Switch Mode

အခန်း (၆၆)

အဆင့်တူအဖြစ် မသတ်မှတ်၍ မရတော့

အခန်း (၆၆) အဆင့်တူအဖြစ် မသတ်မှတ်၍ မရတော့

ရန်ကျောက်ကဲကို ကြည့်လျက် အရှေ့တန် ကျောက်ရှီချန်းသည် ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။ “ကျောက်ကဲမှာ နဂိုထဲက ထူးချွန်တဲ့ ပါရမီပါလာတာပဲ၊ ကြည့်ရတာ အရင်တုန်းက အပြည့်အဝ မပြသသေးတဲ့ ပုံပဲ”

ဒီနေ့မှသာ တူလေးရန် လေ့လာခဲ့တဲ့ သိုင်းပညာရပ်တွေကို၊ သူ အနှစ်နှစ်အလလ လေ့ကျင့်လာခဲ့တဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသလိုက်တာပဲ”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဆုပ်လျက် ကျောက်ရှီချန်းအား အရိုအသေပေးလိုက်သည်။ “ဦးလေး မြှောက်ပင့်လွန်းပါပြီ”

ဒါပေမယ့် ဒီတစ်ခါမှာတော့ ကျွန်တော် ဦးလေးကို ဒုက္ခပေးမိပါတယ်”

အကြီးအကဲချင်နှင့် ပူးပေါင်း၍ နေသူတော်စင်ဂိုဏ်း၏ အရှေ့တက်နေဝန်းဘုရင်အား တိုက်ခိုက်ခဲ့သောကြောင့် အရှေ့တန်ဘုရင်ကျောက်ရှီချန်းသည် ထိပ်သီးနယ်မြေနှစ်ခုအနက် ဝါဒတောင်ဂိုဏ်းဘက်မှ ရပ်တည်ကာ ပြတ်သားသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့လေပြီ။

အရှေ့တန်နိုင်ငံမှာ ကောင်းကင်နယ်မြေ၊ အရှေ့ကောင်းကင်ဒေသ၏ အစိတ်အပိုင်းတစ်ခုတွင် ပါဝင်လေရာ အရှေ့တန်နိုင်ငံသည် အမြဲလိုလို ဝါဒတောင်ဂိုဏ်းအောက်မှ အင်အားစုတစ်ခုသာ ဖြစ်ခဲ့သည်။

သို့ရာတွင် လက်ရှိတွင် နေသူတော်စဉ်ဂိုဏ်းမှာ အလွန် အင်အားကြီးမားနေသည့်အပြင် အရှေ့တန်နိုင်ငံ၏ နယ်စပ်ဒေသတချို့ကလည်း နေသူတော်စင်ဂိုဏ်း၏ မီးနယ်မြေနှင့် ထိစပ်လျက်ရှိသည်။

အခြားထိပ်သီးနယ်မြေများက စောင့်ကြည့်နေသောကြောင့် ထိပ်သီးနယ်မြေနှစ်ခုကြား အလုံးစုံ စစ်ပွဲ ဖြစ်လာမည်ကို နေသူတော်စင်ဂိုဏ်းဘက်ကလည်း မြင်ချင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် နေသူတော်စင်ဂိုဏ်းအတွက်တော့ အရှေ့တန်နိုင်ငံကို ကိုင်တွယ်ချင်ပါက အလွယ်လေးပင်ဖြစ်သည်။

အရှေ့တန်နိုင်ငံအတွက်မူ နေသူတော်စင်ဂိုဏ်းနှင့် ရင်ဆိုင်ရပါက အကြီးအကျယ် ဆုံးရှုံးမှုများ ကြုံတွေ့ရမည်မှာ မလွဲမသွေပင်။

ပစ္စည်းဥစ္စာများနှင့် နယ်မြေထိခိုက်ပျက်စီးမှုများကို ကုစား၍ရသော်လည်း သေဆုံးသွားသော လူတွေ၏အသက်ကိုတော့ ပြန်မရနိုင်ပေ။

ကျောက်ရှီချန်းက ခေါင်းခါလိုက်သည်။ “ဒီတစ်ခါ ဆေးလုံးစံအိမ်ရဲ့ ခေါင်းဆောင်မှု အပြောင်းအလဲနဲ့ ပတ်သတ်လို့ ကျောက်ရှီလီကို ကန်ထုတ်ပြီး နေသူတော်စင်ဂိုဏ်းကို ငါ့ရဲ့ရပ်တည်မှုကို ပြဖို့ နဂိုထဲက စီစဉ်ထားပြီးသားပါ၊ ဒီလိုဖြစ်လာတော့လဲ ပိုအဆင်ချောသွားတာပေါ့”

ဒီဘုရင်က အမြဲတမ်း ဝါဒတောင်ဂိုဏ်းကို ထောက်ခံခဲ့တာ နေသူတော်စင်ဂိုဏ်း မသိတာတော့ မဟုတ်ပါဘူး၊ ဒီတစ်ခါတော့ အားလုံး ရှင်းရှင်းလင်းလင်းဖြစ်သွားတာပေါ့”

အရှေ့တန်မြေပေါ်တွင် သူ့မိတ်ဆွေဟောင်း၏သားက အန္တရာယ်ကျရောက်နေသည်ကို အရှေ့တန်ဘုရင် လက်ပိုက်၍ ကြည့်မနေနိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူသည် အစွမ်းကုန်သုံး၍ ရန်ကျောက်ကဲဘက်မှ အကူအညီပေးလိမ့်မည်ဖြစ်သည်။

အကြီးအကဲချင်က သူ့သဘောထားကို ထုတ်ပြောသည်။ “လက်ရှိမှာ အခြေအနေက အတော် ထူးခြားနေလို့ ဒီလူအိုကြီး အရှေ့တန်မှာ ကာလတစ်ခုအထိတော့ ဆက်ရှိနေဦးမယ်”

ကျွန်တော်တို့ အကြီးအကဲချင်ကိုပဲ ဆက်အားကိုးရဦးမှာပါပဲ” နေသူတော်စင်ဂိုဏ်းထံမှ အလွန်ကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေကလင့်ကစား ကျောက်ရှီချန်း၏မျက်နှာသည် ပုံမှန်အတိုင်း တည်ငြိမ်နေဆဲဖြစ်၏။

သူသည် ရန်ကျောက်ကဲအား သဘောကျစွာ ကြည့်လိုက်သည်။ “ကျောက်ကဲက ဆေးဝါးတာအိုမှာ ဒီလောက် နက်နဲတဲ့ အဆင့်ထိ ရောက်နေတဲ့အကြောင်း ငါ မသိခဲ့ဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်သည်။ “ဒီလောက် မဟုတ်သေးပါဘူး၊ မကြာသေးခင်ကမှ အဖိုးတန်တဲ့ ကျမ်းတပိုင်းတစရပြီး လေ့လာမိလို့ ဒီနယ်ပယ်မှာ နည်းနည်ပါးပါး တီးမိခေါက်မိရှိတာပါ၊ ဒါပေမယ့် ကျမ်းတစ်ခုလုံးအပြည့်အစုံ မရှိတဲ့အတွက် ကိုယ့်ဘာကိုယ် ဆက်လေ့လာဖို့ လိုသေးပါတယ်”

ကျောက်ရှီချန်း သက်ပြင်းချလိုက်သည်။ “အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုလိုပဲ ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်ကလဲ မဟာကပ်ဘေးပြီးကတည်းက လုံးဝ ပျောက်ကွယ်သွားတာပဲ”

ငါ့တူရဲ့တာအိုကတော့ ကံကောင်းခြင်းပဲ ဖြစ်ရမယ်” ကျောက်ရှီချန်း စကားပြောရင်း ရန်ကျောက်ကဲအား စနောက်လိုက်သည်။ သို့သော် သူ့လေသံနှင့် အမူအရာက လေးနက်မြဲပင်။

ရန်ရှု့နှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားသည်။ “ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ်လား”

အကြီးအကဲချင်မှာ ဤအကြောင်းကို ပင်မဂိုဏ်းမှ ကြားပြီးဖြစ်သောကြောင့် သိပ်မအံ့ဩမိပေ။

အကြီးအကဲချင်မှာ အရှေ့ကောင်းကင်ဒေသတစ်ခုလုံး၏အကြီးအကဲဖြစ်လေရာ ရန်ကျောက်ကဲသည် အရှေ့တန်နိုင်ငံအတွင်းမှ သူ့လှုပ်ရှားမှုများကို အကြီးအကဲချင်ထံ ပြန်လည်အစီရင်ခံလေ့ရှိခဲ့သည်။

စမ်းသပ်နေဆဲကာလလို့ မင်း ပြောခဲ့တာမဟုတ်ဘူးလား၊ အခု အခြေအနေ တိုးတက်လာပြီလား” အကြီးအကဲချင်၏မျက်နှာ၌ ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။

ရန်ကျောက်ကဲက ပြုံးလျက် ခေါင်းငြိမ့်၏။ “လေ့လာနေဆဲမှာပဲ ရှိသေးပါတယ် အကြီးအကဲ၊ ဒါပေမယ့် အခြေခံဆေးလုံးတွေ၊ ဆေးဝါးတွေမှာတော့ ကောင်းကောင်း အသုံးချလို့ ရပါပြီ”

အရှေ့တန်ဘုရင် ကျောက်ရှီချန်းက ခေါင်းခါလိုက်သည်။ “ဒဏ်ရာကျက်ဆေးလုံးတွေမှာ အသုံးပြုနိုင်တာက တမျိုးပေါ့၊ ဒါပေမယ့် တိမ်မီးခိုးအမှုန့်က အခြေခံဆေးဝါးမဟုတ်ဘူး၊ ဒဏ်ရာတွေကို ကုသတဲ့ ဆေးတွေထဲမှာတော့ နတ်ဆေးတစ်ပါးပဲ”

အကြီးအကဲချင်နှင့် အရှေ့တန်ဘုရင်ကျောက်ရှီချန်းတို့၏စကားတို့ကို နားထောင်ရင်း အခြားသူများလည်း ထိုအကြောင်းကို တဖြည်းဖြည်း နားလည်လာကြသည်။

အစက ရန်ရှု့သည် အေးစက်သော အကြည့်ဖြင့် ရန်ကျောက်ကဲအား စိုက်ကြည့်လျက်ရှိ၏။ သို့ရာတွင် ယခုအခါ အေးစက်မှုမှာ လုံးဝပျောက်ကွယ်သွားကာ တည်ငြိမ်မှုသာ ကျန်တော့သည်။

သို့သော်လည်း ၎င်းမှာ အတိတ်တုန်းက သူတို့နှစ်ယောက်ကြား ဖြစ်ပျက်ခဲ့သည်များကို မရှိသလို သဘောထားလိုက်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ရန်ရှု့က ရန်ကျောက်ကဲအား ကြည့်သော ပုံစံမှာ လူကြီးမျိုးဆက်က လူငယ်မျိုးဆက်ကို ကြည့်သော ပုံစံမျိုး မဟုတ်တော့ပေ။

ထိုအခိုက်တွင် သူသည် ရန်ကျောက်ကဲကို သူနှင့် အဆင့်တူအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။

လက်ရှိရန်ကျောက်ကဲ၏ကျင့်ကြံမှုအဆင့်က သူနှင့် အဝေးကြီးတွင် ရှိသေးသော်လည်း သူ့စိတ်ထဲ၌ ထိုကဲ့သို့ ယူဆထားလေ၏။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ဖန်တီးခြင်း နည်းစနစ်၊ တိမ်သွေးကြောသလင်းကျောက်များကို ကျောက်စိမ်းအဆီအနှစ်အဖြစ် ပြောင်းလဲခြင်း၊ ဆေးလုံးလွတ်မြောက်စေသော ရွှေအပ်နည်းစနစ်နှင့် ရန်ကျောက်ကဲတွင် ပိုင်ဆိုင်သော ကျင့်ကြံခြင်းပါရမီနှင့် စွမ်းရည်များ…

ထိုကဲ့သို့ အရာများက တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် သုံးကြိမ်မဟုတ် ထပ်ခါထပ်ခါ ဖြစ်ပျက်လာ၏။

တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်မှုကြောင့် သို့မဟုတ် ကံကောင်းမှုကြောင့်ဟု သဘောထားလို့ ရသေးသည်။ သို့သော်လည်း ဤကဲ့သို့ အရာမျိုးက အကြိမ်တိုင်း ဖြစ်လာလေရာ တိုက်ဆိုင်မှုဟု မဆိုနိုင်တော့၊ သေချာပေါက် အမြဲလိုလို ဖြစ်ပျက်နေသော အရာများ ဖြစ်နေလေပြီ။

ရန်ရှု့သည် ရန်ကျောက်ကဲအား လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ ထို့နောက် ရန်ကျောက်ကဲအား ဆက်လက်အာရုံစိုက်ပုံမရတော့။

သို့သော် အမှန်တော့ သူ့စိတ်ထဲတွင် ပိုမို ပြတ်သားလာပြီး ရန်ကျောက်ကဲအား ယခင်ကထက် ပို၍ အသေးစိတ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဆက်ခံသူနေရာအကြား ယှဉ်ပြိုင်မှုတွင် ဒုတိယမျိုးဆက်အချင်းချင်း အင်အားညီမျှနေစဉ် ထူးချွန်သော တတိယမျိုးဆက်တစ်ယောက်ရှိခြင်းက လက်ရှိဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ကို သက်ရောက်စေနိုင်လေသည်။

လူအများကတော့ သိလိမ့်မည်မဟုတ်ပေ။ ရန်ကျောက်ကဲနှင့် သူ့အဖေအပေါ် ရန်ရှု့၏ သတိထားမှုနှင့် ကြောက်ရွံ့မှုက အခြားသူများထက် လွန်ကဲလေသည်။

၎င်းမှာ အုပ်စုအချင်းချင်း ယှဉ်ပြိုင်မှုမှ စတင်လာခြင်းမဟုတ်ပေ။ သူ့နှလုံးသားအတွင်းပိုင်းမှ ဖုံးကွယ်ထားသည့် ကြောက်ရွံ့မှုနှင့် သက်ဆိုင်၏။

ရန်တိ အင်အားကြီးသည်ထက် ကြီးလာလေလေ၊ သူ့ဩဇာအာဏာနှင့် သူ့လုပ်ပိုင်ခွင့်က ကြီးမားလာလေ၊ ရန်ရှု့မှာ စားဝင်အိပ်ပျော်ရ ခက်လေဖြစ်သည်။

အဲ့နှစ်က ကိစ္စမှာ ငါ ပါဝင်နေတာကို အဲ့နှစ်ယောက်သာ သိသွားရင်….”

အစတုန်းက ငါ့ကို ရန်တိကပဲ ခြိမ်းခြောက်နိုင်မယ် ထင်ထားတာ၊ အခုတော့ ရန်တိအပြင် ဒီဂျူနီယာကလည်း ငါ့အတွက် ခြိမ်းခြောက်မှုအကြီးကြီးပဲ”

သူ့ကြောင့်ပဲ ရန်တိရဲ့အရှိန်အဟုန်က ပိုမို ကြီးမားလာတယ်၊ အကြီးအကဲဖန်းကို ဖိနှိပ်နိုင်တဲ့ အခြေအနေထိတောင် ရောက်နိုင်တယ်၊ ဒီအတိုင်းသာ ဆက်သွားရင်တော့….”

ရန်ရှု့သည် သက်ပြင်းတစ်ချက် ရှိုက်သွင်းလိုက်၏။ သူ့အကြည့်မှာ ပိုမို တည်ကြည်လာသလို ပိုမို နက်မှောင်သုန်မှုန်လာ၏။

အစက အနည်းငယ် တုံ့ဆိုင်းနေသော်လည်း လက်ရှိတွင် စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။

ထိုစဉ် ဝါဒတောင်၏အရေးပါသော အခြားကျင့်ကြံသူများက ရန်ကျောက်ကဲအား ကြည့်သောအကြည့်များ၌ ယခင်ကထက် ပိုမို ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

ရန်တိ၏အုပ်စုနှင့် ရင်းနှီးသူများမှာ အနည်းငယ် ယုံကြည်ရခက်နေပုံရသော်လည်း ပျော်ရွှင်နေကြသည်။ ထိုစဉ် ရန်ကျောက်ကဲ၏ ဒုတိယဦးလေး၏အုပ်စုနှင့် ရင်းနှီးသောသူများမှာမူ စိတ်ထဲတွင် ဝမ်းသာဝမ်းနည်းဖြစ်နေကြသည်။

သူတို့သည် ဝါဒတောင်မှ ကြီးပြင်းလာသူများ ဖြစ်ကြရာ သူတို့ဂိုဏ်းမှ ဤကဲ့သို့ ပါရမီရှင်မျိုး ထွက်ပေါ်လာသဖြင့် သူတို့သည် ဂုဏ်ယူမိသလို ဂိုဏ်းအတွက်လည်း ပျော်ရွှင်မိသည်။

သို့သော်လည်း ထိုပါရမီရှင်မှာ တစ်ဖက်အုပ်စုမှ ဖြစ်နေ၏။

ရန်ကျောက်ကဲက သူတို့စိတ်ထဲ မည်သည့်အရာများ တွေးနေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသည်။

တကယ်တော့ သူလုပ်ခဲ့သောအရာက နောင်အတွက် အခြေခံ တည်ဆောက်နေခြင်းသာဖြစ်သည်။ ရန်ကျောက်ကဲသည် သူ့အဖေ ဂိုဏ်းချုပ်ရာထူးကို ရယူနိုင်ရန်အတွက် အရေးပါသော နတ်ဆေးလုံးတစ်လုံးကို ဖော်စပ်ရန် ပြင်ဆင်လျက်ရှိသည်။

မဟာကပ်ဘေးပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာထဲတွင် တစ်ခါမှ မပေါ်လာခဲ့သော ဆေးလုံး။ ထိုဆေးလုံး ထွက်ပေါ်လာလျှင်တောင်မှ မည်သူကမျှ ၎င်းကို မှတ်မိလိမ့်မည်မဟုတ်ပေ။

၎င်းမှာ ကျင့်ကြံသူများ စမ်းသပ်၊စစ်ဆေးနိုင်သော ရှေးဟောင်းပစ္စည်းများ၊ ဝိဉာဉ်လက်နက်များနှင့် မတူပေ။

ဆေးလုံးကို ပါးစပ်ထဲမျိုချ၍ ချေဖျက်လိုက်ပြီးနောက် ၎င်းက မည်ကဲ့သို့ သက်ရောက်မှုမျိုး ဆောင်ယူလာမည်ကို ပြောရန် ခက်ခဲသည်။

၎င်းမှာ အရမ်းကောင်းမွန်သော အားတိုးဆေးဖြစ်နိုင်သလို အလွန်ပြင်းထန်သော အဆိပ်လည်း ဖြစ်နိုင်သည်။ ထိုကဲ့သို့ အခြေအနေမျိုး အမှန်တကယ် ဖြစ်လာခဲ့ဖူးသည်။

ထိုဆေးလုံးကို အခြားသူများ သံသယဖြစ်မည်မှာ မလွဲမသွေပင်တည်း။ ထို့ကြောင့် ရန်ကျောက်ကဲက အရင် ကြိုတင်၍ အခြေခံတည်ဆောက်နေခြင်း ဖြစ်၏။

သူသည် အခြားသူများက သူ့အပေါ် ဤကဲ့သို့ ထင်မြင်စေချင်သည်။ “ဆေးဝါးတာအိုမှာတော့ ရန်ကျောက်ကဲကို သွားပြောင်လို့မရဘူး၊ သူက အဲ့နယ်ပယ်မှာ အရမ်းကျွမ်းတယ်၊ သူ့ဆို ငါတို့ ယုံကြည်ပြီးသား” ဟူ၍ ဖြစ်သည်။

သို့သော် မလိုအပ်သော အာရုံစိုက်မှု အများအပြားမရရှိစေရန် အခြေခံကို တစ်ဆင့်ချင်းစီ၊ တဖြည်းဖြည်းနှင့် တစ်ကန့်ချင်းစီ တည်ဆောက်ရပေမည်။

ထိုသို့ အခြေခံတည်ဆောက်စဉ်မှာပင် ရန်ကျောက်ကဲသည် အရှေ့တန်နိုင်ငံအတွင်းမှ နေသူတော်စင်ဂိုဏ်း၏ အကြီးဆုံး အစွယ်အမွှားကို ဖယ်ထုတ်နိုင်ခဲ့ကာ ဝါဒတောင်၏ဩဇာကို ပိုမို ခိုင်မာလာစေခဲ့သည်။ ဤသို့ဖြင့် ရန်ကျောက်ကဲသည် တစ်ကွက်တည်းဖြင့် အကျိုးအမြတ် အများအပြားရရှိခဲ့သည်ဟု ဆိုရပေမည်။

အဖြစ်အပျက် အလုံးစုံကို သဘောပေါက်ပြီးနောက် အကြီးအကဲချင်သည် အရှေ့တန်ဘုရင်ကျောက်ရှီချန်းအား အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။ “ထူးချွန်တဲ့ သားတစ်ယောက်ကို ထပ်မံ မွေးထုတ်နိုင်ခဲ့တဲ့အတွက် အရှင်မင်းကြီး ဂုဏ်ပြုကြောင်း ပြောပါရစေ”

အရှေ့တန်ဘုရင်၏မျက်နှာက လေးနက်တည်ငြိမ်လျက်ပင် “ကျောက်ဟို ဒီလောက်အထိ ဖြစ်ထွန်းလာလိမ့်မယ်ဆို ဒီဘုရင် မထင်ထားခဲ့ဘူး၊ ဒါပေမယ့် အတည်မပြုရသေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိသေးတယ်”

ပြီးတော့ ကျောက်ရှီလီက အလောင်းအစားရှုံးလို့ ဆေးလုံးစံအိမ်က သူ့ရှယ်ယာကို ရန်ကျောက်ကဲလက်ထဲ လွဲပေးလိုက်ရပေမယ့် ဒီဘုရင် သူ့အကြောင်း ကောင်းကောင်းသိတယ်၊ ဒီကောင် လွယ်လွယ်နဲ့ နောက်ဆုတ်မှာ မဟုတ်ဘူး”

ဒီနှစ်တွေမှာ ဆေးလုံးစံအိမ်ထဲကို သူ့လူတွေ အများကြီး ထည့်ထားတယ်၊ တချို့ဆို အရေးပါတဲ့ ရာထူးတွေတောင် ရနေကြပြီ၊ ဒီလူတွေကို ဂရုတစိုက် ရှင်းထုတ်ပစ်ဖို့ လိုမယ်”

ဒါပေမယ့် ဒီကိစ္စက နောက်ရက်အနည်းငယ်လောက်ဆို ပြီးလောက်မှာပါ” ကျောက်ရှီလီက အေးအေးလူလူဖြင့် ဆက်ပြောသည်။

အကြီးအကဲချင် ခေါင်းငြိမ့်၏။ “ဒီလူအိုကြီးက အရှင်မင်းကြီးရဲ့ အရည်အချင်းကို ယုံပြီးသားပါ”

ထိုသို့ပြောပြီးသောအခါ သူသည် ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ “ကျောက်ကဲ၊ မင်းတော့ ငါတို့ဂိုဏ်းအတွက် ဆက်တိုက်ကို အကျိုးဆောင်နေတော့တာပဲ”

အခြားဆုတွေအကြောင်း မပြောဘဲ နေဦးစို့၊ အဲ့တာတွေကို နောက်ကြ ဂိုဏ်းက ဆုံးဖြတ်ပြီး ပေးလိမ့်မယ်၊ လောလောဆယ်တော့ ငါက ဆေးလုံးစံအိမ်ကိစ္စမှာ မင်းရဲ့ စွမ်းဆောင်ခဲ့မှုအတွက် ဆုချီးမြှင့်မယ်”

ဆေးလုံးတွေ ဆေးဝါးတွေရဲ့ ထိရောက်မှုကို တိုးမြှင့်နိုင်တဲ့ ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်ကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့တဲ့အပြင် အရှေ့တန်ဆေးလုံးစံအိမ်က နေသူတော်စင်ဂိုဏ်းရဲ့လက်တံကိုပါ ရှင်းထုတ်နိုင်ခဲ့တဲ့အတွက်….”

ကျင်မင်းသားဆီက မင်း နိုင်ခဲ့တဲ့ ဆေးလုံးစံအိမ်က ရှယ်ယာအပြင် ငါတို့ဝါဒတောင်ဂိုဏ်းက လျှို့ဝှက် ကိုင်ဆောင်ထားတဲ့ ဆေးလုံးစံအိမ်ရဲ့ ရှယ်ယာကိုပါ မင်းကို ချီးမြှင့်မယ်”

အဲ့ကရတဲ့ အကျိုးအမြတ်တွေကို အမြော်အမြင်ရှိရှိသုံး၊ ဂိုဏ်းကလိုအပ်တယ်ဆို မင်းကို မရှုံးစေရပါဘူး၊ ငါတို့ အဲ့တာကို ဈေးကွက်ပေါက်ဈေးနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် မင်းလိုချင်တဲ့ အရင်းအမြစ်တွေနဲ့ပဲဖြစ်ဖြစ် မင်းကို လဲပေးမယ်”

ဆေးလုံးစံအိမ်က ကိစ္စတွေကို မင်းတစ်ယောက်မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်”

ရန်ကျောက်ကဲက အသာအယာ ပြုံးလိုက်သည်။ “အကြီးအကဲချင်ကို ကျေးဇူးတင်ပါတယ်”

အခြားသူများမှာ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိကြသည်။ ရန်ရှု့တစ်ယောက်ကသာ အမူအရာမပြောင်းလဲဘဲ ရှိနေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset