Switch Mode

အခန်း ( ၃၉၄ )

ကုံမြို့တော် သက်တံ့ဒေသ

ပိုင်ရှောင်ချန်းမှာ အသက်ရှူလေ့ကျင့်ခန်းအချို့လုပ်နေချိန် ကျောက်စိမ်းပေလွှာက ရုတ်တရက် ရောက်ရှိလာသဖြင့် မျက်လုံးပြူးသွားရတော့သည်။
” ကုံဒေသရဲ့ သခင်ကြီး က ငါ့ကိုတွေ့ချင်နေတယ် ဟုတ်လား။ ”

” သူက ဘာလိုချင်တာတုံး။ ငါကဖြင့် သူ့ကို သိတောင်မသိဘူး။ ”
ပေလွှာထဲမှ ထွက်လာသည့် စကားသံ၏ လေယူလေသိမ်းအရ ထိုစကားပြောသူမှာ စိတ်ကြည်နေခြင်းမရှိကြောင်းကို သိနိုင်သည်။

” ဘာတွေများ ဖြစ်နေတာပါလိမ့်။ ”
ပိုင်ရှောင်ချန်း၏ စိုးရိမ်စိတ်များ ကြီးထွားလာနေချိန်တွင် နတ်ဆရာ နှင့် ရွှီပေါက်ချိုင်တို့က တည်ကြည်လေးနက်သော အမူအရာများဖြင့် သူ့ဆီရောက်လာသည်။ ဖက်တီးကျန်းကြီးမှာ အလွန်ဒေါသထွက်နေပြီး အခြားခေါင်းဆောင်များမှာလည်း အလွန်အမင်း စိုးထိတ်နေသည့် ပုံများ ပေါက်နေတော့သည်။

ရွှီပေါက်ချိုင်က အံကိုကြိတ်ကာ ဆိုလိုက်သည်။
” ခေါင်းဆောင်လေးရေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းက အခုလေးတင်ပဲ မူးယစ်ဆေးလုံးတွေရဲ့ အရောင်းအဝယ်ကို ပိတ်ပင်လိုက်ပြီဗျ။ သေချာတယ်။ ဒါ ကောင်းကင်ဘုံ အဖွဲ့အစည်းရဲ့ လက်ချက်ပဲနေမှာ။ သူတို့က ကျွန်တော်တို့ရဲ့ အဓိကဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားနေတာဗျ။ ”

ရွှီပေါက်ချိုင်၏ လတ်တလောဘဝမှာ သာယာဝပြောလျက်ရှိပြီး စွမ်းဆောင်မှုရမှတ်များ မရပ်မနားဝင်နေသည်ကို သူက အလွန်ပျော်ရွှင်နေသည်။ သို့သော် ယခုတွင်မူ ထိုအရာအားလုံးမှာ ရပ်တန့်တော့မည့်ပုံပေါ်နေသဖြင့် သူက မစိုးရိမ်ပဲ မနေနိုင်တော့ချေ။

” ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ဆရာကြီး ”

” မူးယစ်ဆေးလုံးတွေမရှိတော့ရင် မိုးပြာရောင် နဂါးအဖွဲ့အစည်းက အန္တရာယ်အကြီးကြီးထဲ ရောက်ပြီဗျ။ ”

” ဟုတ်တယ်။ ကျွန်တော်တို့ရဲ့ နယ်ချဲ့မှုတွေက လတ်တလောမှာ တအားမြန်ဆန်လွန်းနေတော့ မူးယစ်ဆေးလုံးရဲ့ သတင်းတွေက တစ်မြို့လုံးမှာ တောမီးလို ပျံ့နေမှာ အသေအချာပဲ။ ”

ရွှီပေါင်ချိုင်တစ်ယောက်ထဲသာ စိုးရိမ်နေသည်တော့ မဟုတ်ပေ။ မိုးပြာရောင် နဂါးအဖွဲ့အစည်းမှ အခြားကျင့်ကြံသူများကပါ ထိုကဲ့သို့ ခံစားနေသည်။ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ဝင်ငွေအများစုမှာ မူးယစ်ဆေးလုံးများဆီက လာသည်မဟုတ်ပါလော။

ထိုဆေးလုံးများ မရှိတော့ပါက မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ကြီးမားသော အရွယ်အစားကြီးမှာ ၎င်း၏ အားနည်းချက်တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားမည် ဖြစ်သည်။ ၎င်း၏လက်ရှိ အင်အားကို ထိန်းသိမ်းနိုင်ရန်အတွက် စွမ်းဆောင်မှုရမှတ်များစွာကို လစာများအနေဖြင့် သုံးထားရသည် မဟုတ်ပါလော။

သူတို့ဘက်မှ တုံ့ပြန်မှု မလုပ်နိုင်ဘဲ အချိန်များစွာ ကုန်သွားပါက အချို့သောနယ်ပယ်များကို စွန့်လွှတ်လိုက်ရမည်သာ ဖြစ်သည်။ ထိုအခါ ကောင်းကင်ဘုံအဖွဲ့အစည်းက အခွင့်ကောင်းယူမည်မှာ ဧကန်ပင်။ သူတို့သည် ပွဲသိမ်းတိုက်ကွက်ကိုပါ တစ်ခါထဲထုတ်ကာ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ကြိုးစားအားထုတ်မှုမှန်သမျှအားလုံးကိုပါ ဖျက်စီးပစ်မည်ဖြစ်သည်။

သုံးသပ်ချက်များကို အဆုံးသတ်လိုက်ပါက အကြီးမားဆုံးပြဿနာမှာ မိုးပြာရောင် နဂါးအဖွဲ့အစည်းတွင် သိုလှောင်စုဆောင်းထားသည်များ မရှိခြင်းပင်ဖြစ်သည်။ ကောင်းကင်ဘုံ အဖွဲ့အစည်းနှင့် နှိုင်းယှဥ်ကြည့်လိုက်ပါက သူတို့သည် အချိန်မရွေး ပြိုလဲသွားနိုင်သည့် အခွံလွတ် အဆောက်အဦကြီးတစ်ခုနှင့် တူနေတော့သည်။

ပိုင်ရှောင်ချန်း၏ တာအိုစောင့်ရှောက်သူများမှလွဲ၍ အခြားသူများအားလုံးနီးပါးမှာ ရှေ့ဆက်လုပ်ရမည့်အရာများကို တွေဝေနေကြတော့သည်။

ခေါင်းဆောင်များကပင် ထိုသို့ပြုမူနေပါက အဖွဲ့အစည်းမှ သာမန်ကျင့်ကြံသူများဆိုလျှင် ဖော်ပြစရာတောင် မလိုတော့ပေ။ ပိုင်ရှောင်ချန်းမှာ ဤကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ် မဖြေရှင်းနိုင်ပါက မိုးပြာရောင် နဂါးအဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားနိုင်သည်ကို သိလိုက်သည်။

သိုသော်လည်း ယခုသည် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ အခြေအနေအကြောင်းကို တွေဝေစဥ်းစားနေရန် အချိန်မဟုတ်ချေ။ တလက်လက်တောက်ပနေသည့် ကျောက်စိမ်းပေလွှာမှာ သူ၏ရှေ့တွင် ရစ်ဝဲနေဆဲဖြစ်ပြီး သူ၏အခန်းထဲသို့ ဝင်လာသော လူတိုင်းမှာ သူ့ကို မေးခွန်းများဆက်တိုက်မေးနေကြချိန်တွင် သူက ချောင်းဟန့်ကာ ဆိုလိုက်သည်။

” မင်းတို့က ဘာတွေ စိုးရိမ်နေကြတာတုံးကွ။ ”
လူတိုင်းမှာ ပါးစပ်ပိတ်သွားကြတော့သည့။ ပိုင်ရှောင်ချန်းသည် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ဆရာကြီးဖြစ်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ သူသည် မူးယစ်ဆေးလုံး၏ ဖန်တီးရှင်လည်းဖြစ်သည်။ အဖွဲ့အစည်း၏ နေ့စဥ်ဓူဝကိစ္စရပ်များတွင် သူက များများစားစား မပါဝင်ပါသော်လည်း အဖွဲ့အစည်းအတွင်းရှိ အတည်ငြိမ်ဆုံး အင်အားတစ်ခုဖြစ်သည်။

” ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ အားကောင်းတဲ့ ကျောထောက်နောက်ခံတွေရှိတာ ငါသိတယ်။ ဒါပေမဲ့ မင်းတို့က ငါ့မှာရော အဲ့လိုမရှိဘူးလို့ ထင်နေတာလား။ ”
ထိုသို့ ဆိုကာ သူကမတ်တတ်ထရပ်လိုက်ပြီး မေးငေါ့ကာ ကျောက်စိမ်းပေလွှာကို ညွှန်ပြလိုက်သည်။

” အဲ့တာကိုကြည့် မင်းတို့အကုန်။ အဲ့တာဘာလဲ သိလား။ ”
လူတိုင်းမှာ တအံ့တသြဖြင့် လှမ်းကြည့်လိုက်ကြပြီး ခဏအကြာတွင် ထိုအရာမှာ သက်တံ့ဒေသမှ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိလိုက်ကြသည်။

” အဲ့တာ ကုံမြို့သက်တံ့ဒေသက သခင်ကြီးဆီက အမိန့်ပေးဆွဲပြားပဲ။ ”

“အဲ့တာမလို့ ကုံဒေသသက်တံ့ဆီက အလင်းတန်း တစ်ခု ပျံဆင်းလာတာ မြင်လိုက်ပါတယ်လို့။ လက်စသတ်တော့ ဒီကိုရောက်နေတာကိုး။ ငါတို့ရဲ့ အရှိန်အဝါကြီးမားတဲ့ ဆရာကြီးကို သတင်းလာပေးတာနေမှာ။ ” မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ကျင့်ကြံသူများမှာ တောက်ပသောမျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကိုကြည့်ကာ မှင်တက်နေကြတော့သည်။

” မဟုတ်မှလွဲရော။ ငါတို့ဆရာကြီးက ကုံဒေသနဲ့များ အချိတ်အဆက်တွေရှိနေတာလား။ ” လူတိုင်းမှာ ဂယောင်ခြောက်ခြား ဖြစ်နေကြစဥ် ရွှီပေါက်ချိုင်၊ နတ်ဆရာနှင့် ဖက်တီးကျန်းကြီးတို့မှာ အသက်မဲ့သော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်ကာ ပိုင်ရှောင်ချန်းသည် မည်သို့သောနည်းဖြင့် ကုံဒေသ၏ သခင်ကြီးနှင့် အဆက်အသွယ်ရှိနေသနည်းဟု မတွေးနိုင်အောင် ဖြစ်နေကြတော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းက ပေါ့ပေါ့ပါးပါးဖြင့်ဆိုလိုက်သည်။
” မင်းတို့သိရင်လည်း ပြီးရော။ ကဲကဲ ငါအခု ကုံဒေသရဲ့ သခင်ကြီးဆီကို ဂါဝရသွားပြုလိုက်ဦးမယ်။ ငါပြန်လာရင် နောက်ဘာဆက်လုပ်မလဲ ဆုံးဖြတ်ကြတာပေါ့။ ”
ထိုသို့ဆိုကာ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပေလွှာကိုဆုပ်ကိုင်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

သူထွက်ခွာသွားသောအခါ မိုးပြာရောင် နဂါးအဖွဲ့အစည်းဝင် အားလုံးမှာ လက်ယှက်ကာ ဦးညွှတ်လိုက်ကြသည်။ သူတို့မှာ အနည်းငယ် စိတ်ပူနေကြသေးပါသော်လည်း ယခင်ကထက်မူ များစွာ စိတ်အေးသွားကြပြီ ဖြစ်သည်။ ထိုပုံစံကြောင့် သူတို့၏လက်အောက်ရှိ ကျင့်ကြံသူများကို ပို၍ ကောင်းမွန်စွာ လွှမ်းမိုးသွားနိုင်တော့သည်။ ထို့အပြင် မူးယစ်ဆေးလုံးများ၏ ပိတ်ပင်မှုကြောင့် မိုးပြာရောင်နဂါးအဖွဲ့အစည်းထဲတွင် ဖြစ်ပေါ်လာနိုင်သည့် ရှုပ်ထွေးမှုများမှာ ယခုလောလောဆယ်တွင်တော့ မရှိတော့ချေ။

ပိုင်ရှောင်ချန်း၏ သရုပ်ဆောင်မှုမှာ ကွက်တိကျခဲ့သည်။ ဖက်တီးကျန်းကြီးပင်လျှင် သူ့ကိုယုံစားသွားကာ ပိုင်ရှောင်ချန်းကို ယုံကြည်မှုများ အားကိုးမှုများနှင့်အတူ ငေးကြည့်နေတော့သည်။

သို့သော်လည်း မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ အင်မော်တယ်ဂူ အပြင်ဘက်သို့ ရောက်သည်နှင့် ပိုင်ရှောင်ချန်းမှာ ချုံးပွဲချ ငိုတော့မည့်အလား ဖြစ်သွားတော့သည်။ မကြာသေးမီက သူသည် ထောင်ထောင်လွှားလွှားဖြင့် ဟိတ်ဟန်အပြည့် ဖြစ်နေပါသော်လည်း ယခုတွင်မူ သူသည် စိုးရိမ်မှုများ၏ ဖိနှက်ခြင်းကို ခံနေရပြီဖြစ်သည်။ တချိန်ထဲမှာပင် ကောင်းကင်ဘုံ အဖွဲ့အစည်းအပေါ်ထားသည့် သူ၏အမျက်ဒေါသများမှာ ပို၍ပင် လောင်ကျွမ်းလာနေတော့သည်။ သို့သော်လည်း ယခုတွင်မူ သူ၏ ဒေါသပေါ်တွင် စိတ်ရောက်ကာ အချိန်ကုန်နေ၍ မရပေ။

” ကုံဒေသရဲ့ သခင်ကြီးက ငါ့ဆီက ဘာလိုချင်တာပါလိမ့်ကွာ… ”
သူက ရင်တထိတ်ထိတ်ဖြင့် တွေးကာ ကုံမြို့တော်၏အလယ်ပိုင်းနယ်မြေရှိ သက်တံ့ဒေသဆီသို့ ခေါ်ဆောင်သွားသည့် နေရာဆီသို့ ဦးတည်လာခဲ့သည်။

ထိုနေရာသည် အဝါရောင်ဝတ်ရုံအဆင့်သို့ ရာထူးတိုးခံရသည့် ကျင့်ကြံသူများက သက်တံ့ဆီသို့သွားရန် လာရောက်သည့်နေရာဖြစ်သည်။ အနီရောင်နှင့် လိမ္မော်ရောင် ဝတ်ရုံအဆင့်သာရှိသော ဂိုဏ်းသားများကမူ အထူးဖိတ်ကြားချက်နှင့် အမိန့်များရှိမှသာ ထိုနေရာသို့ ဝင်ခွင့်ရသည် ဖြစ်သည်။

တည်နေရာရွှေ့ပြောင်းသည့် ဝင်ပေါက်သို့ရောက်ရှိသွားသောအခါ သူက ကျောက်စိမ်းပေလွှာကိုထုတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ အရာအားလုံးကို စွန့်စားနေသည့်အလား သူသည် တည်ကြည်ကာ သနားစရာကောင်းသည့် ပုံစံတစ်ခုကို ဖမ်း၍ ဝင်ပေါက်ထဲသို့ လှမ်းလိုက်တော့သည်။

တဂျုန်းဂျုန်းမြည်သံများ နှင့်အတူ တည်နေရာရွှေ့ပြောင်းခြင်း၏ တလက်လက်တောက်ပနေသော အလင်းတန်းများထွက်ပေါ်လာပြီး သူ့ကိုတစ်ခဏမျှ လွှမ်းခြုံသွားကာ သူနှင့်အတူ ကွယ်ပျောက်သွားတော့သည်။

သူပြန်ပေါ်လာသောအခါတွင် ရေတံခွန်အောက်ခြေရှိ သက်တံ့များ၏ တတိယအဆင့်ဖြစ်သော ဒုတိယမြောက် သက်တံ့ပေါ်တွင်ရောက်ရှိနေသည်။

သူ၏ ရုပ်လုံးပေါ်လာသည့်အချိန်တွင် ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်ရှုလိုက်သောအခါ ကျောက်စိမ်းရောင်လမ်းများဖြင့် ဆက်သွယ်ထားသည့် ကျောက်မျက်ရတနာများစွာ စီခြယ်ထားသော အဆောက်အဦများကြားတွင် ရောက်နေကြောင်းကို သိလိုက်ရသည်။ နေရာတိုင်းတွင် အင်မော်တယ်သစ်ပင်များ ပေါက်ရောက်နေကြပြီး စိတ်စွမ်းအင်များမှာလည်း ပျံ့လွင့်နေကြသဖြင့် ထိုနေရာကြီးမှာ နတ်ဘုံနတ်နန်းတစ်ခုနှင့် ဆင်တူနေတော့သည်။

ရေကန်ငယ်လေးများနှင့် အင်မော်တယ်ဂူများအပြင် သစ်ပင်ပန်းမန်များ ရေကန်များကြားတွင် မြူးထူးပျော်ပါးနေကြသည့် အိမ်မွေးဝိညာဥ်သတ္တဝါများလည်းရှိသည်။ သိမ်မွေ့သော ခုနစ်ရောင်စဥ်ရှိသည့် အလင်းတန်းမှာ ထိုနေရာတစ်ခုလုံးထဲတွင် စိမ့်ဝင် ပျံ့နှံ့နေသဖြင့် ရင်သက်ရှုမောဖွယ်အလှအပ မြင်ကွင်းကြီးတစ်ခုကို ဖန်တီးထားသကဲ့သို့ ဖြစ်နေတော့သည်။

အဝါရောင်ဝတ်ရုံအဆင့် ကျင့်ကြံသူများကို နေရာတိုင်းတွင်မြင်နိုင်ပြီး သူတို့မှာ တရားထိုင်သူကထိုင်၊ လမ်းလျှောက်နေသူများက လမ်းလျှောက်နေကြသည်။ အရာရာတိုင်းမှာ တိတ်ဆိတ်ကာ ငြိမ်းချမ်းလွန်းနေပြီး ကုံမြို့တော်ရှိ ဆူညံပွက်လောရိုက်နေသည့် ဆူညံသံများကဲ့သို့အသံများမှာ လုံးဝမရှိပေ။ လူတိုင်းမှာ အရပ်မြင့်ကာ ပိန်သွယ်သွယ်ရှိကြပြီး သူတို့၏ ပတ်ပတ်လည်တွင် ဆန်းကြယ်သော အလင်းတန်းများက ရစ်ဝဲနေကြသဖြင့် လူသားကမ္ဘာ၏ ပြင်ပမှ အရာများနှင့်ပင် တူနေကြတော့သည်။

ထိုနေရာရှိ စိတ်စွမ်းအင်ကို ပို၍ပျော့ပျောင်းကာ သိမ်မွေ့အောင်ပြုလုပ်နေသည့် အချုပ်အနှောင် မန္တန်အစီအရင်တစ်ခုရှိသည်။ ထို့ကြောင့် ထိုစိတ်စွမ်းအင်ကို စုပ်ယူသည့်အခါတွင် မိမိ၏ စွမ်းအင်မှာ ကုန်ခန်းသွားခြင်း မရှိပေ။

ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် အံ့အားသင့်သွားရတော့သည်။ သက်တံ့ပေါ်တွင်ရှိသော ကမ္ဘာကြီးကို မြင်ရသည်မှာ ဤအကြိမ်သည် သူ၏ ပထမဆုံးဖြစ်သဖြင့် အမြင်မှားနေမည်စိုး၍ မျက်လုံးများကိုပင် ပွတ်နေတော့သည်။ ထိုအရာအားလုံးကမူ မပျောက်မပျက် ရှိနေဆဲပင်။ စိတ်ဝင်စားစရာ ကောင်းသည့်တစ်ချက်မှာ သက်တံ့ဒေသသည်ကြီးမားသော်လည်း ကုံမြို့တော်၏ အရွယ်အစား၏ တစ်ဝက်မျှသာ ရှိခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ဘေးဘီဝဲယာကို တအံ့တသြကြည့်ရှုနေစဥ် သူ၏ ရှေ့ဘက်ရှိ လေထုကြီးမှာ တွန့်လိမ်သွားပြီး အဝါရောင်ဝတ်ရုံအဆင့် ဂိုဏ်းသူတစ်ယောက်မှာ လေထဲမှပေါ်ထွက်လာတော့သည်။ သူမတွင် ရှည်လျားကာ လွင့်ပျံနေသည့် ဆံနွယ်များနှင့် လှပသော မျက်နှာအသွင်အပြင်ရှိပါသော်လည်း သူမ၏ အမူအရာကမူ အေးစက်စက်ဖြစ်နေသည်။ ပိုင်ရှောင်ချန်းကို အကဲခတ်ကာ သူမက ဆိုလိုက်သည်။
” နင်က ပိုင်ရှောင်ချန်းလား။ ”

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် တည်ကြည်သော အမူအရာတစ်ခု ပေါ်ထွက်လာတော့သည်။ ဤအမျိုးသမီးငယ်သည် အစောပိုင်းအမြုတေအဆင့်၏ ထိပ်ဆုံးတွင်သာ ရှိသေးပါသော်လည်း သူ၏ရှေ့တွင် ပေါ်ထွက်လာစေရန် သူမသုံးလိုက်သည့် နည်းလမ်းမှာ အတော်အတန် အံ့သြဖွယ်ကောင်းနေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင် သူနှင့် ကျင့်ကြံခြင်းအခြေခံအဆင့်တူသည့် အခြားလူတစ်ယောက်နှင့် ဆုံရသည်မှာ ဤအကြိမ်သည် သူ၏ပထမဆုံးအကြိမ်ဖြစ်ပြီး သူကြားသာကြားဖူးထားသည့် နတ်ဘုရားစွမ်းရည်အချို့နှင့် မှော်သိုင်းအချို့ကို ပထမဆုံး မျက်ဝါးထင်ထင်မြင်လိုက်ရသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းအခြေခံသာ သူ့ထက်သာလွန်နေပါက သူသည် ဤသို့တုံ့ပြန်မိမည်မဟုတ်။ သို့သော် သူတို့နှစ်ယောက်မှာ ကျင့်ကြံခြင်းအခြေခံတူညီနေသဖြင့် သူသည် အားနည်းနေသည့် ပုံစံပေါ်နေ၍ မသင့်ကြောင်း တွေးလိုက်သည်။ ထို့ကြောင့် သူက ဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။
” ဟုတ်တယ်။ ပိုင်ရှောင်ချန်းဆိုတာ ငါပဲ။ နင်က ဘယ်သူလဲ။ ”

” ငါနဲ့လိုက်ခဲ့။ ငါ့သခင်ကြီးက နင့်ကိုတွေ့ချင်နေတာ။ ပြီးတော့ ဒီနေရာမှာ သတိနဲ့စား သတိနဲ့သွား။ အမြုတေအဆင့် ကျင့်ကြံသူတွေက လမ်းပျောက်ပြီဆိုရင် ခဏလေးနဲ့ အသတ်ခံရနိုင်တယ်။ ”
ထိုသို့ဆိုကာ သူမက နောက်လှည့်ကာ ထွက်သွားတော့သည်။

သူမ၏ စကားများကြောင့် ပိုင်ရှောင်ချန်းမှာ စိုးရိမ်စိတ်များပို၍ကြီးထွားလာပြီး သူမနောက်သို့ အပြေးလိုက်သွားတော့သည်။ သူတို့နှစ်ယောက်မှာ အလင်းတန်းနှစ်တန်းအသွင်ပြောင်းကာ အဝေးသို့ ပျံသန်းသွားကြတော့သည်။

သူတို့ပျံသန်းရာလမ်းတစ်လျှောက်တွင် ပိုင်ရှောင်ချန်းသည် အောက်ဘက်ရှိအရာများကို ငုံ့ကြည့်ရင်းဖြင့် သက်တံ့ဒေသများ၏ တည်ဆောက်ထားပုံကို နားလည်သဘောပေါက်သွားတော့သည်။ အလယ်ဗဟိုဆီသို့ သူတို့သွားရာလမ်းတွင် အေးစက်မှုများနှင့် ဖိအားများ ဝန်းရံနေသည့် စက်ဝိုင်းပုံစံ ဒေသငါးခုရှိသည်။

အဆုံးတွင် မိန်းမပျိုလေးမှာ သူ့ကို အလယ်စက်ဝိုင်းအတွင်းသို့ခေါ်သွားသောအခါ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသည့် တောင်ထိပ်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။ ထိုတောင်ထိပ်ကို တလက်လက်တောက်ပနေသည့် ခုနစ်ရောင်စဥ်အလင်းတန်းတစ်ခုက ဝန်းရံထားပြီး တောင်ပေါ်တွင် သစ်ပင်ပန်းမန်များ လုံးဝမရှိပေ။ တောင်ထိပ်ပေါ်တွင်မြင်ရသည့် တစ်ခုထဲသောအရာမှာ ခဲရောင်ရှိပြီး ဖော်ပြ၍မရနိုင်သည့် စွမ်းအင်များ ဝန်းရံထားသည့် ဧရာမ ဘုံကျောင်းကြီးတစ်ကျောင်းဖြစ်သည်။ ၎င်းကိုကြည့်လိုက်ရုံဖြင့် ထိုအရာကြီးမှာ ဘုံကျောင်းကြီးတစ်ကြောင်းမဟုတ်ပဲ ရှေးဟောင်းသားရဲကြီးတစ်ကောင်ဟု ပိုင်ရှောင်ချန်းက ခံစားနေရတော့သည်။

မိန်းမပျိုလေးမှာ ပိုင်ရှောင်ချန်းကို တောင်ခြေအောက်ထိ လိုက်ပို့ပြီး ရပ်တန့်လိုက်လေသည်။ ထို့နောက် သူမက ဘာမှမပြောပဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ သူမ၏ လုပ်ရပ်များကို ပိုင်ရှောင်ချန်းက အဖြေထုတ်နေစဥ် ရှေးဟောင်းအသံကြီးတစ်သံမှာ ရုတ်တရက် တောင်ထိပ်ရှိ ဘုံကျောင်းထဲမှ ထွက်ပေါ်လာတော့သည်။

” မင်းရဲ့အပြစ်တွေကို ဝန်ခံစမ်း ပိုင်ရှောင်ချန်း။ “


Comment

Leave a Reply

Options

not work with dark mode
Reset