Switch Mode

အခန်း (၅၄၇)

လျှို့ဝှက်ဆန်းကြယ် သစ်သီးခြောက်

ယခုတွင် ဝမ်ပေါင်လဲ့မှာ ခုန်းတောက်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံး၏ အမြုတေအဆင့် ဖောက်ထွက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးသွားပြီ ဖြစ်သည်။ သူသည် သူတို့နှစ်ယောက်၏ အဓိက ကျင့်ကြံခြင်းပညာရပ်များကိုလည်း သိရှိသွားပြီဖြစ်သည်။

ထို့ကြောင့်လည်း ကျင့်ကြံသူများမှာ အခြေတည်အဆင့်မှ အမြုတေအဆင့်သို့ ဖောက်ထွက်ရာတွင် လူသူကင်းမဲ့သည့်နေရာ၌ တံခါးပိတ်ကျင့်ကြံလေ့ ရှိကြခြင်း ဖြစ်သည်။ သို့မှသာ သူတို့မှာ အခြားသူများ၏ နှောင့်ယှက်မှုရန်မှ ကင်းဝေးနိုင်မည်ဖြစ်သလို သူတို့၏ ကျင့်ကြံခြင်းပညာရပ်များကိုလည်း လျှို့ဝှက်ထားနိုင်မည် ဖြစ်သည်။

သို့သော် ခုန်းတောက်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့အား အပြည့်အဝ ယုံကြည်ထားကြသည်ဖြစ်ကြောင်း အထင်အရှား သိနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ထဲတွင် သူတို့နှစ်ယောက်အား နှိုင်းယှဉ်ကြည့်နေမိတော့သည်။ သူသည် ထိုသို့ နှိုင်းယှဉ်ရင်း ခုန်းတောက်မှာ အလွန်အင်မတန်မှ တမူထူးခြားသော လူတစ်ယောက်ဖြစ်ကြောင်း ပို၍ပင် နားလည်လာ၏။

” သူက ငါတို့လို အဆုံးမဲ့ပညာရပ် မျက်လုံးထဲမှာ အမွေအနှစ်တွေ မရခဲ့တာတောင် သူ ဖောက်ထွက်သွားတုန်းက သူ့ရဲ့နောက်မှာ ပုံရိပ်ယောင် မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာခဲ့သေးတာ။ သူ့ဆီကနေ ထွက်လာတဲ့ စွမ်းအားတွေက ကျောက်ယမုန့်နဲ့တောင် ယှဉ်လို့ရတယ်။ ဒီ ခုန်းတောက်ဆိုတဲ့‌ကောင်က … အာဂယောက်ျားတစ်ယောက်ပဲ ” ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ ပခုံးအား ပုတ်ကာ တွေးနေမိတော့သည်။

” မဆိုးဘူးဟေ့။ ကြိုးစားကွာ။ ငါတို့တွေရဲ့ လူချောလေးများ အဖွဲ့အစည်းထဲမှာ နောက်ထပ် အစွမ်းထက် ဗိုလ်ချုပ်ကြီးတစ်ယောက် ထပ်တိုးလာပြီပဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ချီးကျူးလိုက်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ ခုန်းတောက်မှာလည်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်နေသည်။ အမြုတေအဆင့်နှင့် အခြေတည်အဆင့်မှာ လုံးဝမတူသော အဆင့်နှစ်ဆင့် ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် သက်တူရွယ်တူဖြစ်သောကြောင့် စိတ်ထဲ၌ ဖိအားကြီးတစ်ခုကို အမြဲတမ်း ခံစားနေခဲ့ရ၏။ ဝမ်ပေါင်လဲ့၏ တိုးတက်မှုနှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်နေသည် မဟုတ်ပါလော။ ယခုတွင်မူ သူသည် အမြုတေအဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့ပြီဖြစ်သောကြောင့် ခုန်းတောက်မှာ အနည်းငယ်ခန့် စိတ်သက်သာရာ ရသွားတော့သည်။

သူသည် ဝမ်ပေါင်လဲ့အား ကျေးဇူးတင်စကားဆိုလိုက်၏။ သိပ်မကြာခင်တွင် မီးပင်လယ်ကြီးမှာ ထိုနေရာကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့မည်ဖြစ်ရာ သူတို့မှာ လေးဖင့်မနေတော့ဘဲ သူတို့၏ ဝိညာဉ်လှေများကို ထုတ်ယူကာ ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။ သူတို့ ထွက်ခွာသွားပြီးနောက် မီးပင်လယ်ကြီးမှာ ထိုနေရာသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး ဂူကြီးတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။ သူတို့နှစ်ယောက် အပြင်ဘက်သို့ ပြန်ထွက်လာသည့်အချိန်တွင် ရှေးဟောင်းစစ်မြေပြင်ကြီးမှာ ပင်လယ်ထဲသို့ သိသိသာသာ ကျွံဝင်သွားပြီဖြစ်ကြောင်း မြင်လိုက်ရ၏။

သူတို့၏ အပြန်လမ်းခရီးမှာ ချောမွေ့နေခဲ့ပြီး လမ်းတစ်လျှောက်တွင် အခက်အခဲအတားအဆီးများနှင့် ကြုံတွေ့ခဲ့ရခြင်းမရှိပေ။ခဏအကြာတွင် သူတို့မှာ မီးပင်လယ်ကြီးထဲမှ ပျံထွက်လာကြပြီး ဝမ်ပေါင်လဲ့၏ မီးစိမ်းကျွန်းဆီသို့ ပြန်သွားလိုက်ကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ဂူဗိမာန်ထဲသို့ ရောက်ရှိသွားကြသောအခါ ခုန်းတောက်မှာ စိတ်များလှုပ်ရှားနေခဲ့ရာမှ ပြန်လည်တည်ငြိမ်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ ရယူခဲ့သော ပစ္စည်းများအားလုံးကို ထုတ်ပြလိုက်တော့သည်။

သူ ရယူနိုင်ခဲ့သည့် ပစ္စည်းအရေအတွက်မှာ အတော်အသင့် များပြားပေသည်။ တန်ဖိုးအသီးသီးရှိကြသည့် အတိုအတွာပစ္စည်းပေါင်းများစွာ ပါသလို အာရုံဖမ်းစားနိုင်စွမ်းရှိသော ပစ္စည်းသုံးခုလည်း ရှိနေ၏။ ၎င်းတို့မှာ ဧရာမ မှော်ဆေးရည်ဒယ်အိုးကြီး၊ ကျောက်စိမ်းသေတ္တာနှင့် လင်းနို့ ရုပ်ထုကြီးတို့ပင် ဖြစ်ပေသည်။

ထိုဂူဗိမာန်အား နှစ်ပေါင်းများစွာကြာပြီမှ ပထမဆုံးအကြိမ်အဖြစ် ပြန်ဖွင့်ခဲ့သည်ဖြစ်ရာ ထိုပစ္စည်းအားလုံးမှာ အကောင်းပတိအတိုင်း ရှိနေကြသေးသည်။ သူတို့နှစ်ယောက်မှာ ထို မှော်ဆေးရည်ဒယ်အိုးကြီးထဲ၌ ဆေးလုံးတစ်လုံးကိုပင် ရှာတွေ့ခဲ့သေးသည်။

သို့သော် သူတို့မှာ ထိုဆေးလုံးအမျိုးအစားကို သေချာမသိဘဲ ဖြစ်နေကြ၏။ ထို့ကြောင့် သူတို့မှာ ထိုဒယ်အိုးကြီးအား လက်လွတ်စပယ် မဖွင့်ရဲခဲ့ကြပေ။ ဝမ်ပေါင်လဲ့မှာ မှော်ဆေးရည်ပညာရပ်အား မကျွမ်းကျင်ပါသော်လည်း ထိုပညာရပ်နှင့် ပတ်သတ်သည့် အခြေခံဗဟုသုတအချို့ကို သိရှိထား၏။ သူသည် မှော်ဆေးရည်ပညာရပ်၏ နောက်ဆုံးအဆင့်ကို နားလည်ထားသလို မတူညီသော ဆေးလုံးအမျိုးမျိုး ပါဝင်နေသည့် ဒယ်အိုးများအား ထိုဆေးလုံးများနှင့် သက်ဆိုင်သည့် နည်းလမ်းများအတိုင်း ပြန်ဖွင့်ရန် လိုအပ်ကြောင်းကိုလည်း သိရှိထားသည်။ သူတို့မှာ ‌‌ဆွေးနွေးလိုက်ကြပြီးနောက် ခုန်းတောက်မှာ ထိုဒယ်အိုးအား ယူသွားရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ထိုဒယ်အိုးအား ဖွင့်ပေးမည့် လူတစ်ယောက်ယောက်အား လိုက်ရှာရန် တာဝန်ယူလိုက်၏။

ထို့နောက် ကျောက်စိမ်းသေတ္တာလေး အလှည့်သို့ ရောက်လာ၏။ ၎င်းအား အချုပ်အနှောင်တစ်ခုဖြင့် ပိတ်ထားပါ‌သော်လည်း ထိုအချုပ်အနှောင်မှာ အစွမ်းအထက်ကြီး မဟုတ်ပေ။ ထို အချုပ်အနှောင်၏ အဓိကတာဝန်မှာ ဝိညာဉ်စွမ်းအင်များအား ကျောက်စိမ်းသေတ္တာထဲ၌ ပိတ်လှောင်ထားနိုင်ရန်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့မှာ ထိုသေတ္တာလေးအား အလျင်အမြန် ဖွင့်ကြည့်လိုက်ကြပြီးနောက် အတွင်းထဲတွင် သစ်သီးခြောက်လေးတစ်လုံး ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုသစ်သီးခြောက်လေး၏ အခွံမှာ ရှုံ့တွနေပြီး ၎င်း၏ အရွယ်အစားမှာ ကြက်ဥတစ်လုံးခန့် ရှိပေသည်။ ၎င်း၏ ပုံပန်းသွင်ပြင်မှာမူ သာမန်သစ်သီးခြောက်တစ်လုံး အတိုင်းပင်။ သို့သော် ထို ကျောက်စိမ်းသေတ္တာလေး ပွင့်သွားသည်နှင့် ထူးဆန်းသော မွှေးရနံ့တစ်မျိုး ပျံ့လွင့်လာ၏။ ၎င်းမှာ အလွန်အင်မတန်မှ ချိုအီသောအနံ့တစ်မျိုး ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုရနံ့အား တစ်ရှိုက်သာ ရှူသွင်းမိလိုက်ပါသော်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။ သူသည် ရုတ်တရက်ဆိုသလို လန်းဆန်းတက်ကြွသွားပြီး သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများမှာလည်း ပို၍ ကြည်လင်ပြတ်သားလာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားရ၏။ သူသည် လက်ရှိတွင် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို တိုးတက်လာအောင်လုပ်ရန် ဆန္ဒပြင်းပြနေသည်ဖြစ်ပြီး ဤသစ်သီးခြောက်လေးမှာ ထိုကဲ့သို့ တိုးတက်လာအောင် ကူညီပေးနိုင်သည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည့်ပုံ ပေါ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ချက်ချင်း အသိပေးလိုက်၏ ” ခုန်းတောက်ရေ။ ငါ ဒီ သစ်သီးလေးကို လိုတယ်ကွာ ”

ထိုသစ်သီးလေးမှာ မည်မျှအထိ တန်ဖိုးရှိကြောင်း ခုန်းတောက်က နားလည်ထား၏။ သို့သော် ဝမ်ပေါင်လဲ့ ထိုသို့တောင်းဆိုလိုက်သည်နှင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုကျောက်စိမ်းသေတ္တာလေးအား ဝမ်ပေါင်လဲ့ဆီသို့ တွန်းပို့လိုက်တော့သည်။ သူသည် ၎င်းအား ဆက်မကြည့်တော့သလို လင်းနို့ရုပ်ထုကြီးကိုလည်း လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ပြန်ပြောလိုက်၏ ” ဒီ ကျောက်တုံးရုပ်ထုကြီးကိုပါ မင်း ယူသွားလိုက်တော့။ တစ်ရက်ရက် အဲဒီရုပ်ထုကြီး အသက်ပြန်ဝင်လာရင် ငါ ထိန်းနိုင်မှာ မဟုတ်ဘူး ”

ဝမ်ပေါင်လဲ့မှာ သူ၏ ကမ်းလှမ်းချက်အား ငြင်းဆိုနေခြင်းမရှိပေ။ သူသည် ခေါင်းညိတ်ပြလိုက်ပြီး ကျန်ရှိနေသောပစ္စည်းများ၏ ဆယ်ပုံပုံ ခုနစ်ပုံခန့်အား ခုန်းတောက်၏ လက်ထဲသို့ အပ်လိုက်၏။ ခုန်းတောက်မှာလည်း သူ၏ စေတနာအား ပြန်လည် လက်ခံလိုက်သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်စလုံးမှာ ကိုယ်စီ စိတ်ကျေနပ်မှုများ ရရှိသွားကြသည်။ ခုန်းတောက်မှာ အမြုတေအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီး ဝမ်ပေါင်လဲ့မှာ သူ၏ အလယ်အလတ် အမြုတေအဆင့်အား တိုးတက်လာအောင် လုပ်နိုင်ခဲ့သည်မဟုတ်ပါလော။ ထို့နောက် သူတို့မှာ စောစောတုန်းက ကြုံခဲ့ရသည့် ကျယ်ပြန့်တာအိုနန်းတော်မှ သတ်ဖြတ်လိုစိတ်ကြီးမားသော ကျင့်ကြံသူများ၏ အကြောင်းကို ‌ဆွေးနွေးလိုက်ကြတော့သည်။

” ငါ ဖောက်ထွက်နေခဲ့တုန်းက အန္တရာယ်တွေကို အာရုံခံမိခဲ့လို့ ချောင်းကြည့်လိုက်တော့ လီပင်းကို တွေ့ခဲ့ရတယ်ကွ… ” ခုန်းတောက်မှာ မျက်နှာအမူအရာ တည်ကြည်သွားပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ပေါင်လဲ့။ မင်း သတိထားမှရမယ်နော်။ အဲဒီ လီပင်းဆိုတဲ့ကောင်က…ငါကြားဖူးထားသလောက်ဆိုရင် တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ကွ။ သူက ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ လုပ်ပိုင်ခွင့်အာဏာတချို့ ပိုင်ဆိုင်ထားတာမလို့ ဘယ်သူကမှ သူ့ကို အပြစ်မလုပ်ရဲကြဘူး။ သူ့ကြောင့် သေသွားခဲ့ရတဲ့ ဂိုဏ်းသားတွေတောင် ရှိခဲ့ဖူးတယ်… ဒါပေမဲ့ သူ့ရဲ့ဆရာက ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတဲ့အပြင် သူကလည်း နှောင်းပိုင်း အမြုတေအဆင့်မှာ ရောက်နေတာမလို့ တော်တော်လေးကို အစွမ်းထက်တယ်။ အဲတာမလို့ သူက ဥပဒေစည်းမျဉ်းတွေကို မလိုက်နာပဲ ထင်တိုင်းကျဲလို့ ရနေတာ ”

” သူက ဒီကိစ္စကြီးကြောင့် ငါတို့ကို သတိထားမိသွားပြီဆိုတော့ သူ့ရဲ့ အငြိုးအတေးကြီးတဲ့ အကျင့်စရိုက်နဲ့သာဆိုရင် ငါတို့ကို အခက်တွေ့အောင်လုပ်မှာ သေချာပေါက်ပဲ ” ခုန်းတောက်မှာ ထိုသို့ဆိုရင်း မျက်ဝန်းများ အေးစက်သွား၏။ သူသည် ယခုလေးတင်မှ အမြုတေအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသော်လည်း သူသည် ရှေးယခင်ကတည်းက ရန်လိုစိတ်ပြင်းပြသည့် လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မျက်လုံးများ မှေးသွားပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ငါတို့တွေ အခွင့်အရေးတစ်ခုခု ရအောင်ရှာပြီးတော့ လူတွေစုပြီး ဒီလီပင်းဆိုတဲ့ကောင်ကို ရှင်းပစ်ရမယ် ”

ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ စကားကိုကြားလိုက်ရသောအခါ ပြုံးသွား၏။ သူသည်လည်း ထိုသို့လုပ်ရန် ဆန္ဒရှိနေသည်မဟုတ်ပါလော။ သို့သော် သူတို့မှာ ထိုကိစ္စကြီးအား အချိန်ပေး၍ သေသေချာချာ စီစဉ်ရန်လိုအပ်ပေသည်။ လူတစ်ယောက်ကို သတ်ရသည်မှာ လွယ်ကူပါသော်လည်း နောက်ဆက်တွဲ အကျိုးဆက်များအား ရင်ဆိုင်ဖြေရှင်းရသည်မှာ ပြဿနာတစ်ခု ဖြစ်နေ၏။

” ငါတို့တွေ ဓားရိုးပေါ်မှာ သူ့ကို သတ်လိုက်မယ်ဆိုရင် တခြားလူတွေ သတိထားမိသွားလောက်တယ်။ နောက်ဆုံး ရွေးချယ်စရာမရှိတော့မှ အဲဒီနည်းလမ်းကို ရွေးကြတာပေါ့။ သူ့ကို စောင့်ကြည်ထား။ လီပင်း သိပ်မကြာခင်မှာ ဓားကိုယ်ထည်ပိုင်းထဲကို သွားဖို့ရှိမရှိ စုံစမ်းကြည့်ထားလိုက်။ တကယ်လို့ သူ သွားမယ်ဆိုရင် ငါတို့တွေ သူ ဓားရိုးပိုင်းဆီကို ပြန်မလာနိုင်အောင် လုပ်ပေးလိုက်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ခုန်းတောက်အား သူ၏အစီအစဉ်များကို ရှင်းပြလိုက်၏။ ထို့နောက် ခုန်းတောက်မှာ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ခုန်းတောက်တစ်ယောက် အဝေးသို့ ထွက်ခွာ‌ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်ပြီးနောက် သူ၏ ဂူဗိမာန်ထဲသို့ ပြန်ဝင်လာ၏။ ထို့နောက် သူသည် ကျောက်စိမ်းသေတ္တာလေးအား ဖွင့်လိုက်ပြီးနောက် သစ်သီးခြောက်လေးအား ထုတ်ယူကာ နောက်ထပ်တစ်ကြိမ်ထပ်၍ နမ်းရှုပ်ကြည့်လိုက်ပြန်သည်။ ထိုအခါ သူ၏ အာရုံများ ကြည်လင်ရှင်းလင်းသွားသည့် ခံစားချက်ကြီးတစ်ခု ပြန်လည်ပေါ်ထွက်လာ၏။ သူသည် ထိုသစ်သီးလေးအား သေသေချာချာ လေ့လာကြည့်လိုက်ပြီးနောက် ၎င်းဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်များကို ရေရှည် စုပ်ယူမှီဝဲနေမည်ဆိုပါက သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများမှာ သေချာပေါက် တိုးတက်လာမည်ဖြစ်ကြောင်း သိရှိသွားတော့သည်။

” ဝိညာဉ်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ နတ်သစ်သီးတစ်လုံးပဲ…. ” ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်၏။ သူသည် ထိုသစ်သီးခြောက်လေးအား တစ်လုံးလုံး မျိုချပစ်ရန် တွေးမိလိုက်သေးသည်။ သို့သော် သူသည် ထိုသစ်သီးခြောက်လေး၏ ရှုံ့တွနေသည့် ပုံပန်းသွင်ပြင်အားကြည့်ကာ တွန့်ဆုတ်သွားရ၏။

” ငါ ဒီအတိုင်းကြီး ဘာမှမစဉ်းစားဘဲ စားပစ်လို့မဖြစ်ဘူး။ အစာအဆိပ်သင့်သွားရင် ဘယ်လိုလုပ်မလဲ … ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ပြန်သွားပြီးမှ ထိုသစ်သီးလေး၏အကြောင်းကို လေ့လာမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ သူသည် ထိုသစ်သီးလေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ထပ်၍လေ့လာချင်နေ၏။ ဝမ်ပေါင်လဲ့မှာ မမလေးကိုလည်း ဆင့်ခေါ်ခဲ့ပါသော်လည်း သူမသည် အကြောင်းပြန်ခြင်းမရှိပေ။ သူသည် မမလေး၏ အကျင့်စရိုက်ကို သိရှိနားလည်ထားပြီးသားဖြစ်သည်။ မမလေးမှာ သူမ မသိသော ကိစ္စများနှင့် ပတ်သက်လာပါက အမြဲတမ်း အိပ်ပျော်‌ချင်ယောင် ဆောင်နေခဲ့သည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချမိသွား၏။ ထို့နောက် သူသည် အောက်သို့ထိုင်ချလိုက်ပြီး တရားထိုင်လိုက်၏။ သူသည် သူ စောစောတုန်းက ဝိညာဉ်ချီ အမြောက်အမြား ယူခဲ့သောကြောင့် တိုးတက်သွားခဲ့သည့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် မနက်ခင်းအချိန်သို့ ရောက်လာသောအခါ သူသည် တရားထိုင်နေရာမှ ထလာပြီး ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

ထိုသို့ဖြင့် တစ်လတိတိကုန်ဆုံးသွား၏။ ပြည်ထောင်စုပျိုးပင်များ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ရှိနေခဲ့သည်မှာ တစ်နှစ်တင်းတင်း ပြည့်သွားခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုပျိုးပင်များနှင့် ဖုန့်ချိုးရန်တို့၏ ကြားမှ သဘောတူညီချက်အရဆိုလျှင် သိပ်မကြာခင်တွင် ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်ရောက်ရှိလာရတော့မည် ဖြစ်သည်။ သို့သော် ကျယ်ပြန့်တာအိုနန်းတော်မှာ ထို ဒုတိယအသုတ် ရောက်ရှိလာမည့် အချိန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေခြင်း မရှိသေးသည်ကို ဝမ်ပေါင်လဲ့က သတိထားမိလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွားတော့သည်။

လွန်ခဲ့သည့်လအတွင်းတွင် သူသည် တိုက်ပွဲရမှတ်အချို့ အသုံးပြုကာ မှတ်တမ်းပေါင်းမြောက်မြားစွာကို ရှာဖွေဖတ်ရှုခဲ့၏။ သူသည် ထိုသစ်သီးလေး၏ အကြောင်းများကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်။ ထိုကဲ့သို့ ရှာဖွေနေခဲ့ပြီးနောက် ထိုသစ်သီးမှာ အမျိုးအစား ခြောက်မျိုးအထိ ရှိနေသည်ဖြစ်ကြောင်း သူက သိလိုက်ရ၏။ ထို အမျိုးအစားတစ်ခုချင်းစီတိုင်းမှာ တမူထူးခြားသော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားကြသည်။ သို့သော် ၎င်းတို့အားလုံး၏ ပုံပန်းသွင်ပြင်မှာ ဆင်တူနေကြသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ချက်ချင်း ခွဲခြားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

သို့သော် သူသည် ထို သစ်သီးခြောက်လေးအား အသုံးပြုကာ လေ့ကျင့်နေခြင်းအား ရပ်တန့်ခဲ့ခြင်းမရှိပေ။ သူသည် ကျင့်ကြံခြင်း လေ့ကျင့်သည့်အချိန်တိုင်း ထိုသစ်သီးခြောက်လေးအား သူ၏ရှေ့တွင် ချထားလိုက်ရုံနှင့် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများမှာ သက်ဝင်လှုပ်ရှားလာ၏။ လွန်ခဲ့သည့်လအတွင်းတွင် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများမှာ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် သူ၏ ဓမ္မလက်နက်သန့်စင်ခြင်း လုပ်ငန်းများ၏ ရလဒ်များမှာလည်း တိုးတက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုအား အောင်မြင်စွာ သန့်စင်နိုင်စွမ်း မရှိသေးသည့်တိုင်အောင် ဆယ်ကြိမ်ပြည့်အောင် သန့်စင်ပြီးတိုင်း တစ်ကြိမ်မဟုတ်ဘဲ နှစ်ကြိမ်တိတိ အသုံးပြုနိုင်သော အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုအား ဖန်တီးသန့်စင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ရေအကြီးဆုံးအချက်မှာ သူသည် လမ်းကြောင်းအမှန်ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း ခံစားနေရခြင်းပင်။ သူ၏ ဝိညာဥ်အာရုံခံနိုင်စွမ်းများ ဆက်လက် တိုးတက်လာနေသရွေ့ တစ်ရက်ရက်တွင် သူသည် အဋ္ဌမအဆင့် ဓမ္မလက်နက် အစစ်တစ်ခုအား ဖန်တီးသန့်စင်နိုင်သွားတော့မည်ဖြစ်သည်။

” ငါ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုကို သန့်စင်နိုင်သွားတဲ့အချိန်ကျ ငါ့ရဲ့ ကျွမ်းကျင်မှုအဆင့်အတန်းနဲ့ ငါလဲလှယ်နိုင်တဲ့ တိုက်ပွဲရမှတ်တွေကို အသုံးပြုပြီးတော့ ငါ့ရဲ့ ဓားအိမ်လေးကို သတ္တမအဆင့်ထိ ရောက်လာအောင် အဆင့်မြှင့်တင်ပေးနိုင်လိမ့်မယ်ဆိုတာ ငါ အပြည့်အဝယုံကြည်တယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ ခေါင်းမော့လာ၏။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေသည်။ သူသည် သူ၏ ဓားအိမ်လေးအား အဆင့်မြှင့်တင်နိုင်ရန် တစ်ချိန်လုံး အခက်တွေ့နေခဲ့ရ၏။ သူသည် ပစ္စည်းမလုံလောက်သည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရသလို ၎င်းမှာ သာမန်အဆောင်ပစ္စည်းများနှင့် မတူသောကြောင့် ၎င်းအား သန့်စင်ရာ၌ စိန်ခေါ်မှု အမျိုးမျိုးနှင့်လည်း ကြုံ‌တွေ့လဲခဲ့ရသေးသည်။ အကယ်၍ သူ၏ သန်စင်ခြင်း လုပ်ငန်းစဉ်သာ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့မည်ဆိုပါက သူသည် အများကြီး ထိခိိုက်နစ်နာသွားရမည် ဖြစ်ကြောင်းကိုလည်း နားလည်ထားသည်။

ဓားအိမ်လေးအား ဆဋ္ဌမအဆင့် လျှို့ဝှက်ဆန်းကြယ် ရတနာတစ်ခုအဖြစ် အဆင့်မြှင့်တင်ခဲ့ရသည်မှာ သူ့အတွက် ပြဿနာကြီးတစ်ခု မဟုတ်ခဲ့ပေ။ သို့သော် ဆဋ္ဌမအဆင့် လျှို့ဝှက်ဆန်းကြယ်ရတနာတစ်ခုအား သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရသည်မှာ အလွန်အင်မတန်မှ ထိလွယ်ရှလွယ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထူးသတိထားရန် လိုအပ်သည်။

” လှံကြီးလည်း ရှိနေသေးတယ်။ ငါ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုကို သန့်စင်နိုင်တဲ့ အချိန်ရောက်ရင် အဲဒီလှံကြီးကိုလည်း ပြန်ပြင်နိုင်စွမ်း ရှိနေလောက်ပြီ။ အကောင်းပတိအတိုင်း ပြန်ဖြစ်အောင် မပြုပြင်နိုင်သေးရင်တောင် အဲဒီလှံကြီးက အစွမ်းတွေအများကြီးကို ထုတ်လွှတ်ပေးနိုင်လောက်မှာပါ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း မျက်လုံးများ အရောင်တောက်လာ၏။ သူသည် ထိုအတောအတွင်းတွင် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်နှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာတို့ကိုလည်း‌ လေ့ကျင့်နေခဲ့သေးသည်။ သူ၏ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်မှာ အတားအဆီး အထစ်အငေါ့မရှိ တိုးတက်လာခဲ့သောကြောင့် သူ ဆင့်ခေါ်လိုက်သည့် ကိုယ်ပွားကြီး၏ ပုံပန်းသွင်ပြင်မှာ ပို၍ပင် သိသာထင်ရှားလာပြီဖြစ်သည်။

သို့သော် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်မှာမူ တိုးတက်လာခြင်းမရှိပေ။ ထို့ကြောင့် သူသည် အကူပစ္စည်းတစ်ခု လိုအပ်နေရခြင်း ဖြစ်လိမ့်မည်ဟု ပို၍ပင် သံသယဝင်လာရတော့သည်။ ဝမ်ပေါင်လဲ့မှာ အရေးကြီးအဆင့်တစ်ဆင့်ကိုသာ ကျော်ဖြတ်ရန် လိုအပ်တော့သည်ဖြစ်ကြောင်း ခံစားနေရ၏။

” ငါလိုအပ်နေတာ ဉာဏ်အလင်းပွင့်ဖို့များ ဖြစ်နေမလား။ မဟုတ်သေးပါဘူး။ ဘာများ လိုနေတာပါလိမ့်။ လက်တွေ့သာဓကတစ်ခုခုကိုများ လိုနေတာလားဟ “

Comment

Leave a Reply

Options

not work with dark mode
Reset