အခန်း ( ၃၉၁ )

မင်းက တာအိုရောင်းရင်း ကျန်းတဟိုင်လား

ထိုကျင့်ကြံသူက ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို အေးစိမ့်ချီများက ထပ်၍ ဝန်းရံလာသည်ကို ခံစားလိုက်ရပြီး လှုပ်ရှား၍ပင် မရတော့ချေ။ အင်မော်တယ်ဂူအပြင်ဘက်ရှိ မိုးပြာရောင်နဂါးအဖွဲ့အစည်းနှင့် ကောင်းကင်ဘုံ အဖွဲ့အစည်းမှ ကျင့်ကြံသူများအားလုံးမှာ အလွန်အမင်း တုန်လှုပ်ကာ အံ့သြနေကြတော့သည်။

” ဘာဖြစ်တယ်။ ”

” အမြုတေအဆင့် ဟုတ်လား။ ဘုရားရေ။ မိုးပြာရောင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က တကယ်ကို အမြုတေအဆင့်မှာ ရှိတာပါလား။ ”

” ကုံမြို့တော်တစ်ခုလုံးမှာတောင် အမြုတေအဆင့်မှာရှိတဲ့လူ နည်းနည်းပဲရှိတာလေ။ သူ သက်တံ့ဒေသပေါ်ကို ရောက်နေရမှာ မဟုတ်ဘူးလား။ ”

” သောက်ကျိုးနည်း။ တာဝန်တွေနဲ့ စွမ်းဆောင်မှုရမှတ်တွေကို ကျောခိုင်းပြီး စီးပွားရေးလောက်လုပ်နေတဲ့ အမြုတေအဆင့် ကျင့်ကြံသူမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူးဟေ့။ ” ကောင်းကင်ဘုံအဖွဲ့အစည်းမှ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများမှာ လုံးဝကို အံ့အားသင့်နေကြပြီး ထွက်ပြေးရန် ပြင်လိုက်ကြတော့သည်။

သူတို့ဘက်တွင် ယခုထက် လူများပိုပါလျှင်တောင်မှ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်တိုက်နိုင်မည်မဟုတ်ပေ။ ယခု သူတို့ခေါင်းထဲတွင် ရှိသည့် တစ်ခုထဲသောအရာမှာ ထိုနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရန်ဖြစ်သည်။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အဘယ့်ကြောင့် သူတို့ကို လွှတ်ပေးပါမည်နည်း။ သူ၏အခန်းထဲမှ မိုးခြိမ်းသံကဲ့သို့သော နှာမှုတ်သံကြီးတစ်သံထွက်ပေါ်လာပြီး ထိုနေရာတစ်ဝိုက်ရှိ ကောင်းကင်ဘုံအဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ နားထဲတွင် ရိုက်ခတ်နေတော့သည်။

ထိုကျင့်ကြံသူများမှာ အသားများတဆတ်ဆတ်တုန်နေကြပြီး သနားစဖွယ်အော်ဟစ်ကာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ မတည်မငြိမ်ဖြစ်ကုန်ကြတော့သည်။ လှုပ်ရှားနိုင်စွမ်းပင် မရှိတော့သဖြင့် သူတို့သည် လေပေါ်မှပြုတ်ကျလာကာ မိုးပြာရောင် နဂါးအဖွဲ့အစည်းမှ စိတ်လှုပ်ရှားနေကြသည့် ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။

ထိုနှာမှုတ်သံလေးတစ်ချက်ကြောင့် အင်အားကြီးသော ကျင့်ကြံသူအုပ်စုတစ်ခုမှာ ဤမျှ ဖြစ်ပျက်သွားရသည့်အချက်မှာ ပြောစရာစကားမရှိလောက်အောင် အံ့သြဖွယ်ကောင်းလှပေသည်။ ယခုအဖမ်းခံလိုက်ရသည့် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများမှာ အမြုတေအဆင့် ကျင့်ကြံသူများနှင့် ယခင်က ကြုံတွေ့ဖူးသည်။ သို့သော်လည်း သူတို့၏အတွေ့အကြုံအရ ပိုင်ရှောင်ချန်းသည် သူတို့ကြုံတွေ့ခဲ့သည့် လူတိုင်းထက် များစွာပို၍ ကြောက်စရာကောင်းနေသည်။

သူသည် အခန်းထဲမှပင် မထွက်ရသေးသော်လည်း အမြုတေအဆင့်သို့ ရောက်ခါနီးကျင့်ကြံသူများကို အပြင်သို့ ကန်ထုတ်နိုင်လိုက်ပြီဖြစ်သည်။

သို့သော်လည်း ထိုတစ်ခုထဲသော လုပ်ရပ်ကလေးမှာ မိုးပြာရောင် နဂါးအဖွဲ့အစည်းကို များစွာ လွှမ်းမိုးလှုပ်ခါသွားတော့သည်။ သူတို့၏ ခေါင်းဆောင်မှာ ယခင်ကထက်ပင် များစွာပို၍ လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲလွန်းနေသည်ဖြစ်ပြီး ကောင်းကင်ကိုပင် လှုပ်ခါစေကာ မြေကြီးကိုပင် ကွဲအက်စေနိုင်လောက်သည်အထိ အံ့သြဖွယ်ကောင်းနေတော့သည်။ ကောင်းကင်ဘုံ အဖွဲ့အစည်းမှ ကျင့်ကြံသူများ၏နှလုံးသားထဲတွင် ဖော်ပြ၍မရသော အံ့သြမှင်တက်မှုများ၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ အရာရာတိုင်းက ယခင်ကထက်ပင် ပို၍ကျေနပ်အားရနေပြီး အခြေခိုင်မာခြင်းအဆင့်သာရှိသော ကျင့်ကြံသူများကို အနိုင်ကျင့်နေသည့် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် လုံးဝ မခံစားနေရချေ။ ထို့အပြင် ထိုအချင်းအရာနှင့် ဆန့်ကျင်ဘက်အတိုင်းပင် ခံစားနေရတော့သည်။

” ငါသူတို့ကို ပြဿနာသွားရှာတာ မဟုတ်ဘူးနော်။ ”
သူက တွေးလိုက်သည်။
” သူတို့ဟာသူတို့ ပြဿနာလာရှာတာ။ ” ယခုဖြစ်ပျက်သွားခဲ့သည်များကို လျှို့ဝှက်ထား၍ မရနိုင်ကြောင်း သူက သိပေသည်။ သူ အမြုတေအဆင့်တွင် ရှိသည်ဟူသော သတင်းမှာ ကုံမြို့တော်တစ်ခုလုံးသို့ ခဏအတွင်း ပျံ့နှံ့သွားမည်သာ ဖြစ်သည်။

” ကိစ္စတော့မရှိပါဘူး။ မဟုတ်လည်း သိပ်မကြာရင် ငါက အဲ့အချက်ကို အသိပေးတော့မလို့ပဲကို။ ဒီလိုဖြစ်သွားတော့ မိုးပြာရောင် နဂါးအဖွဲ့အစည်းရဲ့ အင်အားကြီးထွားမှုက ပိုလို့တောင် အဆင်ချောသွားဦးမယ် ” သူ၏ ဗျူဟာကျကျ တွေးခေါ်ဆောင်ရွက်နိုင်မှုကိုတွေးကာ သူ့ကိုယ်သူ သဘောကျနေပြီး သူ၏ အစွမ်းကို အံ့သြဖွယ်ကောင်းအောင် ထုတ်လိုက်နိုင်မှုကိုလည်း ကျေနပ်နေတော့သည်။ သူက အားပါးတရ ရယ်မောလိုက်ကာ မျက်လုံးများပြန်မှိတ်၍ တရားဆက်ထိုင်ရန် ပြင်လိုက်ပြန်သည်။

ပုံမှန်အတိုင်းပင် နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့မှာ အပြင်ဘက်ရှိ အရာအားလုံးကို တာဝန်ယူ ဖြေရှင်းသွားသည်။ ကောင်းကင်ဘုံ အဖွဲ့အစည်းကျင့်ကြံသူများကို ဖမ်းချုပ်ပြီးနောက် ရှေ့ဆက် ဘာဆက်လုပ်ရမည်ကို သူတို့က အလျင်အမြန်ကြံစည် နေကြတော့သည်။

နောက်နေ့ရောက်သော် မြို့တော်၏ ဒေသတိုင်းတွင် ကောလာဟလများစွာ ပျံ့နှံ့နေတော့သည်။ ထို့အပြင် ထိုဇာတ်လမ်းများမှာ ရှင်းလင်းကာ မြင်သာမှု ရှိလွန်းလှသဖြင့် ကြားရသူတိုင်းမှာ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အလား ခံစားနေရတော့သည်။

” မင်းကြားပြီးပြီလား။ မနေ့ညက ကောင်းကင်ဘုံ အဖွဲ့အစည်းက အမြုတေအဆင့်ကို ရောက်ခါနီးကျင့်ကြံသူ ဆယ်ယောက်၊ အခြေခိုင်မာခြင်းစက်ဝန်းအဆင့် ကျင့်ကြံသူ ဒါဇင်အများကြီးနဲ့ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့် မရေမတွက်နိုင်လောက်အောင်ပါတဲ့ အဖွဲ့ကြီးနဲ့ မိုးပြာရောင် နဂါးအဖွဲ့အစည်းကို သွားတိုက်တာ။ ဒါပေမဲ့ သူတို့တစ်ဖွဲ့လုံး အပြဲပြဲအကွဲကွဲနဲ့ ရှုံးသွားတာတဲ့ဟ။ မိုးပြာရောင် နဂါးအဖွဲ့အစည်းက သူတို့ကို တစ်ယောက်မကျန် ဖမ်းထားတာတဲ့။ ”

” ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲဟ ”

” မဖြစ်နိုင်ပဲ နေပါ့မလား။ ဘာလို့လဲသိလား။ မိုးပြာရောင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က အမြုတေအဆင့်ကတဲ့လေ။ ” တစ်ခဏအတွင်း ကောလာဟလများမှာ တစ်မြို့လုံးတွင် ပြည့်နှက်နေပြီး လူတိုင်းမှာ ထိုအကြောင်းကိုသာ ပြောဆိုနေကြတော့သည်။

ကုံမြို့တော်တွင် အမြုတေအဆင့် ကျင့်ကြံသူများမှာ အလွန်ရှားပါးသည် မဟုတ်ပါလော။ ပုံမှန်ဆိုလျှင် ထိုသူများမှာ တာဝန်များကိုသာ အာရုံစိုက်၍ ထမ်းဆောင်ပြီး စွမ်းဆောင်မှုရမှတ်များကို စုဆောင်းနေမည်ဖြစ်ပြီး ဤသို့ အဖွဲ့အစည်းများ၊ လူမိုက်ဂိုဏ်းများဖြင့် မြို့ထဲတွင် အချိန်ဖြုန်းနေမည် မဟုတ်ပေ။

ရေတံခွန်၏ အောက်ခြေရှိ မြို့တော်လေးခုမှာ အခြားဂိုဏ်းများ၏ အပြင်စည်းဂိုဏ်းသားများသကဲ့သို့ သတ်မှတ်ခံထားရသည် ဖြစ်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အပြင်ဘက်တွင်ရှိလေသည်။ ထို့ကြောင့် လူတိုင်းမှာ တတ်နိုင်သမျှ အမြန်ဆုံး ထိုမြို့တော်များမှ ထွက်ခွာလိုကြသည်။

ကောလာဟလများက ပိုမိုကြီးမားလာသောအခါ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ကျော်စောမှုမှာလည်း ပို၍ ကြီးထွားလာတော့သည်။ တချိန်ထဲမှာပင် ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ အလွန်အမင်းတုန်လှုပ်နေရတော့သည်။ သူတို့၏ ဌာနချုပ်များတွင်ရှိသော ခေါင်းဆောင်များမှာမူ ဒေါသများ ထိန်း၍မရအောင် ထွက်နေကြသည်။ ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သူတို့သည် မိုးပြာရောင် နဂါးအဖွဲ့အစည်းဆီသို့ တမန်တော်တစ်ယောက်ကို စေလွှတ်ကာ သူတို့၏ ကျင့်ကြံသူများကို ပြန်ခေါ်နိုင်ရန်အတွက် စွမ်းဆောင်မှုရမှတ် များစွာကို ပေးအပ်လိုက်ရလေသည်။

ထို့နောက် ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ ငြိမ်ကျသွားသဖြင့် ပဋိပက္ခ၏ ပထမအဆင့် ပြီးဆုံးသွားရတော့သည်။ ပိုင်ရှောင်ချန်းက သူတို့တစ်ဖွဲ့လုံးကို အမြစ်ပြတ်သုတ်သင်ကာ အေးအေးလူလူ မနေလိုသည်တော့ မဟုတ်ပေ။ ကောင်းကင်ဘုံ အဖွဲ့အစည်းတွင် အမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိသည် မဟုတ်ပါလော။ သို့သော်လည်း ကုံမြို့တော်ထဲတွင် နေလာသည်မှာ ကြာမြင့်နေပြီဖြစ်၍ သူသည် ကောင်းကင်ဘုံ အဖွဲ့အစည်း၏ နောက်ခံကို ကောင်းကောင်းနားလည် နေပြီဖြစ်သည်။

သူတို့မှာ လူအင်အားအများကြီးရှိသည် မဟုတ်ပေ။ သူသာ ဆန္ဒရှိပါက ထိုအဖွဲ့အစည်းကို သူတစ်ယောက်ထဲဖြင့် အမြစ်ပြတ်အောင် ရှင်းနိုင်သည်။ သို့သော်လည်း သူတို့၏ ခေါင်းဆောင်များမှာ နတ်အဆင့်ကျင့်ကြံသူ၏မျိုးနွယ်စုတစ်စုမှ အစေခံများဖြစ်သည်။ ထိုနတ်အဆင့် ကျင့်ကြံသူမှာ ပိုင်ရှောင်ချန်းကို ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သည့် လူငယ်ဖြစ်သည်။ ထိုအကြောင်းကို သိလိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ သူတို့ကို အမြစ်ပြတ်သုတ်သင်မည့် အကြံအစည်ကို စွန့်လွှတ်လိုက်ရခြင်းဖြစ်သည်။

ကောင်းကင်ဘုံ အဖွဲ့အစည်းတွင် အခြေအနေများက ပိုမိုယိုယွင်းလာချိန် မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ ပို၍ ကြီးမားလာပြီး ပို၍ ကျော်စောလာတော့သည်။

ပိုင်ရှောင်ချန်း၏ မူးယစ်ဆေးလုံးများမှာလည်း မြို့တော်အတွင်းရှိ ဒေသငါးခုစလုံးတွင် နာမည်ပိုကြီးလာတော့သည်။ အဆုံးတွင် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ အာဏာမှာ ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ပင် ရောက်သွားတော့သည်။

သူတို့၏ စွမ်းဆောင်မှုရမှတ်များမှာလည်း ဆက်၍ ကြီးထွားလာပြီး ကျင့်ကြံသူများမှာလည်း သူတို့၏အဖွဲ့အစည်းထဲသို့ဝင်ကာ ခိုလှုံလာကြတော့သည်။ အသေးစား ကျင့်ကြံသူမျိုးနွယ်စုအချို့နှင့် အသေးစားအဖွဲ့အစည်းအချို့တို့ပင်လျှင် မိုးပြာရောင်နဂါးအဖွဲ့အစည်းနှင့် တရားဝင် ပေါင်းစည်းလိုက်ကြသည်။

သူတို့တွင် စွမ်းဆောင်မှုရမှတ် များစွာနှင့် အမြုတေအဆင့် ခေါင်းဆောင်တစ်ဦးရှိနေသည်။ ထို့ကြောင့် တစ်နှစ်တာအတွင်းတွင် သူတို့သည် အသေးစားဂိုဏ်းလေးတစ်ခု အဆင့်မှ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဒုတိယအကြီးမားဆုံး အဖွဲ့အစည်းအဖြစ်သို့ ရောက်သွားတော့သည်။

ထိုအချိန်တွင် သူတို့သည် ဌာချုပ်ကို မူလအင်မော်တယ်ဂူမှ မြောက်ခြမ်းဒေသရှိ အကောင်းဆုံးနေရာသို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်သည်။ ကုံမြို့တော်တွင် လူများက နယ်မြေများကို ပိုင်ဆိုင်ခွင့်မရှိသည့် စည်းမျဥ်းသာမရှိပါက သူတို့သည် ထိုနေရာတစ်ဝိုက်ရှိ နယ်မြေများအားလုံးကို အပိုင်ဝယ်ကာ ငှားစားကြမည်သာဖြစ်သည်။

ထို့အပြင် ပိုင်ရှောင်ချန်းမှာလည်း လုံးဝ အလုပ်မရှုပ်တော့ချေ။ သူသည် သမားတော် အဖွဲ့ကြီးတစ်ဖွဲ့ကိုငှားကာ သူ့အတွက် ဆေးများဖော်စပ်ခိုင်းထားသည်။ ဆေးဖော်စပ်နည်းကိုမူ သူက လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ ထားရှိသည်။

နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့မှာမူ သူနှင့်မတူပဲ အဖွဲ့အစည်း၏ ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ကာ အလုပ်ရှုပ်နေကြတော့သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းသည် သူ၏ အခြားတာအိုစောင့်ရှောက်သူများအကြောင်းကို တွေးမိသွားပြီး သူ၏ အောင်မြင်မှုများ အကြောင်းကို ထိုသူများ ကကြားမိ၊မကြားမိဆိုသည့် အချက်ကို သိချင်နေတော့သည်။

” စုန့်ချွဲက တာဝန်တွေလုပ်နေမှာ အသေအချာပဲဆိုတော့ သူက မသိလောက်ဘူး။ ဒါပေမဲ့ အစ်ကိုအကြီးဆုံး ကတော့ ဒီအကြောင်းကို ကြားမိမှာပါ။ ဘာလို့ သူငါ့ကို လာမရှာရတာလဲ။ ”

သူက ထိုသို့တွေးတောနေစဥ် ချင်းမေ့ယွမ် ပေါ်လာတော့သည်။ သူမသည် အင်မော်တယ်ဂူ၏ အပေါက်ဝကို ဖြတ်လျှောက်ကာ မိုးပြာရောင် နဂါးအဖွဲ့အစည်းမှ ခေါင်းဆောင်၏ တာအိုပါရမီဖြည့်ဘက် ဖြစ်သည်ဟု ဆိုလိုက်သည်။ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ခေါင်းဆောင်သည် နေ့လယ်ခင်းတစ်ခု၏ နေလုံးကြီးကဲ့သို့ အရေးပါသည်ဖြစ်ရာ ချင်းမေ့ယွမ်မှာလည်း အလွန်အရေးပါ အရာရောက်သည့် လူတစ်ယောက်ဖြစ်သွားတော့သည်။ မည်သူကမှ သူမကို မထီမဲ့မြင့် မပြုရဲပဲ ပိုင်ရှောင်ချန်းဆီသို့ သူမကို ခေါ်သွားတော့သည်။

သူမ၏ ထွက်ခွာသွားပြီး ပြန်လာရသည့် အကြောင်းပြချက်များကိုနားထောင်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ခေါင်းခဲလာတော့သည်။ သူမကို မောင်းထုတ်၍ မရကြောင်းကို သိသဖြင့် သူသည် သက်ပြင်းချကာ သူမအား နေထိုင်ခွင့်ပေးလိုက်ရတော့သည်။

သူမသည် ပိုင်ရှောင်ချန်း၏ တာအိုပါရမီဖြည့်ဘက် ဟူသည့် အမည်ကို ဆက်၍ခံယူထားသဖြင့် မိုးပြာရောင် နဂါးအဖွဲ့အစည်းရှိ လူတိုင်းမှာ သူမကို တလေးတစား ဆက်ဆံကြလေသည်။ ပိုင်ရှောင်ချန်းကမူ ထိုအကြောင်းကို စိတ်ထဲမထားပဲ ဖက်တီးကျန်းကြီးအကြောင်းကိုသာ အာရုံစိုက်နေတော့သည်။ သူ အန္တရာယ်တစ်ခုခုထဲသို့ ကျရောက်နေမည်ကို စိုးသဖြင့် ပိုင်ရှောင်ချန်းသည် မိုးပြာရောင် နဂါးအဖွဲ့အစည်းတစ်ခုလုံးအား သူ့ကိုရှာဖွေရန် အမိန့်ထုတ်လိုက်သည်။ အမိန့်ထဲတွင်မူ သူသည် နာမည်ပြောင်ဖြစ်သော ဖက်တီးကျန်းကြီးကို မသုံးပဲ နာမည်အရင်းဖြစ်သော ကျန်းတဟိုင် ကိုသာ သုံးသည်။

မိုးပြာရောင် နဂါးအဖွဲ့အစည်းသည် ကြီးမားကာ အာဏာရှိသော အဖွဲ့တစ်ခုဖြစ်၍ လူတစ်ယောက်ကို ရှာဖွေရသည့်ကိစ္စမှာ အခက်ကြီးမဟုတ်ပေ။ ထို့အပြင် အမိန့်မှာ ခေါင်းဆောင်ကြီးထံမှ ကိုယ်တိုင်လာသဖြင့် ပို၍ပင် အကျိုးသက်ရောက်မှု ရှိနေသည်။ ကျင့်ကြံသူများ အတွက်မူ ဤအခွင့်အရေးမှာ သူတို့အတွက် နာမည်ကောင်းရနိုင်မည့် ကိစ္စတစ်ခုဖြစ်သဖြင့် လူတိုင်းမှာ ဖက်တီးကျန်းကြီးကို ရှာဖွေနေကြတော့သည်။

ကောင်းကင်ဘုံ အဖွဲ့အစည်းကလည်း ထိုအကြောင်းကို ကြားသိသည် ဖြစ်ရာ သူတို့လည်း ဖက်တီးကျန်းကြီးကို လိုက်ရှာနေကြတော့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည်ကိုမှ လုပ်မရသည်ကို သိသဖြင့် ပိုင်ရှောင်ချန်းမှာ သူ၏လူများကိုစေလွှတ်ကာ ကောင်းကင်ဘုံ အဖွဲ့အစည်းကို စောင့်ကြည့်ခိုင်းထားတော့သည်။

ဖက်တီးကျန်းကြီးအား ရှာဖွေမှုကို ခရီးဆက်နေချိန်…….

အနောက်ပိုင်းဒေသရှိ အသေးစား ကျင့်ကြံသူမျိုးနွယ်စု တစ်ခုမှာ လတ်တလောတွင် မိုးပြာရောင် နဂါးအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ၎င်း၏ မျိုးနွယ်စုခေါင်းဆောင်သည် အရံ ခေါင်းဆောင်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သူသည် ဖက်တီးကျန်းကြီးအား ရှာဖွေရန် အမိန့်ပေးစာကို ယခုလေးတွင် ရရှိလိုက်သည်ဖြစ်ပြီး ထိုအမိန့်စာထဲရှိ ရုပ်ပုံကို မြင်လိုက်ရသည့်အခါ သူ၏နဖူးပေါ်တွင် ချွေးလုံးကြီးများ ထွက်လာတော့သည်။

သူတို့၏ ခေါင်းဆောင်ရှာဖွေနေသည့် လူမှာ လွန်ခဲ့သည့် ခြောက်လလောက်က မအောင်မြင်သော စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ခုကြောင့် သူ၏ မှော်ပစ္စည်းကို မတော်တဆ ဖျက်စီးမိလိုက်သည့် လူနှင့် ဆင်တူနေသည်။ ထို စိတ်စွမ်းအင်အဆင့်မြှင့်တင်သူ လူငယ်လေး၏ ရှေ့နာမည်မှာ ကျန်း ဖြစ်သည်။ အရံခေါင်းဆောင်ကြီးသည် ထိုစဥ်က ဒေါသထွက်သွားသဖြင့် ထိုစိတ်စွမ်းအင် အဆင့်မြှင်တင်သူအား အကျဥ်းချကာ သူ၏ ဆုံးရှုံးမှုအတွက် အကြွေးပြန်ဆပ်ခိုင်းသည့်အနေဖြင့် စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်းများကို နေ့ည မနား လုပ်ခိုင်းခဲ့သည်။

ထိုသို့သော လုပ်ရပ်မှာ သတ်ဖြတ်ခြင်း မဟုတ်သဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းက အလေးမထားပေ။ ထိုအရံ ခေါင်းဆောင်ကြီးက တဖြည်းဖြည်းနှင့် ထိုလူအကြောင်းကို မေ့သွားခဲ့ပြီး ယခုမှ ပြန်၍ အမှတ်ရလာသဖြင့် တုန်တုန်ရီရီ ဖြစ်နေရတော့သည်။

သူသည် ထိုသူကို အကျဥ်းချခဲ့စဥ် သူမသေသ၍ သူ၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးခြင်းများကို အနာဂတ်တွင် အသုံးချနိုင်မည်ဟု တွေးခဲ့ကြောင်းကိုလည်း ပြန်အမှတ်ရလာတော့သည်။ ထိုလူငယ်လေးမှာ ထိုအချိန်ထဲက သေသွားနိုင်သည်ဖြစ်ကြောင်း သူက သိသွားသဖြင့် အရံခေါင်းဆောင်မှာ နောင်တများရကာ စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ သူက တွေဝေမနေပဲ မျိုးနွယ်စု၏ စိတ်စွမ်းအင် အဆင့်မြှင့်တင်သည့် အလုပ်ရုံသို့ အပြေးသွားလိုက်တော့သည်။

ခပ်လှမ်းလှမ်းမှနေ၍ပင် ပိန်လှီရှုံ့တွကာ အသက်မဲ့သော မျက်လုံးများဖြင့် ဓားပျံတစ်ချောင်းကို အားအင်ချည့်နဲ့စွာ ကိုင်မြှောက်ထားသည့် ဖက်တီးကျန်းကြီးကို သူက မြင်လိုက်ရသည်။ ဘေးနားရှိ မျိုးနွယ်စုအစေခံတစ်ယောက်မှာ သူ့ကို ကျယ်လောင်စွာ ဆူပူနေသည်။

” မြန်မြန်လုပ်။ မင်း ဓားပျံနောက်တစ်ချောင်းသာ ဖျက်စီးလို့ကတော့ မင်းကိုငါ…. ”

ထိုအစေခံမှာ စကားပင်မဆုံးသေးချိန် မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့ဆီသို့ပြေးလာနေသည်ကိုမြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်တော့သည်။ သူက လက်ယှက်ကာ နှုတ်ဆက်ရန် ပြင်လိုက်ချိန်မှာပင် မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့ကို ပါးရိုက်လိုက်သဖြင့် သူသည် လေပေါ်သို့လွင့်သွားကာ မီတာသုံးဆယ်အကွာတွင် ဘိုင်းခနဲကျကာ အသံကျယ်လောင်စွာ အော်ဟစ်လိုက်ရတော့သည်။

” သောက်ကျိုးနည်း။ မင်းငါ့ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ကို အဲ့လောက်ရိုင်းပြနေတာ ငါမယုံနိုင်ဘူး။ ”

ဖက်တီးကျန်းကြီးက ထိုအချင်းအရာကို မြင်လိုက်သောအခါ တုန်ရီသွားပြီး မျိုးနွယ်စုခေါင်းဆောင်ကြီးကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သူ့ထက်ပင် ပို၍ စိုးရိမ်နေသည်။ ဖက်တီးကျန်းကြီးကို အလျင်အမြန်ဆွဲထူကာ သူက သတိကြီးစွာဖြင့် မေးလိုက်လေသည်။
” မင်းက တာအိုရောင်းရင်း ကျန်းတဟိုင်လား “


Comment

Leave a Reply

Options

not work with dark mode
Reset