ဝမ်ပေါင်လဲ့မှာ အပြင်ပန်းတွင် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေတတ်ပြီး ဘဝကို အကောင်းမြင်တတ်သည့်ပုံ ပေါ်ပါသော်လည်း သူ၏ ရိုးတွင်းချဉ်ဆီများထဲတွင်မူ သူကိုယ်တိုင်ပင် ကြောက်ရွံ့ရသည့် အကျင့်စရိုက်တစ်ခု ကိန်းအောင်နေ၏။
ထိုအကျင့်စရိုက်မှာ အလွယ်တကူ မပေါ်လာတတ်ပေ။ သို့သော် ပေါ်လာသည့်အချိန်တွင်လည်း သူ၏ သတ်ဖြတ်လိုစိတ်များနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားကြရသည်သာ ဖြစ်သည်။ သူ အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့်အချိန်တိုင်း ထိုအကျင့်စရိုက်မှာ ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာလေ့ရှိပေသည်။
ရိုးရှင်းစွာဖော်ပြရမည်ဆိုလျှင်…. တစ်စုံတစ်ယောက်မှာ သူ့အား သတ်ဖြတ်ရန် ကြိုးစားအားထုတ်မည်ဆိုပါက သူသည် ထိုပုဂ္ဂိုလ်အား အရင်ဦးအောင် သတ်ဖြတ်မည်ဆိုသည့် အကျင့်စရိုက်ပင် ဖြစ်သည်။
ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး ပေါ်ပေါက်လာခဲ့ခြင်း မရှိသည့် ခေတ်ကာလာတွင်မူ ထိုအကျင့်စရိုက်မှာ သူ၏ နှလုံးသားထဲ၌သာ အမြဲတမ်း ကိန်းအောင်နေခဲ့မည် ဖြစ်သည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းမှာ လုံးဝပျောက်ကွယ်သွားနိုင်ပေသည်။
သို့သော် ယခုကဲ့သို့ ကျင့်ကြံသူများ ပေါ်ထွန်းလာပြီး ပြည်ထောင်စုကြီး၏ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းမှာ အားနည်းသည့် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ရှေးဦးဝိညာဉ်ခေတ်ထဲတွင်မူ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲမှ ထိုအကျင့်စရိုက်မှာ ပို၍ပင်အားကောင်းလာ၏။ သူသည် သူ၏ သတ်ဖြတ်လိုစိတ်များကို အများအားဖြင့် ထိန်းချုပ်ထားလေ့ရှိပါသော်လည်း ၎င်းတို့အား ထုတ်လွှတ်လိုက်သည့်အချိန်တွင် တောမီးများကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ပေါ်ထွက်လာတတ်သည်သာဖြစ်သည်။
ထိုအကျင့်စရိုက်ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ပေ။ သူသည် သူ စဉ်းစားမိထားသည့် နည်းလမ်းအတိုင်း လေ့ကျင့်ကာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား ကျွမ်းကျင်အောင်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် သူ၏ ဝိညာဉ်ချီများကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများအား ဆန့်ထုတ်ရန် ကြိုးစားကြည့်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စု၏ ကျင့်ကြံခြင်းပညာရပ်အား အတုခိုးနေသည်ဟု ထင်ရပေသည်။ ထိုမြင်ကွင်းကြီးမှာ ကျောချမ်းစရာကောင်းရုံသာမက မိစ္ဆာနတ်ဆိုး အငွေ့အသက်များကိုပါ ထုတ်လွှတ်နေသေးသည်။ ဆန့်ထွက်လာသော စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ဖောက်ထွက်လာသဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ ရေဘဝဲလက်တံများ ထွက်လာသကဲ့သို့ ဖြစ်နေတော့သည်။
၎င်းတို့မှာ ရဲရဲနီနေခြင်း မရှိဘဲ အကြည်ရောင်များ ဖြစ်နေ၏။ သို့သော်ငြားလည်း ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ အဆက်အပြတ် လေ့ကျင့်နေသောကြောင့် အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ထို လက်တံကြီးများမှာ သူ့အား ဝန်းရံထားလိုက်ကြ၏။ ထို့နောက် ၎င်းတို့မှာ လူ့ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်ဖြစ်သော သွေးလည်ပတ်မှုစနစ်တစ်ခုအား ဖန်တီးပေးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ပုံမှန်မဟုတ်သော နည်းလမ်းတစ်ခုကို အသုံးပြုကာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်၏ ပထမအဆင့်အား အောင်မြင်စွာ ကျင့်ကြံပြီးသွားပြီဖြစ်သည်။ နောက်တစ်ဆင့်မှာ ကျူးသိုပညာရပ်အား အသုံးပြု၍ သူ၏ ပြိုင်ဘက်များအား သတ်ဖြတ်ကာ အစွမ်းထက်လာအောင် လုပ်ရမည်ဖြစ်သည်။
” ကျယ်ပြန့်တာအိုနန်းတော်က ကျူးသိုပညာရပ်ကို လေ့ကျင့်လို့ကောင်းတဲ့ နေရာတစ်ခုမဟုတ်တာ စိတ်ညစ်စရာပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ချပ်ဝတ်တန်ဆာကြီးတစ်ခု စတင်ပေါ်ပေါက်လာနေသည့် မြင်ကွင်းကြီးအား အကဲခတ်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ စိတ်ကူးကြည့်လိုက်ရုံနှင့် ထို ချပ်ဝတ်တန်ဆာကြီးမှာ ပျောက်ကွယ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားတော့သည်။ ထို့နောက် ၎င်းမှာ သူ၏ နှလုံသားပေါ်တွင် စိန်တုံးပုံစံ သလင်းကျောက်တစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ အမှတ်အသားတစ်ခုကဲ့သို့ပင်။
၎င်းမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်၏ အမြုတေ ဖြစ်ပေသည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ အမွေအနှစ်ထဲတွင် ဖော်ပြထားသည့်အတိုင်း လေ့ကျင့်ခဲ့မည်ဆိုပါက ထိုအမြုတေမှာ ယခုလို အမှတ်အသားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်မဟုတ်ဘဲ သူ၏ နှလုံးသားနေရာ၌ အစားထိုးဝင်ရောက်လာမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား လေ့ကျင့်နေခဲ့စဉ် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပျက်သွားခဲ့၏။ ထိုအကြောင်းနှင့်ပတ်သက်သည့် သတင်းများမှာ ဂိုဏ်းအပြင်ဘက်သို့ ပျံ့နှံ့လာသဖြင့် ပြည်ထောင်စုပျိုးပင်များမှာ သိရှိသွားကြတော့သည်။ ထို့ကြောင့် ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်ထဲတွင် ဆွေးနွေးငြင်းခုံသံများဖြင့် ပြည့်နှက်နေ၏။
ဝမ်ပေါင်လဲ့မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ပြီး ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်ထဲသို့ ဝင်ကြည့်လိုက်သောအခါမှ ထိုအကြောင်းကို သိလိုက်ရ၏။
ဗေဒါပင်ကြီး၏ သစ်ရွက်များ ကြွေတော့မည်ဖြစ်သည်။
” ဗေဒါပင်ကြီးဆိုပါလား… ” ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအား မကြားဖူးပေ။ သို့သော် ခဏအကြာတွင် သူသည် အချက်အလက်အစုံလင်ကို သိရှိလိုက်ရတော့သည်။ ၎င်းမှာ သူ ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ စတင်ရောက်ရှိလာခဲ့စဉ်တုန်းက အရင်ဆုံး မြင်ခဲ့ရသည့် ပင်မကျွန်းပေါ်ရှိ တောင်ထိပ်ပေါ်တွင် စိုက်ထားသော ရင်သပ်ရှုမောဖွယ်ရာ သစ်ပင်အိုကြီးဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်က ခြောက်သွေ့နေပြီဖြစ်သော ထိုသစ်ပင်အိုကြီးပေါ်တွင် သစ်ရွက်အသစ် သုံးရွက် ပေါက်လာခဲ့၏။ ထိုရွက်သစ်များ ထွက်ပေါ်လာသောအခါ ထူးဆန်းသော မွှေးရနံ့တစ်ခုမှာ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းကြီးတစ်ကျွန်းလုံးအား ဖုံးလွှမ်းသွားခဲ့သည်။ ထိုရနံ့အား ရှုရှိုက်မိလိုက်သည့်လူတိုင်းမှာ အားအင်များ ပြည့်ဖြိုးကာ စိတ်ဓာတ်များ တက်ကြွသွားရသည်သာဖြစ်သည်။ ဖုန့်ချိုးရန်နှင့် တခြားအကြီးအကဲကြီးနှစ်ယောက်မှာ ထိုကိစ္စအား အလွန်အင်မတန်မှ အလေးထားနေ၏။
အဘယ်ကြောင့်ဆိုသော ဗေဒါပင်ကြီး၏ သစ်ရွက်များမှာ ဆေးဖက်ဝင်ရုံသာမက အကြီးအကဲသုံးယောက်အတွက် အလွန်အင်မတန်မှ အရေးပါသောကြောင့် ဖြစ်ပေသည်။
ထိုကဲ့သို့ အရေးပါရသည့် အကြောင်းအရင်းကို မည်သူမှမသိအောင် အထူးလျှို့ဝှက်ထား၏။ ထိုကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုးပေးနေကြသည့် လူပေါင်းမြောက်မြားစွာ ရှိပေသည်။ ပြည်ထောင်စုပျိုးပင်များမှာ လိုက်လံမေးမြန်းကြည့်ခဲ့ကြပြီးနောက် အမျိုးမျိုး ခန့်မှန်းနေကြ၏။ လူတိုင်းမှာ အုပ်စုဖွဲစကားဝိုင်းထဲတွင် ထိုအကြောင်းအား ဆွေးနွေးနေကြသည်။ နောက်ဆုံးတွင် ထိုသစ်ရွက်မှာ အမှတ်တံဆိပ်တစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြ၏။
သို့သော် မည်သူကမှ အသေးစိတ်အချက်အလက်များကို မသိပေ။ ဝမ်ပေါင်လဲ့မှာ ယွင်ဖျောင်ကျိအား မေးမြန်းခဲ့သည့်တိုင်အောင် အဖြေတစ်ခုမှ ပြန်မရခဲ့ပေ။ ကျယ်ပြန့်တာအိုနန်းတော်၏ ဒေသခံဖြစ်သော ယွင်ဖျောင်ကျိပင်လျှင် ထိုကိစ္စနှင့်ပတ်သက်၍ အများကြီး မသိထားသည့်ပုံပင်။
နောက်ဆုံးတွင် သူသည် ရှဲ့ဟေးရန်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ဆောင် ပေးပို့ကာ မေးမြန်းလိုက်သောအခါမှ ထိုသစ်ရွက်များ၏ အသုံးဝင်ပုံများကို သိရှိသွားရတော့သည်။
” ဗေဒါပင်ကြီးရဲ့ သစ်ရွက်တွေဆိုတာ အကောင်းစားပစ္စည်းတွေပဲ။ ရှေးဟောင်းအစိမ်းရောင်သစ်ပင်ကြီးပေါ်မှာ ဗေဒါပင် တစ်ရာ့ရှစ်ပင်ရှိတယ်။ ဒါပေမဲ့ အများစုကတော့ သေသွားလောက်ပါပြီ။ အရင်တုန်းကဆိုရင် ဗေဒါပင်တစ်ပင် ရွက်ဟောင်းတွေခြွေတိုင်း အဲဒီ သစ်ရွက်ကြွေတွေကို ရယူနိုင်တဲ့လူတွေက အဲဒီသစ်ရွက်တွေကို ကျယ်ပြန့်တာအိုနန်းတော်ထဲ သယ်လာရတာ။ တကယ်လို့ အဲဒီအချိန်မှာ အကဲဖြတ်စမ်းသပ်ပွဲကို အောင်မြင်နိုင်မယ်ဆိုရင် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်လာခွင့်ရှိတယ်။ ပြီးတော့ ကိုယ့်ရဲ့နာမည်ကို မှတ်တမ်းတင်နိုင်ဦးမှာ ”
” အခုကတော့…. လက်ရှိဂိုဏ်းက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ နာမည်ကို ယူထားဆိုပေမဲ့ ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ မှတ်တမ်းတင်ခံထားရပြီးတော့ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားအစစ်အမှန်လို့ သတ်မှတ်နိုင်တဲ့ အဖွဲ့ဝင် အရေအတွက်ဆိုလို့ တစ်ဒါဇင်လောက်ပဲ ရှိတယ် ”
” အဲတော့ အဲဒီသစ်ရွက်တစ်ရွက် ဘယ်လောက်အထိ တန်ကြေးရှိနေလိမ့်မယ်လို့ မင်းထင်လဲ။ ဒါ ဂိုဏ်းသားတစ်ယောက်ရဲ့ နာမည်ကို ဂိုဏ်းရဲ့မှတ်တမ်းထဲ ရောက်သွားအောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခုနော်။ တစ်နည်းအားဖြင့် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားအစစ်ဖြစ်လာနိုင်မယ့် အခွင့်အရေးတစ်ခုပဲ ” ရှဲ့ဟေးရန်မှာ အသေးစိတ်ရှင်းပြလိုက်၏။ သူသည် မည်သည့်အရာကိုမှ ထိမ်ချန်ထားခြင်းမရှိဘဲ သူ သိထားသမျှ အချက်အလက်အားလုံးကို ဝမ်ပေါင်လဲ့အား မကွယ်မဝှက် ပြောပြလိုက်ခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူကြားလိုက်ရသည့် စကားများကြောင့် စိတ်လှုပ်ရှားသွားရ၏။ သို့သော် သူသည် ရှဲ့ဟေးရန်၏ ပြောစကားများကို အပြည့်အဝ ယုံကြည်ထားခြင်းမရှိပေ။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် သေချာသွားအောင် မမလေးအား လှမ်း၍မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။ သူမ၏ အဖြေမှာလည်း ရှဲ့ဟေးရန်နှင့် ဆင်တူပေသည်။ အကယ်၍ သူသာ ဗေဒါပင်ကြီးဆီမှ သစ်ရွက်တစ်ရွက်ကို ရယူနိုင်မည်ဆိုပါက ဂိုဏ်းမှတ်တမ်းများကို အချိန်ကုန်ခံ၍ လိုက်ရှာနေစရာ မလိုတော့ကြောင်း သူမက ရှင်းပြလိုက်၏။ အကယ်၍ သူသာ သူ၏နာမည်အား ထိုစာရင်းများထဲသို့ ရောက်သွားအောင် လုပ်နိုင်မည်ဆိုပါက သူမသည် သူ၏ ရာထူးအဆင့်အတန်းအား မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ၎င်းမှာ လက်လွှတ်ဆုံးရှုံးခံ၍မဖြစ်သော အခွင့်အရေးကြီး တစ်ခုဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ သူ၏နာမည် ဂိုဏ်းမှတ်တမ်းထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ သူ၏ ရာထူးအဆင့်အတန်းမှာ သိသိသာသာ ပြောင်းလဲသွားမည် မဟုတ်ပါလော။ သူ၏ အကဲဖြတ်သုံးသပ်ချက်များအရဆိုလျှင် သူ ဓားကိုယ်ထည်ပိုင်းထဲသို့ ဝင်ရောက်ကာ ရတနာများရှာဖွေသည့် အချိန်တွင်လည်း သူ့အတွက် အများကြီး အထောက်အကူပြုနိုင်မည် ဖြစ်သည်။
” အနည်းဆုံးတော့ ငါ တားမြစ်ချက်တွေ အများကြီးကို ကျော်လွှားနိုင်စွမ်းရှိသွားမှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်လှုပ်ရှားလာရတော့သည်။ ထို့ကြောင့် သူသည် မတ်တတ်ထကာ မီးစိမ်းကျွန်းပေါ်မှ ချက်ချင်းထွက်ခွာသွားပြီး ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ဦးတည်သွားလိုက်တော့သည်။ သူ ထိုကျွန်း၏ အနီးသို့ ရောက်လာသောအခါ လေထဲတွင် ဗေဒါရွက်များ၏ မွှေးရနံ့များ ပျံ့လွင့်နေသည်ကို အာရုံခံမိလိုက်၏။ ထို့အပြင် သူသည် ထိုသစ်ပင်ကြီးပေါ်တွင် သစ်ရွက်သုံးရွက် ရှိနေသည်ကိုလည်း လှမ်းမြင်လိုက်ရသည်။
ဝမ်ပေါင်လဲ့မှာ လိုချင်တက်မက်စိတ်များဖြင့် ထိုသစ်ရွက်များအား ငေးကြည့်နေ၏။ ထို့နောက် သူသည် မျက်လုံးများ မှေးသွားရပြီး သူ၏နှာခေါင်းမှာ တဆတ်ဆတ် တုန်ရီသွားရတော့သည်။ သူသည် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော မွှေးရနံ့များအား သေသေချာချာ ရှူရှိုက်ကြည့်လိုက်ပြီးနောက် သူ၏ အတွေးထဲတွင် သံသယစိတ်များ ပေါ်ပေါက်လာတော့သည်။
” ဒီအနံ့ကို ငါ ရင်းရင်းနှီးနှီး သိနေသလိုပဲ ” ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အသက်ရှူသံများ မြန်ဆန်လာရ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် စူးရှတောက်ပသော အလင်းရောင်တစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာပါသော်လည်း သူသည် ၎င်းအား မည်သူမှ မသိအောင် ဖုံးကွယ်ထားလိုက်၏။ သူသည် ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းထဲသို့ ဝင်သွားခြင်းမရှိဘဲ ထိုကျွန်းအား တစ်ပတ်၊ နှစ်ပတ်ခန့် ပတ်လိုက်ပြီးနောက် ထွက်ခွားသွားတော့သည်။
သူသည် မီးစိမ်းကျွန်းပေါ်သို့ ပြန်ရောက်လာသောအခါမှသာ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို အဆင့်မြှင့်တင်ပေးနိုင်သည့် အမည်မသိ သစ်သီးခြောက်လေးအား ထုတ်ယူကြည့်လိုက်တော့သည်။ ထို့နောက် သူသည် ၎င်းအား သူ၏ရှေ့တွင်ချကာ သေသေချာချာ နမ်းရှုပ်ကြည့်လိုက်၏။ ထိုအခါ သူသည် တစ်ခဏမျှ အသက်ရှုသံများ ရပ်တန့်သွားရတော့သည်။
” အနံ့က အတူတူပဲဟ ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် ထိုသစ်သီးခြောက်လေးအား သေသေချာချာ ကြည့်ရှုစစ်ဆေးကြည့်လိုက်ပြီးနောက် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း သေချာသွားတော့သည်။ ဤ အမည်မသိ သစ်သီးခြောက်လေးမှာ ဗေဒါပင်ကြီးနှင့် မူလရင်းမြစ် အတူတူပင် ဖြစ်ပေသည်။
သူသည် ထိုဗေဒါပင်ကြီး၏ အကြောင်းကို စုံစမ်းခဲ့စဉ်တုန်းက မည်သည့်အချက်အလက်များကိုမှ မသိခဲ့ရပေ။ သို့သော် ၎င်း၏ ရနံ့မှာ လွဲစရာအကြောင်း မရှိပေ။ ထို့ကြောင့် သူသည် သူ လေ့လာစုံစမ်းခဲ့စဉ်တုန်းက ဤသစ်သီးအကြောင်း ရှာမတွေ့ခဲ့သည့် အချက်ကြောင့် သံသယဝင်သွားရ၏။ မမလေးမှာလည်း ၎င်းအား မမြင်ဖူးသည့် ပုံပင်။ ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ မေးခွန်းမျိုးစုံ ပေါ်ပေါက်လာသောကြောင့် တိုက်ပွဲရမှတ်အချို့ ထပ်၍အသုံးပြုကာ ထိုကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များကို ထပ်၍ စုံစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား စိတ်သန့်သန့်နှင့် မမေးနိုင်ဘဲ ဖြစ်နေရ၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းပေါ်ရှိ တောင်ထိပ်တွင် တည်ဆောက်ထားသော ပင်မခန်းမကြီးထဲ၌ အကြီးအကဲကြီးသုံးယောက်မှာ အတူတူထိုင်ကာ ဆွေးနွေးနေကြ၏။
သူတို့ သုံးယောက် ယခုကဲ့သို့ အတူတကွ တွေ့ဆုံဆွေးနွေးကြသည့် ကိစ္စများဟူ၍ များများစားစား မရှိပေ။ အထူးသဖြင့် ယိုရန်မှာ ပြည်ထောင်စုပျိုးပင်များ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့စဉ်တုန်းကသာ ပေါ်ပေါက်လာခဲ့သည်မဟုတ်ပါလော။ ထို့နောက် သူသည် တံခါးပိတ်ကျင့်စဉ်ထဲသို့ ပြန်ဝင်သွားခဲ့၏။ သို့သော် ယနေ့တွင်မူ အရေးကြီးကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သိသာထင်ရှားပေသည်။ ထို့ကြောင့် သူသည် သူ၏ တံခါးပိတ်ကျင့်စဉ်အား အဆုံးသတ်ခဲ့ရ၏။
သူတို့၏ ဆွေနွေးပွဲမှာ သိပ်မကြာလိုက်ပေ။ မြဲ့လျဲ့ကျိမှာ ခံစားချက်မပါသော မျက်နှာအမူအရာဖြင့် အေးစက်စက် ဆိုလိုက်၏။ သူ၏ စကားသံမှာ သြဇာညောင်းသည့်လေသံ ပေါက်နေသည်။
” တာအိုရောင်းရင်းဖုန်းက အချက်နှစ်ချက်ကို ပြောခဲ့တယ်နော်။ ပထမတစ်ချက်က တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကို ဖွင့်ပြီးတော့ ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်ကို လက်ခံပေးဖို့။ အဲဒီအချက်ကို ကျုပ် သဘောမတူဘူး။ သူတို့က ကျုပ်တို့အတွက် ဘယ်နေရာမှာမှ အသုံးမဝင်ပဲ ”
” ဒုတိယအချက်ဖြစ်တဲ့ ဗေဒါပင်ကြီး ရွက်ဟောင်းခြွေတဲ့ ကိစ္စကမှ အရေးကြီးတာ။ ကျုပ်တို့တွေက အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ အပြင်းအထန် ဆွေးနွေးနေရမှာ ”
” ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်နဲ့ ပတ်သတ်လို့ ကျွန်မတို့တွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဆုံးဖြတ်ချက်ချထားပြီးသားလေ။ ပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ်ကပဲ ဒီစီမံကိန်းကို မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာ။ မြဲ့လျဲ့ကျိ။ ရှင်က အခုမှ ရှင့်ရဲ့ ဆုံးဖြတ်ချက်တွေကို နောင်တရနေလို့ ဘယ်ဖြစ်မလဲ။ ရှင်က ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ရင် ကျွန်မကလည်း ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ဘူး ” ဖုန့်ချိုးရန်မှာ မျက်မှောင်ကြုတ်ကာဆိုလိုက်၏။ သူမသည် စိတ်ပင်ပန်းနေရပြီဖြစ်သည်။ သူတို့သတ်မှတ်ထားသည့် တစ်နှစ်ဆိုသော အချိန်ကာလမှာ ပြည့်သွားခဲ့ပြီ မဟုတ်ပါလော။ သူတို့၏ သဘောတူညီချက်များအရဆိုလျှင် ပြည်ထောင်စုကြီးမှာ ၎င်းတို့၏ ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်အား စေလွှတ်ရတော့မည်ဖြစ်သည်။ သို့သော် မြဲ့လျဲ့ကျိမှာ အတင်းအဓမ္မ ငြင်းဆန်နေခဲ့ပြီး သူမ၏ အဖွဲ့အစည်းထဲတွင်လည်း ထိုကိစ္စနှင့်ပတ်သတ်၍ သဘောမတူသည့် အဖွဲ့ဝင်များမှာ တဖြည်းဖြည်းနှင့် ပို၍များလာနေခဲ့၏။ ထို့ကြောင့် ဖုန့်ချိုးရန်မှာ ပြည်ထောင်စုကြီးနှင့် သဘောတူထားသည့် စီမံကိန်းအား အကောင်အထည်ဖော်နိုင်ရန် အခက်တွေ့နေရသဖြင့် အကြိမ်တိုင်းအကြိမ်တိုင်း ဆွေးနွေးညှိနှိုင်းကာ သူမဘက်မှ အလျှော့ပေးနေခဲ့ရ၏။