” ငါလည်း ဒီလိုမျိုး နေချင်တယ်ဟေ့။ ” ရွှီပေါက်ချိုင်မှာ ပိုင်ရှောင်ချန်း ထွက်ခွာသွားသည်ကိုကြည့်ရင်း စိတ်ထဲတွင် ပူဆွေးနေတော့သည်။
အနည်းငယ်ကြာသောအခါ နတ်ဆရာက ဦးညွှတ်နေရာမှ ထလာကာ ချောင်းဟန့်လိုက်ပြီး ဆိုလိုက်သည်။
” ညီနောင် ရွှီရေ။ မတွေ့တာ လအနည်းငယ်တောင်ရှိပြီနော်။ ဘာလို့များ မင်းဒီလောက်ကြီးထိ အခြေအနေဆိုးသွားရတာလဲကွ။ ”
ရွှီပေါက်ချိုင်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အမျက်ဒေါသများ ချက်ချင်း ထသွားတော့သည်။ နတ်ဆရာ၏ တိုက်တွန်းအကြံပေးချက်များကြောင့် သူက ပိုင်ရှောင်ချန်းထံမှ ထွက်ခွာခဲ့သည် မဟုတ်ပါလော။ သူသည် ခါးသက်သက်မျက်နှာအမူအရာဖြင့် နတ်ဆရာကို စိတ်ထဲမှကျိန်ဆဲရုံမှတစ်ပါး အခြားမလုပ်နိုင်တော့ချေ။
နတ်ဆရာမှာလည်း အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ ထို့ကြောင့် သူက သက်ပြင်းချကာ ဖြေသိမ့်လိုက်သည်။
” ငါ့ကိုချည်းပဲ အပြစ်မတင်ပါနဲ့ကွာ။ ငါတို့ရဲ့ ခေါင်းဆောင်လေး ဒီလောက်ကြီး အံ့သြစရာကောင်းလောက်အောင် ကောင်းစားသွားလိမ့်မယ်လို့ ငါလည်း မထင်မိခဲ့ဘူးဟ။ ကုံမြို့တော်မှာ အရာရာအားလုံးက ကျင့်ကြံခြင်း အခြေခံအပေါ်မှာပဲ မူတည်တာမဟုတ်တာကို မင်းလည်းအသိပဲလေ။ ”
ထိုသို့ဆိုကာ နတ်ဆရာသည် ရွှီပေါက်ချိုင်နေထိုင်ရန်အတွက် နေစရာတစ်ခုစီစဥ်ပေးလိုက်ပြီး စွမ်းဆောင်ရည်ရမှတ်အနည်းငယ်ကိုပင် မုန့်ဖိုးအဖြစ်ပေးလိုက်သည်။
နတ်ဆရာက ရွှီပေါက်ချိုင်ကို သူ၏နေအိမ်အသစ်သို့ ခေါ်သွားသောအခါ နတ်ဆရာသည် မိုးပြာရောင် နဂါးအဖွဲ့အစည်းတွင် မြင့်မားသည့် အဆင့်တစ်ခုကိုပိုင်ဆိုင်ထားကြောင်း ရွှီပေါက်ချိုင်က သတိထားမိလိုက်သည်။ အင်မော်တယ်ဂူထဲရှိ ကျင့်ကြံသူအားလုံးမှာ သူ့ကို လေးစားမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။
ရွှီပေါက်ချိုင်မှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။
ထိုညတွင် သူသည် ကောင်းကောင်း အိပ်မပျော်ပေ။ နောက်နေ့နံနက် အရုဏ်ချိန်တွင် သူက အိပ်မှုန်စုံဝါးဖြင့် သူ၏အခန်းထဲမှထွက်လာပြီး အခြား ကတိသစ္စာတစ်ခုကို ဆိုလိုက်တော့သည်။
” နတ်ဆရာထက်ပိုပြီး ခေါင်းဆောင်လေး အတွက်အရေးပါတဲ့ လူတစ်ယောက်ဖြစ်အောင် ငါလုပ်မှရမယ်။ ”
ရွှီပေါက်ချိုင်ပြန်ရောက်လာပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းသည် သူ၏မူလ တာအိုစောင့်ရှောက်သူအဖွဲ့ဝင်များထဲမှ နောက်ထပ်တစ်ယောက်နှင့် ပြန်လည်စုံစည်းသွားပြီဖြစ်သည်။
ရွှီပေါက်ချိုင်မှာ သူ၏ တာဝန်များကို လိုလေသေးမရှိ ဆောင်ရွက်ကာ သတင်းအချက်အလက်များကို စုဆောင်း၍ ကောလာဟလပေါင်းစုံကို ဖြန့်ပေးနေတော့သည်။ သူ၏ ဦးဆောင်မှုအောက်တွင် မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ သူတို့၏ မကောင်းသတင်းအချို့ကို ပပျောက်သွားစေနိုင်ရုံသာမက ပို၍ကောင်းသော နည်းလမ်းများဖြင့် ပြန်လည်တိုက်ခိုက် လာနိုင်တော့သည်။
ရွှီပေါက်ချိုင်မှာ အစွမ်းကုန်ထုတ်ကာ အကောင်းဆုံးသော ရလဒ်များကို ရရှိရန် ကြိုးပမ်းနေတော့သည်။
ပိုင်ရှောင်ချန်းကမူ အားလပ်ချိန်များစွာ ရှိနေသည်။ နတ်ဆရာက နေ့စဥ်ဓူဝကိစ္စများကို တာဝန်ယူပြီး ရွှီပေါက်ချိုင်မှာ သတင်းအချက်အလက်နှင့်ပတ်သတ်သည်များကို တာဝန်ယူထားကာ လိမ္မော်ရောင်ဝတ်ရုံအဆင့် ဂိုဏ်းသားအချို့ကိုလည်း အရံခေါင်းဆောင်များအဖြစ် ခန့်အပ်ထားလေသည်။ မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ ပို၍ အခြေတည် ခိုင်မြဲကာ အင်အားကြီးထွားလာတော့သည်။
သူတို့၏ နယ်မြေချဲ့ထွင်မှုမှာလည်း အရှိန်နှေးမသွားပဲ ပို၍ပင် မြန်ဆန်လာတော့သည်။ ထို့ကြောင့် သူတို့၏ မူးယစ်ဆေးလုံး စျေးကွက်မှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးထွားလာတော့သည်။
ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ အကြံအစည် များစွာထုတ်နေပါသော်လည်း အကျိုးမထူးချေ။ သူတို့သည် တစ်ဦးတစ်ယောက်ချင်းဆီမှ ပြဿနာများကို ကောင်းကောင်းထိန်းသိမ်းနိုင်သော်လည်း မြို့ထဲရှိ အခြားသော ကြီးမားသည့် အဖွဲ့အစည်းများနှင့် ကြုံတွေ့ရသောအခါ သူတို့က နောက်ကျကျန်ခဲ့ရစမြဲပင်။ မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ မမျှော်လင့်ထားပဲ လျင်မြန်စွာ တိုးတက်လာသဖြင့် ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ သူတို့ကို လုံးဝမထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
ကောလာဟလများ လွှင့်ကာတိုက်ခိုက်ရန်မှာ သူတို့၏ အကြံထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအကြံမှာ အစပိုင်းတွင် အလုပ်ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ အရာမထင်တော့ချေ။ သူတို့၏ အခြား ဗျူဟာများမှာလည်း အလုပ်မဖြစ်တော့သဖြင့် ကောင်းကင်ဘုံအဖွဲ့အစည်းမှာ မိုးပြာရောင် နဂါးအဖွဲ့အစည်းကို ပို၍ ဒေါသထွက်လာတော့သည်။
အကြောင်းအရင်းတစ်ချက်သည်ကား သူတို့၏ လုပ်ရပ်တိုင်းကို လူမသိအောင် လှုပ်ရှားနေရသည့်အတွက် ဖြစ်သည်။ မူးယစ်ဆေးလုံးများအကြောင်းကို လေ့လာပြီးအဆုံးတွင် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ခေါင်းဆောင်သည် ဝမ်းမီးငြိမ်သက် ဆေးလုံးများကို တီထွင်ခဲ့သည့် သမားတော်ပိုင် ဟူသောလူဖြစ်ကြောင်း သူတို့က သိရှိသွားတော့သည်။
သို့သော်လည်း သူတို့သည် ပိုင်ရှောင်ချန်း၏ အတိတ်ကို စုံစမ်းကြည့်သောအခါ မည်သည်ကိုမှ မသိရချေ။ မိုးပြာရောင်နဂါးအဖွဲ့အစည်းထဲရှိ သူတို့၏ သူလျှိုများပင်လျှင် သတင်းအချက်အလက်လေး တစ်ခုမျှ မရရှိပေ။ ထိုအဖွဲ့အစည်းတွင် သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့် အစစ်အမှန်ကို သိရှိသူမှာ မရှိသလောက်ပင် နည်းသည်။ နတ်ဆရာ၏ အကူအညီကြောင့် ပိုင်ရှောင်ချန်းအကြောင်းအနည်းငယ်သိသော မူလအဖွဲ့ဝင်များမှာလည်း သတိကြီးကြီးရှိနေကြပြီး သတင်းများကို မပေါက်ကြားစေရန် အထူးသတိပြုနေကြသည်။
ကောင်းကင်ဘုံ အဖွဲ့အစည်းသည် ပိုင်ရှောင်ချန်းမှာ ရုတ်ချည်း ပေါ်ထွက်လာသည်ကို အနည်းငယ် နားလည်နိုင်သော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်းမှ လူများက လျှို့လျှို့ဝှက်ဝှက် နေတတ်ကြသည်မှာ မကြားဖူးလောက်အောင် ရှားပါးသည့် ကိစ္စတစ်ခုဖြစ်သည်။ မူးယစ်ဆေးလုံးများ၏ မူလဇာတ်မြစ်ကို စုံစမ်းကြည့်ခြင်းမှာ အကြံအစည်ကောင်းတစ်ခုဖြစ်သည်ဟု ထင်ရပါသော်လည်း အမှန်တွင် သူတို့သည် ထိုဆေးလုံးကို မတော်တဆ ရရှိခဲ့သည်ဖြစ်ပြီး မည်သည့်နေရာက လာသည်ကို အတိအကျမသိချေ။ ထို့အပြင် အရှေ့ပိုင်းကျင့်ကြံခြင်းလောကသည် ကြီးမားသောနေရာကြီးတစ်ခု ဖြစ်ပြီး အောက်ပိုင်းဒေသတွင် ဖြစ်ပျက်သောကိစ္စများကို မြစ်အထက်ပိုင်းရှိလူများက သိပ်၍ အလေးထားကြသည်မဟုတ်ချေ။
နေ့ရက်များတဖြည်းဖြည်း ကုန်ဆုံးသွားရင်း မိုးပြာရောင် နဂါးအဖွဲ့အစည်း ကြီးထွားလာသည်ကို ကောင်းကင်ဘုံ အဖွဲ့အစည်းက ရပ်ကြည့်နေရတော့သည်။ အဆုံးတွင် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ မူးယစ်ဆေးလုံး ရောင်းချမှုနှုန်းများမှာ ကောင်းကင်ဘုံ အဖွဲ့အစည်းထက် သာလွန်သွားတော့သည်။ ထိုအချိန်တွင် သူတို့မှာ လုံးဝကို သည်းမခံနိုင်ကြတော့ပေ။
ကောင်းကင်ဘုံ အဖွဲ့အစည်း ဌာနချုပ်မှာ ကုံမြို့တော်၏ အလယ်ပိုင်းဒေသတွင် ရှိပြီး ယခုတွင်မူ ထိုနေရာတွင် မိုးပြာရောင် အဖွဲ့အစည်းကို မည်သို့ ကိုင်တွယ်ရမည်ဖြစ်ကြောင်း ဆွေးနွေးနေကြသည်။နောက်ဆုံးတွင် အချို့မှာ မိုးပြာရောင် နဂါးအဖွဲ့အစည်းကို ချေမှုန်းနိုင်ရန် တိတ်တဆိတ်အကြံအစည်များ ဆက်၍ချမှတ်ရန် ထောက်ခံနေကြသည်။ သို့သော်လည်း ထိုသို့သောအကြံမျိုးအလုပ်ဖြစ်ရန်မှာ အချိန်အတိုင်းအတာ တစ်ခုထိပေးရမည်ဖြစ်သည်။ ထို့နောက် ဆွေးနွေးပွဲထဲမှ အေးစက်စက် နှာမှုတ်သံတစ်သံ ပေါ်ထွက်လာတော့သည်။
” ငါတို့ အခုထက်ပိုစောင့်လို့မရတော့ဘူးဟေ့။ ငါတို့ ကောင်းကင်ဘုံ အဖွဲ့အစည်းက ဒီကိစ္စကို အင်အားသုံးပြီး ဖြေရှင်းလို့ မရတာမှမဟုတ်ပဲ။ စည်းမျဥ်းဖောက်မိမှာ ကြောက်လို့သာ မလုပ်ပဲနေရတာ။ အဲ့ မိုးပြာရောင် နဂါးအဖွဲ့အစည်းက ကောင်တွေက လူပါးဝလွန်းနေတာ။ ဒီလို ဆွေးနွေးနေတာ ဘာအရေးတုံး။ ကောင်းကင်ဘုံ အဖွဲ့အစည်းက ဘယ်လောက်အင်အားကြီးလဲဆိုတာကို မင်းတို့ကောင်တွေ မေ့သွားကြတာလား။ လာစမ်းပါ။ အဲ့ သမားတော်ပိုင်ဆိုတဲ့ကောင်ကို သွားပြီး ပြန်ပေး ဆွဲရအောင်။ ”
” ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြုခြင်းအခြေခံအဆင့်ကို ငါတို့မှမသိတာဟ။ ” တစ်စုံတစ်ယောက်က ကန့်ကွက်လိုက်သည်။
” အဲ့လိုမသိပဲ သွားလုပ်ရင် အဆင်မပြေနိုင်ဘူးနော်…. ”
” တစ်မိုးအောက်မှာ ငါတို့မသိတဲ့အရာတွေ အများကြီးပဲ။ အဲ့လိုမသိလို့ ဘာမှမလုပ်ပဲနေတာကရော ဘာကောင်းလို့လဲ။ သူ့ရဲ့နောက်ခံအင်အား ဘယ်လောက်ပဲကောင်းနေပါစေ သူက ကောင်းကင်ဘုံအဖွဲ့အစည်းကို ယှဥ်နိုင်မှာတဲ့လား။ ငါတို့က နတ်အဆင့်ရှိတဲ့ ကျင့်ကြံသူမျိုးနွယ်စုတစ်ခုကနေ ဆင်းသက်လာတဲ့ အဖွဲ့အစည်းပါကွ။ အဲ့ကောင့်ရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်နည်းနဲ့မှတော့ ယင်ယန်ဝိညာဥ်အဆင့် မဖြစ်နိုင်ဘူး။ အမြုတေအဆင့်တောင် ဒီကောင်ရောက်ချင်မှ ရောက်ဦးမှာ။ သူသာ အဲ့အဆင့်ရောက်နေပြီဆိုရင်လည်း သက်တံ့ဒေသအထိ ရာထူးမတိုးစရာအကြောင်း မရှိဘူး။ ဘာလို့ သူက ဆေးတွေဖော်စပ်ပြီး အချိန်ဖြုန်းနေမှာလဲ။ ”
ထိုအချက်အလက်များကို ထောက်ပြနေသည့် ပုဂ္ဂိလ်သည် အဖွဲ့အစည်းထဲတွင် အဆင့်မြင့်သည်ဖြစ်သဖြင့် မည်သူကမှ သူ့ကို အာမခံရဲပေ။ ထိုအကြံမှာ အကြံကောင်းတစ်ခုမဟုတ်ဟု အများစုက ယူဆနေကြပါသော်လည်း သူတို့မှာ အချင်းချင်းကြည့်ကာ ပါးစပ်ပိတ်ထားလိုက်ကြတော့သည်။
မကြာမီတွင် ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ ယောက်ယက်ခတ်နေတော့သည်။ သူတို့တွင် အမြုတေအဆင့် ကျင့်ကြံသူများ မရှိပဲ အခြေခိုင်မာခြင်း စက်ဝန်းအဆင့်နှင့် အမြုတေအဆင့်သို့ တစ်ဝက်နီးပါးရောက်နေသည့် ကျင့်ကြံသူများသာ ရှိသည်။ သူတို့၏ အဖွဲ့အစည်းထဲတွင် အနီရောင်နှင့် လိမ္မော်ရောင်ဝတ်ရုံအဆင့် ကျင့်ကြံသူများသာ ရှိကြသည် မဟုတ်ပါလော။ လိမ္မော်ရောင်ဝတ်ရုံအဆင့် ရောက်ရှိသူများမှာ ထွက်ခွာသွားကြပြီဖြစ်ပြီး အလွယ်တကူပြန်၍ မခေါ်နိုင်ပေ။
ပိုင်ရှောင်ချန်းကို ရင်ဆိုင်ရန် သူတို့သည် အမြုတေအဆင့်သို့ တစ်ဝက်နီးပါးခန့် ရောက်နေပြီဖြစ်သည့် ကျင့်ကြံသူ ဆယ်ယောက်နှင့် အခြေခိုင်မာခြင်း စက်ဝန်းအဆင့်ရှိ ကျင့်ကြံသူ ဒါဇင်အနည်းငယ်အပြင် နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ရှိ လူများစွာကိုပင် ထပ်၍ စုစည်းလိုက်သည်။
ညသို့ရောက်သောအခါ သူတို့သည် မြောက်ပိုင်းဒေသသို့သွားကာ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်သော အင်မော်တယ်ဂူဆီသို့ ဦးတည်သွားကြတော့သည်။
ထိုမျှ အင်အားကြီးသော အဖွဲ့မှာ တစ်မြို့လုံးရှိ အခြားအဖွဲ့အစည်းများအားလုံးကို လွှမ်းမိုးနိုင်လောက်သည်အထိ အင်အားကြီးသည်ဖြစ်သည်။
သူတို့က အရှိန်ကို အနည်းငယ်ပင် မလျှော့ပေ။ ယခုလုပ်ရပ်မှာ လျှပ်တပြက်တိုက်ကွက်တစ်ခုဖြစ်ရာ အောင်မြင်နိုင်မှုမှာ သူတို့၏ ပထမဆုံး တိုက်ကွက်ပေါ်တွင် များစွာမူတည်နေသည်။ သူတို့၏ ပထမ ဦးစားပေး အကြံအစည်မှာ သူ့ကိုပြန်ပေးဆွဲရန်ဖြစ်သော်လည်း အခြေအနေများက ဆိုးသည်ထက်ဆိုးလာပါက သူ့ကိုအသေသတ်ကာ နောက်အကျိူးဆက်များကို နောက်မှရှင်းရန် ပြင်ဆင်ထားကြသည်။
ထိုညသည် မှောင်မိုက်ကာ လေထန်လွန်းလှသဖြင့် ပိုင်ရှောင်ချန်းသည် တင်ပျဥ်ခွေ ထိုင်ကာ သူ၏ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန် ကို ကျင့်ကြံရန် စတင်နေသည်။ သူ၏ လတ်တလော ကျင့်ကြံမှုများကြောင့် သူသည် အေးစိမ့်ကျင့်ကြံသူ အဆင့်၏ ထိပ်ဆုံးသို့ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။
သူ၏ ဘေးနားတွင်ဝဲပျံနေသည့် အေးစိမ့်ချီများမှာ မြင်လိုက်ရသူတိုင်းအတွက် တုန်လှုပ်ဖွယ်ကောင်းနေပြီး ၎င်းချီများကြောင့် အခန်း၏နံရံများပေါ်တွင် ရေခဲလွှာလေးများစွာ ဖြစ်ပေါ်နေတော့သည်။ သူ၏ ကျင့်ကြံခြင်းအများစု မှာ အတွင်းပိုင်းကျင့်ကြံခြင်းဖြစ်သဖြင့် ထိုသို့ပြင်းထန်လှသော အေးစိမ့်ချီသည် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများကိုပင် သေသွားသည်အထိ အေးခဲနိုင်စွမ်းရှိသည်။
သူသည် သူ၏ချီကိုတည်ငြိမ်အောင်လုပ်ကာ စိတ်ကိုရှင်းလိုက်စဥ် သူ၏မျက်လုံးများမှာ ရုတ်တရက်ပြူးသွားတော့သည်။ ထို့နောက် ထူးဆန်းသောအမူအရာတစ်ခုဖြင့် မော့ကြည့်လိုက်လေသည်။ သို့သော်လည်း သူသည် ချောင်းဟန့်ကာ တရားပြန်ထိုင်ရန် မျက်လုံးပြန်မှိတ်လိုက်သည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော အရိပ်ပုံရိပ်များမှာ အင်မော်တယ်ဂူအနားသို့ ချဥ်းကပ်လာနေကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှေ့သို့ပြေးထွက်လိုက်ကြသဖြင့် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ အကာအကွယ် မန္တန်အစီအရင်များ ပေါ်ထွက်လာတော့သည်။
ထိုသို့ပေါ်ထွက်လာသည်နှင့် ကောင်းကင်ဘုံ အဖွဲ့ဝင်များက သူတို့၏ စွမ်းအားအကြီးဆုံးတိုက်ကွက်များကို ထုတ်သုံးလိုက်ကြသဖြင့် မိုးခြိမ်သံများကဲ့သို့ ပေါက်ကွဲသံများမှာ လေထုထဲတွင် ပြည့်နှက်သွားပြီး မန္တန်အစီအရင်မှာ တစ်စစီဖြစ်သွားတော့သည်။ မိုးပြာရောင် နဂါးအဖွဲ့အစည်းကလည်း ချက်ချင်း ပြန်တုံ့ပြန်ကာ အတွင်းထဲရှိ ကျင့်ကြံသူများမှာ အသံကုန်အော်ဟစ်လိုက်ပြီး သူတို့၏မှော်အတတ်များကို အရပ်မျက်နှာအနှံ့အပြားသို့ ဖြန့်ကျက်လိုက်သည်။
” နားစမ်းပါ။ ”
အမြုတေအဆင့်သို့ တစ်ဝက်နီးပါး ရောက်ရှိနေပြီ ဖြစ်သည့် ကျင့်ကြံသူဆယ်ယောက်မှာ တိုက်ပွဲအတွင်း ပါဝင်လာကြသဖြင့် မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ မည်မျှပင်ပြင်ဆင်ထားစေကာမူ ထိုသို့သော စွမ်းအားမျိုးကို မယှဥ်နိုင်ပေ။ သူတို့မှာ ချက်ချင်းပင် ခံစစ်အနေအထားသို့ ရောက်သွားရတော့သည်။ ဤအချိန်တွင် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ အရံခေါင်းဆောင်များမှာ သူတို့ရင်ဆိုင်နေရသူများက မည်သူများဖြစ်ကြောင်း သိသွားတော့သည်။
” အမြုတေအဆင့်ကို တစ်ဝက်နီးပါး ရောက်နေတဲ့ သူတွေပါလား။ ” ထိုကျင့်ကြံသူ ဆယ်ယောက်မှာ သူတို့၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကို မြက်ခြောက်လေးများအလား နင်းခြေသွားသဖြင့် မှင်တက်နေကြတော့သည်။
တချိန်ထဲမှာပင် မိုးပြာရောင် နဂါးအဖွဲ့အစည်းထဲသို့ ဝင်ရောက်နေသည့် သူလျှိုများလည်း ပေါ်ထွက်လာသည်။
” မိုးပြာရောင်နဂါးတွေရဲ့ ဆရာကြီးနေတဲ့အခန်းက အဲ့မှာ။ ”
အမြုတေအဆင့်သို့ တစ်ဝက်နီးပါး ရောက်နေသော ကျင့်ကြံသူဆယ်ယောက်တို့၏ မျက်နှာများပေါ်တွင် ခေါင်းမာသော အမူအရာများ ပေါ်ပေါက်လာပြီး ပိုင်ရှောင်ချန်း၏ အခန်းဆီသို့ ပြေးသွားကြသည်။ သူတို့ထဲမှ ခြောက်ယောက်မှာ အခြားလူများထက်ပို၍လျင်မြန်သည်ဖြစ်ပြီး အထင်သေးသော အမူအရာများဖြင့် သူ၏အခန်းထဲသို့ ဝုန်းခနဲဝင်သွားကြတော့သည်။
အခြားလေးယောက်ကမူ တခြားလူများမဝင်နိုင်စေရန် အပြင်တွင်စောင့်နေကြသည်။
” ဒီညပြီးရင် မိုးပြာရောင် နဂါးအဖွဲ့အစည်းမှာ ခေါင်းဆောင်လုံးဝမရှိတော့ဘူးဟေ့။ ” ထိုထဲမှ တစ်ယောက်က ဝင့်ကြွားစွာဆိုလိုက်သည်။
မိုးပြာရောင် နဂါးအဖွဲ့အစည်းဝင်များမှာ အလွန် စိုးရိမ်နေကြပြီး ကောင်းကင်ဘုံ အဖွဲ့အစည်းမှ ကျင့်ကြံသူများကမူ သူတို့၏ တာဝန်အောင်မြင်သွားပြီဟု မှတ်ယူကာ အေးစက်စက်ရယ်မောနေကြသည်။ ထိုအခန်းထဲမှ ပေါက်ကွဲသံတစ်သံထွက်လာလျှင် သူတို့ထွက်ပြေးနိုင်ပြီဖြစ်ကြောင်း ထင်မှတ်နေကြသည်။
သို့သော်လည်း ပေါက်ကွဲသံတစ်သံအစား သူတို့မှာ ဘာသံမှ မကြားလိုက်ရပေ။ အမြုတေအဆင့်သို့ တစ်ဝက်နီးပါးရောက်ရှိနေသည့် ကျင့်ကြံသူ ခြောက်ယောက် ထိုအခန်းထဲပြေးဝင်သွားပြီးနောက် တိုက်ခိုက်သံတစ်သံမှ ထွက်မလာချေ။ တိတ်ဆိတ်လွန်းလှသဖြင့် အပ်တစ်ချောင်း မြေပေါ်ကျသံကိုပင် ကြားနိုင်သည်။
ထိုလူအုပ်ထဲရှိ လူတိုင်း၏မျက်နှာများပေါ်တွင် တုန်လှုပ်နေကြသည့် အမူအရာများ စတင်ပေါ်ပေါက်လာကြသည်။ နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့ နှစ်ယောက်သာ အထင်သေးသော အမူအရာများနှင့် စောင့်ကြည့်နေကြသည်။
” ဘာဖြစ်သွားတာလဲ… ” တစ်စုံတစ်ယောက်က တိုးတိုးလေး ဆိုလိုက်သည်။ တစ်ခုခု လွဲနေပြီဖြစ်သည်။ ထိုအခန်း၏ တံခါးပေါက်မှာ ဝင်လာသူတိုင်းကို ဝါးမျိုတော့မည့် အနက်ရောင်ပါးစပ်ကြီးတစ်ခုနှင့်ပင် တူနေတော့သည်။ ထိုတံခါးကိုကြည့်လိုက်လျှင်ပင် အများစုမှာ ကျောရိုးထဲထိအောင် အေးစိမ့်သွားကြတော့သည်။
အပြင်ဘက်ရှိ အမြုတေအဆင့်နီးပါးရှိသော ကျင့်ကြံသူ လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အံကြိတ်ကာ လှုပ်ရှားရန် ပြင်လိုက်သည်။ ယခုအခါ သတင်းပြန်ပို့စရာ အချက်အလက်မပါပဲ ပြန်၍ မရနိုင်တော့ချေ။ သူတို့လေးယောက်မှာ စွမ်းအားများပေါင်းစည်းကာ အခန်းထဲသို့ဝင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူတို့တစ်ယောက်မှပင် မလှုပ်နိုင်သေးချိန် အေးစိမ့်ချီများက တံခါးအပြင်သို့ ပေါက်ထွက်လာပြီး တစ်နေရာလုံးကို ဖုံးလွှမ်းသွားတော့သည်။
သူတို့ကို အေးစိမ့်ချီများ ဖုံးလွှမ်းသွားသည့်အခါ သူတို့သည် အေးခဲလုမတတ်ဖြစ်သွားကြပြီး မယုံကြည်နိုင်လောက်အောင် မျက်လုံးများပြူးသွားကြသည်။ အမြုတေအဆင့်သို့ ရောက်ခါနီး ကျင့်ကြံသူတစ်ယောက်ဆိုလျှင် စက္ကူလက်ဖွဲ့အဆောင်စာရွက်တစ်ကို မီးရှို့လိုက်သဖြင့် ရုတ်တရက် အနီရောင်အလင်းတန်းများ တောက်ပလာတော့သည်။ ထိုမီးတောက်၏ ကူညီမှုဖြင့် သူသည် နောက်ဘက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်ပြီး မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖွေးနေတော့သည်။ တုန်လှုပ်မှုနှင့် အကြောက်တရားများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူက အော်ပြောလိုက်သည်။
” အမြုတေအဆင့် ပါလား။ “