ဝမ်ပေါင်လဲ့မှာ ရူးသွပ်သွားတော့မည့်အလား ခံစားနေရပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက်လုံးတွင် သူ့အား ယခုလောက် စိတ်ဒုက္ခပေးနိုင်သည့် ကျင့်ကြံခြင်း ပညာရပ်မျိုးနှင့် မကြုံတွေ့ခဲ့ဖူးပေ။ အမှောင်ပညာရပ်ပင်လျှင် သူ အမှောင်ချီများ စုပ်ယူလိုက်ပြီးနောက် လွယ်ကူသွားခဲ့သည်သာဖြစ်သည်။
” နေပါဦး။ အမှောင်ပညာရပ်…. ” ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများအရောင်လက်သွား၏။ သူသည် ယခင်တုန်းက အကူပစ္စည်းတစ်ခုခုသာ လိုအပ်နေခြင်း ဖြစ်ရမည်ဟု တွေးနေခဲ့သည်မဟုတ်ပါလော။ ယခုတွင်မူ သူသည် အဆင့်တစ်ဆင့် လိုအပ်နေခြင်းဖြစ်ရမည်ဟု ယုံကြည်သွားပြီဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ လေ့ကျင့်မှုများမှာ မအောင်မြင်ဘဲ ဖြစ်နေရခြင်းဖြစ်သည်။
” ငါ အဆုံးမဲ့ပညာရပ် မျက်လုံးဆီကို နောက်တစ်ခေါက် ထပ်သွားရဦးမှာလား ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးအား လက်ဖြင့်ရိုက်မိလိုက်၏။ သူသည် လွန်ခဲ့သည့်လအတွင်းတွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား လေ့ကျင့်ရာ၌ သူ ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်းကို မမလေးအား မေးမြန်းခဲ့ပါသော်လည်း မမလေးမှာ သူ့အား စကားတစ်ခွန်းမှ အကြောင်းမပြန်ခဲ့ပေ။ သူမသည် အိပ်ချင်ယောင် ဆောင်နေခဲ့၏။
ဝမ်ပေါင်လဲ့မှာ မမလေး၏ ဟန်ဆောင်မှုများကို ရိပ်မိလာပြီ ဖြစ်သည်။ မမလေးမှာ သူမ မသိသည့်မေးခွန်းများ သို့မဟုတ် သူမ ဖြေကြားလိုခြင်းမရှိသော မေးခွန်းများ မေးခံလိုက်ရသည့်အချိန်တိုင်း အိပ်ချင်ယောင် ဆောင်လိုက်သည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းများချလိုက်ရ၏။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား ခဏမေ့ထားလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူသည် သူ ရရှိခဲ့သော အခြား အမွေအနှစ်များကို စတင် လေ့လာကြည့်လိုက်၏။ သူ၏ အသိစိတ်ထဲတွင် အမွေအနှစ်ပေါင်း မြောက်မြားစွာ ရှိနေသည်မဟုတ်ပါလော။
လူသားများ၏ သဘာဝမှာ အမြဲတမ်း နှိုင်းယှဥ်မှုများ ပြုလုပ်တတ်ကြသည်ဖြစ်ပြီး ထိုသို့ နှိုင်းယှဉ်ပြီးလျှင်လည်း စိတ်ကျေနပ်မှု ရတတ်ကြသည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ပင်။ သူသည် အမွေအနှစ် အမြောက်အမြား ပိုင်ဆိုင်ထားသည့်တိုင်အောင် ၎င်းတို့အားလုံးအား နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် အစွမ်းအထက်ဆုံးသော အမွေအနှစ်မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ် ဖြစ်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။
နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ထက် အနည်းငယ်ခန့်ပို၍ အားနည်းသည့် အမွေအနှစ်မှာ မီးတောက်ခိုးယူခြင်းပညာရပ်ဟု အမည်ရသည်။ ၎င်းမှာ ပြီးပြည့်စုံခြင်းမရှိသေးပေ။ ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်ဝက်တစ်ပျက်သာ ရရှိခဲ့သောကြောင့်မဟုတ်ဘဲ နဂိုကတည်းက ၎င်းမှာ ပြီးပြည့်စုံခြင်း မရှိခဲ့သောကြောင့်ဖြစ်သည်။ ထို အမွေအနှစ်အား သူ့ဆီသို့ လက်ဆင့်ကမ်းပေးခဲ့သည့်ပုဂ္ဂိုလ်ကြီးပင်လျှင် ၎င်းအား အစအဆုံး ပိုင်ဆိုင်ထားခြင်းမရှိပေ။
၎င်းမှာ အလွန်အင်မတန်မှ ဆိုးယုတ်သော ကျင့်ကြံခြင်းပညာရပ်တစ်ခု ဖြစ်ပေသည်။ ထိုပညာရပ်အား ကျင့်ကြံထားသည့်သူမှာ တစ်စုံတစ်ယောက်အား သတ်ဖြတ်ပြီးသွားသည့် အချိန်တိုင်း ထိုပြိုင်ဘက်၏ သက်စောင့်စွမ်းအားများနှင့် စိတ်ဆန္ဒများကိုခိုးယူကာ သူ၏ ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းလိုက်မည်သာဖြစ်သည်။ ထို့နောက် ထိုကျင့်ကြံသူမှာ သတ်ဖြတ်မှုများအား ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်… ၎င်း၏ ဘေးထွက်ဆိုးကျိုးများမှာ အလွန်အင်မတန်မှ ဆိုးရွား၏။ ထိုပညာရပ်အား ကျင့်ကြံသူများမှာ တဖြည်းဖြည်းနှင့် အသိစိတ်ပျောက်လာကြမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် စိတ်ကိုကြည်လင်ရှင်းလင်းအောင်ထားနိုင်ရန် အဆက်မပြတ် သတ်ဖြတ်နေရမည်ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက သူ၏ အသိစိတ်ထဲ၌ လွန်ဆွဲနေသည့် အတွေးပေါင်း မြောက်များစွာ၏ ပြင်းအားကို ခံနိုင်တော့မည်မဟုတ်ဘဲ ရူးသွပ်သွားရမည်သာ ဖြစ်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ရောဝိညာဉ်ပါ လုံးဝ ပျက်စီးသွားနိုင်ပေသည်။ ထို့အပြင် သူသည် အသိစိတ်ပျောက်ကာ သူ့ကိုယ်သူ သတ်သေရန်လည်း ကြိုးစားနိုင်သေးသည်။
ထိုပညာရပ်အား သူ့ဆီသို့ လက်ဆင့်ကမ်းပေးခဲ့သည့် လူမှာ ၎င်း၏ အစောပိုင်းအဆင့်များကိုသာ လေ့ကျင့်ခဲ့ပြီးနောက် ထိုအမွေအနှစ်အား ဆက်၍ မလေ့ကျင့်ရဲတော့ပေ။ ထို့ကြောင့်လည်း သူသည် အသိစိတ်ပျောက်သွားခြင်း မရှိဘဲ ပုံမှန်းအတိုင်း ရှိနေဆဲပင်ဖြစ်သည်။ သို့သော် ထိုအမွေအနှစ်မှာ အလွန်အင်မတန်မှ အံသြဖွယ်ရာကောင်း၏။ ထို့ကြောင့်လည်း ကျယ်ပြန့်တာအိုနန်းတော်မှာ ၎င်းအား အဆုံးမဲ့ပညာရပ် မျက်လုံးထဲ၌ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
” မီးတောက်ခိုးယူခြင်းပညာရပ်… ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်၏။ သူသည် စိတ္တဇ အမွေအနှစ်ကြီးတစ်ခုအား လေ့ကျင့်ရန် စိတ်ကူးနှင့်ပင် မတွေးရဲပေ။ သို့သော် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သို့လောသို့လော ဖြစ်လာရတော့သည်။ သူသည် အစွမ်းအထက်ဆုံး အမွေအနှစ်နှင့် ဒုတိယ အစွမ်းအထက်ဆုံး အမွေအနှစ်နှစ်ခုစလုံးကို လေ့ကျင့်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည် မဟုတ်ပါလော… ကံကောင်းစွာဖြင့် မန္တန်စစ်သည်တော်ကြီးနှင့် ပတ်သတ်သည့် သူ၏ လေ့လာမှုလုပ်ငန်းများမှာ တိုးတက်လာပြီဖြစ်သည်။ ၎င်းမှာ လုံးဝမတူညီသော စနစ်တစ်ခုထဲတွင် ရှိနေသောကြောင့် သူသည် ၎င်း၏ အလုပ်လုပ်ပုံများကို အပြည့်အဝ နားမလည်သေးပါသော်လည်း သူသည် ကြေးဒင်္ဂါးပြားလေးတစ်ပြားကို ချောမွေ့စွာ ထိန်းချုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
သူသည် ကြေးဒင်္ဂါးပြား တစ်ပြားတည်းကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိသေးသည်ဖြစ်ပြီး ယွမ်ယင်အဆင့်ရှိသော မန္တန်စစ်သည်တော် ရုပ်သေးရုပ်တစ်ရုပ်အား ဆင့်ခေါ်နိုင်စွမ်း မရှိသေးသည့်တိုင်အောင် ထို ကြေးဒင်္ဂါးပြားများ၏ နောက်ကျောတွင်ရှိနေသော အဋ္ဌဂံတံဆိပ်၏ အဓိပ္ပါယ်ကို နားလည်သွားပြီဖြစ်သည်။
၎င်းမှာ ထိုကြေးဒင်္ဂါးပြားဆီမှ အချုပ်အနှောင်စွမ်းအားများ ထုတ်လွှတ်ပေးနိုင်သည့် မန္တန်တစ်ခု ဖြစ်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေများတွင် အသုံးပြုနိုင်မည့် ဝှက်ဖဲတစ်ချပ် ဖြစ်လာမည်ဖြစ်သည်။
လွန်ခဲ့သည့်လအတွင်းတွင် မြည်းလေးမှာ တစ်ကြိမ်ပြီးတစ်ကြိမ် အပြင်သို့ ခိုးထွက်နေခဲ့သည်ကိုလည်း ဝမ်ပေါင်လဲ့က သတိထားမိခဲ့၏။ မြည်းလေးမှာ နှစ်ရက်သုံးရက်ခန့် ပျောက်ကွယ်သွားပြီလျှင် ကျေနပ်အားရနေသည့် မျက်နှာအမူအရာဖြင့် ပြန်ရောက်လာသည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ ထိုမျှလောက်သာဆိုပါက သူသည် မြည်းလေးအား အာရုံစိုက်နေဦးမည်မဟုတ်ပေ။ ၎င်းမှာ ရည်းစားတစ်ယောက်ရှာတွေ့သွားခြင်းသာ ဖြစ်နိုင်လောက်ပေသည်ဟု သူက မှတ်ယူထားလိုက်မည်ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ ကျင့်ကြံခြင်းအဆင့် တမဟုတ်ချင်း တိုးတက်လာခဲ့သည်ကို သတိထားမိလိုက်၏။ တစ်ရက်တွင် ၎င်းမှာ သူ့ဆီသို့ ပြန်ရောက်လာသောအခါ အခြေတည်ထိပ်ဆုံးအဆင့်၌ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရ၏။
” ဘာတွေဖြစ်နေတာလဲဟ။ ဒီကောင်က ရည်းစားတစ်ယောက် ရှာတွေ့ထားတာ မဟုတ်ဘဲနဲ့ ရတနာတစ်ခုခုကိုများ ရှာတွေ့ထားတာလား ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် ထိုမြည်လေးမှာ အလွန်အင်မတန်မှ သတိကြီးကြောင်း သိထား၏။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမှ သတိမထားမိသည့်ပုံစံ ဟန်ဆောင်ကာ ၎င်းအား တိတ်ဆိတ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ရက်အနည်းငယ်ခန့်ကြာပြီးနောက် မြည်းလေး မီးပင်လယ်ကြီးထဲသို့ ခိုးဝင်သွားသည့် ညတစ်ညတွင် ဝမ်ပေါင်လဲ့၏ လူရိပ်ကြီးမှာ ထိုမြည်းလေး ပျောက်ကွယ်သွားခဲ့သည့်နေရာတွင် ပေါ်လာ၏။ ထို့နောက် သူသည် သူ၏ အငွေ့အသက်များကို ဖုံးကွယ်ကာ ထိုမြည်းလေး၏နောက်သို့ တိတ်တိတ်ကလေး လိုက်သွားလိုက်တော့သည်။
မြည်းလေးမှာ မီးပင်လယ်ကြီးအား ဖြတ်ပြေးနေ၏။ ၎င်းမှာ ထိုနေရာတစ်ဝိုက်ရှိ နယ်မြေအခင်းအကျင်းအား ကျွမ်းကျင်နေသည့် ပုံပင်။ ၎င်းမှာ မကြခဏဆိုသလို ရပ်တန့်ကာ ၎င်း၏ ဘေးဘီဝဲယာအား သတိကြီးကြီးထား၍ အကဲခတ်နေ၏။ ထို့အပြင် ၎င်းမှာ နောက်မှ လူတစ်ယောက်ယောက် လိုက်လာမည်ကို စိုးရိမ်နေသောကြောင့် မကြာခဏဆိုသလို နောက်သို့ လှည့်၍ အကဲခတ်နေသေးသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လူမိသွားတော့မည့် အခိုက်အတန့်များနှင့်ပင် ကြုံခဲ့ရ၏။
” ဒီ မြည်းလေးက နောက်ဆုံးတော့ ဦးနှောက်ရှိလာပြီပဲ ” ဝမ်ပေါင်လဲ့မှာ ၎င်း၏နောက်မှ အလောတကြီး လိုက်သွားလိုက်၏။ မြည်းလေးမှာ အလွန်အင်မတန်မှ သတိဝီရိယ ရှိလွန်းနေသောကြောင့် သူသည်လည်း သိချင်စိတ်များ ပြင်းပြလာရပြီး ပို၍ပင် သတိကြီးကြီး ထားနေမိတော့သည်။ ထို့နောက် သူသည် ထိုမြည်းလေး အပျက်အစီးများထဲသို့ ပြေးဝင်သွားပြီး ပြန်ထွက်မလာတော့သည်ကို မြင်လိုက်ရတော့သည်။
အကယ်၍ ဝမ်ပေါင်လဲ့သာ သူ၏ အာရုံခံနိုင်စွမ်းများမှတစ်ဆင့် ထိုမြည်းလေးမှာ ထိုအပျက်အစီးများရှိ လျှို့ဝှက်နေရာတစ်ခုတွင် ပုန်းကွယ်ကာ ဘေးပတ်ဝန်းကျင်အား စောင့်ကြည့်နေခြင်းဖြစ်ကြောင်း မသိခဲ့ရပါက သူသည် ထိုအပျက်အစီးများ၏ အနီးသို့ သွားရောက်ကာ ၎င်းတို့အား ကြည့်ရှုစစ်ဆေးမိလိုက်မည်သာဖြစ်သည်။
ထိုသို့သာဆိုပါက မြည်းလေးမှာ သူ နောက်မှလိုက်လာသည်ကို သိရှိသွားမည်မဟုတ်ပါလော။
” ဒီကောင်က ချောင်းပါ ချောင်းမြောင်းတတ်နေပြီပဲဟ ” ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်ကာ ဒေါသထွက်သွားရတော့သည်။ မြည်းလေး၏ အကျင့်စရိုက်နှင့် ပတ်သတ်၍ သူ သိထားသလောက်ဆိုလျှင် ၎င်းမှာ အဖိုးတန် ရတနာတစ်ခုခုအား ကွယ်ဝှက်ထားရခြင်း ဖြစ်ပေမည်။ ထိုသို့သာမဟုတ်ပါက ၎င်းမှာ ယခုလောက် သတိကြီးကြီးထားနေစရာ အကြောင််း မရှိပေ။
ဝမ်ပေါင်လဲ့မှာ စိတ်ရှည်ရှည်ထားရန် ဆုံးဖြတ်လိုက်၏။ သူသည် ထိုမြည်းလေး ပုန်းနေသည့်နေရာအား စိုက်ကြည့်နေပြီး ၎င်း၏ လျှို့ဝှက်ချက်အား ဖော်ထုတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လေးနာရီတိတိ စောင့်ဆိုင်းနေခဲ့ရသဖြင့် မြည်းလေး၏ စိတ်ရှည်မှုကြောင့် အံ့အားသင့်နေရစဉ်မှာပင် ထိုမြည်းလေးမှာ စတင်လှုပ်ရှားလိုက်တော့သည်။ ၎င်းမှာ မီးပင်လယ်ထဲသို့ မဟုတ်ဘဲ မြေအောက်ထဲသို့ တိုးဝင်သွားခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ၎င်း၏နောက်မှ လိုက်သွားလိုက်၏။ ထိုသို့ဖြင့် တစ်ညတာလုံး ကုန်ဆုံးသွားတော့သည်။ မြည်းလေးမှာ မီးပင်လယ်ကြီးထဲရှိ နေရာအနှံ့အပြားတွင် ပုန်းကွယ်နေခဲ့၏။ ၎င်းမှာ ကျင်းများတူးကာ ပြေးထွက်သွားလိုက်၊ ခြုံခိုတိုက်ခိုက်ရန် ချောင်းမြောင်းနေလိုက်၊ စိတ်ရှည်ရှည်နှင့် ထိုင်စောင့်နေလိုက် လုပ်နေခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မဟုတ်ဘဲ အခြားတစ်ယောက်ယောက်သာ ဆိုပါက ထိုမြည်းလေးအား မျက်ခြတ်ပြတ်လျှင်ပြတ် မပြတ်လျှင် တိုက်ခိုက်ပြီးနေလောက်ပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ မြည်းလေး၏ အကျင့်စရိုက်ကို သိထားရုံသာမက ယခင်တုန်းကလည်း ယခုကဲ့သို့ ၎င်း၏နောက်မှ ခြေရာခံ လိုက်ခဲ့ဖူးသည်မဟုတ်ပါလော။ ထို့အပြင် သူသည် ထိုမြည်းလေးနှင့် စိတ်ချင်းဆက်သွယ်နေသေး၏။ ထို့ကြောင့် သူသည် ထိုဆက်သွယ်မှုအား လိုသလိုထိန်းချုပ်ကာ ထိုမြည်းလေးအား သူ့ကို သတိမထားမိအောင် လုပ်နိုင်ပေသည်။
ထိုသို့ဖြင့် သူသည် ထိုမြည်းလေးအား မျက်ခြည်ပြတ်သွားခြင်းမရှိဘဲ ၎င်း၏နောက်မှ တစ်ညလုံး လိုက်လာခဲ့၏။ မြည်းလေးမှာ တစ်ညလုံး ခြေဦးတည့်ရာ ပြေးလွှားနေလိုက်ပြီးနောက် မည်သူမှ ၎င်း၏နောက်မှ လိုက်လာခြင်းမရှိကြောင်း သေချာသွားသည့်ပုံပင်။ ထိုအခါမှသာ ၎င်းမှာ စိတ်အေးသွားပြီး ပျော်ရွှင်မြူးတူးစွာဖြင့် အဝေးသို့ ကဆုန်ပေါက်ကာ ထွက်ခွာသွားတော့သည်။ ခဏအကြာတွင် ၎င်းမှာ နောက်ထပ် အပျက်အစီးတစ်ခုဆီသို့ ရောက်ရှိသွား၏။
အမှန်တွင် ထိုနေရာမှာ တောင်ကြားကြီးတစ်ခု ဖြစ်နေရမည် ဖြစ်သည်။ သို့သော် ထိုတောင်တန်းများ ပျက်စီးသွားခဲ့ပြီးနောက် မီးပင်လယ်ကြီးမှာ ထိုနေရာကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားသောကြောင့် ထိုနေရာကြီးတစ်ခုလုံးမှာ လူသူကင်းမဲ့နေ၏။ မြည်းလေးမှာ ထိုနေရာသို့ ရောက်ရှိလာသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားသည်ကို အထင်အရှားမြင်နိုင်ပေသည်။ ခဏအကြာတွင် ၎င်းမှာ ထိုနေရာတစ်ခုလုံးအား မြေလှန်ရှာဖွေနေတော့သည်။ ၎င်းမှာ ကျင်းများတူးလိုက်၊ ခွာဖြင့်ပေါက်လိုက်လုပ်နေပြီး အနံ့တစ်ခုခုကို လိုက်လံရှာဖွေနေသည့်အလား နှာခေါင်းအား တရှုပ်ရှုပ်လုပ်နေ၏။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားကာ စိတ်ဝင်စားသွားရ၏။ သူသည် မနီးမဝေး တစ်နေရာတွေ သေသေချာချာ ပုန်းကာ စောင့်ကြည့်နေတော့သည်။ ထိုသို့ဖြင့် နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ထိုမြည်းလေးမှာ ပျော်ရွှင်မြူးထူးစွာ ကဆုန်ပေါက်နေရာမှ မြေကြီးအောက်ထဲသို့ တိုးဝှေ့ဝင်ရောက်သွား၏။ ထို့နောက် ၎င်းမှာ ရုပ်အလောင်းကြီးတစ်ခုကို ကိုက်ချီရင်း ပြန်ထွက်လာတော့သည်။
ထို ရုပ်အလောင်းကြီးမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ပေသည်။
သူ၏ နှလုံးသား ရှိနေရမည့်နေရာတွင် အပေါက်ကြီးတစ််ပေါက်ရှိနေ၏။ ထိုရုပ်အလောင်းကြီးမှာ ကိုယ်လက်အင်္ဂါများ ပြတ်တောက်နေသည့်အပြင် အဆောင်ပစ္စည်းနှင့် သိုလှောင်အိတ်များကိုလည်း ပိုင်ဆိုင်ထားခြင်းမရှိပေ။ ထို့ကြောင့် ၎င်းမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက ရှာဖွေခံထားရသည့် ရုပ်အလောင်းတစ်ခု ဖြစ်နေနိုင်ပေသည်။ ထိုသို့သာ မဟုတ်ပါက သူ့အား သတ်ဖြတ်ခဲ့သည့် လူမှာ သူ၏ပစ္စည်းများကိုပါ တစ်ခါတည်း ယူဆောင်သွားခဲ့ခြင်း ဖြစ်ရပေမည်။
” အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်ရဲ့ ရုပ်အလောင်းတစ်ခုကိုရှာတွေ့တာ ဒီလောက်အထိ စိတ်လှုပ်ရှားနေဖို့ လိုလို့လားဟ ” ဝမ်ပေါင်လဲ့မှာ အံ့အားသင့်နေရပြီဖြစ်သည်။ သူသည် ထိုကဲ့သို့သော ရုပ်အလောင်းများအား ယခင်တုန်းက တွေ့ခဲ့ဖူးသည်မဟုတ်ပါလော။ သူ၏ သိုလှောင်အိတ်ထဲတွင်ပင် ၎င်းနှင့် တစ်ပုံစံတည်းတူသည့် ရုပ်အလောင်းတစ်ခု ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားရပြီး ရှေ့သို့ တဖြည်းဖြည်းနှင့် တိုးသွားလိုက်၏။ ထို့နောက် သူသည် ထိုမြင်ကွင်းအား အနီးကပ် ကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။
မြည်းလေးမှာ ထိုရုပ်အလောင်းအား မြေကြီးထဲမှဆွဲထုတ်လာပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ၎င်း၏ လက်မောင်းအား ဂျွတ်ခနဲမြည်အောင် ဝါးစားလိုက်ခြင်းဖြစ်သည်။
ထို့နောက် ၎င်းမှာ ပျော်ရွှင်ကျေနပ်နေသည့် မျက်နှာထားဖြင့် ပို၍ပင် လျင်မြန်စွာ ဝါးစားနေလိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး မျက်ဝန်းများမှာလည်း အေးစက်သွားရ၏။ သူသည် မြည်းလေးမှာ အလွန်အင်မတန်မှ အစားကြူးသည်ဖြစ်ကြောင်း သိထားပါသော်လည်း လူသေအလောင်းများ၏ ပုပ်ပွနေသော အသားများကိုပါ စားရလောက်သည့် အဆင့်အထိ ရောက်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
” မင်း သက်ရှိတွေကိုစားတာ လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ လူသေအလောင်းတွေကိုမှ စားရတယ်လို့ကွာ ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ဒေါပွသွား၏။ သူသည် ဆက်လက်ပုန်းကွယ်နေခြင်း မရှိတော့ဘဲ အမြန်ဆုံးသော အရှိန်ဖြင့် မြည်းလေးဆီသို့ ချက်ချင်းပင် ပြေးထွက်သွားလိုက်တော့သည်။
ထိုအခါ ရုပ်အလောင်းကြီးအား မြိန်ရေရှက်ရေ စားသုံးနေခဲ့သော မြည်းလေးမှာ ဝမ်ပေါင်လဲ့ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွား၏။ ထို့နောက် ၎င်း၏ မျက်ဝန်းများထဲတွင် အပြစ်ရှိသလို ခံစားနေရသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သို့သော် ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ကျန်ရှိနေသေးသည့် ရုပ်အလောင်းကြီးအား တစ်ကိုက်တည်းနှင့် ကုန်အောင် ဝါးစားတော့မည့် ပုံစံဖြင့် သူ၏ပါးစပ်အား ဟလိုက်၏။ အမျက်ချောင်းချောင်းထွက်နေသည့် ဝမ်ပေါင်လဲ့မှာမူ ၎င်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာရင်း သူ၏ခြေထောက်ဖြင့် လှမ်း၍ ကန်ကျောက်လိုက်တော့သည်။
ထိုအခါ အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မြည်းလေးမှာ အသံကုန်အော်ဟစ်ကာ ဘေးသို့လွင့်ထွက်သွားရ၏။ ၎င်းမှာ အရေထူသည့်တိုင်အောင် ထိုကန်ချက်ကြောင့် နာကျင်သွားရဆဲပင်။ ထို့နောက် ၎င်းမှာ ထွက်ပြေးရန်ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်း၏ဘေး၌ ပေါ်ပေါက်လာပြီး ၎င်းအား လည်ပင်းမှဆုပ်ကိုင်ကာ သူ၏ရှေ့သို့ ဆွဲခေါ်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် ဒေါသမီးများ တောက်လောင်နေပြီဖြစ်သည်။
” တော်တော်တတ်နေတယ်ပေါ့ ”
ထိုအခါ မြည်းလေးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး ဝမ်ပေါင်လဲ့အား ဖားယားရန် ပြင်လိုက်ပါသော်လည်း အသံမထွက်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား ရုပ်အလောင်းကြီးဆီသို့ ဆွဲခေါ်သွားလိုက်ပြီး ၎င်း၏ပါးစပ်အား ထို ရုပ်အလောင်းကြီး၏ တစ်ဝက်တစ်ပျက် ဖြစ်နေသော လက်မောင်းကြီး၏အနားသို့ ကပ်ပေးလိုက်၏။
” လုပ်လေ။ နောက်ထပ်တစ်ကိုက် ထပ်စားလိုက်ဦး ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ဆိုလိုက်၏။ သို့သော် မြည်းလေးမှာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသော သတ္တဝါတစ်ကောင် မဟုတ်ပေ။ ၎င်းမှာ သူ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြီးကြောင့် စိတ်ထဲတွင် သွားရည်ယိုနေရသည့်တိုင်အောင် သွေးရူးသွေးတမ်းနှင့် ခေါင်းယမ်းပြလိုက်၏။ ၎င်း၏ မျက်နှာအမူအရာမှာ ရိုက်နှက်ကန်ကျောက်ခံရလျှင်တောင် နောက်ထပ်တစ်ကိုက် ထပ်ကိုက်တော့မည်မဟုတ်ဟု သူ့အား အသိပေးနေသည့်ပုံစံ ပေါက်နေတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မြည်းလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ၎င်း၏ပါးစပ်အား ထိုရုပ်အလောင်းကြီး၏ လက်မောင်းနားသို့ ထပ်၍ ကပ်ပေးလိုက်၏။ ထို့နောက် သူသည် စကားပြောရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ကြက်သေသေသွားရပြီး အသက်မရှိတော့သော အဆုံးမဲ့မျိုးနွယ်စုဝင်ကြီး၏ တစ်ဝက်တစ်ပျက် ဖြစ်နေသည့် လက်မောင်းကြီးအား မယုံသင်္ကာနှင့် စိုက်ကြည့်နေမိတော့သည်။ ခဏအကြာတွင် သူ၏နှုတ်မှ ပင့်သက်ရှိုက်သံတစ်သံ ထွက်ပေါ်လာ၏။