အခန်း ( ၂၁ )

စိတ်ဆိုးစရာကောင်းသော ဆရာတူအစ်ကို

ကံအားလျှော်စွာ လီချန်ရှို့၏ဆရာသည် သံသယမဝင်ချေ။ သူသည် အလွန်စိတ်ပူကာ ထိုရောဂါလက္ခဏာများ မည်သည့်အချိန်တွင် စတင်ပေါ်ခဲ့ကြောင်း လီချန်ရှို့အားမေးနေလေသည်။ သူသည် လီချန်ရှို့၏ လက်ကောက်ဝတ်အားကိုင်ကာ သေချာစမ်းသပ်လိုက်သည်။

တာအိုရသေ့ချီယွမ်သည် တာအိုပေါင်းစည်းခြင်းနဝမအဆင့်၌သာ ရှိသေးပြီး နတ်ဝိဇ္ဇာတစ်ပါးဖြစ်ရန် တစ်ဆင့်လိုသေးသည်။ ထို့ကြောင့် လီချန်ရှို့သည် သူ့ကို စစ်ဆေးရန် လုပ်သည့်အခါ အလွယ်တကူပင် လှည့်စားနိုင်လိုက်ပြီး အသေးစားပြဿနာတစ်ခုအား ဖြေရှင်းနိုင်လိုက်ပေသည်။

“ မင်းရဲ့ ဆဋ္ဌအာရုံက မတည်မငြိမ်ဖြစ်နေတာပဲ။ ပြီးတော့ နှလုံးသားမှာလည်း ရှုပ်ထွေးနေတယ် ”
ချီယွမ်က လေးလေးနက်နက် သတိပေးလိုက်သည်။
“ ချန်ရှို့ မင်းဂိုဏ်းကိုပြန်ရောက်တာနဲ့ အခန်းအောင်းကျင့်ကြံတာကို ခဏတော့ လုပ်ရမယ်။ ငါတို့တောင်ထိပ်မှာပဲ နေပြီး ဘယ်မှာလျှောက်မသွားနဲ့တော့။ လင်းအယ်ကိုလည်း မင်းကို မနှောင့်ယှက်ဖို့ ငါပြောထားလိုက်မယ်။ မင်းရဲ့ အတွင်းစိတ်ခန္ဓာမှာ ပြဿနာနည်းနည်းရှိနေတယ်။ တော်သေးတာက ပြဿနာက သိပ်ကြီးကြီးမားမားမဟုတ်လို့။ အချိန်ခဏလောက် အနားယူလိုက်ရင်ကောင်းသွားမှာပါ ”
လီချန်ရှို့က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“ ဟုတ်ကဲ့ပါ ဆရာ ”

ယုံချင်ရွှမ်းယာသည် အ‌ရှေ့ပိုင်းတွင် ထိုင်နေခြင်းဖြစ်သည်။ သူမသည် အစပိုင်းတွင် အတန်ငယ်စိတ်ပူနေသော်လည်း ထိုစကားများအားကြားပြီးနောက် စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။ သူမ၏အမူအယာများကို ဘေးတွင်ထိုင်နေသော ကျိုးဝူက မြင်တွေ့လိုက်ရသည်။

‘ စိတ်ဝင်စားစရာပဲ ’
သူ တွေးမိလိုက်၏။

ကျိုးဝူသည် တိုတောင်းထူထဲသော မျက်ခုံးတစ်ဘက်အား ပင့်လိုက်သည်။ သူ့မျက်နှာထားသည် ခပ်ရွှင်ရွှင်ရှိနေလေသည်။

ချီယွမ်၏စကားများအားကြားပြီးနောက် ကျိုးကျိုးသည် စိတ်အေးသွားတော့သည်။ သူမသည် ယုံချင်ရွှမ်းယာထံသို့ ခုန်သွားလိုက်ပြီး ဖြစ်ပျက်ခဲ့သောအကြောင်းအရာများ အကြောင်း မေးလိုက်သည်။
လီချန်ရှို့သည် သိုလှောင်ဓမ္မအဆောင်အတွင်းရှိ ဝိညာဉ်ထိန်းပုလဲအား အာရုံခံကြည့်လိုက်သည်။ မချေဖျက်ရသေးသော စုတ်ပြဲနေသည့် ဝိညာဉ်အနည်းငယ် ရှိလေသည်။ ထိုဝိညာဉ်များအတွင်းမှ မှတ်ဉာဏ်အစိတ်အပိုင်း အမြောက်အမြားကိုလည်း သူ အာရုံခံမိလေသည်။ ထို့ကြောင့် သူသည် စိတ်အာရုံဖြင့် ဝိညာဉ်ထိန်းပုလဲအား နက်ရှိုင်းသောထောင့်တစ်နေရာတွင် ထားလိုက်သည်။ ထို့နောက် အဆောင်တစ်ခုဖြင့် ချိတ်ပိတ်လိုက်လေသည်။

သူသာ မသိသလို ဆက်၍နေနိုင်လျှင် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။

ကျိုးဝူသည် ကျိုးကျိုးထက် အဆများစွာ တန်ခိုးကြီးသော်လည်း မြောက်ကျွန်းအတွင်း လျင်မြန်စွာ မပျံသန်းဝံ့ပေ။

ထိုတာအိုရသေ့ဂျပုသည် အလွန်သတိကြီးပြီး ပျံသန်းနေစဉ်အတွင်း စကားမပြောချေ။ သူ့မျက်လုံးများသည် တစ်လျှောက်လုံး သတိကြီးကြီးထားကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို စောင့်ကြည့်နေလေသည်။ ထိုအခြင်းအရာသည် လီချန်ရှို့အား အထင်ကြီးသွားစေသည်။


နောက်ဆုံးတွင် သူတို့သည် မြောက်ကျွန်းမှ ဘေးကင်းစွာ ထွက်လာနိုင်ခဲ့သည်။ ညစ်ညမ်းချီများ ဖုံးလွှမ်းနေသည့်နေရာမှ သူတို့ထွက်ခွာလာပြီး‌နောက် ကျိုးဝူသည် တောင်ဘက်သို့ လီ(၁၀၀)ခန့်ထပ်မံ ပျံသန်းလိုက်သည်။ သူသည် လူသူကင်းရှင်းသည့် တောင်တစ်လုံးအားရှာကာ သူတို့အားထိုနေရာတွင် လာရောက်တွေ့ဆုံရန် အခြားဂိုဏ်းသားများကို အချက်ပြလိုက်သည်။

အမွှေးတိုင်တစ်တိုင်စာမျှ စောင့်ပြီးနောက် ဝမ်ကျိ၏ဆရာသည် ဝမ်ကျိ၊ လျှိုယန်အာတို့နှင့်အတူ ရှေးဦးစွာ ရောက်ရှိလာလေသည်။

ယုံချင်ရွှမ်းယာ၏ဆရာ ကျန်းကျင်းရှန်နှင့် ယွမ်ချင်း၏ဆရာ လင်ချီသည် နောက်ထပ် အမွှေးတိုင်လေးတိုင်စာ အကြာတွင် ရောက်ရှိလာသည်။

ကျန်းကျင်းရှန်သည် စံတင်လောက်သော အမျိုးသမီးနတ်ဝိဇ္ဇာတစ်ပါး ဖြစ်သည်။ သူမသည် လှပကြော့ရှင်း၍ လေပြေလေညင်းများ လွှမ်းခြုံထားသည့်ပမာ ထင်ရပေသည်။ သူမတွင် အနုစိတ်သည့်ဆံပင်ပုံစံရှိ၍ အလွန် အဖိုးတန်သော အဝတ်အစားများအား ဝတ်ဆင်ထားပြီး စိတ်ထားနူးညံ့ပုံပေါ်လေသည်။

“ ရှောင်ယာ … ”
ကျန်းကျင်းရှန်သည် ချစ်လှစွာသောတပည့်မတစ်ယောက် မြေပြင်တွင် ဒူးထောက်နေသည်ကို တွေ့လိုက်သောအခါ သူမ၏နာမည်အား ခေါ်လိုက်လေသည်။ ယုံချင်ရွှမ်းယာသည် ပတ်တီးများနှင့်ပြည့်နှက်နေပြီး သူမ၏ဝတ်ရုံသည်လည်း သွေးများစွန်းနေလေသည်။ သူမသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံပေါ်ကာ အခြားလူတစ်ယောက်ကဲ့သို့ ထင်ရလေသည်။

ကျန်းကျင်းရှန်သည် အလွန်ယူကျုံးမရ ဖြစ်သွားသည်။ သူမသည် ယုံချင်ရွှမ်းယာထံသို့ ခြေနှစ်လှမ်းဖြင့် အရောက်သွားလိုက်ပြီး သူမအား ထွေးပွေ့လိုက်လေတော့သည်။
“ ဆရာ…”

“ ဆရာရောက်ပြီ။ ဆရာ‌ရောက်ပါပြီ။ ဆရာ ယွမ်ချင်းဆိုတဲ့ အယုတ်တမာရဲ့ တောင်းဆိုချက်ကို ဦးနှောက်မရှိလို့ လက်ခံလိုက်မိတာ ထင်တယ်။ ဆရာဘယ်လိုလုပ် ရွှမ်းယာကို မီးတောက်ဉာဏ်အလင်းပွင့်ဆေးပင်ရှာဖို့ စေလွှတ်လိုက်နိုင်ရတာလဲ။ အဲဒါကို အခွင့်အရေးကောင်းတစ်ခုလို့တောင် ထင်လိုက်မိသေးတယ်။ အကုန် ဆရာ့အပြစ်တွေပါပဲ ”

ယုံချင်ရွှမ်းယာ၏ မျက်လုံးများ ရဲတွတ်သွားသည်။ သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ စိတ်ငြိမ်အောင်ထိန်းလိုက်သည်။ ထို့နောက် ရှိုက်သံလေးဖြင့်ပြောလိုက်သည်။
“ ဆရာ့ကိုစိတ်ပူအောင်လုပ်မိတာ ရွှမ်းယာရဲ့ အသုံးမကျမှုကြောင့်ပါ ”

ကျန်းကျင်းရှန်နှင့်အတူရောက်ရှိလာသော လင်ချီသည် ယွမ်ချင်း၏ သေဆုံးမှုအား သိလိုက်ရသည်။ သူသည် ‌ဒေါသထွက်မသွားဘဲ ယုံချင်ရွှမ်းယာနှင့် သူမ၏ဆရာအားကြည့်၍ တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။
“ ဘာတွေဘယ်လိုဖြစ်ခဲ့တာလဲ ”

သူတို့၏ပျောက်ဆုံးနေသော တပည့်များအား လူခွဲရှာဖွေရာတွင် သူတို့သည် ယွီဝမ်လင်၏လူများဖြစ်သော မူလနတ်ဝိဇ္ဇာနှစ်ဦးထဲမှ တစ်ဦးအား ခေါ်သွားခဲ့သည်။ အကြောင်းကိစ္စများကို ထိုမူလနတ်ဝိဇ္ဇာထံမှ သိရှိပြီးနောက် ထိုနတ်ဝိဇ္ဇာအား သတ်လိုက်ကြသည်။

ကျိုးဝူက ဝင်ပြောလိုက်သည်။
“ စိတ်မလှုပ်ရှားပါနဲ့ ဂိုဏ်းတူညီလေး လင်ချီ … ဇာတ်ကြောင်းပြည့်စုံကို ရွှမ်းယာကိုရှင်းပြခွင့်ပေးလိုက်ပါ။ ရွှမ်းယာ တတ်နိုင်သမျှ တိတိကျကျပြန်ပြောပေး။ ဘာမှမဖုံးကွယ်ထားနဲ့ ”

ကျန်းကျင်းရှန်သည် သူမ၏တပည့်အား ပြောလိုက်သည်။
“ ရှောင်ယာ … သမီးကြိုက်တာပြောလို့ရတယ်။ သမီး‌နောက်မှာ ဆရာရှိတယ် ”

“ ဆရာ့အမိန့်အတိုင်းလိုက်နာပါ့မယ် ”
ယုံချင်ရွှမ်းယာသည် လူအုပ်၏နောက်နားတွင် ရပ်နေသော လီချန်ရှို့အား လှမ်းကြည့်လိုက်သည်။ သူမသည် စိတ်လှုပ်ရှားနေသော်လည်း သူ့အား တွေ့လိုက်ရသောအခါ စိတ်တည်ငြိမ်သွားသည်။

သူမသည် ဇာတ်ကြောင်းပြန်၍ မလှန်မီ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် တပည့်ငါးဦး စတင်လမ်းခွဲကာသွားသည့်နေရာမှ စ၍ပြောလိုက်သည်။ သူမ၏ ပြောပြချက်များသည်အလွန်အသေးစိတ်ကြလေသည်။ သူမသည် သိသမျှအား အိတ်သွန်ဖာမှောက်ပြောနေခြင်းပင်။

သူမသည် မွန်းတည့်မှ ‌နေဝင်အထိ ပြောပြနေပြီး ကောင်းကင်တွင် ကြယ်များစုံသောအခါမှသာ ပြီးဆုံးသွားလေတော့သည်။

‘ ဟင်း … ဒီ အဆိပ်ညီမလေးကတော့ ဘာလို့ဒီလောက်ပေရှည်နေရတာတုန်း။ အဲဒီလောက်ပြောချင်နေရင် လောကစတည်တဲ့အချိန်ကပဲ ပြောလိုက်ပါတော့လား ’
လီချန်ရှို့သည် ခပ်ရွဲ့ရွဲ့တွေးလိုက်သည်။

သူသည် ယုံချင်ရွှမ်းယာ ဇာတ်ကြောင်းပြန်နေစဉ်အတွင်း မနီးမဝေးသို့သွား၍ တရားထိုင်နေလိုက်သည်။

ကျိုးကျိုး ထောင်ချောက်မိသွားပြီးနောက် ယွမ်ချင်းသည် ယုံချင်ရွှမ်းယာအား ချက်ချင်းမတိုက်သေးပေ။ သူသည် ဝတ်စုံနက် အနည်းငယ်အား ငှားရမ်းကာ သူတို့အား တိုက်ခိုင်း၍ မိန်းမလှလေးအား ကယ်လိုက်သော လူစွမ်းကောင်းဖြစ်ရန် ကြံလေသည်။ သို့သော်လည်း ထို ‘မိန်းမလှလေး’ ယုံချင်ရွှမ်းယာသည် ‘လူစွမ်းကောင်း’ ယွမ်ချင်းထက် ပို၍ အစွမ်းထက်လေရာ သူ ယောင်တောင်တောင် ဖြစ်သွားလေသည်။

ထို့နောက် ယွမ်ချင်းသည် သူ၏အစီအစဉ်အား ပြောင်းလိုက်တော့သည်။ သူ၏လူများအား သူတို့ကို အမှန်ပင် သတ်တော့မည်ယောင်ဆောင်ခိုင်းကာ ထိုသေရေးရှင်ရေးကြားတွင် အခွင့်အရေးကို အမိအရ အသုံးချ၍ ယုံချင်ရွှမ်းယာအား ချစ်ရေးဆိုလေသည်။

သို့သော် ယုံချင်ရွှမ်းယာသည် သူ၏ချစ်ရေးဆိုခြင်းအား အပြတ်ပင်ငြင်းလိုက်သည်။ ‘ အတူသေပွဲဝင်၍ နောက်ဘဝတွင်မှ ပြန်လည်တွေ့ဆုံကြမည်’ ဟု သေရေးရှင်ရေးအချိန်၌ပင် ပြတ်ပြတ်သားသား ငြင်းခဲ့လေသည်။

ယွမ်ချင်း၏ အကြံအစည်အားလုံး ပျက်စီးခဲ့ရသည်။ ထို့ကြောင့် သူ ဒေါသပုန်ထသွားတော့သည်။ ထိုအခါမှ သူသည် မင်းသားခေါင်းကျွတ်သွားကာ ဘီလူးခေါင်း ပေါ်လာလေတော့သည်။ သူသည် ယုံချင်ရွှမ်းယာအား အချစ်ကပ်ပါးပိုးကောင်အား သုံး၍ ထိန်းချုပ်ရန်ကြိုးစားလိုက်သည်။ သို့သော် ယုံချင်ရွှမ်းယာသည် လွတ်မြောက်ရန် အခွင့်အလမ်းတစ်ခုအားတွေ့၍ တန်ဖိုးကြီး သက်စောင့်အဆောင်အား သုံးကာ ထွက်ပြေးခဲ့လေသည်။ လမ်းတွင် လီချန်ရှို့နှင့်တွေ့သဖြင့် သူက သူမအား ကယ်တင်ခဲ့သည်။

ဒဏ်ရာများ သက်သာလာပြီးနောက် ယုံချင်ရွှမ်းယာသည် လမ်းကြောင်းပြန်ပြောင်းကာ လွမ့်ကျန့်တောအုပ်သို့ ပြန်သွားခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ်သွားပြီးနောက် လမ်းပျောက်သွားပြီး ယွမ်ချင်းအပါအဝင် သူ၏လူများနှင့် ဆုံခဲ့သည်။ သူမတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။

လီချန်ရှို့သည်လည်း ထိုတိုက်ပွဲနှင့် ပက်ပင်းတိုးပြန်လေသည်။

လီချန်ရှို့၏ ညွှန်ကြားမှုများအောက်တွင် ယုံချင်ရွှမ်းယာသည် ထိုလူများအား စွမ်းအားကြီးသည့် အဆိပ်သားရဲကြီး၏ အသိုက်ရှိရာသို့ မျှားခေါ်သွားနိုင်ခဲ့သည်။ ထိုလူစုသည် ထိုသားရဲကြီး၏အဆိပ်မိကာ သေကုန်ကြလေသည်။ ထို့နောက် ယုံချင်ရွှမ်းယာသည် ယွမ်ချင်းအား ကိုယ်တိုင်သတ်ပစ်ခဲ့လေတော့သည်။

လီချန်ရှို့သည် ယုံချင်ရွှမ်းယာပြောသည်များကို ကြားသောအခါ စိတ်ထဲတွင် တွေးမိသွားသည်။
‘ ယွမ်ချင်းမှာ အခွင့်အရေးတွေ အများကြီးရခဲ့တာပဲ။ သူဘာလို့ အဲဒါတွေကို အသုံးမချခဲ့တာလဲ ’

လီချန်ရှို့သည် ယွီဝမ်လင်နှင့် သူ့လူများအပေါ်တွင်မူ အတန်ငယ် ဒေါသထွက်သွားလေသည်။

ယုံချင်ရွှမ်းယာ၏ ဇာတ်လမ်းဆုံးသွားသောအခါ မျက်လုံးများသည် လီချန်ရှို့ဆီသို့ ကျရောက်လာလေတော့သည်။

ကျန်းကျင်းရှန်သည် ယုံချင်ရွှမ်းယာအား ခေါ်ဆောင်ပြီး လီချန်ရှို့အား ထုံးတမ်းအစဉ်အလာအတိုင်း ကျေးဇူးတင်လိုက်သည်။ သူမသည် ဂိုဏ်းသို့ပြန်ရောက်သည်နှင့် သူ့အား အဖိုးတန်လက်ဆောင်များပို့ပေးမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောလိုက်သည်။ လီချန်ရှို့သည် ရှက်ရွံ့သည့်ဟန်ဖြင့် ငြင်းလိုက်လေသည်။

ချီယွမ်သည် လီချန်ရှို့ စကားမှားသွားမည် စိုးသဖြင့် လျင်မြန်စွာပင် သူတို့၏ကျေးဇူးတင်မှုအား ဝမ်းသာသည့်မျက်နှာထားဖြင့် လက်ခံလိုက်လေသည်။

ယွမ်ချင်း၏ဆရာ လင်ချီတစ်ဦးသာ အတန်ငယ်စိတ်အိုက်နေပုံရလေသည်။

“ ဟူး… ”
လင်ချီက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
“ ကျုပ်သူ့ကို တပည့်အဖြစ်လက်ခံလိုက်တုန်းက အမြင်ချော်သွားခဲ့တာပဲ။ အဲဒီအတွက် အပြစ်ဒဏ်ကို တောင်ကိုပြန်ရောက်တာနဲ့ ကျုပ်ခံယူပါ့မယ် ”

ကျိုးဝူသည် သူ့အား နှစ်သိမ့်လိုက်သည်။
“ ယွမ်ချင်းကိုက တော်တော် ဉာဏ်နီဉာဏ်နက်များတာပါ။ သူ ဂိုဏ်းကိုဝင်လာကတည်းက အကြံအစည်နဲ့ပဲ။ မင်းက မကြာသေးခင်က ဂိုဏ်းနှစ်ပတ်လည်အခမ်းအနားမှာမှ သူ့ကိုတပည့်အဖြစ် လက်ခံလိုက်တာမလား။ ဒါမင်းရဲ့အပြစ်မဟုတ်ပါဘူး ဂိုဏ်းတူညီလေး ”

လင်ချီသည် စိတ်ဓာတ်ကျစွာ ခေါင်းခါယမ်းလိုက်သည်။ မည်သို့မျှတော့ ပြန်မပြောချေ။

ယွမ်ချင်းအား ယုံချင်ရွှမ်းယာသတ်လိုက်ခြင်းသည် နားလည်လက်ခံနိုင်စရာရှိသော်ငြား သူမ၏ ဂိုဏ်းတူအစ်ကိုအား သတ်မိသည့်အတွက် ပြစ်ဒဏ်အနည်းငယ်မျှ ခံရပေမည်။

ပြစ်ဒဏ်သည် ပြင်းထန်မည် မဟုတ်ပေ။ သူမ၏အပြစ်များအား ပြန်လည်သုံးသပ်ရန် တောင်ပေါ်တွင် နှစ်အနည်းငယ်မျှ အကျယ်ချုပ်ခံရမည်လောက်သာ ဖြစ်ပေသည်။

ကျိုးဝူသည်လည်း လီချန်ရှို့အား ချီးကျူးလိုက်သည်။ သူတို့ပြန်ရောက်လျှင် ဂိုဏ်းမှ သူ့အားသေချာပေါက်ဆုချလိမ့်မည်ဟု ပြောလိုက်သည်။ သူနှင့်ထိုက်တန်သည့်ဆုကို သူ့ထံမှ လုယူမည်မဟုတ်ကြောင်း ပြောလေသည်။

သူတို့အဖွဲ့သည် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ အတူတကွ မပြန်ကြပေ။

လီချန်ရှို့၊ လျှိုယန်အာ၊ ဝမ်ကျိနှင့် သူတို့၏ဆရာများသည် ဂိုဏ်းသို့ အေးအေးလူလူပင် ပြန်ကြသည်။

သို့သော် အခြားသူများသည် သူတို့၏အပြစ်များအား ဝန်ခံ၍ ပြစ်ဒဏ်ခံယူရန် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ အလျင်စလိုပင် ပြန်သွားကြလေသည်။

သူတို့ ထိုကဲ့သို့ အလျင်လိုနေခြင်းသည် ကျန်းကျင်းရှန်ကြောင့်ဖြစ်သည်။

ယုံချင်ရွှမ်းယာ၏ ဆရာသည် သာမန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။ သူမသည် ဂိုဏ်းချုပ်၏ တပည့်ဖြစ်ပြီး ဂိုဏ်းအတွင်းတွင် ရာထူးမြင့်မားသူတစ်ယောက်လည်း ဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် အထင်ကြီးစရာကောင်းကာ ဓမ္မရတနာများစွာလည်း ရှိပေသည်။ ကျန်းကျင်းရှန်နှင့် သူမ၏ တာအိုလက်တွဲဖော်သည် တစ်ဦးအပေါ်တစ်ဦး အလွန်လေးစားကြသည်။ သူမ၏တာအိုလက်တွဲဖော်သည် တန်ခိုးကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကောင်းကင်နတ်မင်းအဆင့်တွင် ရှိလေသည်။

မြောက်ကျွန်းမှ အကြမ်းဖက်မှုသည် ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ကျန်းကျင်းရှန်သည် သူမ၏တပည့် ထိုကဲ့သို့ ဒုက္ခခံခဲ့ရခြင်းအပေါ် မကျေနပ်နိုင်ပေ။

သူမတို့ ဂိုဏ်းသို့မပြန်မီ၌ပင် ကျန်းကျင်းရှန်သည် သူ၏တာအိုလက်တွဲဖော်ထံ အားေနသော ဂိုဏ်းသားတချို့အား ရှာဖွေထားရန် စာပို့လိုက်ပေသည်။ သူမပြန်ရောက်သည်နှင့် ‌တောင်ကျွန်းသို့သွားကာ ယွမ်ချင်းအား အထောက်အပံ့ပေးနေသည့် လူသားလောကမှ အဖွဲ့အစည်းအား ချေမှုန်းမည် ဖြစ်သည်။ သူတို့အနေဖြင့် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များအား ကြိုတင်ကာကွယ်ထားရပေမည်။

ဂိုဏ်းသို့ အပြန်ခရီးသည် အေးချမ်းကာ ထူထူးခြားခြားမရှိပေ။

သို့သော်ငြား သူတို့၏အပြန်ခရီးတွင် လျှိုယန်အာ၏ ‘ ဂိုဏ်းတူမောင်လေး ကျိကျိ ’ဟု ကြင်ကြင်နာနာခေါ်လိုက်သံအား ကြားလိုက်ရတိုင်း လီချန်ရှို့ ကြက်သီးထ၍သွားလေသည်။

အဟမ်း… ထိုအရာသည် ယဉ်ကျေးမှုကွာခြားခြင်းကြောင့် ဖြစ်ပေမည်။ ‘ ဂိုဏ်းတူမောင်လေး ကျိကျိ ’ ဟုခေါ်သံသည် လီချန်ရှို့၏ဘဝဟောင်းက ‘ ဂိုဏ်းတူမောင်လေး ဂွေးစိ ’ ဟုခေါ်သံနှင့် ဆင်တူနေသောကြောင့် ဖြစ်ပေသည်။

ချုံတောင်လေးသည် ညအချိန်တွင် သာယာအေးချမ်း၍ နေလေသည်။ တိမ်ဖြူတစ်အုပ်သည် တောင်၏အထက်တွင် ရပ်တန့်သွားသည်။ လီချန်ရှို့သည် တိမ်ပေါ်မှဆင်းလိုက်သော်လည်း ချီယွမ်မှာ ပြုံးပြုံးရွှင်ရွှင်မျက်နှာထားဖြင့် အခြားတောင်များသို့ လိုက်ပါသွားလေသည်။

လျှိုယန်အာ၏ဆရာက လီချန်ရှို့၏ဆရာအား ဝိုင်းဖွဲ့ကာ အရက်သောက်ရန် ဖိတ်ကြားခဲ့ေပသည်။

လီချန်ရှို့သည် သူဆင်ထားသော သီးခြားမန္တန်အစီအရင်ကို ကျော်၍ဝင်ရောက်သွားလိုက်ပြီး ရင်းနှီးသော မြက်ခင်းပေါ်သို့ ခြေချလိုက်ကာ စိတ်အေးလက်အေးဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။
‘ အားလုံးက အေးချမ်းနေတာပဲ ’

“ ဆရာတူအစ်ကို… ”
သူ၏နံဘေးမှ ပျော်ရွှင်စွာအော်လိုက်သံတစ်သံ ထွက်ပေါ်လာသည်။ လီချန်ရှို့သည် ခေါင်းစောင်းကာ ကြည့်လိုက်ရာ ဆရာတူညီမ၏တဲလေးအား လွှမ်းခြုံထားသည် အလင်းရောင်စိမ်းစိမ်းများများအား တွေ့လိုက်ရလေသည်။

ထိုမန္တန်အစီအရင်လေးသည် အတွင်း၌ ဖြစ်နေသောအရာများကို အပြင်လူများ မသိစေရန် ကာထားခြင်းဖြစ်သည်။ ထိုမန္တန်အစီအရင်တွင် အတွင်းမှ ပြုလုပ်လိုက်သော အကွဲကြောင်းလေးတစ်ခုရှိနေလေသည်။ သူ ကြားလိုက်ရသောအသံသည် ထိုအကွဲကြောင်းအတွင်းမှ ထွက်လာခြင်းပင်။

သူသည် ရေသံများကိုလည်း ကြားလိုက်ရသည်။ လင်းအယ်သည် အခြားတစ်ဘက်မှနေ၍ ပျော်ရွှင်စွာ အော်ပြောနေသည်။

“ ဆရာတူအစ်ကို ပြန်ရောက်ပြီလား။ ဒဏ်ရာတွေဘာတွေရခဲ့သေးလား။ ဘာတွေဖြစ်ခဲ့လဲ။ ဘာလို့ ပြန်ရောက်ဖို့ ဒီလောက်တောင် ကြာနေရတာလဲ ”

စကားမဆုံးမီပင် ကောက်ရိုးတဲအတွင်းမှ လူရိပ်တစ်ခု လျင်မြန်စွာ ထွက်လာသည်ကို လီချန်ရှို့ တွေ့လိုက်ရသည်။ သူမသည် ပဝါပါးလေးတစ်ထည်သာ ခြုံထားသည်ဖြစ်၍ သူမ၏ ခန္ဓာကိုယ်လေးက ပို၍ ချစ်စရာကောင်းနေတော့သည်။ သူမ၏ ဆံပင်ရှည်များသည် စိုစွတ်နေပြီး သူမ၏ နူးညံ့သောအရေပြားပေါ်တွင်လည်း ရေစက်ကလေးများ တွဲခိုနေလေသည်။

သူမသည် ထိုအရာများအား ဂရုမထားချေ။ လီချန်ရှို့ကိုတွေ့လိုက်ရသဖြင့်သာ မြူးတူးခုန်ပေါက်နေလေသည်။

လန်လင်းအယ်သည် သစ်သားရေချိုးစည်အတွင်းသို့ဝင်ကာ ရေချိုးနေစ ဖြစ်သည်။ သူမရေချိုးနေစဉ်အတွင်း မျက်လုံးအတွင်းသို့ရေများဝင်သွားသောကြောင့်ပေလော၊ သူမ၏ သမင်မျက်ဝန်းလေးများသည် အရည်လဲ့နေလေသည်။ သူမသည် လက်နှစ်ဘက်ဆန့်ကာ ရှေ့သို့ကိုင်းလိုက်သည်။

လီချန်ရှို့သည် လန်လင်းအယ် ဖက်သည်ကို ရှောင်လိုက်လိုသော်ငြား သနားစဖွယ် မျက်ဝန်းများအား တွေ့လိုက်သောအခါ သက်ပြင်းချ၍ နေရာမှာပင် ရပ်နေလိုက်ပြီး ဆရာတူညီမလေး ရင်ခွင်အတွင်းဝင်လာသည်ကို ခွင့်ပြုလိုက်လေသည်။

“ မုန်းဖို့ကောင်းတဲ့ အစ်ကိုစုတ်ကြီး … ညီမလေးတောင် လန့်သွားတာပဲ။ အစ်ကိုထွက်သွားတာ တော်တော်ကြာပြီ။ အစ်ကို မကောင်းတာတစ်ခုခုဖြစ်နေပြီတောင် ထင်နေတာ ”
လန်လင်းအယ်သည် ငိုသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။ သူမသည် ရှိုက်၍နေရာ အသက်ရှူပင် ကြပ်သွားသေးသည်။

သို့သော်ငြား သူမ၏မျက်ရည်များကျမလာခင် သူမ၏ခေါင်းအား ပွတ်ပေးနေသည့် လက်ကြီး၏အထိအတွေ့အား ခံစားလိုက်ရသည်။

“ ဆရာတူအစ်ကို … ”
လန်လင်းအယ်မော့ကြည့်လိုက်သည်။ သူမ၏မျက်လုံးလေးများ ရွှန်းလဲ့နေပြီး သူမက နှုတ်ခမ်းလေးကိုလည်း အသယာအယာ ကိုက်ထားလေသည်။

လီချန်ရှို့က ရုတ်တရက် ပြောလိုက်သည်။
“ ေဩာ် …ဟုတ်သားပဲ။ ဆရာက… ”

လန်လင်းအယ်သည် ရုတ်ခြည်းတစ်စုံတစ်ခုအား သဘောပေါက်သွားသည်။ သူမ၏ဆရာသည် သူမ၏အစ်ကိုနှင့် အတူတူပြန်ရောက်လာသည်ဟု ထင်လိုက်ပြီး စူးခနဲ အော်ကာ အမြန်လှည့်၍ တဲအိမ်လေးအတွင်းသို့ အပြေးဝင်သွားလေသည်။ သူမသည် သစ်သားရေချိုးစည်ကြီးအတွင်း ပဝါနှင့်အတူ ဝင်သွား၍ ရေအောက်တွင် ပုန်းအောင်းနေလိုက်လေသည်။

သူမ၏ပါးလျသောဝတ်စုံအား သူမ၏အစ်ကို မြင်ခြင်းသည် အဆင်ပြေသေးသည်။ သို့သော် သူမ၏ခန္ဓာကိုယ်အား ဆရာတူအစ်ကိုမှလွဲ၍ အခြားယောကျ်ားလေးများအား သူမ အမြင်မခံနိုင်ပေ။

သူမ၏ဆရာပင် မရချေ။

လန်လင်းအယ်သည် တဲအိမ်ပြင်ပရှိ ပတ်ဝန်းကျင်အား စိတ်အာရုံသုံးကာ လေ့လာလိုက်သည်။ ထို့နောက် သူမသည် စူးစမ်းချင်စိတ်ဖြင့် ရေပေါ်သို့ ခေါင်းထောင်ကြည့်လိုက်သည်။

လီချန်ရှို့၏အသံသည် တဲအပြင်မှ ထွက်ပေါ်လာသည်။
“ ဆရာက တခြားတောင်တွေမှာ ပွဲတစ်ခုရှိလို့ အဖိတ်ခံရတယ်။ အစ်ကို့ကို နားခွင့်ပေးပါဦး။ မနက်အရုဏ်တက်လောက်မှ ဒီခရီးအကြောင်း အစ်ကို ညီမကို ပြောပြမယ်နော် ”

ထိုသို့ပြောပြီးနောက် သူသည် သူမ၏တဲပတ်ဝန်းကျင်အား မန္တန်အစီအရင်ဖြင့် ပြန်၍လွှမ်းခြုံခဲ့ပြီး သူ၏တဲထဲသို့ ထွက်သွားလိုက်လေသည်။

လန်လင်းအယ်သည် သစ်သားရေချိုးစည်အတွင်းရှိ ပဝါလေးအား ငုံ့ကြည့်လိုက်ပြီး သူမ၏ ပါးကလေးများ နှင်းဆီရောင်သမ်းသွားလေသည်။

“ ဟွန့် … မုန်းစရာကောင်းတဲ့ အစ်ကိုကြီး ”
သူမက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူမသည် ရေအောက်သို့ငုပ်လိုက်ရာ ရေမျက်နှာပြင်ပေါ်တွင် ရေပွက်ကလေးများ ထသွားတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset