Switch Mode

အခန်း ( ၃၈၈ )

မိုးပြာရောင်နဂါးအဖွဲ့အစည်း ပေါ်ထွက်လာခြင်း

” လာပြန်ပြီ။ ကောင်းကင်ဘုံအဖွဲ့အစည်း… ”
ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ အေးစက်မှုများဖြင့် တောက်ပသွား၏။ လက်ဝါးထဲရှိ အမည်းရောင်ဆေးမှုန့်များကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး မိုးပြာရောင်နဂါးအဖွဲ့အစည်းကျင့်ကြံသူများကို ဝေ့ဝိုက်ကြည့်ပြီး ပြောသည်။
” ဆေးလုံးတွေ ဘယ်လောက်ကောင်းကောင်းရောင်းရလဲ ”

လိမ္မော်ရောင်ဝတ်ရုံကျင့်ကြံသူနှစ်ယောက်မှာ ရင်တဒိန်းဒိန်းခုန်နေပြီး သူတို့၏မျက်လုံးများမှာ တလက်လက်တောက်ပနေလေသည်။ သူတို့ထဲက တစ်ယောက်က သွက်သွက်လက်လက် ပြန်ပြော၏။
” အင်မတန် ရောင်းကောင်းပါတယ် ဆရာကြီး။ တစ်လကို ဆေးလုံးရာဂဏန်းလောက် အမြဲလိုလိုဖြန့်တယ်။ ပြီးတော့ ကျုပ်တို့ပဲ ရှိတာ။ မြောက်ပိုင်းဒေသတစ်ခုပဲကို ထည့်တွက်မယ်ဆိုရင် တစ်လကို တစ်သိန်းလောက်ဝင်တယ်။ ကုံမြို့တော်တစ်ခုလုံးသာဆိုရင်တော့ ၂သိန်း မဟုတ်ရင် ၂သိန်းကျော်လောက်က အသာလေးပဲ။ မူးယစ်ဆေးတစ်လုံးကို စွမ်းဆောင်ရည်ရမှတ်၅၀တန်တယ်။ ဒီတော့ စုစုပေါင်း တစ်လကို စွမ်းဆောင်ရည်ရမှတ် သိန်း၁၀၀ အနည်းဆုံးပဲ”

ထိုစကားကို ကြားလိုက်သောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အစိမ်းရောင်ပြောင်းသွားပြီး ရင်ခုန်သံမြန်လာတော့သည်။
” ကောင်းကင်ဘုံအဖွဲ့အစည်းက ငါရဲ့ စိတ်ကူးယဥ်အငွေ့ကို စွမ်းဆောင်ရည်ရမှတ်ရဖို့ သုံးနိုင်တယ်ဆိုတော့.. ငါလဲ လုပ်လို့ရတာပဲ”

“မင်းတို့တတွေ ဒီမှာ ငါ့ကို စောင့် ။ မင်းတို့ရောင်းဖို့အတွက် အဆင့်မြင် မူးယစ်ဆေးတွေ ငါဖော်စပ်ပေးမယ်” ထို့သို့ပြောပြီး သူ၏အခန်းထဲ အလောတကြီးပြေးဝင်သွားကာ တံခါးကို ဒုန်းခနဲပိတ်လိုက်တော့သည်။

မိုးပြာရောင်နဂါးအဖွဲ့အစည်း အဖွဲ့ဝင်များသည် နတ်ဆရာကို ဘာဖြစ်လာမည်နည်းဆိုသော သိချင်စိတ်များပြည့်နှက်လျက် လှမ်းကြည့်လိုက်သည်။

“နတ်ဆရာ.. ကျုပ်တို့ဆရာကြီးက တကယ်ကြီး မူးယစ်ဆေးကို ဖန်တီးခဲ့တာက အမှန်လားဗျ”

“ကျုပ်တို့ ဆရာကြီးက တကယ်ပဲ သမားတော်တစ်ယောက်လား.။ သူ…သူ.. မူးယစ်ဆေးကို တကယ့်ကို ဖော်နိုင်တယ်လား.။ ဘုရားရေ.. ဒါသာအမှန်ဆိုလို့ကတော့ ပွပေါက်ပဲဟေ့”

နတ်ဆရာမှာ လူတကာထက် ပို၍ စိတ်လှုပ်ရှားနေသော်လည်း မျက်နှာပေါ်တွင် မပြသပေ။ ဘေးဘီဝဲယာကို ကြည့်ရင်း သူက ခပ်ယဲ့ယဲ့ပြုံးပြလိုက်ပြီးနောက် ယုံကြည်ချက်ရှိစွာ ခေါင်းညိတ်ပြလိုက်သည်။

“ စိတ်ပူမနေနဲ့ ”
သူက ပြောသည်။
” တခြားကိစ္စတွေဆိုတော့ ဆရာကြီးအကြောင်းမပြောနိုင်ဘူး။ ဒါပေမယ့် ငါ့ခေါင်းဆောင်ငယ်ကတော့ ဆေးဖော်စပ်တဲ့နေရာမှာ ဆရာတစ်ဆူပဲဆိုတာတော့ ပြောနိုင်တယ်”

မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် ထိုစကားကြားလိုက်သောအခါ သူတို့၏ မျှော်လင့်ချက်များကြီးထွားလာပြီး အနာဂတ်အမြတ်များအား တွက်ချက်နေကြသည်ကိုပင် မြင်ရလုနီးပါးပင်။

ပိုင်ရှောင်ချန်းက အခန်းထဲဝင်လိုက်သည်နှင့် လက်ကိုဝှေ့ယမ်းလိုက်ကာ အိတ်ထဲမှ ဆေးပေါင်းဖို ဒါဇင်များစွာအား ဆင့်ခေါ်လိုက်သည်။ ထိုဆေးပေါင်းဖိုများသည် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ရှိစဥ်က စုဆောင်းခဲ့သည်များဖြစ်ပြီး အရွယ်အစားအမျိုးအမျိုး စုံလင်လှသည်။ စိတ်ကူးယဥ်အငွေ့နှင့်မည်မျှ ရင်းနှီးလှကြောင်း စဥ်းစားလိုက်ပါက တစ်ကြိမ်လျှင် မူးယစ်ဆေး တစ်သုတ်ကိုဖော်ရန် မလုပ်ပေ။ အလုံးပေါင်းများစွာကို အဆက်မပြတ်ဖော်မည်ဖြစ်သည်။

သူစိုးရိမ်ရမည့်အဓိကအရာမှာ ကျန်ရှိမည့် အရည်အသွေးအဆင့်အတန်းပင်ဖြစ်သည်။ ထိုဆေးလုံးများကို စစ်ပွဲတွင် အသုံးပြုရန် ပြုလုပ်ထားခြင်းမဟုတ်လေရာ စိတ်ကူးယဥ်သက်ရောက်မှုကို ထိန်းချုပ်ရန်လိုသည် မဟုတ်ပါလော။ ဆိုလိုသည်မှာ ဆေးလုံးများ၏ပြင်းအားကို ထိန်းချုပ်ရမည်ဖြစ်သည်။

အမှန်တွင် ပိုင်ရှောင်ချန်းသည် စိတ်ကူးယဥ်အငွေ့ပေါ်ထွက်လာစေရန် ဖော်စပ်ခဲ့သူဖြစ်လေရာ သူ၏စွမ်းဆောင်နိုင်စွမ်းသည် ကောင်းကင်ဘုံအဖွဲ့အစည်း၏ သမားတော်ထက် အဆတစ်ရာသာလေသည်။ ကောင်းကင်ဘုံအဖွဲ့အစည်းမှ ထုတ်လုပ်သော အမှိုက်များထက် မိုးနှင့်မြေကဲ့သို့ ကွာခြားသော အဆင့်ဖြင့် မူးယစ်ဆေး များကို ဖော်စပ်နိုင်မည်ဟု သူလုံးဝယုံကြည်ချက်ရှိလေသည်။

စိတ်ကူးယဥ်အငွေ့ပါဝင်အောင် မည်သို့လုပ်လဲဆိုသည်အရ ကောင်းကင်ဘုံအဖွဲ့အစည်း၏ မူးယစ်ဆေးများအပေါ်ရှိ အမည်းရောင်အလွှာက သူ့ကို အကြံအနည်းငယ်ပေါ်သွားစေသည်။ အတန်ငယ် လေ့လာပြီးသော် သူအဆင့်မြှင့်နိုင်လိုက်ပြီးနောက် အလွှာဖြင့် အငွေ့တစ်သားတည်းပေါင်းစပ်သွားစေရန် ပြုလုပ်နိုင်သွားသည်။

အချိန်များကုန်လွန်သွားပြီး အပြင်ဘက်တွင် မိုးပြာရောင်နဂါးအဖွဲ့အစည်းမှာ မျှော်လင့်ချက်များထက်သန်စွာဖြင့် စောင့်မျှော်နေကြသည်။ သုံးရက်ကြာသော် ပိုင်ရှောင်ချန်းသည် မျက်လုံးများရဲရဲနီနေသော်လည်း စိတ်လှုပ်ရှားစွာ တောက်ပနေရင်း ထွက်လာတော့သည်။ အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ရင်း သူက အိတ်ထဲမှ မရေမတွက်နိုင်သော ခရမ်းရောင်ဆေးလုံးများစွာ ကို ပစ်ချလိုက်သည်။ ဆေးလုံးများမှာ မြေပေါ်တွင် စုပုံသွားကာ ဆေးလုံးတစ်ထောင်ကျော်ရှိသော တောင်ငယ်တစ်လုံးဖြစ်သွားလေသည်။

မိုးပြာရောင်နဂါးအဖွဲ့အစည်း အဖွဲ့ဝင်များမှာ စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီနေတော့သည်။ ထို့နောက် ကျင့်ကြံသူတစ်ယောက်က ပိုင်ရှောင်ချန်းကို လက်ယှက်၍ ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး ရှေ့သို့အလျင်စလိုသွားကာ ဆေးလုံးတစ်လုံးအား ဂရုတစိုက် ကောက်ယူလိုက်သည်။ ပါးစပ်ထဲ ထည့်ပြီးနောက် သူ၏ မျက်လုံးတို့အား မှိတ်လိုက်လိုက်ပြီး တခဏအတွင်းမှာပင် သူ့မျက်နှာမှာ သာယာယစ်မူးနေသည့်ပုံပေါ်လာလေသည်။ ခေါင်းနောက်လှန်ရင်း အလွန်တရာရူးသွပ်မှုဖြင့် ဟိန်းဟောက်လိုက်တော့သည်။

ထိုဆေးလုံးတွင် ဘေးထွက်ဆိုးကျိုးမရှိသည်မှာ သိသာလေသည်။ အခြားကျင့်ကြံသူများမှာမူ အရေးကြီးသော စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်း သိသဖြင့် အသေအချာ စောင့်ကြည့်နေကြလေသည်။ အမွေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးသောအခါ ကျင့်ကြံသူမှာ သူ၏ စိတ်ကူးယဥ်ကမ္ဘာထဲမှ ယခုထက်ထိ မနိုးထလာသေးရာ လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားလာကြတော့သည်။

” ကောင်းကင်ဘုံအဖွဲ့အစည်းရဲ့ မူးယစ်ဆေးက အမွေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်လောက်ပဲ ခံတယ် ။ ဒါပေမယ့် ဆရာကြီးရဲ့ဆေးလုံးက အဲ့ထက်တောင်ပိုကြာပါရော့လား”

” ကြည့်ရသရွေ့ ဘေးထွက်ဆိုးကျိုးတစ်ခုမှလဲ ရှိပုံမရဘူး ” မိုးပြာရောင်နဂါးအဖွဲ့အစည်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေကြကာ နောက်ထပ် အမွေးတိုင်တစ်တိုင်ကုန်သွားလေသည်။ ထိုအချိန်မှသာ ကျင့်ကြံသူ၏ မျက်လုံးများ ပွင့်လာတော့သည်။

အနည်းငယ် မူးဝေနေသယောင်ရှိသော်လည်း သူသည် မကြုံစဖူးပုံစံဖြင့် ကျေနပ်နေသည်မှာ သိသာလေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူ၏ စိတ်နှင့်ကိုယ် ပြန်ကပ်သွားလေသည်။ တဆတ်ဆတ်တုန်နေရင်း သူကပြောသည်။
” ဒီမူးယစ်ဆေးလုံးက ကောင်းကင်ဘုံအဖွဲ့အစည်းက မူးယစ်ဆေး ထက် ပိုပြီးသဘာဝကျတယ်ကွ။ ကိုင်တွယ်ရတာလဲ ပိုလွယ်တယ်။ တကယ်တော့ ခဏလေးနဲ့ ငါလုံးဝမေ့မျောသွားတော့တာပဲ။ စိတ်ကူးယဥ်တာ ကိုတောင် ထိန်းပေးနေစရာမလိုဘူး။ ငါလိုချင်တာမှန်သမျှ သူပဲလုပ်ပေးသွားတာ။ ဘယ်လောက်တောင် စစ်မှန်လိုက်သလဲ။ လုံးဝ အစစ်ပဲ။.. ဒါ…ဒါက…မူးယစ်ဆေးဆိုတာ… ဒါမျိုးဖြစ်သင့်တာ ”

မိုးပြာရောင်နဂါးအဖွဲ့အစည်း၏ကျန်ရှိသူများမှာ ပို၍ပင်စိတ်လှုပ်ရှားလာတော့သည်။ ရင်ခုန်လျက် ကျင့်ကြံသူများသည် မူးယစ်ဆေး အပုံလိုက်ကြီးကို ကြည့်ပြီး စွမ်းဆောင်ရည်ရမှတ် အပုံကြီးဟု သဘောပေါက်လိုက်လေသည်။

လိမ္မော်ရောင်ဝတ်ရုံကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။
” ဆရာကြီး ။ ခင်ဗျား ကျုပ်တို့ကို ဒီ မူးယစ်ဆေးတွေသာ ရောင်းခွင့်ပေးရင် နှစ်လအတွင်း စျေးကွက်ကို ဖယ်ရှားပစ်နိုင်တယ် ”

ထိုအခိုက် ထိုကျင့်ကြံများအတွက် ပိုင်ရှောင်ချန်းသည် သူတို့နှင့် များစွာခြားနားသော အဆင့်တစ်ခုရှိသည့် ခမ်းနားကြီးကျယ် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်လှုပ်ရှားနေပုံရကာ သူဖော်စပ်လိုက်သည့် မူးယစ်ဆေးများ၏ အရည်အသွေးနှင့် ပတ်သတ်ပြီး သိသိသာသာပင် ကျေနပ်နေလေသည်။ နတ်ဆရာကို ကြည့်ရင်း သူကပြောသည်။
“ အခုကစပြီး ကောင်းကင်ဘုံအဖွဲ့အစည်းတစ်ခုလုံးကို ဖယ်ရှားပစ်ဖို့ ဦးတည်မယ်။ သူတို့နဲ့ ပြဿနာတက်ရင် ဘာသံမှ မကြားချင်ဘူး”

နတ်ဆရာသည် ပိုင်ရှောင်ချန်း၏မျက်လုံးတွင်းရှိ မျှော်လင့်ချက်များကို မြင်လိုက်ပြီး တခဏကြာ စဥ်းစားပြီးသော် ခေါင်းညိတ်လိုက်သည်။ မကြာသေးမီက ရက်များအတွင်း သူတစ်ယောက်ထဲ စုံစမ်းမှုအချို့ပြုလုပ်ခဲ့ရာ အရှေ့ဘက်ဒေသမှ သမားတော်ပိုင်ဇာတ်လမ်းများ၊ သူ၏ ဝမ်းမီးငြိမ်သက် ဆေးလုံးနှင့်ပတ်သက်၍ ကောင်းကင်ဘုံအဖွဲ့အစည်းအသုံးပြုသွားသော နည်းလမ်းများအကြောင်း ကြားခဲ့ရသည်။

သူ၏အချက်အလက်များအရ သမားတော်ပိုင်နှင့် ပိုင်ရှောင်ချန်းမှာ တစ်ယောက်တည်း ဖြစ်ကြောင်း ၉၀ရာခိုင်နှုန်းသေချာလေသည်။ ယခုအချိန်တွင် လုံးဝယုံကြည်ချက်ခိုင်မာသွားပြီး ပိုင်ရှောင်ချန်းဘာကြောင့်ရုပ်ဖျက်ခဲ့ရသည်ကိုလည်း နားလည်သွားတော့သည်။ နောက်ဆုံးတွင် သူ၏နာမည်ကိုပင် မိုးပြာရောင်နဂါးအဖွဲ့အစည်းကို မပြောရသေးပေ။

“ကောင်းကင်ဘုံအဖွဲ့အစည်းက…….” နတ်ဆရာက မျက်လုံးများကျဥ်းမြောင်းလျက် တွေးလိုက်သည်။ ချက်ချင်းပင် သူ့ခေါင်းထဲတွင် ဉာဏ်နီဉာဏ်နက်များစွာ ပေါ်လာလေရာ မိုးပြာရောင်နဂါးအဖွဲ့အစည်းကို ပြန်ရှင်းပြလိုက်လေသည်။

ပိုင်ရှောင်ချန်းက နတ်ဆရာ၏လုပ်ဆောင်မှုများကို အလွန်ကျေနပ်နေရင်း ဘေးဖယ်နေလေသည်။ သူ့ဘက်တွင် နတ်ဆရာနှင့်သာဆိုလျှင် အထီးကျန်သော မြေခွေးတစ်ကောင်ကဲ့သို့ ဘယ်တော့မှ မခံစားရတော့ပေ။

ထိုအခိုက်တွင် ရုတ်တရက် ရွှီပေါက်ချိုင်နှင့် အခြားသူများအကြောင်း တွေးမိလိုက်သည်။
” မင်းတို့ အကြင်နာတရားမရှိတဲ့ သစ္စာဖောက်တွေ ကောင်းကောင်းသာဆက်ဆံပေးခဲ့ရင်တော့..။ မင်းတို့ငါ့ကို ထားရစ်ခဲ့တယ်ဆိုတာ မယုံနိုင်သေးဘူးကွာ ”

နတ်ဆရာသည် သူ၏အစီအစဥ်များကို ရှင်းပြပြီးသော် မိုးပြာရောင်နဂါးအဖွဲ့အစည်း လှုပ်ရှားတော့သည်။ သူတို့သည် မိသားစုများ၊ သူငယ်ချင်းများကိုပင်ခေါ်ကာ မူးယစ်ဆေး ရောင်းခိုင်းတော့သည်။ မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် နှစ်ရာချီတည်ရှိခဲ့လေရာ မြောက်ပိုင်းဒေသရှိ အခြားသော အဖွဲ့အစည်းငယ်များစွာဖြင့် အဆက်အသွယ်ကောင်းကောင်းရှိလေသည်။ ဤသို့ဖြင့် မူးယစ်ဆေးရောင်းချမှုများသည် ရုတ်တရက်ဝုန်းခနဲပေါ်ထွက်လာတော့သည်။

သူတို့ ရှာဖွေရရှိသော စွမ်းဆောင်ရည်ရမှတ်အများစုကို လူသစ်စုဆောင်းရာတွင် အသုံးပြုလေသည်။ ကုံမြို့တော်တွင် ဘဝများသည် ခက်ခဲကြမ်းတမ်းလေရာ စွမ်းဆောင်ရည်ရမှတ်လုံလုံလောက်လောက်ပေးသရွေ့ ပါဝင်လိုသည့် လူမရှားပေ။

ပိုင်ရှောင်ချန်းမှာ လုပ်စရာများပြားလှသဖြင့် အလုပ်ရှုပ်နေလေသည်။ သူတို့၏ရောင်းအားကို ဆက်ထိန်းနိုင်ရန် မူးယစ်ဆေးများကို ပို၍ဖော်စပ်ပေးရန်လိုလေရာ နောက်ဆုံးတွင် သူသည် တစ်ကြိမ်တည်းနှင့် အသုတ်၅၀ဖော်စပ်နိုင်လာတော့သည်။

မူးယစ်ဆေး၏ အထောက်အပံ့ဖြင့် မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် နှစ်ရာပေါင်းများစွာအကြာက အရင်အဆက်အသွယ်ဟောင်းများကို အပြည့်အဝခေါ်လာနိုင်သည်။ နတ်ဆရာ၏ အစီအစဥ်များ၊ အကြံဉာဏ်များကြောင့် လူအရေအတွက်သည် အံသြဖွယ် အလျင်အမြန်တိုးပွားလာတော့သည်။

သူတို့၏နယ်နိမိတ်များ တိုးချဲ့လာသည်တွင် ကျင့်ကြံသူများမှာ အဖွဲ့ထဲဝင်ရန် အဆင်မပြတ်လာရောက်ကြလေသည်။ မူးယစ်ဆေး ရောင်းအားသည်လည်း မြောက်ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားသည်အထိ တဟုန်ထိုးမြင့်တက်လာတော့သည်။

လက်ထောက်ဆရာကြီး နတ်ဆရာက အကုန်လုံးကို စီမံဆောင်ရွက်သောကြောင့် ကောင်းကင်ဘုံအဖွဲ့အစည်းသည် ဖြစ်ပျက်နေသည်တို့အား ယခုထက်ထိ သတိမပြုမိသေးပေ။ လဝက်သာ ကုန်ဆုံးသွားသော်လည်း ထိုလဝက်တွင် မိုးပြာရောင်နဂါးအဖွဲ့အစည်းအတွက် မိုးကောင်ကင်တုန်လှုပ်၍ မြေပြင်တို့ အက်ကွဲသွားစေသော ပြောင်းလဲမှုများကို မြင်နိုင်လေသည်။

နောက်ဆုံးတွင် ကောင်းကင်ဘုံအဖွဲ့အစည်းသည် ဖြစ်ပျက်နေသည်တို့အား သတိပြုမိသွားတော့သည်။ ထို့နောက် ဆယ်ရက်ကြာသော် မိုးပြာရောင်နဂါးအဖွဲ့အစည်း ချဲ့ထွင်လာသည်မှာ တစ်လတိတိပြည့်သွားတော့သည်။ တိုးတက်ခြင်းအစီအစဥ်များအတွက် သူတို့၏ စွမ်းဆောင်ရည်ရမှတ်အားလုံးကို မြှုပ်နှံလိုက်ပြီး ပိုင်ရှောင်ချန်းသည်ပင် ကူညီရန် သူ၏စီးစရာမိကျောင်းကြီးကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် မိုးပြာရောင်နဂါးအဖွဲ့အစည်းတွင် အဖွဲ့ဝင်တစ်ထောင်ကျော်ရှိနေလေပြီ။

ကုံမြို့တော်တွင် အဖွဲ့ဝင်အရေအတွက်နှင့်ပတ်သက်လျှင် အံ့သြလောက်စရာဟူ၍ အမှန်တကယ် ထည့်မတွက်သော်လည်း ကောင်းကင်ဘုံအဖွဲ့အစည်းအတွက်မူ စိုးရိမ်စရာဖြစ်သည်။ ကံဆိုးစွာပင် မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် ကြီးမားနေပြီဖြစ်လေရာ အင်အားသုံးဖိအားပေး၍မရတော့ပေ။ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခဲ့လျှင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စည်းမျဥ်းများကို ချိုးဖောက်မိလိမ့်မည်ဖြစ်သည်။

ဂိုဏ်း၏ တရားဝင်စည်းမျဥ်းများဖြင့် ပတ်သက်လျှင် ကောင်းကင်ဘုံအဖွဲ့အစည်းသည်ပင် လက်လွတ်စပယ်မလှုပ်ရှားရဲပေ။

ပိုင်ရှောင်ချန်းသည် မူးယစ်ဆေးများဖော်စပ်ရာတွင် ကျွမ်းသထက်ကျွမ်းလာတော့သည်။ နောက်ဆုံးတွင် တစ်ခါတရံ သူက ဆေးပေါင်းဖိုကို ထားခဲ့ပြီးနောက် နတ်ဆရာသည် ပြီးဆုံးသည်အထိ စောင့်ကြည့်ပေးရသည်။

အချိန်များပိုနေသဖြင့် ပိုင်ရှောင်ချန်းမှာ ကျင့်ကြံခြင်းပေါ်တွင် ပို၍လွယ်လွယ်ကူကူ အားစိုက်နိုင်လေသည်။ တချိန်တည်းမှာပင် သူသည် ယခင်ကအသုံးအဖြုန်းကြီးသော နေထိုင်မှုပုံစံသို့ ပြန်ရောက်သွားတော့သည်။ သို့သော်လည်း သူသည် အဖိုးထိုက်ကျောက်စိမ်း စိတ်စွမ်းအင်ထမင်းကိုတော့ မစားတော့ပေ။ ထိုအစား ကောင်းကင်တံတားမြစ်ရေကိုသုံး၍ အထူးနည်းလမ်းဖြင့်ပြုလုပ်ထားသည့် ကောင်းကင်တံတား စိတ်စွမ်းအင်ထမင်းကိုသာ သုံးဆောင်တော့သည်။

အရက်ကိုလည်း ထိုနည်းတူပင်။ အကောင်းဆုံးကိုသာ သောက်သည်။ သူ့မှာ စီးစရာအသစ် မျက်လုံးပြာချီလင်ဖွတ်ကြီးတစ်ကောင်ရှိလေသည်။နောက်လိုက်တစ်ရာခြံရံလျက် ထိုစီးစရာသားရဲကြီးဖြင့် အပြင်ထွက်တိုင်း အလွန်အထင်ကြီးဖွယ်မြင်ကွင်းတစ်ခုဖြစ်နေတော့သည်။

အချိန်တို့ ကုန်လွန်သွား၏။ နောက်ထပ်နှစ်လ ထပ်မံကုန်ဆုန်းသွားပြီး မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် ပို၍ကြီးမားလာရုံသာမက အခြားဒေသများတွင်လည်း အဖွဲ့ခွဲသုံးခုချဲ့ထွင်လိုက်လေရာ သူတို့၏ မူးယစ်ဆေး ရောင်းအားများသည် ဆက်လက်၍ တိုးတက်လာတော့သည်။ တစ်ဆက်တည်းမှာပင် ကောင်းကင်ဘုံအဖွဲ့အစည်း၏ မူးယစ်ဆေး ရောင်းအားများမှာလည်း သိသိသာသာကျဆင်းလာတော့သည်။

ဆေးလုံးနှစ်မျိုးမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်း၏ ဘဝမှာလည်း ပို၍ အဆင်ပြေချောမွေ့လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset