ပိုင်ရှောင်ချန်း ခေါ်ဆောင်လာခဲ့သည့် တာအိုစောင့်ရှောက်သူ ငါးယောက်ထဲတွင် ပျောက်ဆုံးနေသည့် တစ်ယောက်ထဲသောသူမှာ စုန့်ချွဲ ဖြစ်သည်။ ကျန်သောလေးယောက်မှာ သူ၏ဘေးသို့ ပြန်ရောက်လာပြီဖြစ်သည်။
ချင်းမေ့ယွမ်ပင်လျှင် အနေအထိုင် ဆင်ခြင်နေပြီဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံကိစ္စနှင့် မဆိုင်သော အခြား အရာများနှင့် ပတ်သတ်၍ သူ့အပေါ်ကို မှီခိုနေရသော လူများရှိနေသည်ဆိုသည့် ခံစားချက်ကြောင့် ပိုင်ရှောင်ချန်းမှာ ကျေနပ်အားရနေသည်။ ထိုအကြောင်းအရာများကို သူတရားထိုင်နေစဉ်အချိန်များတွင် တွေးနေမိသည်။
ယခုအခါ ဖက်တီးကျန်းကြီးလည်း ပြန်ရောက်လာပြီ ဖြစ်ရာ ပိုင်ရှောင်ချန်း၏ ရင်လေးနေမှုကြီးမှာ ပျောက်ကွယ်သွားတော့သည်။ ဖက်တီးကျန်းကြီးသည် နတ်ဆရာ၊ ရွှီပေါက်ချိုင်တို့နှင့် မတူပေ။ ကျင့်ကြံခြင်းလောကတွင် ပိုင်ရှောင်ချန်း စတင်အခြေချခဲ့သည့်နေ့မှစ၍ သူတို့နှစ်ယောက်မှာ မိတ်ဆွေများဖြစ်ခဲ့သည် မဟုတ်ပါလော။
မိုးပြာရောင် နဂါးအဖွဲ့အစည်းသို့ ဖက်တီးကျန်းကြီး ရောက်ရှိလာသောအခါ သူသည် ဒုတိယအရေးကြီးဆုံး လူဖြစ်သွားပြီး နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့ထက်ပင် ရာထူးပို၍ ကြီးသွားတော့သည်။ နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့မှာလည်း ဤအချင်းအရာကို ကြည်ကြည်ဖြူဖြူလက်ခံလိုက်ကြသည်။ ပိုင်ရှောင်ချန်းနှင့် ဖက်တီးကျန်းတို့မှာ အလွန်နီးစပ်ကြောင်း သူတို့က သိသည်မဟုတ်ပါလော။
မိုးပြာရောင် နဂါးအဖွဲ့အစည်းက ပို၍ကြီးမားလာပြီး ပို၍ တန်ခိုးအာဏာ ကြီးထွားလာကာ ကောင်းကင်ဘုံ အဖွဲ့အစည်းနှင့် မူးယစ်ဆေးလုံးများအပိုင်းတွင် ယှဉ်ပြိုင်ရုံသာမက အခြားနယ်ပယ်များတွင်ပါ ယှဉ်ပြိုင်လာတော့သည်။
သို့သော် ထိုသို့ယှဉ်ပြိုင်မှုများမှာ အချိန်တိုအတွင်း မအောင်မြင်နိုင်ပေ။ သူသည် ဖက်တီးကျန်းကြီးနှင့် အခြားလူများကို လုပ်ပိုင်ခွင့်အာဏာများ လွှဲပေးထားလေသည်။ ပိုင်ရှောင်ချန်းမှာ သူ၏အံ့သြဖွယ်ကောင်းလောက်သော အရည်အချင်းကို ကျေနပ်နေတော့သည်။ သူသဘောမတွေ့သည့် တစ်ခုထဲသောအရာမှာ သူ၏ကိုယ်ပိုင် အင်မော်တယ်ဂူတစ်လုံး မပိုင်ဆိုင်ရခြင်းပင်ဖြစ်သည်။ ကုံမြို့တော်ရှိ အရာရာတိုင်းကို ဂိုဏ်းမှနေ၍ ငှားရမ်းရသည်သာ ဖြစ်သည်။
အနည်းငယ် လှည့်လည်မေးမြန်းလိုက်ပြီးနောက် ချီလင် ဦးချိုနှင့် ဖီးနစ်ငှက်မွှေးရှာသည်မှာ ကုံမြို့တော်တွင် ကိုယ်ပိုင်နယ်မြေပိုင်ဆိုင်ထားသူကို ရှာရသည်ထက် ပို၍လွယ်မည်ဖြစ်ကြောင်း သူကသိလိုက်လေသည်။ ထိုသို့ပိုင်ဆိုင်ချင်ပါက မိမိ၏နောက်ကွယ်တွင် အားကောင်းသည့် ကျောထောက်နောက်ခံ တစ်ခုရှိမှသာ ရနိုင်မည်ဖြစ်သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းတွင် အင်အားကြီး နောက်ခံများမရှိသဖြင့် ထိုအတွေး ကို စွန့်လွှတ်လိုက်ရတော့သည်။ သူ၏ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ကာ မိုးပြာရောင် နဂါးအဖွဲ့အစည်းမှရသည့် အကျိုးအမြတ်များစွာဖြင့် ဝိညာဉ်ဆေးနှင့် ဝိညာဉ်အစားအစာများဝယ်ကာ သူ၏ ကျင့်ကြံမှုနှုန်းကို မြန်ဆန်အောင် လုပ်နေတော့သည်။
စွမ်းဆောင်ရည် ရမှတ် တစ်သန်းလောက်သုံးပြီးသည့် အခါမှသာ သူသည် ထာဝရအသက်ရှည်နည်းပညာရပ်ကို သူ၏ဘယ်ခြေထောက်ရှိ ခြေချောင်းများမှ ခြေသလုံးအထိ ပြီးစီးအောင် ကျင့်ကြံသွားနိုင်တော့သည်။
သူ့ခြေထောက်၏ ထိုအစိတ်အပိုင်းမှ ထာဝရအရွတ်အကြောများ၏ စွမ်းအားများ ပေါ်ထွက်နေပြီး သူသည် ကောင်းကင်ကိုတုန်ခါစေကာ မြေကြီးကိုပင် အက်ကွဲစေနိုင်လောက်သည့် ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုန်လွှတ်နိုင်နေတော့သည်။
သူ၏ဘယ်ခြေထောက်မှ စွမ်းအားများမှာ ညာခြေထောက်ထက်များစွာ သာလွန်နေတော့သည်။ ထိုခြေထောက်သည် သူ၏အပြင်ခန္ဓာကိုယ်အစိတ်အပိုင်းများထဲတွင် အံ့သြဖွယ်အကောင်းဆုံး စွမ်းအားများ ကိန်းအောင်းနေသည့် နေရာလည်းဖြစ်သည်။
အနည်းငယ်မျှ စမ်းသပ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည် ခွန်အားပိုင်းတွင်သာမက အမြန်နှုန်းတွင်ပါ တိုးတက်လာကြောင်း သတိထားမိလိုက်သည်။ ဤအချိန်တွင် သူ၏ဘယ်ခြေထောက်သည် ညာခြေထောက်ထက် နှစ်ဆပို၍မြန်အောင် လှုပ်ရှားနိုင်နေပြီဖြစ်သည်။
ထိုသို့ မဖြစ်ခင်ကထဲက သူ၏ထာဝရကောင်းကင်ဘုရင်နှင့် ကောင်းကင်တာအိုရွှေအမြုတေတို့ကြောင့် သူသည် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ရှိသော ကျင့်ကြံသူများထဲတွင် ထိပ်ဆုံးအဆင့်များထဲမှ တစ်ယောက်အဖြစ် ပါဝင်နေသည်။ ထို့ကြောင့် သူ၏ အမြန်နှုန်းကို မြင်လိုက်ရသူတိုင်းမှာ အံ့သြမှင်တက်သွားရမည်သာ ဖြစ်သည်။
သူ၏ အမြန်နှုန်းတိုးတက်လာမှုကြောင့် ပိုင်ရှောင်ချန်းသည် သူ၏ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ပျင်းရိပျင်းတွဲဖြစ်ကာ နှေးကွေးလာသည်ဟုပင် ခံစားနေရတော့သည်။
” ငါထာဝရအရွတ်အကြောတွေကို ပြီးစီးအောင် ကျင့်ကြံနိုင်တဲ့နေ့တစ်နေ့ အမြန်ဆုံးနှုန်းနဲ့ ပြေးပြမယ်ဟေ့။ ”
ဤသို့တွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ မျှော်လင့်ချက်အရိပ်အယောင်များဖြင့် တောက်ပနေတော့သည်။
အလယ်ဒေသရှိ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ရှိခဲ့စဉ် သွေးဘိုးကြီး၏ အကူအညီကို ရလျှင်ပင် ဤအခြေအနေသို့ရောက်ရန် အချိန်အများကြီးပေးရမည် ဖြစ်သည်။ သို့သော် မြစ်ဝဂိုဏ်းဖြစ်သည့် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင်မူ ဖော်ပြ၍ မရနိုင်လောက်အောင် အင်အားကြီးသည့် စိတ်စွမ်းအင်များ၊ အဆင့်ပိုကောင်းသော ဝိညာဉ်ဆေးများနှင့် ဝိညာဉ် အစားအစာများကြောင့် အရာရာတိုင်းမှာ မတူညီတော့ပေ။
တစ်ခုတည်းသော စိတ်ပူစရာအချက်မှာ ထိုပစ္စည်းများကို လိုအပ်သည့် စွမ်းဆောင်ရည် ရမှတ် ပမာဏတစ်ခုပေးမှသာ ဝယ်၍ရခြင်းဖြစ်သည်။ ကံကောင်းစွာပင် ပိုင်ရှောင်ချန်းတွင် ထိုအမှတ်များစွာရှိပေသည်။
သူ၏ ထာဝရအရွတ်အကြောများနှင့် ပတ်သတ်သည့် အောင်မြင်မှုများအပြင် သူ၏လက်ဝယ်တွင် စွမ်းဆောင်ရည် ရမှတ်များစွာ ကျန်ရှိနေသေးသဖြင့် သူ၏ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်မှာလည်း အလျင်အမြန် တိုးတက်နေတော့သည်။
ဤနေရာရှိ ကောင်းကင်တံတားမြစ်ရေသည် အလယ်နှင့်အောက်ပိုင်းဒေသများနှင့် များစွာ ကွဲပြားခြားနားသည်။ ဤနေရာရှိ ရေမှာ ပို၍ အားပြင်းပြီး ပို၍သန့်စင်လှသည်ဖြစ်ရာ အခြားနေရာမှ ရေများမှာ ယှဥ်၍ပင်မရချေ။ တစ်ခေါက်ကဆိုလျှင် သူသည် စွမ်းဆောင်မှုရမှတ် ထောင်သောင်းနှင့်ချီ၍သုံးကာ ထိုရေများကို တစ်ဖလားတိတိ ဝယ်ယူလိုက်သည်။
အဆုံးတွင် သူသည် အေးစိမ့်ကျင့်ကြံသူ အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်သွားတော့သည်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူသည် အေးစက်မှုများကို မီတာသုံးရာ ပတ်ပတ်လည်သို့ ဖြန့်ကျက်နိုင်ပြီး ထိုမီတာသုံးရာအတွင်းတွင် မှုန်ဝါးဝါး အေးစိမ့် အရိပ်တစ်ခု ပေါ်ထွက်လာမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိုပုံရိပ်နှင့် ဆန္ဒရှိသလို နေရာလွှဲပြောင်းနိုင်သည်။ အကယ်၍ ထိုအကွက်ကို တိုက်ပွဲတွင် သေသေချာချာ အသုံးချနိုင်ပါက သူသည် မထင်မှတ်ထားသောနည်းလမ်းဖြင့် အနိုင်ယူနိုင်မည်ဖြစ်ပြီး အင်အားကြီးပြိုင်ဘက်တစ်ယောက်ကို ရှုံးနိမ့်နေရာမှ ရုတ်တရက် ပြန်၍ပင် အနိုင်ယူသွားနိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကြောင့် အလွန်စိတ်လှုပ်ရှားသွားပြီး ထိုသိုင်းကွက်ကို လေ့ကျင့်ရန် သီးသန့် လေ့ကျင့်ရေးနယ်မြေ တစ်ခုကိုပင် တည်ဆောက်လိုက်လေသည်။ သူတစ်ယောက်ထဲရှိကြောင်းသေချာသောအခါ သူက ထိုနေရာကို အလုံပိတ်လိုက်ပြီး စမ်းသပ်မှုအချို့ကို ပြုလုပ်လိုက်တော့သည်။ မီတာသုံးရာပတ်လည် အေးခဲနေသည့်နယ်မြေအတွင်းတွင် အေးစိမ့်အရိပ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သောအခါ ချက်ချင်းပင် ထိုအရိပ်၏ နေရာသို့ ရောက်သွားတော့သည်။ တည်နေရာရွှေ့ပြောင်းခြင်းနှင့်ပင် ဆင်တူနေတော့သည်။ ထိုသိုင်းကွက်ကို သူက ရင်းနှီးအောင်လုပ်လိုက်ပြီးနောက် စိတ်လှုပ်ရှားလွန်းနေသဖြင့် စကားလုံးများနှင့်ပင် မဖော်ပြနိုင်လောက်အောင် ဖြစ်နေရတော့သည်။
အေးစိမ့်ကျင့်ကြံသူ ၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ၏ သိုင်းကွက်များအားလုံးမှာ တိုးတက်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည်လည်း တိုးတက်လာတော့သည်။ သူ၏ကောင်းကင်တာအို ရွှေအမြုတေထဲတွင် အေးစိမ့်ချီများ စုစည်းလာမှုကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံသည် ယခုအခါ အစောပိုင်းရွှေအမြုတေအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
နောက်အနည်းငယ် တိုးတက်ရုံမျှနှင့် သူသည် ရွှေအမြုတေအလယ်အဆင့်သို့ ဖောက်ထွက်နိုင်မည်ဖြစ်သည်။
ထိုသို့ဖောက်ထွက်ရမည့်နည်းလမ်းကိုလည်း ပိုင်ရှောင်ချန်းက သေသေချာချာ သိနားလည်နေပြီဖြစ်သည်။ ထိုနည်းလမ်းမှာ အေးစိမ့်ပညာရှင်အဆင့်သို့ ရောက်ရန်ဖြစ်သည်။
” ငါ အေးစိမ့် ပညာရှင် အဆင့်ကိုရောက်တာနဲ့ ရွှေအမြုတေအလယ်အဆင့်ကို ရောက်ပြီပဲ။ ”
” အဲ့လိုရောက်မယ့်နေ့ရက်ကလည်း သိပ်အဝေးကြီးမလိုတော့ဘူးဟေ့။ ” သူက ရှင်းကုံကျစ်တာအိုဂိုဏ်းကို လာခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းတွေးကာ ဦးခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ ကုံမြို့တော်သည် ဤမျှလောက် အံ့သြကျေနပ်ဖွယ်ကောင်းမှန်း သူအစောထဲက သိပါက တန်း၍ လာခဲ့မည်သာဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ကျေနပ်မှုများထဲတွင် သာယာပျော်မွေ့နေစဥ် ကောင်းကင်ဘုံ အဖွဲ့အစည်းနှင့် မိုးပြာရောင် နဂါးအဖွဲ့အစည်းကြားရှိ တင်းမာမှုများမှာလည်း ပို၍ ကြီးထွားလာတော့သည်။ ကောင်းကင်ဘုံ အဖွဲ့အစည်းအတွင်း ဆွေးနွေးမှုများစွာကို ပြုလုပ်ကာ ပိုင်ရှောင်ချန်းနှင့် မိုးပြာရောင် နဂါးအဖွဲ့အစည်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှာနေကြသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်ဆိုသည့်အချက်ကို သူတို့မှာ သတိမထားမိခဲ့သဖြင့် လက်ဦးမှု မရယူနိုင်ခဲ့ချေ။ ပိုင်ရှောင်ချန်းကို ရှင်းလင်းရန် ဆောင်ရွက်ခဲ့သည့် သူတို့၏ ပထမ ကြံစည်မှုကြီးမှာ ကျဆုံးသွားသဖြင့် သူတို့အဖွဲ့၏ ဂုဏ်သတင်းကျော်စောမှုများမှာလည်း ထိခိုက်နေရသည်။
ထို့ထက်ပိုဆိုးသည့်အချက်မှာ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ကြီးမားလှသော အင်အားကြောင့် သူတို့ကြံစည်ထားသမျှ အကြံအစည်များမှာ အသုံးမဝင်ဖြစ်နေရခြင်းပင် ဖြစ်သည်။ ထို့အပြင် သူတို့သည် အားကောင်းသောနောက်ခံရှိနေသဖြင့် အကြမ်းနည်း အသုံးပြုနိုင်စွမ်းရှိနေပါသော်လည်း သူတို့၏ အဖွဲ့အစည်းထဲတွင် အမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ပင် မရှိပေ။
သူတို့အဖွဲ့အစည်းထဲမှ လူတိုင်းမှာ သူတို့သည် နတ်အဆင့်ကျင့်ကြံသူမျိုးနွယ်စုမှ ဆင်းသက်လာသည်ဟု ဆိုနေကြသော်လည်း အမှန်မှာ ကောင်းကင်ဘုံ အဖွဲ့အစည်း၏ ထိပ်သီးအဆင့် လိမ္မော်ရောင်ဝတ်ရုံအဆင့် ကျင့်ကြံသူများမှာ ထိုမျိုးနွယ်စုထဲတွင် အစေခံအဆင့်မျှသာ ရှိသည်။ ထို့ကြောင့် သူတို့၏ နောက်ခံမှာ စကားအရသာ အံ့သြဖွယ်ကောင်းနေပါသော်လည်း ထိုမျိုးနွယ်စုရှိ တစ်ယောက်တစ်လေမှ သူတို့ကို အလေးထားကြသည်မဟုတ်ပေ။
သူတို့မှာ ဤကိစ္စများကို အထက်လူကြီးများထံသို့တင်ပြကာ အထက်မှ တစ်စုံတစ်ယောက်ကို စေလွှတ်ပေးကာ ကူညီပေးရန် မျှော်လင့်ရုံမှတစ်ပါး အခြား မတတ်နိုင်တော့ချေ။ သို့သော်လည်း ပြီးခဲ့သော လများတွင် တောင်းခံစာများစွာတင်ခဲ့ပါသော်လည်း မည်သူကမှ သူတို့ကို ဂရုမစိုက်ခဲ့ပေ။ အမြုတေအဆင့် ကျင့်ကြံသူများနှင့် ပတ်သတ်သော ကိစ္စများမှာ မျိုးနွယ်စုတစ်ခုလုံးစာနဲ့ နှိုင်းယှဥ်ကြည့်လိုက်ပါက ရေးကြီးခွင်ကျယ်ကိစ္စမျိုးမဟုတ်သဖြင့် သူတို့မှာ တပ်ဖွဲ့များကို စေလွှတ်ကာ ကူညီပေးမည်မဟုတ်ပေ။ ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ ကိုယ့်အားကိုယ်ကိုးကာ ဤကိစ္စကို ဖြေရှင်းရမည်သာ ဖြစ်သည်။
အချိန်အတော်အတန်ကြာအောင် စောင့်သော်လည်း တုံ့ပြန်မှု ပြန်မရသဖြင့် ကောင်းကင်ဘုံ အဖွဲဲ့အစည်းမှ လူများမှာ အခြေအနေများကို ရိပ်မိလာပါသော်လည်း အလျှော့ မပေးလိုသေးပေ။
” ဒီလိုမျိုး ဆက်ဖြစ်ခွင့် ပေးလို့တော့ မဖြစ်နိုင်ဘူးဟေ့။ ”
” ဟုတ်တယ်။ အဲ့ သောက်ကျိုးနည်း မိုးပြာရောင် နဂါးအဖွဲ့အစည်းက နာမည်နဲ့ အင်အားကြီးလာတာ မြန်ချက်ပဲ။ ငါတို့ တစ်ခုခုမြန်မြန် မလုပ်ရင် သူတို့ရဲ့နောက်ကိုရောက်သွားလိမ့်မယ်ကွ။ ”
” ဒါပေမဲ့ မျိုးနွယ်စုက ငါတို့ကိုမှ အဖတ်မလုပ်တာ။ အိမ်း… ”
” မိုးပြာရောင်နဂါး အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ နောက်ကြောင်းကို လုံးဝရှာလို့မရတာ မယုံနိုင်လောက်အောင်ပဲ။ တစ်ခုခုတော့ မသင်္ကာစရာပဲ။ မသိရင် တစ်ယောက်ယောက်က သူ့ရဲ့ မှတ်တမ်းတွေအကုန်လုံးကို အစဖျောက်ထားတဲ့အတိုင်းကြီး။ ”
ထိုသို့ဆက်လက်ဆွေးနွေးနေကြစဥ် ဘေးနားတွင် တလက်လက်ဖြစ်နေသော အမှောင်ထုများ ဖုံးလွှမ်းနေသည့် အရိပ်တစ်ခု ထိုင်နေသည်။ ထိုသူက ရုတ်တရက် ရက်စက်ကြမ်းကြုတ်သည့် လေသံဖြင့် ဆိုလိုက်သည်။
” မျိုးနွယ်စုက ငါတို့ကို လျစ်လျူရှုထားပြီး မိုးပြာရောင် နဂါးအဖွဲ့အစည်းက အဲ့လောက် ဆန်းကြယ်နေမှတော့ ငါတို့ မူးယစ်ဆေးလုံးတွေနဲ့ပတ်သတ်ပြီး တစ်ခုခု လုပ်မယ်ကွာ။ အဲ့တာဆို သူတို့အဖွဲ့အစည်း တော်တော် အားအင်ချည့်နဲ့သွားမယ်၊ အခုကြုံနေရတဲ့ ဘေးကျပ်နံကျပ် အခြေအနေကြီးကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားမယ်၊ ပြီးတော့ ရှေ့ဘာဆက်လုပ်ရမလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိနိုင်သွားမယ်။ ”
” မူးယစ်ဆေးလုံးတွေနဲ့ ပတ်သတ်ပြီး တစ်ခုခုလုပ်ဖို့က ရိုးရိုးရှင်းရှင်းလေး။ မင်းတို့ကောင်တွေက သေချာမတွေးကြလို့သာ မသိတာ။ မူးယစ်ဆေးလုံးတွေအကြောင်းကို ဂိုဏ်းဆီတိုင်စာပို့ပြီး တင်ပြလိုက်။ ”
” ဘာလို့လဲဆိုတော့ အဲ့ဆေးလုံးတွေက တရားဝင်ရောင်းလို့မှ မရသေးတာ။ ” သူ၏ စကားများကြောင့် မည်သူမှ ဘာမှပြန်မပြောနိုင်ကြချေ။ သို့သော်လည်း ကောင်းကင်ဘုံ အဖွဲ့အစည်း၏ ခေါင်းဆောင်များ၏ မျက်လုံးများမှာ တလက်လက် တောက်ပလာတော့သည်။
ထိုစကားကိုပြောလိုက်သူမှာ ကောင်းကင်ဘုံအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးပင် ဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးသွားသောအခါ ကောင်းကင်ဘုံအဖွဲ့အစည်းသည် စတင် လှုပ်ရှားလိုက်ကြတော့သည်။ သူတို့သည် မူးယစ်ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများနှင့် အဆိပ်အတောက်ဖြစ်စေနိုင်မှုများကို စာရင်းပြုစုကာ ဂိုဏ်းကို တင်ပြလိုက်တော့သည်။ ထို့အပြင် သူတို့၏ ငွေကြေးများ အချိတ်အဆက်များကိုအသုံးပြုကာ ထိုကိစ္စ အောင်မြင်နိုင်ရန်အတွက် ကြိုးပမ်းနေကြသည်။
သုံးရက်ကြာသောအခါ ကုံမြို့တော် သက်တံ့ဒေသဆီမှ အမိန့်တစ်ခုကျလာပြီး ကုံမြို့တော်၏ နေရာတိုင်းတွင် ကြေငြာလိုက်ကြတော့သည်။
ကုံမြို့တော်ဒေသ၏ သခင်ကြီးမှာ မူးယစ်ဆေးလုံးများကို ဂိုဏ်းသားများအား ဝယ်ယူခွင့်မပြုတော့ကြောင်း အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုမျှနှင့်ပင် မပြီးသေးဘဲ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်သော အင်မော်တယ်ဂူဆီသို့ ကျောက်စိမ်းပေလွှာတစ်ခုမှာ အလင်းတန်းတစ်ခုအသွင်ဖြင့် လေကိုဖြတ်ကာ ပျံသန်းသွားတော့သည်။ ထိုပေလွှာသည် ထောပတ်ကိုလှီးဖြတ်နေသည့် ဓားပူတစ်ချောင်းအလား အကာအကွယ် မန္တန်အစီအရင် အားလုံးကိုကျော်ဖြတ်ကာ ပိုင်ရှောင်ချန်း၏ရှေ့တွင် ရပ်သွားတော့သည်။ ထို့နောက် ထိုပေလွှာအတွင်းမှ တလက်လက်တောက်ပနေသည့် အလင်းရောင်နှင့်အတူ ရှေးဟောင်းအသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းက ဓားစာခံ ပိုင်ရှောင်ချန်း။ ကုံမြို့တော်ဒေသရဲ့ သခင်ကြီးဆီ အကြောင်းလာပြန်ပါ။ “