွယ်ဝှက်နေတော့ပါဘူး၊ တကယ်တော့ ကျွန်တော် မျက်စိကျနေတာ ရှိပါတယ်”

အကြီးအကဲချင်က မေးလိုက်၏။ “ဟုတ်လား၊ ဘာလဲကွ”

ရန်ကျောက်ကဲက ရယ်သံတစ်ဝက်ဖြင့် “တကယ်တော့ ကျွန်တော်က အကြီးအကဲချင်ရဲ့ပစ္စည်းတစ်ခုကို လိုချင်တာပါ၊ မိုးကြိုးနယ်မြေရဲ့ အထီးကျန်ချောက်ထဲက အကြီးအကဲ ရလာတဲ့ ရတနာကိုးပါး ရေခဲဘူးသီးခြောက်ပါ”

အံ့အားသင့်မှုအချို့ဖြင့် အကြီးအကဲချင်က ဆက်မေး၏။ “မင်းမှာ အချိန်အကြာကြီး သိုလှောင်ထားရမယ့် ရတနာရှိလို့လား”

မင်းက ရေခဲနဂါးအရိုးဝိဉာဉ် ရခဲ့တာကို ဒီလူအိုကြီးသိတယ်၊ အဲ့တာကြောင့် မင်းကို နဂိုထဲက အရိုးစုတစ်ခုလုံးပေးဖို့ စီစဉ်ထားတာပဲ”

ဒါပေမယ့် ရေခဲကျောက်စိမ်းများများရှိရင် ရေခဲနဂါးအရိုးဝိဉာဉ်ကို အချိန်ကြာကြာသိမ်းဆည်းလို့ ရတယ်”

တစ်ဖန် ရန်ကျောက်ကဲက ပြောသည်။ “ရေခဲနဂါးရဲ့အရိုးဝိဉာဉ်ကြောင့် မဟုတ်ပါဘူး၊ တစ်ခြားအရာတစ်ခုကြောင့်ပါ၊ အကြီးအကဲချင် ခဏလောက် ပေးချင်မလားဗျ”

အကြီးအကဲချင်သည် လက်ဝေ့ရမ်း၍ အဖြူရောင်ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူလိုက်ကာ ရန်ကျောက်ကဲအား ပေးလိုက်သည်။ “ဘာလို့ မပေးချင်ရမှာလဲ”

ဒီပစ္စည်းက ရှားတယ်ဆိုပေမယ့် အရမ်း တန်ဖိုးရှိတဲ့ ပစ္စည်းမျိုးတော့ မဟုတ်ဘူး၊ ဒီလူအိုကြီးငယ်စဉ်က အမှတ်မထင် တစ်ခုရခဲ့တာ၊ အဲ့တာက အခုအချိန်ထိ ဒီလူအိုကြီး လက်ထဲမှာ ရှိနေတာပဲ”

ကြက်နံရိုးလိုပေါ့ကွာ အရသာမရှိပေမယ့် လွင့်ပစ်ရမှာလဲ နှမြောစရာကြီးလို ဖြစ်နေတာ”

မင်း ဒီပစ္စည်းကို လိုချင်ရင် ဂိုဏ်းကနေ တောင်းစရာတောင် မလိုဘူး၊ ဒီလူအိုကြီးက မင်းကို တစ်ခါထဲ ပေးလိုက်မယ်”

ရတနာကိုးပါး ရေခဲဘူးသီးခြောက်အား ဆုပ်ကိုင်လိုက်သည်နှင့် ရန်ကျောက်ကဲသည် သူ့လက်နှစ်ဖက်မှ ရေခဲတမျှ အေးစိမ့်သော အထိအတွေ့ကို ခံစားရသည်။ ရန်ကျောက်ကဲက ပြုံးလျက် ဖြေကြား၏။”ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ”

ရန်ကျောက်ကဲကို ကြည့်ရင်း အကြီးအကဲချင်သည် တစ်ခုခု တွေးမိဟန်ဖြင့် မျက်လုံးများပြူးကျယ်သွားသည်။ “လူကောက်ကလေး၊ စိတ်ကူးအသစ်အဆန်းတစ်ခုကို တွေးမိလို့ မလား”

ရန်ကျောက်ကဲက ထိုကိစ္စကို မဖုံးကွယ်ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “ကျွန်တော် တစ်စုံတစ်ခု လုပ်ဖို့ရှိတယ်ဆိုတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဒါက လက်ရှိမှာ စိတ်ကူးသက်သက်ပဲ ရှိသေးတယ်၊ တကယ်အလုပ်ဖြစ်မလားဆိုတာတော့ မသိသေးဘူး၊ တော်တော် စမ်းသပ်ရဦးပါမယ်”

အကြီးအကဲချင်က ရန်ကျောက်ကဲကို လက်ညှိုးထိုးလိုက်သည်။ “အာ… ဒီလူကောက်ကလေး၊ လူကြီးတွေကို အနားမပေးဘူး”

ထိုသို့ပြောနေစဉ်မှာပင် သူ့အမူအရာက ဖော်ဖော်ရွေရွေနှင့် ချစ်ချစ်ခင်ခင်ဖြစ်နေ၏။ ရန်ကျောက်ကဲအား ကြည့်သော သူ့အကြည့်များတွင် ကြင်နာမှု၊ ချီးကျူးမှုတို့နှင့် ပြည့်နှက်နေ၏။

သူတို့ပြောသော စကားများကို အခြားသူများ ကြားသောအခါ ရန်ကျောက်ကဲ၏ စိတ်ကူးအသစ် ဆိုသည်ကို သူတို့ အလွန် သိချင်လာကြသည်။

ယခင် ကိစ္စများကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲကို သာမာန်မျက်စိဖြင့် တိုင်းတာ၍မရကြောင်း ထင်ရှားပေသည်။

ရန်ကျောက်ကဲကိုယ်တိုင်က စိတ်ကူးသက်သက်သာ ရှိသေးသည်ဟု ဆိုခဲ့သော်လည်း ထိုအရာသာ တကယ် ဖြစ်ပေါ်လာပါက နောက်ထပ်လှိုင်းထန်သွားဖွယ် ရှိနေသည်။

ရန်ကျောက်ကဲ၏ဆုများအကြောင်းကို ပြောကြားပြီးနောက် လင်းယုရှောင်သေဆုံးမှုနှင့် ပတ်သတ်၍ အသေးစိတ် စုံစမ်းစစ်ဆေးရန် အကြီးအကဲချင်က အမိန့်ထုတ်လိုက်လေ၏။

လင်းယုရှောင်မှာ အရှေ့တန်ပိုင်နက်အတွင်း အသတ်ခံရသောကြောင့် ပုံမှန်အတိုင်းဆို ဝါဒတောင်၏ အရှေ့တန်အကြီးအကဲရန်ရှု့ကသာ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သင့်ပေသည်။

သို့သော်လည်း လက်ရှိအခြေအနေကို ကြည့်လျှင် ရန်ရှု့မှာ စုံစမ်းစစ်ဆေးသည့် တာဝန်နှင့် မသင့်တော်တော့ကြောင်း ထင်ရှား၏။ ထို့ကြောင့် အကြီးအကဲချင်သည် ထိုကိစ္စကို အတွင်းထဲထိ စုံစမ်းစစ်ဆေးရန် သူ့လက်အောက်မှ အမှုထမ်းများအား တာဝန်ပေးလိုက်ရ၏။

ရန်ကျောက်ကဲနှင့် စပ်လျင်း၍ ၎င်းမှာ လင်းယုရှောင်၏ သေဆုံးမှုနှင့် လုံးဝ ဆက်နွယ်မှု မရှိမှန်း သိသာထင်ရှားလေသည်။

ယခင်က ဤကိစ္စကို စုံစမ်းဖော်ထုတ်ရန် ရန်ကျောက်ကဲသည် စိတ်လိုလက်ရ တောင်းဆိုခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲမှာ ဤကိစ္စ၏အမှန်တရားပေါ်ပေါက်စေရန် အလွန် ဆန္ဒပြင်းပြနေကြောင်း ထင်ရှားပေသည်။

နေသူတော်စင်ဂိုဏ်းထံမှ ဖြစ်လာနိုင်သော တန်ပြန်တုံ့ပြန်မှုများကို ရင်ဆိုင်ရန် ဝါဒတောင်နှင့် အရှေ့တန်တို့ကြား အပြန်အလှန် နားလည်မှုရှိရန် လိုအပ်၏။

ထို့ကြောင့် ဤအချိန်အတောအတွင်း အရှေ့တန်နိုင်ငံ၌ ရန်ကျောက်ကဲဖြစ်စေ အကြီးအကဲချင်ဖြစ်စေ ရန်ရှု့ဖြစ်စေ တစ်ယောက်ချင်းစီက သူတို့၏လှုပ်ရှားမှုများကို အရှေ့တန်ဘုရင် ကျောက်ရှီချန်းအား အသိပေးရမည် ဖြစ်သည်။

ကိစ္စအားလုံးကို အကြမ်းဖျင်းမျှ ဖြေရှင်းနိုင်ခဲ့ပြီးနောက် ရန်ကျောက်ကဲသည် အရှေ့တန်ဘုရင်ကျောက်ရှီချန်းအား တံခါးဝထိ လိုက်ပို့ရင်း ကြယ်တာရာချီဖြင့် အသံပေးပို့လိုက်၏။ “ဦးရီးတော်၊ ဦးရီးတော်ရဲ့ သားတော်ဆယ့်ခြောက် ကျောက်ဟိုနဲ့ ပတ်သတ်ပြီး ကျွန်တော် ဦးရီးတော်နဲ့ စကားနည်းနည်း ပြောချင်တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset