ထိုစကားလုံးများကို ကြားပြီးနောက်တွင် ပိုင်ရှောင်ချန်း၏ ပူပန်သောကများသည် ချက်ချင်းပင် လွင့်ပြယ်သွားကာ ကျိတ်၍ သက်ပြင်းချလိုက်လေသည်။ တချိန်တည်းမှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိစဥ်က သူ့ကို နေစရာမရှိအောင် ကြောက်လန့်စေသည့် ဤသို့သော စကားလုံးများအား ထုတ်ပြောခဲ့သော ဝါရင့် ကျင့်ကြံသူများကို စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။
သူ့စိတ်ထဲသို့ ထိုစကားလုံးများ ဝင်ရောက်လာသည်နှင့် သူ ဒုက္ခမရောက်နိုင်တော့ဟု အတော်လေး သေချာသွားလေသည်။ ဝါရင့်မျိုးဆက်အဖွဲ့ဝင်များသည် ထိုကဲ့သို့ စကားမျိုးကို ပြောသည့်အချိန်တိုင်းတွင် သူတို့သည် တင်းပုတ်ကို ဝှေ့ယမ်းနေသည့်အလားဖြစ်ပြီး နောက်ပိုင်းတွင် ဆုလာဘ်များကိုသာ ချီးမြှင့်လိုက်သည်ဖြစ်၏။
ဤအကြောင်းကို သဘောပေါက်သွားသည့်အတွက် ပိုင်ရှောင်ချန်းသည် ဘာဆက်လုပ်ရမည်ကို ချက်ချင်းပင် သိသွားလေသည်။ အံ့ဩတကြီးဖြစ်ကာ သူသည် ခါးသီးခြင်း၊ ပမာမခန့်ပြုခြင်းနှင့် ဒေါသများ ပေါင်းစပ်နေသော မျက်နှာပေးမျိုးကို သူ့မျက်နှာပေါ်သို့ ကောက်တင်လိုက်လေသည်။ တချိန်တည်းမှာပင် သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းကို နက်ရှိုင်းစွာ ရိုသေလေးစားသည့် ပုံပေါ်စေရန် ကြိုးပမ်းလိုက်ပြီး ထိုဂိုဏ်းထဲတွင် အဆင့်တက်သွားစေရန် မျှော်လင့်သော်လည်း တစ်ပြိုင်နက်တည်းမှာပင် အဏ္ဏဝါခေါ်သံဂိုဏ်းကို လွမ်းဆွတ်နေဟန် အထင်းသား ပေါ်လွင်လာသည်။ ဤအမူအရာအားလုံးသည် သူ့မျက်နှာပေါ်တွင် ပေါ်လွင်နေရာ ဓါးစာခံတစ်ယောက်တွင် ရှိသင့်သည့် စိတ်ရှုပ်ထွေးနေသော မျက်နှာမျိုးကို ကွက်တိ ဖန်တီးပေးလေသည်။
သူသည် နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး လက်နှစ်ဖက်ဆုပ်ကာ လေးနက်စွာ ဦးညွှတ်လိုက်လေသည်။ သူသည် ပြောလိုသော စကားလုံးများ ထောင်ချီရှိသော်လည်း တစ်ခွန်းမျှ မဟပေ။ ထိုအစား သူသည် ရိုးရှင်းစွာပင် ဘာဆက်ဖြစ်မည်ကို စောင့်ကြည့်နေလိုက်သည်။
သူသည် ပါးစပ်မှ စကားတစ်ခွန်းမျှ မပြောသော်လည်း သူ၏ အမူအရာမှာ များစွာ စကားပြောလေသည်။
ပိုင်ရှောင်ချန်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိစဥ်က ဒေါသတကြီးစွပ်စွဲချက်များကို မည်သို့ တုံ့ပြန်ရမည်ဟူသော နည်းဗျူဟာများကို ကျွမ်းကျင်ခဲ့ပြီးဖြစ်ကာ ထိုနည်းများသည် အမြဲတမ်းပင် ထူးခြားသော အကျိုးသက်ရောက်မှုရှိပေသည်။
မျက်နှာသေြဖင့် ရပ်နေသာ မိန်းမပျိုသည် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်မှ အမူအရာကို တွေ့သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
တောင်ထဲမှ ယခု စကားပြောလိုက်သော အသံသည် ဆက်မပြောမီတွင် တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။
” အေး။ ဒီကိစ္စကို ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် မင်းက အဏ္ဏဝါခေါ်သံဂိုဏ်းက ဓါးစာခံတစ်ယောက်ပဲ။ အဲဒီဂိုဏ်းကလည်း ကုံနယ်မြေနဲ့ ဆက်စပ်နေတဲ့ အရေးကြီးဂိုဏ်းပဲ။ ငါ့ကို မူးယစ်ဆေးလုံးအတွက် ဖော်စပ်နည်း ပေးပါ။ နည်းနည်း ပြစ်ချက်ရှိပေမဲ့ တချိန်တည်းမှာပဲ အသုံးဝင်လာနိုင်တယ်။ ”
ပိုင်ရှောင်ချန်းသည် တွေဝေသွားပြီး ခဏ တိတ်ဆိတ်သွားသည်။ ထို့နောက် ဘုံကျောင်း၏ အပြင်ဘက် ခုနစ်ရောင်ခြယ်အလင်းထဲမှ ရှေးကျသော အသံက တစ်ကြိမ်ထပ်၍ စကားပြောလိုက်လေသည်။
” ငါမင်းကို အလကားပေးလို့ မတောင်းပါဘူး။ ငါမင်းကို စွမ်းဆောင်ရည်ရမှတ် ဆယ်သိန်းပေးမှာ။ ပြီးတော့ ဝတ်ရုံဝါ ဂိုဏ်းသားအဖြစ် ချက်ချင်း အဆင့်မြှင့်ပေးမှာ။ ဒီတော့ ကုံမြို့တော်မှာ ဆက်နေစရာမလိုတော့ဘူးပေါ့။ ”
မိန်းမပျိုသည် ဤစကားကို ကြားသောအခါ မျက်လုံးများပြူးသွားပြီး အလန့်တကြားဖြင့် ဘုံကျောင်းကို မော့ကြည့်လိုက်လေသည်။
ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ အလွန် ကျေနပ်ပီတိဖြာနေသော်လည်း သူ့မျက်နှာတွင် မပေါ်စေရပေ။ အမှန်တွင် ယခုအချိန်၌ သူသည် အနည်းငယ်ပင် စိတ်ပျက်သွားသေးသည်။ မည်သို့ပင်ဖြစ်စေ သူ့တွင် စွမ်းဆောင်ရည်ရမှတ် ပေါင်းများစွာရှိနေရာ သက်တန့်ဒေသသို့ အဆင့်မြှင့်လိုလျှင် အစောကြီးတည်းက မြှင့်နိုင်ပေသည်။ သူသည် မကြာမကြာဆိုသလို ထမင်းတစ်နပ်အတွက် စွမ်းဆောင်ရည်ရမှတ် သောင်းချီ၍ သုံးလေ့ရှိပြီး သူ့နားတွင် အသင့်စောင့်ခိုင်းထားသည့် ရုပ်သေးအမျိုးသမီးအစေခံများကိုမူ ထည့်ပြောစရာပင် မလိုတော့ပေ။
ထို့ပြင် သူ့တွင် ဂရုစိုက်ရမည့် လက်အောက်ငယ်သားများလည်း အများအပြားရှိလေသည်။ နောက်ဆုံးတွင် သူ၏ လစဥ်အသုံးစရိတ်သည် စွမ်းဆောင်ရည် ရမှတ် ဆယ်သိန်းထက်ပင် ပိုနိုင်သေးသည်။
“လုံးဝ ငမိုက်သားတွေပဲ ဒီကိုလာမှာ။” ဟု သူက တွေးလိုက်သည်။
” ကုံမြို့တော်မှာ ဘဝကြီးက သာယာပါတယ်။ ငါက အရမ်းကို အင်အားကြီးတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းကလည်း တကယ့်ကို မြန်မြန်ဆန်ဆန် တိုးတက်နေတယ်။ ဘယ်သူမှလည်း ငါ့ကို ဘာပြဿနာမှ မရှာဘူး။ ”
ပိုင်ရှောင်ချန်းသည် သက်တန့်ဒေသသို့ အဆင့်မမြှင့်ဟု ဆုံးဖြတ်ပြီးသား ဖြစ်သည့်အပြင် ဤခရီးက ထို ဆုံးဖြတ်ချက်ကို ပို၍ သေချာသွားစေသည်။ ဤနေရာတွင် အားလုံးသည် အေးစက်စက် အမူအရာများဖြင့် ရှိနေကာ လုံးဝပင် ပျော်စရာကောင်းသည့် နေရာတစ်ခုပုံ မပေါက်ချေ။
သခင်ကြီး၏ ကမ်းလှမ်းချက်ကို ကြားပြီးနောက်တွင် ပိုင်ရှောင်ချန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ယှက်ကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။ သူ၏ အမူအရာမှာလည်း ခါတိုင်းထက်ပို၍ တည်ကြည်နေပေသည်။
အလွန်တည်ကြည်သော လေသံဖြင့် သူက ကျယ်လောင်စွာ ပြောလိုက်သည်။ “သခင်ကြီး… ကျွန်တော်က ဆေးဖော်စပ်နည်းကို ဝမ်းမြောက်ဝမ်းသာပေးမှာပါ။ စွမ်းဆောင်ရည် ရမှတ်တွေကိုလည်း ကျွန်တော် မလိုချင်ပါဘူး။ ဒီလိုနည်းမျိုးနဲ့ ကျွန်တော်က ဝတ်ရုံဝါဂိုဏ်းသားတစ်ယောက်ဖြစ်လာဖို့ ဆန္ဒမရှိပါဘူး။ ဒါက ကျွန်တော့် ပုံစံမဟုတ်ပါဘူးခင်ဗျာ။ ပိုင်ရှောင်ချန်းက သူ့လက်နှစ်ဖက်နဲ့ ရှာထားတဲ့ စွမ်းဆောင်ရည်ရမှတ်တွေနဲ့ပဲ ဝတ်ရုံဝါဂိုဏ်းသားတစ်ယောက် ဖြစ်ဖို့ ကြိုးစားမှာပါ ”
အေးစက်စက် မိန်းမပျိုသည် ပိုင်ရှောင်ချန်းကို နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။ စောစောက သူမဆရာ၏ ကမ်းလှမ်းချက်သည် သူမအတွက် လုံးဝကို အံ့အားသင့်စေခဲ့သည်။ သူ၏ တပည့်တစ်ယောက်အနေဖြင့် နေခဲ့သည့် နှစ်များအတွင်း ယခုကဲ့သို့ ပေးကမ်းရက်ရောနေသည်ကို ကြားရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ပိုင်ရှောင်ချန်းက ထိုကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သောကြောင့် သူမ၏ အံ့အားသင့်မှုမှာ ပို၍ ကြီးထွားလာခဲ့သည်။
သူမသည် ပင့်သက်ရှိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ သူမသည် ဤကဲ့သို့ အခွင့်အလမ်းမျိုးကို ငြင်းပယ်သူ တစ်ယောက်မှ မတွေ့ဖူးသေးပေ။ စွမ်းဆောင်ရည်ရမှတ် ဆယ်သိန်းသည် မည်သည့် ကျင့်ကြံသူအတွက်မဆို အတော်လေးများသော ပမာဏဖြစ်သည်။ လူအများစုအတွက် ဤပမာဏကို စုဆောင်းရန်မှာ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုလုံး ကြာမြင့်မည်ဖြစ်သည်။
သခင်ကြီးအတွက်မူ ကုံမြို့တော်မှ ပိုင်ရှောင်ချန်း၏ ကို့ရို့ကားယား လုပ်ရပ်များကို ကြားဖူးမထားလျှင် အလန့်တကြားဖြစ်သွားမည်ဖြစ်သည်။ သို့တိုင်အောင် သခင်ကြီးလုပ်လာသည့် သက်တမ်းတစ်လျှောက်လုံးတွင် ဝတ်ရုံဝါဂိုဏ်းသားတစ်ယောက် ဖြစ်လာမည့် အခွင့်အရေးကို ငြင်းပယ်သော ဂိုဏ်းသား တစ်ယောက်မှ မတွေ့ဖူးခဲ့ပေ။
ဘုံကျောင်းထဲ၌ သူသည် ထူးဆန်းသော အမူအရာဖြင့် ထိုင်နေပြီး ဘေးဘက်ရှိ ဝတ်ရုံဖြူဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်၏ ဝေဝါးနေသော ပုံရိပ်ကို ကြည့်လိုက်လေသည်။ သူမသည် ပိုင်ရှောင်ချန်းကို ကြည့်နေရင်း သူမ၏ မျက်နှာပေါ်တွင် စိတ်ထိခိုက်ဟန်များနှင့် အခြားခံစားချက်များပါ ရောယှက်နေသည်ကို တွေ့ရလေသည်။
သူမသည် ပုံရိပ်ယောင်နှင့် ဒြပ်ထုကြားအခြေအနေတွင် တည်ရှိပုံပေါ်ကာ ပြတ်သားစွာ တွေ့မြင်ရန် ခက်ခဲလေသည်။ သို့သော် သူမ၏ဘေးပတ်လည်ရှိ လေထုသည် တွန့်လိမ်ရှုံ့တွကာ အက်ကွဲကြောင်းများဖြင့် ပြည့်နေသည်ကို ကြည့်လျှင် သူမတွင် ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံခြင်းအခြေခံ သို့မဟုတ်၊ တွေးတော၍ မရနိုင်လောက်သည့် အစွမ်းထက် အဖိုးတန်ရတနာမျိုးကို ပိုင်ဆိုင်ထားသည်ဟု သတ်မှတ်နိုင်ပေသည်။
မိန်းမပျိုလေးသည် ပိုင်ရှောင်ချန်း၏ ပြောကြားချက်ကို မတုံ့ပြန်သောအခါ ကုံနယ်သခင်ကြီး၏ စိတ်ကျဥ်းကျပ်ခြင်းမှာ ပို၍ ဆိုးလာလေသည်။ အမှန်တွင် သူသည် ဆေးဖော်စပ်နည်းကို လုံးဝ မလိုအပ်သည့်အပြင် လိုလည်း မလိုချင်ပေ။ သို့သော် သူ မငြင်းဆန်နိုင်သည့် တစ်စုံတစ်ယောက်က ပိုင်ရှောင်ချန်းကို ဂရုစိုက် စောင့်ကြည့်ရန် တာဝန်ပေးထားသောကြောင့် သူ့အား စွမ်းဆောင်ရည်ရမှတ်အမြောက်အများ ပေးနိုင်မည့် အခွင့်အရေးတစ်ခုကို ရှာခဲ့ခြင်းဖြစ်သည်။
သို့သော် ဆင်ခြေကောင်းကောင်းမရှိဘဲနှင့် အမြုတေအဆင့်သာရှိသော ကျင့်ကြံသူတစ်ယောက်ကို သူ မည်သည့်နည်းဖြင့် မရိုးမသားကူညီနိုင်ပါမည်နည်း။ မည်သို့ပင်ဖြစ်စေ သူသည် ကုံမြို့တော်၏သခင်ကြီးတစ်ယောက်ဖြစ်ပြီး နတ်အဆင့်သို့ မရောက်သေးသည့်တိုင် ထိုနယ်မြေထဲသို့ ခြေလှမ်းချနေပြီဖြစ်ရာ ဓါးစာခံတစ်ယောက်သည် သေချာပေါက် သူဂရုစိုက်ရမည့်လူမျိုးမဟုတ်ပေ။
သို့ဖြစ်သည့်တိုင် ယခု ပိုင်ရှောင်ချန်းသည် သူ၏ ကမ်းလှမ်းချက်ကို ငြင်းဆန်သွားလေသည်။
သခင်ကြီးသည် အလွန်အမင်း စိတ်ရှုပ်ထွေးမှုကို စတင်ခံစားလာရသည်။ သူ၏ တောင်းဆိုချက်များကို အစပြုခဲ့သော၊ သူ မငြင်းဆန်ရဲသည့် တစ်စုံတစ်ယောက်မှာ သူ့ဘေးကပ်ရပ်တွင် ရပ်လျက်ရှိသည်။ ထိုသူမှာ အခြားမဟုတ်၊ ဝတ်ရုံအဖြူရောင်နှင့် မိန်းမပျိုလေးပင်ဖြစ်သည်။
“လိုရင်းကို ပြောဟေ့။” ဟု သူက ပြောလိုက်သည်။
“ငါ့ရာထူးနဲ့ မင်းဆီကနေ တောင်းထားတဲ့ဟာတွေကို ငါက ဒီတိုင်းပဲယူလိုက်မယ်လို့ ထင်လား။ ဘာလိုချင်တာလဲ ပြော။ ငါတတ်နိုင်တာဖြစ်နေသရွေ့ မင်းရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမယ်။ ”
ထိုစကားများကို ကြားပြီးနောက်တွင် ပါးစပ်အဟောင်းသားဖြစ်သွားသည်မှာ ပိုင်ရှောင်ချန်းတစ်ယောက်တည်း မဟုတ်ပေ။ အေးစက်စက်မျက်နှာပေးဖြင့် မိန်းမပျိုမှာလည်း အံ့အားသင့်သွားလေသည်။ ဤသည်မှစ၍ သူမ၏ ဆရာ့အပေါ်အမြင်မှာ ပြောင်းလဲသွားခဲ့လေသည်။ သူသည် ပိုင်ရှောင်ချန်းနှင့် အလဲအလှယ်လုပ်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ သူ့ကို ပစ္စည်းများ ပေးအပ်နေခြင်းသာဖြစ်ကြောင်း သိသာလှသည်။
“ဒီပိုင်ရှောင်ချန်းမှာ အားကောင်းတဲ့ ဘယ်လိုမျိုးနောက်ခံရှိနေတာလဲ မသိဘူး။ ” ဟုတွေးကာ သူ့ကို မျက်လုံးများပြူး၊ နှလုံးများခုန်လျက် ကြည့်နေလေသည်။
ပိုင်ရှောင်ချန်းသည်လည်း အံ့ဩသွားကာ တောင်ထိပ်ရှိ တလက်လက်တောက်ပနေသော ဘုံကျောင်းဆီသို့ မော့ကြည့်လိုက်လေသည်။ အခြေအနေတစ်ခုလုံးသည် တစ်ခုခုထူးဆန်းနေကာ ဤ သခင်ကြီးသည် သူ့ကို တစ်ခုခုမပေးရဘဲ ပြန်မလွှတ်တော့မည့်အလားပင် ဖြစ်သည်။ အမှန်တွင် ကမ်းလှမ်းချက်ကို ငြင်းဆန်ခြင်းသည် သူ့ကို ဒေါသပိုထွက်စေမည့်ပုံပေါ်သည်။
သူသည် တွေဝေနေသော်လည်း သခင်ကြီးက ထပ်မေးသည့်အတွက် အမြန်ပင် ကမ်းလှမ်းချက်ကို လက်ခံလိုက်လေသည်။
ပိုင်ရှောင်ချန်းသည် အံကို ကြိတ်လိုက်သည်။ မျက်လုံးများတောက်ပလျက် ဘုံကျောင်းကို မော့ကြည့်ကာ ပြောလိုက်သည်။
“သခင်ကြီး ခင်ဗျာ၊ ကျွန်တော် ခင်ဗျားရဲ့ ကြင်နာလှတဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ကို အမှန်တကယ် တစ်ခုခုပေးချင်တယ်ဆိုရင် … ဟို…ကုံမြို့တော်မှာဆို အရာအားလုံးကို ငှားမှ ရတယ်လေ။ ကျွန်တော် အိမ်မှာလို့ တကယ် မခံစားရဘူး။ ဒီကို တစ်ယောက်တည်းရောက်လာပြီးတဲ့နောက်မှာ တကယ်လိုချင်တာက ကျွန်တော်တစ်ယောက်တည်းပဲပိုင်တဲ့ ကိုယ်ပိုင်မြေနေရာလေးပါ။ အဲ့ဒါ ဘယ်လို သဘောရသလဲခင်ဗျာ။”
” ကျွန်တော် နေရာမှန်သာ ရှာတွေ့ရင် အဲ့ဒီပေါ်မှာ စံအိမ်သေးသေးလေး ကိုယ့်ဘာသာဆောက်ပါ့မယ်…”
ထို့နောက် သူသည် တောင်ထိပ်ဆီသို့ မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်လေသည်။
သူသည် တောင်းဆိုရန် အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း ခုနစ်ရောင်ခြယ်အလင်းတန်းတစ်ခုသည် ဘုံကျောင်းထဲမှ ချက်ချင်းပျံထွက်လာကာ သူ့ရှေ့တည့်တည့်သို့ ခုနစ်ရောင်ခြယ်အလံငယ်တစ်ခုပုံစံဖြင့် ရောက်လာသည်ကို တွေ့ရသောအခါအံ့ဩတကြီးဖြစ်သွားလေသည်။
“အရှေ့၊ တောင်နဲ့ အလယ်ပိုင်းဒေသတွေက နေရာလွတ်မရှိတော့ဘူး။ ဒါပေမဲ့ အနောက် ဒါမှမဟုတ်၊ မြောက်ပိုင်းဒေသတွေမှာ ရှိတဲ့ ဘယ်မြေလွတ်မဆို သွားကြည့်ပြီး ရွေးလို့ရတယ်။ အဲဒီအလံကို မြေပေါ်မှာစိုက်လိုက်၊ ဒါဆို အဲ့နားက ၅ကီလိုမီတာဧရိယာက မင်းရဲ့ ကိုယ်ပိုင်မြေဖြစ်သွားပြီ။”
သို့မှသာ ကုံမြို့တော်သခင်ကြီးသည် သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းနှင့် အေးစက်စက်မျက်နှာပေးဖြင့် မိန်းမပျိုတို့ကို ထွက်ခွာသွားရန် ခုနစ်ရောင်ခြယ်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
မိန်းမပျိုသည် လုံးဝကို အံ့အားသင့်သွားပြီး ပိုင်ရှောင်ချန်း၏လက်ထဲရှိ အလံငယ်ကိုသာ စိုက်ကြည့်နေမိတော့သည်။ သခင်ကြီး၏ ကိုယ်ပိုင်တပည့်အနေဖြင့်ပင် ဤသို့သော ခံစားခွင့်မျိုးကို တစ်ခါမှ လက်မခံဖူးပေ။ သူမ၏ မျက်လုံးများမှာလည်း ထိန်းမရဘဲ တောက်ပစွာဖြင့် လင်းလက်နေတော့သည်။ သူမ၏ ဆရာသည် ပိုင်ရှောင်ချန်းအား ကိုယ်ပိုင်မြေကို လက်ဆောင်အဖြစ် ပေးလိမ့်မည်ဟု စိတ်မကူးမိပေ။
ကုံမြို့တော်တွင် ကိုယ်ပိုင်မြေ ၅ကီလိုမီတာဧရိယာသည် အလွန်ဈေးကြီးလှပြီး တန်ဖိုးကို တွေးကြည့်၍ပင် မရနိုင်ပေ။ သို့သော် သူမ၏ဆရာက ထိုကဲ့သို့အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ ပေးလိုက်ခြင်းဖြစ်သည်။ မိန်းမပျို ပြောနိုင်သည်မှာ အမှန်စင်စစ် ပိုင်ရှောင်ချန်း၌ အလွန်အင်အားကြီးသော နောက်ခံတစ်ခု ရှိရပေမည်။
“သူ ငါ့ကို တကယ်ကြီး ပေးလိုက်တာလား။ ”
ပိုင်ရှောင်ချန်းသည် တောင်ဆီမှ မီတာ၃၀၀အကွာဆီသို့ တွန်းထုတ်ခံလိုက်ရစဥ် လက်ထဲ၌ ခုနစ်ရောင်ခြယ်အလံကို ဆုပ်ကိုင်လျက် အံ့ဩတကြီးတွေးမိသွားသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ခုနစ်ရောင်ခြယ်ဘုံကျောင်း၏ တံခါးကို ဖြတ်၍ မိန်းမပျိုလေးတစ်ယောက်၏ ဝေဝါးဝါးပုံရိပ်ကို မြင်နေရသည်မှာ အတော်လေး သေချာပေသည်။ သူမသည် မည်သည့်ပုံစံရှိသည်ကို အတိအကျပြောရန် မဖြစ်နိုင်သည့်အပြင် သူမကို မြင်လိုက်သည့် အခိုက်အတန့်မှာပင် ပျောက်ကွယ်သွားလေသည်။
ထို့နောက် သူသည် လှည့်ထွက်လာသော်လည်း မသင်္ကာမှုက အတူပါလာခဲ့ပေသည်။ ခဏကြာလျှင် ယခုပင် ပျောက်ကွယ်သွားခဲ့သော မိန်းမပျိုလေးသည် ပြန်၍ ရုပ်လုံးပေါ်လာခဲ့ပြီး ဤတစ်ကြိမ်တွင် မျက်နှာဖုံး ဝတ်ဆင်ထားလေသည်။
” မတွေ့တာကြာပြီနော်.. ရှောင်ချန်း…။ ” ဟု သူမက ရေရွတ်လိုက်လေသည်။ ခဏကြာပြီးနောက်လေပြည်ညင်းတစ်ခုက မျက်နှာဖုံးကို တစ်ခဏမျှ လှစ်ဟလိုက်ရာ ထူးခြားစွာ လှပသော မျက်နှာလေးတစ်ခု ပေါ်လာလေသည်။
ပိုင်ရှောင်ချန်းသာ ထိုနေရာတွင် ရှိနေပြီး သူမကို မြင်သွားပါက ဤမိန်းမပျိုလေးကို ချက်ချင်းပင် မှတ်မိသွားမည်ဖြစ်သည်။ သူမသည် တုလင်ဖေးနှင့် လွန်စွာဆင်တူပေသည်။
သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုအပြုံးမှာ မိမိတန်ဖိုးထားသူနှင့် ပြန်လည်ဆုံတွေ့ရသည့်အခါမျိုးတွင် ပေါ်လာတတ်သော နွေးထွေးခြင်း၊ မျှော်လင့်စောင့်စားခြင်းများဖြင့် ပြည့်နှက်နေသော အပြုံးမျိုးဖြစ်သည်။