“ဒီက ပစ္စည်းတွေက စျေးကြီးလိုက်တာ” ထိုသည်မှာ လွန်ခဲ့သောတစ်နှစ်က ကုံမြို့တော်ကို စရောက်ခဲ့သည့် ပိုင်ရှောင်ချန်း။
” ဟေးး.. ဒါတော်တော်ကောင်းမယ့်ပုံပဲ။ နည်းနည်းတော့ စျေးကြီးပေမယ့်… အားး… ဘာဖြစ်ဖြစ်ကွာ ကြိတ်မှိတ်ပြီးပဲ နေတော့မယ်”
ထိုသည်မှာ ဝမ်းမီးငြိမ်သက် ဆေးလုံးများမှ အမြတ်များရခဲ့သည့် နေ့ရက်များရှိ ပိုင်ရှောင်ချန်း။
“ဒါ တော်တော်မိုက်တာပဲ.. ငါယူမယ်ကွာ ”
ထိုသည်က မြောက်ပိုင်းဒေသတွင် မိုးပြာရောင်နဂါးအဖွဲ့အစည်း ထင်ပေါ်ကျော်ကြားလာချိန်က ပိုင်ရှောင်ချန်း။
ယခုတွင်တော့…….
လောလောဆယ်တွင် ပိုင်ရှောင်ချန်းမှာ မှော်ပစ္စည်းဆိုင်တွင်ဖြစ်ပြီး ခင်းကျင်းပြသထားသည့် မှော်ပစ္စည်းအမျိုးအစားတစ်ရာနီးပါးကို လှည့်ပတ်ကြည့်ရှုနေလေသည်။ သူ့ကိုယ်သူ အလွန်တရာ ကျေနပ်အားရနေရင်း သူက ပစ္စည်းအချို့ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီတစ်ခု.. ဟိုတစ်ခု.. အိုးး ဟိုနားလေးကဟာကောပဲ…. ။ ငါမလိုချင်တာ အဲ့သုံးခု။ ကျန်တာတွေအကုန်ယူမယ်”
စျေးရောင်းသူများမှာ ချွေးသီးချွေးပေါက်များကျနေပြီး ဤကဲ့သို့ ငွေကြေးချမ်းသာပြီး အရေးကြီးသော လူတစ်ယောက်နှင့် ရင်ဆိုင်နေရသောကြောင့် ရင်တဒိန်းဒိန်းခုန်နေကြလေသည်။
ပိုင်ရှောင်ချန်းမှာ လက်မဖွာပဲ မနေနိုင်ပေ။ အစားအသောက်၊ အဝတ်အစား ဘာပဲဖြစ်ဖြစ်အကောင်းတကာ့ အကောင်းဆုံးကိုသာ ယူသည်။ သူလက်ရှိဝတ်ထားသမျှအားလုံး၏ တန်ဖိုးကို တွက်ကြည့်ပါလျှင် စွမ်းဆောင်ရည်ရမှတ် ၇-၈၀၀၀၀၀ ပတ်လည် ရှိလိမ့်မည်။ အမှန်တွင် သူသာ သက်တန့်ဒေသသို့ အဆင့်တက်ချင်လျှင် အလွယ်လေးပင်။
သို့သော် ပိုင်ရှောင်ချန်းသည် ကုံမြို့တော်ကို စွန့်ခွာလိုစိတ်မရှိကာ သက်တန့်ပေါ်ရှိ ဘဝသည် ဤမျှလောက် သေချာပေါက်ကောင်းလိမ့်မည်မဟုတ်ကြောင်း ယုံကြည်လေသည်။အမှန်တွင် စုံစမ်းမှုတချို့ပင်လျှင်ပြုလုပ်ခဲ့ပြီး သူ၏သံသယများမှာ မှန်ကန်ကြောင်း သိလိုက်ရလေသည်။ သက်တန့်ပေါ်ရှိ ဘယ်သူမှ ယခုသူနေထိုင်သကဲ့သို့ မနေကြပေ။ ထို့ကြောင့် ကုံမြို့တော်တွင်သာ ဓားစာခံအဖြစ် သူ၏ကျန်ရှိသော အချိန်များအား ကုန်ဆုံးပစ်ရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“အရူးတွေပဲ အဲ့သက်တန့်ဆီသွားမှာ” သူက သီချင်းလေးတညည်းညည်းဖြင့် လူအုပ်ထဲ လျှောက်သွားနေစဥ် တွေးလိုက်သည်။ မြောက်ပိုင်းဒေသမှလူများ သူ့ကို မြင်လိုက်သောအခါ သူတို့၏ မျက်လုံးအတွင်း လေးစားအားကျမနာလိုသည့် အမူအရာများကို တွေ့ရလေသည်။သူက ပျော်ရွှင်ကြည်နူးမှုဖြင့် မြောက်သွားပြီး သူဘယ်လောက်တော်ကြောင်းကို မတွေးရမနေနိုင်အောင် ဖြစ်နေတော့သည်။ သူသွားလိုက်သည့် နေရာတိုင်းတွင် လူအများ အာရုံစိုက်ရာဖြစ်နေလေသည်။
အမှန်မှာ သူသည် ငွေကြေးနှင့်ပတ်သက်ပြီး အမှန်တကယ် ဂရုမစိုက်ဘဲ မိုးပြာရောင်နဂါးအဖွဲ့အစည်း ဘယ်လောက်ရနေကြောင်းလည်း အာရုံထဲ ထားမနေပေ။ မိုးပြာရောင်နဂါးအဖွဲ့အစည်း လည်ပတ်နေနိုင်ရန် လုံလောက်သော စွမ်းဆောင်ရည်မှတ်များ ရှိနေသရွေ့ သူဂရုမစိုက်ပေ။
သို့သော်လည်း သူ၏ အံ့သြဖွယ် ဘဝတွင် မကျေမနပ်ဖြစ်ရသည့် အခန်းကဏ္ဍများလည်း ရှိသည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် အလွန်လျင်မြန်စွာ တိုးချဲ့လာသောကြောင့် လူသစ်များမှာ အကောင်းအဆိုး ရောနှောနေလေသည်။ ကုံမြို့တော်ရှိ အခြားသော အဖွဲ့အစည်းများမှာ ထိုးဖောက်ဝင်ရောက်ရန် လူများစေလွှတ်ထားပြီး ကောင်းကင်ဘုံအဖွဲ့အစည်းသည်လည်း ထိုနည်းတူပင်။
ထိုမျှသာမက မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် အခြားဒေသသုံးခုသို့ ချဲ့ထွင်လာချိန်တွင် ကောလဟာလများ ပြန့်လာ၏။
အချို့သော ကောလဟာလများသည် ပိုင်ရှောင်ချန်းမှာ အရှေ့ဘက်ဒေသမှ သမားတော်ပိုင်ကလွဲ၍ မဟုတ်နိုင်ကြောင်း ပြောနေကြသည်။ အခြားသူများမှာ မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် မည်မျှရက်စက်ယုတ်မာကြောင်း အဓိကထားပြောကြသည်။ အများဆုံးကြားသည့် ကောလဟာလများထဲမှ တတိယအမျိုးအစားဖြစ်သော မူးယစ်ဆေးများသည် အလွန်အန္တရာယ်များ၍ စွဲလမ်းစေတတ်သည်ဟူ၍။
နောက်ဆုံးတွင် ကောလဟာလအကုန်လုံးသည် မိုးပြာရောင်နဂါးအဖွဲ့အစည်းနှင့် ပိုင်ရှောင်ချန်းအကြောင်းများဖြစ်ကာ ကျယ်ပြန့်သော ပိုက်ကွန်တစ်ခုက သူတို့အပေါ် ဖြည်းဖြည်းချင်း လွှမ်းခြုံလာတော့သည်။
နတ်ဆရာသည် ထိုသည်ကို အလျင်အမြန်သတိပြုမိသွား၏။ မူလမိုးပြာရောင်နဂါးအဖွဲ့အစည်းကို တည်ထောင်ခဲ့သည့် ပထမဆုံးကျင့်ကြံသူလူစုအနည်းငယ်လွဲ၍ ဘယ်သူမှ သူ့ကိုမမြင်ဖူးကြပေ။ သူသည် လူမမြင်နိုင်သော အမှောင်ရိပ်များအတွင်း ပုန်းလျှိုးကွယ်လျှိုးနေသည့် ပိုင်ရှောင်ချန်း၏ လူယုံအကြံပေးတစ်ယောက်ဖြစ်သည်။ ကောလဟာလများနှင့်ပတ်သက်၍ နတ်ဆရာ၏ တင်ပြချက်ကို ပိုင်ရှောင်ချန်းကြားသောအခါ အလွန်လေးလေးနက်နက်စဥ်းစားလေသည်။ ကောင်းကင်ဘုံအဖွဲ့အစည်း၏ ကောက်ကျစ်စဥ်းလဲသောနည်းလမ်းများကို ကောင်းစွာသိထားလေရာ လွန်ခဲ့သော လအနည်းငယ်က သူတို့မလှုပ်ရှားခြင်းမှာ တစ်ချက်တည်းဖြင့် အလှဲသိပ်ရန် ချက်ကောင်းကို စောင့်နေခြင်းဖြစ်ကြောင်း ကောင်းစွာသိနိုင်လေသည်။
ပိုင်ရှောင်ချန်းသည် ထိုကိစ္စကို အလေးအနက်ထားကြောင်း သိသောအခါ နတ်ဆရာသည် ထိုအတိုင်းမှတ်ယူလိုက်သည်။ သူသည် မိုးပြာရောင်နဂါးအဖွဲ့အစည်းကို အလျင်အမြန် စုရုံးကာ ကောလဟာလများကို တိုက်ဖျက်ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း သူတို့၏လုပ်ဆောင်ချက်မှာ အတင်းအဖျင်းစကားအနည်းစုကိုသာ နှိမ်နင်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် ပို၍ပင်ဆိုးလာတော့သည်။
တစ်ညနေတွင် ပိုင်ရှောင်ချန်းသည် ထူးခြားဆန်းပြားသော အကောင်းဆုံး စားကောင်းသောက်ဖွယ်များ တောင်လိုပုံ၍ ချစ်စရာကောင်းသော မိန်းမပျိုနှစ်ယောက်က အလုပ်အကျွေးပြုနေလျက် ညနေစာကို သုံးဆောင်နေလေသည်။
နတ်ဆရာသည်လည်း မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ကိစ္စရေးရာများအကြောင်း နေ့စဥ်တင်ပြချက်များကို ပြရင်း စားပွဲတွင် ထိုင်နေလေသည်။ ထိုအချိန်တွင် သတင်းတစ်ခုရောက်လာတော့သည်။
” ဆရာကြီး.. ဟိုတလောက ကျွန်တော်တို့ စုံစမ်းခဲ့တာကနေ ကောလဟာလတွေ အဓိကဖြန့်တဲ့သူတစ်ယောက်ကို တွေ့ထားတယ်။ ကျွန်တော်တို့ သူ့ကို ဖမ်းခေါ်လာတယ်.. ။ အခု ဘာဆက်လုပ်ရမလဲဆိုတာ လာဆုံးဖြတ်ပေးဖို့လိုလို့ပါ ဆရာကြီး ”
နတ်ဆရာက စားပွဲကို ဘုန်းခနဲ ရိုက်လိုက်ပြီး ဟမ်းခနဲ နှာမှုတ်လိုက်သည်။
” သူ့ကို ဒီခေါ်လာစမ်း ။ ငါတို့ဒုက္ခရောက်အောင် ဘယ်ကောင်ကများ မွှေရဲတာလဲဆိုတာ ကြည့်ကြသေးတာပေါ့”
မကြာမီ ပိုင်ရှောင်ချန်းနှင့် နတ်ဆရာတို့သည် တဖြည်းဖြည်း နီးကပ်လာသည့် စူးစူးဝါးဝါး ကြောက်လန့်တကြားအော်သံများ ကြားလိုက်ရလေသည်။
” မိုးပြာရောင်နဂါးအဖွဲ့အစည်းက တာအိုရောင်ရင်းတို့.. ချမ်းသာပေးပါဗျာ။ ကျုပ်..တကယ်..တောင်းပန်ပါတယ်။ ကျုပ် တကယ့်ကို တောင်းပန်ပါတယ်ဗျာ”
အော်သံမှာ ကျယ်သထက်ကျယ်လာပြီး မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ လူထွားကြီးနှစ်ယောက်က ရှုပ်ပွနေသောဆံပင်များနှင့်လူငယ်တစ်ယောက်ကို အခန်းထဲသို့ ဆွဲခေါ်လာလေသည်။
ကျင့်ကြံသူ လူထွားကြီးနှစ်ယောက်က သူ့ကို အတင်းအကြပ်ဒူးထောက်ခိုင်းလိုက်သောကြောင့် လူငယ်မှာ ရုန်းကန်မနေတော့ပေ။ မော်မကြည့်ရဲသောကြောင့် တအီးအီး ငိုသံနေပြီး သနားညှာတာပေးရန် တောင်းဆိုနေတော့သည်။
“ချမ်းသာပေးပါဗျာ.. မိုးပြာရောင်နဂါးဆရာကြီးရယ်..။ ကျွန်တော်တကယ်တောင်းပန်ပါတယ်ဆရာကြီး… နောက်တစ်ကြိမ်မလုပ်ရဲတော့ပါဘူး….”
” ကောင်းကင်ဘုံအဖွဲ့အစည်းအတွက် လုပ်ပေးမိတာ အရူးပါပဲဗျာ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ မိုးပြာရောင်နဂါးဆရာကြီးရယ် ” လူငယ်၏ တအီအီငိုကြွေးသံမှာ အမှန်တကယ်သနားစရာပင်။
သို့သော်လည်း လူငယ် တတွတ်တွတ်ပြောစဥ် ပိုင်ရှောင်ချန်းသည် ကြက်ခြေထောက်ကိုက်နေရာမှ ရပ်လိုက်ပြီး သူ့ကို အနီးကပ်ကြည့်လိုက်သည်။ သူ့ဘေးရှိ နတ်ဆရာ၏ မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်ပြားတမျှ ပြူးကျယ်လာတော့သည်။
ထို့နောက် သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး တစ်ပြိုင်တည်း သိလိုက်သည်မှာ မထင်မှတ်ထားဖွယ်…… အသနားခံနေသည့် ကျင့်ကြံသူလူငယ်မှာ … ရွှီပေါက်ချိုင်ပင်။
သူ့မှာ အရိုက်အနှက်ခံထားရလေရာ နှာခေါင်းသည် ရောင်ကိုင်းနေပြီး ဆံပင်တို့မှာ လုံးဝ ရှုပ်ပွနေလေသည်။ သူ၏အသံမှာ အက်ကွဲကွဲ ဖြစ်နေပြီး ယခုထက်ထိ ခေါင်းမမော့ရဲသေးပေ။
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာ၏။ လည်ချောင်းရှင်းရင်း ကြက်ခြေထောက်ကို လက်စသတ်လိုက်ပြီးနောက် ရုတ်တရက် ထအော်လိုက်သည်။
” ရွှီပေါက်ချိုင် ”
ရွှီပေါက်ချိုင်မှာ ခေါင်းငုံ့ကာ ဒူးထောက်လျက်ရှိလေသည်။ ပိုင်ရှောင်ချန်း၏ ရုတ်တရက်အော်သံကြောင့် သူက စူးစူးဝါးဝါးအော်လိုက်ပြီး အသနားခံရန်ပြင်လိုက်သည်။ သို့သော်လည်း အစောပိုင်းက အသံမှာ အလွန်ရင်းနှီးပုံရလေရာ သတိမထားမိလိုက်ဘဲ ခေါင်းမော့ကြည့်မိလိုက်ရာ….. စားပွဲပေါ်တွင် အထူးကောင်းမွန်သော စားသောက်ဖွယ်ရာများနောက်ရှိ မရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
စားပွဲရှိ အခြားလူကိုမူ ရင်းနှီးလေသည်။ အံသြတုန်လှုပ်စွာ ထိုနေရာတွင် ထိုင်နေသည့် ဒုတိယလူမှာ နတ်ဆရာဖြစ်ကြောင်း မှတ်မိသွားတော့သည်။
ရွှီပေါက်ချိုင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ့မျက်လုံးမှာ ကြောင်တောင်တောင် ဖြစ်သွားတော့သည်။ ထိုအခိုက်တွင် မရင်းနှီးသော မျက်နှာမှာ ရုတ်တရက် မှုန်ဝါးဝါးဖြစ်သွားပြီးနောက်..သူက.. ထိုမရင်းနှီးသော မျက်နှာကိုသာ ကြည့်နေမိတော့သည်။
ရွှီပေါက်ချိုင်၏ခေါင်းမှာ ချာချာလည်သွားပြီး လုံးဝမယုံကြည်နိုင်မှုတို့က သူ့မျက်နှာပေါ်တွင် ပေါ်လာတော့သည်။
“ပိုင်….”
သူက အော်လိုက်သည်။ သို့သော် သူစကားကိုဆုံးအောင် မပြောနိုင်လိုက်မီ ကြက်ခြေထောက်တစ်ချောင်းက ဝှီးခနဲ သူ့ပါးစပ်ထဲဝင်သွားတော့သည်။
ခြောက်ကပ်ကပ် ချောင်းဟန့်ရင်း ပိုင်ရှောင်ချန်းက ပြုံးပြီးပြောသည်။
” ဘာလို့ ဒီလောက်တောင် အခြေအနေဆိုးသွားတာလဲ ရွှီပေါက်ချိုင်။ ငါပြောချင်တာက..ငါလဲဆိုးခဲ့တာပါပဲ..ဒါပေမယ့်ကွာ သိသိသာသာကိုပဲ မင်းက ငါ့ထက် ပိုဆိုးတယ်ကွ”
ပိုင်ရှောင်ချန်း၏တုံ့ပြန်မှုကို တွေ့ပြီးနောက် ရွှီပေါက်ချိုင်ကို ချုပ်ထားသည့် လူထွားကြီးနှစ်ယောက်က သူ့ကို လွှတ်ပေးလိုက်သည်။ သူတို့မကြားသင့်သည့် တစ်စုံတစ်ရာရှိကြောင်းသိသဖြင့် အလျင်အမြန် ထွက်သွား၏။
ရွှီပေါက်ချိုင်၏ မျက်လုံးများမှာ ငိုရလွန်း၍ ရဲရဲနီနေချေသည်။ ဝိညာဥ်စားသောက်ဖွယ်ရာအပြည့်နှင့် စားပွဲ၊ ကျန်းမာဝင်းလက်နေသော မျက်နှာ၊ တလက်လက်တောက်ပနေသော မှော်ရတနာများနှင့် ပိုင်ရှောင်ချန်းကို ကြည့်ရင်း ရွှီပေါက်ချိုင်မှာ ရင်ခုန်သံမြန်လာတော့သည်။ အကုန်လုံးပေါင်း တန်ဖိုးသည် ဝတ်ရုံဝါဂိုဏ်းသားအဆင့်ကိုရောက်ရန်အထိ မလုံလောက်သော်လည်း နီးကပ်လေသည်။ ဆန့်ကျင်ဘက်တွင် သတင်းများရောင်းချခြင်းမှ ရရှိသော သူ၏ဝင်ငွေသည် ထိုအဆင့်သို့ နှစ်ခြောက်ဆယ်ရပ်ဝန်းအတွင်း၌ပင်လျှင် မရောက်နိုင်ပေ။
ထို့အပြင် ပိုင်ရှောင်ချန်းသည် ယခုတွင် မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဆရာကြီးဖြစ်နေသည့်အချက်သည် လုံးဝလက်ဖျားခါစရာဖြစ်လေရာ ရွှီပေါက်ချိုင်၏မျက်လုံးများအတွင်းမှ မျက်ရည်များစီးကျလာတော့သည်။
ထိုအရာအားလုံးအပြင် ပိုင်ရှောင်ချန်းကို စောင့်ပေးနေသည့် မိန်းမပျိုနှစ်ယောက်မှာ လူစင်စစ်မဟုတ်ပေ။ သူတို့သည် လက်ရာမြောက်သော လက်မှု ရုပ်သေးရုပ်များပင်ဖြစ်ချေသည်။ ရွှီပေါက်ချိုင်မှာ ထိုအရာကြောင့် တဆတ်ဆတ်တုန်သွားလေတော့သည်။ ထိုသို့ သက်ရှိကဲ့သို့ ရုပ်သေးရုပ်များမှာ ကိန်းဂဏန်းများစွာ စျေးကြီးလေသည်။
ရွှီပေါက်ချိုင်မှာ နတ်ဆရာဝတ်ဆင်ထားသည့် တောက်ပြောင်နေသော မှော်ရတနာများအားလုံးနှင့် သူ၏ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များမှာ သူတို့နောက်ဆုံးအကြိမ်တွေ့ခဲ့စဥ်ကထက် သိသိသာသာ ပို၍မြင့်နေကြောင်း သတိပြုမိလိုက်လေသည်။ ရွှီပေါက်ချိုင် ခါးသီးနာကြည်းလောက်စရာပင်..။ နတ်ဆရာမှာ သိသိသာသာပင် အမြုတေအဆင့်နှင့် အလွန်နီးကပ်နေလေသည်။
ယခုတွင် အဖွဲ့မှ ထွက်ခွာခဲ့သည့် သူ၏အဆောတလျင်ဆုံးဖြတ်ချက်ကြောင့် အလွန်တရာ နက်နက်ရှိုင်းရှိုင်း နောင်တရမှုများဖြင့် ပြည့်နေတော့သည်။ သတင်းများ စုဆောင်းရောင်းချရန်ကြိုးစားရုန်းကန်ခဲ့ရသည့် ကြမ်းတမ်းခက်ခဲသော နေ့ရက်များကို ပြန်တွေးလိုက်ရင်း သူအလွန်မောက်မာမိခဲ့ကြောင်းမယုံနိုင်ဖြစ်နေတော့သည်။ထို့ပြင် ပိုင်ရှောင်ချန်းက မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ ဆရာကြီးဖြစ်လာပြီဆိုသော အချက်ကို သူဘာကြောင့်လွတ်ခဲ့ရသည်နည်း။ ပိုင်ရှောင်ချန်းကိုစွန့်ခွာခဲ့ခြင်းဖြင့် မယုံကြည်နိုင်ဖွယ်အခွင့်အရေးကိုဆုံးရှုံးခဲ့လေပြီဆိုသော အတွေးလေးကပင် သူ့ကို အလွန်တရာ ခါးသီးနားကြည်းသွားစေသည်။
“ခေါင်းဆောင်ငယ်.. ကျုပ်တကယ်မွှေခဲ့မိတယ်ဗျာ..”
သူက ပိုင်ရှောင်ချန်းကို သနားစဖွယ်ကြည့်ရင်း ပြောလိုက်သည်။ ထိုအခိုက်တွင် ပိုင်ရှောင်ချန်းက သူ့ကို အဝေးပို့သည့်တိုင် မည်သည့်အကြောင်းရင်းကြောင့်ပဲဖြစ်စေ တွယ်ကပ်ထားတော့မည်ဟု နှလုံးသားထဲတွင် ဆုံးဖြတ်လိုက်လေပြီ။
“အား…ဘာပဲဖြစ်ဖြစ် ”
ပိုင်ရှောင်ချန်းက သူ၏လက်ကို အထင်အမြင်သေးသည့်ဟန်ဖြင့် ခမ်းနားစွာ ဝှေ့ယမ်းပြီးပြောလိုက်သည်။ ” ငါနဲ့အတူ မင်းကို ခေါ်ခဲ့တယ်..မဟုတ်ဘူးလား။ ဒါကြောင့် ငါ့မှာ မင်းအတွက်တာဝန်ရှိတယ်။ အရင်တုန်းက မင်း ငါ့ကို ရက်ရက်စက်စက် ထားခဲ့ပေမယ့်လဲ ငါက သဘောထားကြီးတဲ့ လူလေ။ အခုကစပြီး မင်းငါ့ကို မခွာရဘူး..။ ဟုတ်ပြီလားး ”
မျက်ရည်ပေါက်များသည် ချက်ချင်းပင် ရွှီပေါက်ချိုင်၏မျက်နှာတစ်လျှောက် တသွင်သွင်စီးကျလာတော့သည်။ နတ်ဆရာမှာမူ အနေရခက်စွာ ချောင်းဟန့်လိုက်သည်။ ပိုင်ရှောင်ချန်း အခုလေးတင် ပြောလိုက်သည့် စကားတို့ကို သူရင်းနှီးနေသည်။
” နောက်ကျနေပြီ ” ပိုင်ရှောင်ချန်းကပြောသည်။
” ဒီတော့ မင်းဘာလို့ အနားမယူသေးလဲ။ မနက်ဖြန်မှပဲ အရင်တုန်းက အကြောင်းတွေ ပြန်ပြောကြတော့ကွာ ” စားပြီးသောက်ပြီးသွားသဖြင့် ပိုင်ရှောင်ချန်းက လက်ဝှေ့ယမ်းလိုက်သည်နှင့် အစေခံမိန်းကလေးတစ်ယောက်က သူ့ကို လက်ကိုင်ပဝါတစ်ခုဖြင့် ပါးစပ်လာသုတ်ပေးလေသည်။ သက်ပြင်းချရင်း သူက မေးမော့လိုက်ကာ မိန်းကလေးကို ကြည့်ပြီး ပြော၏။
” သွားရအောင်.. ငါ့ကို ဆေးဖော်စပ်ရုံဆီခေါ်သွားပေး ”
အစေခံမိန်းကလေးနှစ်ယောက်သည် ပိုင်ရှောင်ချန်းကို မလိုက်ပြီး ထွက်သွားလေသည်။ သူ့မှာ လမ်းပင်လျှောက်စရာမလိုချေ။
နတ်ဆရာလည်း အလျင်အမြန် ထလိုက်ပြီး လက်ယှက်၍ ဦးညွတ်လိုက်သည်။ ထို့နောက် ကောင်းစွာလေ့ကျင့်ထားသကဲ့သို့ အသံဖြင့် ပြောလိုက်သည်။
” နှုတ်ဆက်ပါတယ်.. ဆရာကြီး ”
ထိုမြင်ကွင်းကြောင့် ရွှီပေါက်ချိုင်မှာ အံ့သြတုန်လှုပ်ပြီး တွေဝေမိန်းမောသွားတော့သည်။ ထိုသို့သော ဘဝဖြင့် နေထိုင်နိုင်ကြောင်း သူ တစ်ခါမှ စိတ်ကူးမယဥ်ကြည့်ခဲ့ဖူးချေ။