အခန်း ( ၃၈၇ )

မူးယစ်ဆေးလုံးများ

ကုံမြို့တော်တွင် အရှေ့ပိုင်းဒေသမှာ ခမ်းနားကြီးကျယ်ကာ ဇိမ်ခံကြသော နယ်မြေအဖြစ် ကျော်ကြားသည်။ မြောက်ပိုင်းဒေသကမူ အရှေ့ပိုင်းလောက် မကြွယ်ဝချေ။ ထိုဒေသရှိ ကျင့်ကြံသူအများစုမှာ အံ့အားသင့်ဖွယ်နောက်ခံကောင်းများမရှိကြသည့် ပုံမှန်ကျင့်ကြံသူများသာ ဖြစ်သည်။

မိုးပြာရောင်နဂါးအဖွဲ့အစည်းသည် မြောက်ပိုင်းဒေသတွင် လူသိနည်းသည့် အခြေအနေမှ စတင်ထူထောင်ခဲ့သည်။ သူတို့ အဖွဲ့အစည်း၏နာမည်မှာ အံ့အားသင့်ဖွယ်ကောင်းလှသဖြင့် ၎င်း၏ တည်ထောင်သူများမှာ သူရဲကောင်းဆန်ကြမည်ဟု လူအများက တွေးထင်ကြလေသည်။

သို့သော်လည်း စိတ်ကူးများမှာ အမြဲတမ်း လက်တွေ့အဖြစ်သို့ မရောက်နိုင်ချေ။ ၎င်းအဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းတစ်ရာအတွင်း မြောက်ပိုင်းဒေသ၏အစွန်းလေးမှနေ၍ သူတို့၏ သြဇာအာဏာမှာ ကြီးထွားလာခြင်း မရှိပေ။

ကံကောင်းသည့်အချက်မှာ မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ဌာနချုပ်မှာ အင်မော်တယ်ဂူတစ်လုံးဖြစ်ပြီး စိတ်စွမ်းအင်ဘုံဗိမာန် မဟုတ်ပေ။ ထိုအင်မော်တယ်ဂူတွင် ခြံဝန်းလေးတစ်ခုပါရှိပြီး ရေပန်းတစ်ခုလည်း ပါဝင်သည်။ သို့သော်လည်း ထိုခြံဝန်းထဲတွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေပြီး ရေပန်းမှာလည်း ခမ်းခြောက်သွားသည်မှာ ကြာလှနေပြီဖြစ်သည်။ သို့သော် ထိုနေရာလေးသည် မိုးပြာရောင် နဂါးအဖွဲ့အစည်းကဲ့သို့ အဖွဲ့အစည်းအသေးလေးတစ်ခုအတွက်တော့ သင့်တော်သည့်အဆင့်တွင် ရှိသည်။

မိုးပြာရောင် နဂါးအဖွဲ့အစည်းတွင် အဖွဲ့ဝင် သုံးဆယ်ခန့်သာရှိပြီး သူတို့သည် ဆက်ကြေးများနှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းက မတားမြစ်ထားသလို ထောက်ခံချက်လည်း မပေးထားသည့် ဝိညာဥ်ဆေးများကို ရောင်းချရာမှ ရသည့် ငွေကြေးများနှင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။ သူတို့ကို ချမ်းသာသည်ဟု မဆိုနိုင်သော်လည်း သာမန်ကျင့်ကြံသူများထက်မူ အခြေအနေပို၍ကောင်းသည်ဟု သတ်မှတ်နိုင်သည်။

သူတို့၏နှစ်တစ်ရာကျော် သမိုင်းကြောင်းတွင် အဖွဲ့ဝင်ရှစ်ယောက်မှာ လိမ္မော်ရောင်ဝတ်ရုံအဆင့် ဂိုဏ်းသားများ ဖြစ်သွားကြပြီဖြစ်သည်။ အအောင်မြင်ဆုံးလူမှာကား မူလတည်ထောင်သူများထဲမှ တစ်ယောက် ဖြစ်သည်။ သူသည်ယခုတွင်မူ အစောပိုင်း ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သက်တံ့ဒေသတွင် နေထိုင်နေသည်။ အတိတ်ကအမှတ်တရများရှိသော အဖွဲ့အစည်းကို ဆက်လက်လည်ပတ်နေနိုင်စေရန် သူသည် တစ်ခါတရံတွင် ပြန်လာကာ ထောက်ပံ့မှုများပေးလေ့ရှိသည်။ သို့သော်လည်း ကုံမြို့တော်သို့ ပြန်လာရန်မှာ ရိုးရှင်းသည့် ကိစ္စတစ်ခုမဟုတ်သဖြင့် သူလာရောက်လည်ပတ်သည်မှာ ရှားပါးလွန်းလှသည်။

ထို့ကြောင့် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ တံခါးကိုဖြတ်၍ ရွှေအမြုတေအဆင့်ရှိသော ပိုင်ရှောင်ချန်းက ဝင်လာသောအခါ သူသည် ၎င်းအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းနှင့် နတ်ဆရာတို့ အင်မော်တယ်ဂူထဲသို့ ဝင်လိုက်ပြီးနောက် တအုန်းအုန်း တဒုန်းဒုန်းအသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် အရာရာတိုင်းမှာ ငြိမ်သက်ကာ တိတ်ဆိတ်သွားသည်။ အနည်းငယ်ကြာသောအခါ လူများက နှုတ်ခွန်းဆက်သ လိုက်ကြတော့သည်။

” မင်္ဂလာပါ ဆရာကြီး ”

ပိုင်ရှောင်ချန်းက ဂုဏ်ထူးဆောင်နေရာတွင် ဝင့်ကြွားစွာထိုင်လိုက်သည်။ သူ၏ဘေးတွင် နတ်ဆရာသည် မှိုင်းညို့သော အမူအရာဖြင့် မတ်တတ်ရပ်နေသည်။ အခန်းထဲရှိ အခြားလူများအားလုံးကမူ အပြဲပြဲအကွဲကွဲနှင့် ဒဏ်ရာများရရှိကာ ကြောက်ရွံမှုများ ဖုံးလွှမ်းနေသည့် မျက်ဝန်းများဖြင့် ဒူးထောက်နေကြတော့သည်။

ပိုင်ရှောင်ချန်းမှလွဲ၍ ထိုအခန်းထဲတွင်ရှိသည့် အခြားလူများအားလုံးမှာ အခြေခိုင်မာခြင်းအဆင့်တွင်သာ ရှိသေးသည်။ ပိုင်ရှောင်ချန်းနှင့် အရင်ဆုံခဲ့သည့် တစ်ယောက်အပြင် အခြားလိမ္မော်ရောင်ဝတ်ရုံအဆင့်ဂိုဏ်းသားများ၏ မျက်နှာပေါ်တွင် ခါးသီးသောအမူအရာများကို မြင်တွေ့နိုင်သည်။

ပိုင်ရှောင်ချန်းက ကုလားထိုင်၏ လက်တင်သောနေရာကို ရိုက်ရင်းဆိုလိုက်သည်။
” ငါတို့အားလုံးက ညီအစ်ကိုတွေပဲ။ ဘာမှမပူနဲ့။ ငါအခု ခေါင်းဆောင်ဖြစ်ပြီဆိုတော့ ကုံမြို့တော်ကို ခြယ်လှယ်ကြမယ်ဟေ့။ ”

မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ အဖွဲ့ဝင် အယောက်သုံးဆယ်မှာ ကြောင်အန်းအန်းဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသော်လည်း စကားတစ်ခွန်းမှ မဟရဲကြပေ။ ပိုင်ရှောင်ချန်းကျေနပ်စေရန် သူတို့က ဦးညွှတ်လိုက်ကြသည်။ ထို့နောက် သူသည်အင်မော်တယ်ဂူကို လှည့်ပတ်ကြည့်ရှုကာ သူနေထိုင်ရန်အတွက် အကြီးဆုံးတစ်ခန်းကိုရွေးလိုက်ပြီး ထိုင်ချကာ ကျင့်ကြံလိုက်တော့သည်။ အချိန်များ တဖြည်းဖြည်း ကုန်လာသည်နှင့်အမျှ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အားကောင်းသော စိတ်စွမ်းအင်နှင့် စွမ်းအင်ကုန်ခန်းမှုကို သူက ကျင့်သားရလာသဖြင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာလည်း ပို၍မြန်ဆန်လာတော့သည်။ ဥပမာဆိုရသော် သူ၏ ထာဝရ အရွတ်ကြောများမှာ အလျင်အမြန် တိုးတက်နေသည်။

နတ်ဆရာကမူ မိုးပြာရောင် နဂါးအဖွဲ့အစည်းကို မည်သို့သော ခံစားချက်မျိုးမှ မထားပေ။ သို့သော်လည်း သူသည် ခေါင်းဆောင်နေရာတစ်နေရာတွင် ရောက်ရှိနေသည်ဟု ခံစားလိုက်ရသဖြင့် ပိုင်ရှောင်ချန်း တံခါးပိတ်ကျင့်စဥ် ကျင့်ကြံနေစဥ်အတွင်း သူကတာဝန်ယူကာ အဖွဲ့အစည်း၏ စာရင်းများကို စစ်ဆေးနေတော့သည်။ ထို့အပြင် လျော့တိလျော့ရဲ ဖြစ်နေသော စွမ်းဆောင်မှုရမှတ်များကိုလည်း ပြန်လည်စုစည်းကာ သေသေချာချာ စိစစ်နေတော့သည်။

မိုးပြာရောင် နဂါးအဖွဲ့အစည်းမှ ကျင့်ကြံသူများမှာ ထိုအချင်းအရာများကို သဘောမကျကြသော်လည်း ဘာမှဝင်မပြောရဲချေ။ ထို့အပြင် ဘာကိုမှလည်း မလုပ်ရဲတော့ချေ။ ပိုင်ရှောင်ချန်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူတို့ ပြဿနာရှာ၍မရသော ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေသည်။ သူတို့သည် လက်ရှိအခြေအနေကို လက်ခံရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ အချို့အဖွဲ့ဝင်များဆိုလျှင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က ခေါင်းဆောင်အဖြစ်ဆောင်ရွက်နေသည်ဖြစ်၍ သူတို့၏ နေထိုင်မှုအဆင့်အတန်းများမှာ ပို၍မြင့်မားလာမည့် လမ်းကြောင်းပေါ်သို့ရောက်သွားနိုင်သည်ဟုပင် တွေးနေကြသည်။

သို့သော်လည်း ထိုအတွေးနှင့် စိတ်ကူးများမှာ အချိန်များကုန်ဆုံးသွားသည်နှင့် ပျောက်ကွယ်သွားရတော့သည်။ လတစ်ဝက်သာကုန်ဆုံးသွားပါသော်လည်း ပိုင်ရှောင်ချန်းမှာ သူ၏ အခန်းထဲမှ လုံးဝထွက်မလာပဲ မည်သည့်အရာမှ မလုပ်ခဲ့ချေ။ သို့သော်လည်း မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ ဝင်ငွေမြင့်မားမှုကြောင့် အဖွဲ့ဝင်အသစ်နှစ်ယောက် ထပ်ရောက်လာပါသော်လည်း အနည်းငယ် ချွေတာသုံးစွဲလိုက်ရုံဖြင့် အဆင်ပြေသွားသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းသည် အလွန်အစားကြီးပြီး အရည်အသွေးအကောင်းဆုံးသော အစားအစာများကိုသာ မှာယူစားသုံးသည်။ စိတ်စွမ်းအင်ရေများစွာကိုပင် သုံးကာ နေ့စဥ်ရေချိုးနေသည်။ ထို့ကြောင့် မိုးပြာရောင် နဂါးအဖွဲ့အစည်းရှိ အဖွဲ့ဝင်များ၏ စိတ်နှလုံးများထဲတွင် ဒေါသများ ကြီးထွားလာကြတော့သည်။

တစ်လတိတိ ကုန်ဆုံးသွားသောအခါတွင် နတ်ဆရာပင်လျှင် စိတ်မရှည်တော့ချေ။ သူသည် စာရင်းများကို ဦးဆောင်ကာ စစ်ဆေးနေရသည်ဖြစ်သဖြင့် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ စွမ်းဆောင်မှုရမှတ်များ လျင်မြန်စွာ လျော့ကျသွားသည်ကို သူ၏ မျက်လုံးများဖြင့် တပ်အပ်မြင်နေရသည်။

အဆုံးတွင် နတ်ဆရာသည် ကျင့်ကြံသူများအားလုံးကို ဦးဆောင်ကာ ဝိညာဥ်ကြက်တစ်ကောင်စားနေသည့် ပိုင်ရှောင်ချန်းဆီသို့ ခေါ်သွားတော့သည်။ သူတို့က ငိုယိုရင်းဖြင့် ဆင်းရဲဒုက္ခများကို ပြောပြလိုက်ကြတော့သည်။

” ဆရာြကီး.. ကျွန်တော်တို့ကို ညှာတာပါဦးဗျာ။ ကျွန်တော်တို့ရဲ့ အမြတ်အစွန်း ပိစိလေးက ဆရာကြီးရဲ့ ချင်ချင်းတိုးတက်မှုတွေအတွက်ဆို လုံလောက်မှာ မဟုတ်ဘူးဗျ… ”

” ဒီလိုနည်းနဲ့ဆို ရေရှည်အဆင်ပြေမှာမဟုတ်ဘူး ဆရာကြီးရေ။ ဒီလိုကုန်ကျစရိတ်တွေနဲ့ဆိုရင် မိုးပြာရောင် နဂါးအဖွဲ့အစည်းက ရက်အနည်းငယ်အတွင်းမှာ အင်မော်တယ်ဂူကိုပါ တိုင်ချွတ်ပြီး ရောင်းရလိမ့်မယ်ဗျ….”

နတ်ဆရာပင်လျှင် စိတ်ပျက်နေသဖြင့် သူ၏ ခံစားချက်များကို ဝင်ပြောပြနေတော့သည်။

ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားတော့သည်။ အရှေ့ပိုင်းဒေသတွင်ရှိခဲ့စဥ်တုံးက သူသည် ခမ်းနားကြီးကျယ်စွာနေခဲ့သဖြင့် သူ၏ ယခုလက်ရှိ လူနေမှုအဆင့်အတန်းမှာ နိမ့်ကျသည်ဟုပင် သူကခံစားနေရသည်။ သို့သော် အခြားလူများအတွက်မူ သူသည် ဇိမ်ကျကျဖြင့် ဘဝကိုဖြတ်သန်းနေသည့်ပုံ ပေါက်နေခြင်းဖြစ်သည်။

ပို၍ဆိုးသည့်အချက်မှာ သူ၏ ထာဝရအရွတ်အကြောများသည် များစွာတိုးတက်လာပြီဖြစ်သဖြင့် သူ၏ စွမ်းအားကုန်ခန်းမှုနှုန်းမှာ ယခင်ကထက်များစွာ မြန်ဆန်လာပြီဖြစ်သည်။ သူသည် ဝမ်းမီးငြိမ်သက် ဆေးလုံးအချို့ကို စမ်း၍သုံးကြည့်ခဲ့ပါသော်လည်း အပေါ်ယံမျှလောက်သာ အထောက်အကူ ပေးနိုင်သည်။

သူသည် သူ့ကိုယ်သူ ပုံမှန်ထက်ပင် အစားကြီးနေသည်ဟု မထင်မိချေ။ မိုးပြာရောင် နဂါးအဖွဲ့အစည်းသည် အလွန်သေးငယ်သည်ဖြစ်ရာ သူတို့၏ ဆိုင်ခန်းများမှာ ပြောင်သလင်းခါနေပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းနှင့် အရင်ဆုံးဆုံတွေ့ခဲ့သည့် လိမ္မော်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူမှာ သူ့ကိုမျက်ရည်များဝဲနေသည့် မျက်လုံးများဖြင့်ကြည့်ကာ ဆိုလိုက်သည်။
” လုပ်ပါ ဆရာကြီးရာ။ ကျွန်တော်တို့ကို မနှိပ်စက်ပါနဲ့တော့။ ပြီးခဲ့တဲ့လက ကျွန်တော်တို့ရဲ့စားစရိတ်တွေကိုလည်း လျှော့ခဲ့ရတာ။ ဆက်ကြေးတွေနဲ့ မူးယစ်ဆေးလုံးရဲ့စျေးတွေကို တင်ထားတာတောင်မှ စားသောက်ဖို့ မလောက်ငှတော့ဘူးဗျာ… ”

ပိုင်ရှောင်ချန်းမှာ အနေရခက်ကာ အားနာသွားသဖြင့် ချောင်းဟန့်လိုက်တော့သည်။ သူတံခါးပိတ်ကျင့်ကြံခဲ့စဥ်ကာလအတွင်း မိုးပြာရောင် နဂါးအဖွဲ့အစည်းကို သူစတင်သိမ်းပိုက်ခဲ့တုံးက သူပေးခဲ့သော ကတိများဖြစ်သည့် ပိုင်နက်အသစ်များကို သူတို့အတွက်သိမ်းပိုက်ပေးမည်ဟူသည့် ကြီးကျယ်ခန်းနားသော စကားလုံးများကို သူကလုံးဝ မေ့သွားခဲ့သည်။

” ခဏ။ ” သူက ဆိုလိုက်သည်။
” စောစောက မင်းပြောတဲ့ မူးယစ်ဆေးလုံးဆိုတာ ဘာလဲ။ ”

” ဗျာ။ သြော်။ မူးယစ်ဆေးလုံးဆိုတာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး နာမည်ရလာတဲ့ ဝိညာဥ်ဆေးတစ်မျိုးလေ။ သူတို့က သုံးတဲ့လူတွေကို စိတ်ကူးယဥ်ပုံရိပ်တွေကို မြင်နိုင်အောင် လုပ်ပေးတာပါပဲ။ အဲ့ဆေးကိုသုံးတဲ့ ကျင့်ကြံသူတွေက စိတ်ကူးယဥ်နိုင်တဲ့ ပမာဏကို ထိန်းချုပ်လို့ရတော့ သူတို့လိုချင်တဲ့ စိတ်ကူးပုံရိပ်တွေကို ကြည့်လို့ရတာပေါ့။ တွေးနိုင်ရင် တွေးနိုင်သလောက် အဆုံးအစ မရှိဘူးပေါ့ဗျာ…. ”

ထိုစကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် ထိုဆေးလုံးတစ်လုံးကို တောင်းလိုက်သည်။ ထို့ကြောင့် လိမ္မော်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက သူ၏ထည့်စရာအိတ်ထဲမှ သစ်သားသေတ္တာငယ်လေးတစ်လုံးကို ထုတ်ကာ သူ့ကိုပေးလိုက်လေသည်။

ပိုင်ရှောင်ချန်းက ထိုသေတ္တာလေးကို ယူကာ ဖွင့်လိုက်တော့သည်။ သေတ္တာအတွင်းတွင် လက်သည်းအရွယ်အစားရှိကာ ရနံ့မရှိသော အနက်ရောင်ဆေးလုံးတစ်လုံးလေးရှိသည်။ ပိုင်ရှောင်ချန်းက စိတ်ဝင်စားသွားသဖြင့် ထိုဆေးလုံးကိုကောက်ယူကာ အနီးကပ် စစ်ဆေးကြည့်လိုက်တော့သည်။

နတ်ဆရာမှာလည်း ရှေ့သို့တိုးကာ ကြည့်လိုက်လေသည်။ သူသည် ထိုဆေးလုံးများအကြောင်းကို ကြားဖူးပါသော်လည်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက အလွန်အမင်း စိတ်ဝင်စားသွားသဖြင့် အတွင်းတွင်ရှိသော အရာကိုကြည့်ရှုရန် သူ၏ လက်သည်းဖြင့် ဆေးလုံး၏ အနက်ရောင်အလွှာကို ကုတ်ခြစ်လိုက်သည်။ မူးယစ်ဆေးလုံးတစ်လုံးကို အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည့် မြင်ကွင်းကြောင့် မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ အဖွဲ့အဝင်များ၏ နှလုံးသားထဲတွင် နာကျင်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ပိုင်ရှောင်ချန်းက အပေါ်ယံအလွှာကို ကုတ်ခြစ်လိုက်သောအခါ သူသည် စိတ်ဝင်စားနေရာမှ အံ့သြသွားသည့် အမူအရာသို့ ပြောင်းသွားတော့သည်။ ထို့နောက် သူ၏မျက်လုံးများမှာ ပြူးသွားတော့သည်။ အနက်ရောင်အလွှာကို ထိုးဖောက်လိုက်သောအခါ အတွင်းထဲမှ ခဲရောင်မီးခိုးအနည်းငယ် ပျံထွက်လာသည်။

ထို မီးခိုးကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မှင်တက်သွားတော့သည်။ နတ်ဆရာကမူ အလန့်တကြား အော်ပြောလိုက်သည်။
” ခေါင်းဆောင်လေး။ အဲ့တာ ခေါင်းဆောင်လေးရဲ့ စိတ်ကူးယဥ်မီးခိုးတွေမလား။ ”

မိုးပြာရောင် နဂါးအဖွဲ့အစည်းဝင်များမှာ နတ်ဆရာဘာပြောနေမှန်း မသိသော်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ပိုင်ရှောင်ချန်းမှာ တင်းမာနေသော မျက်နှာထားဖြင့် ထိုခဲရောင် မီးခိုးတန်းကို ဖမ်းဆုပ်လိုက်သည်။ ထိုမီးခိုးတန်းကို သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် ဤ မူးယစ်ဆေးလုံးမှာ သူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရှိခဲ့စဥ် မတော်တဆဖန်တီးခဲ့မိသည့် စိတ်ကူးယဥ်မီးခိုးကို အသုံးပြုကာ ဖော်စပ်ထားကြောင်း သူ လုံးဝသေချာသွားတော့သည်။

ဂိုဏ်းလေးဂိုဏ်း၏ စစ်ပွဲကြီးအတွင်း သူသည် ဆွဲငင်ခြင်းနှင့် တွန်းကန်ခြင်းတို့၏စွမ်းအားများကိုသုံးကာ ဆေးဖော်စပ်နည်းကို လိုအပ်သလိုပြောင်းလဲကာ သူ၏ ရဲဘော်များသုံးနိုင်ရန်အတွက် လက်နက်များ ဖန်တီးပေးခဲ့သည်။

ထိုဆေးမျိုးကို ဤသို့ဝေးကွာလှသည့် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ပြန်၍တွေ့လိမ့်မည်ဟု သူက မထင်ထားပေ။ တစ်စုံတစ်ယောက်က သူ၏ စိတ်ကူးယဥ်ဓာတ်လုံးများကို ရယူကာ ဆေးဖော်စပ်နည်းကို အနည်းငယ်ပြောင်းလဲ၍ စိတ်ကူးယဥ်ပုံဖော်နိုင်သည့် အစွမ်းကို လျှော့ချလိုက်သည်မှာ အသေအချာပင်။ ထိုသို့ လျှော့ချလိုက်သည့်အတွက် ဆေးလုံးကိုသုံးစွဲသူများမှာ စိတ်ကူးယဥ်နိုင်မှုပမာဏကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်သွားနိုင်ပြီး သူတို့၏ ကိုယ်ပိုင် အံ့သြဖွယ်ကမ္ဘာလေးထဲတွင် နစ်မျောသွားနိုင်ရခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းသည် တာအိုဆေးပညာတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သဖြင့် တစ်ခဏအတွင်း အဖြစ်အပျက်အားလုံးကို နားလည်သွားတော့သည်။

သို့သော်လည်း ဆေးလုံးကိုပြောင်းလဲမှုများမှာ မသေသပ်သဖြင့် ဘေးထွက်ဆိုးကျိုးများစွာ ရှိနိုင်ကြောင်း ပိုင်ရှောင်ချန်းက သတိထားမိလိုက်သည်။ အဆုံးတွင်မူ ဤဆေးလုံးမှာ သူ၏ ကိုယ်ပိုင် စိတ်ကူးယဥ်ဓာတ်ငွေ့ကိုသုံးကာ ဖော်စပ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ အလွန်ဒေါသထွက်သွားတော့သည်။

” ပိုင်ရှင်ကို ခွင့်မတောင်းပဲ ယူတာက ခိုးမှုပဲ။ ”
သူက အံကြိတ်ကာ ကြိမ်းဝါးလိုက်သည်။ အမျက်ဒေါသများ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် သူက မိုးပြာရောင် နဂါးအဖွဲ့အစည်းကိုကြည့်ကာ မေးလိုက်သည်။
” ဒီမူးယစ်ဆေးလုံးတွေကို ဘယ်ကနေရတာလဲ။ ”

မိုးပြာရောင် နဂါးအဖွဲ့အစည်း၏ လိမ္မော်ရောင်ဝတ်ရုံအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ တစ်ခုခု ထူးဆန်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ ပိုင်ရှောင်ချန်းနှင့် နတ်ဆရာတို့၏ မျက်နှာများပေါ်မှ အမူအရာများမှာ အလွန်ထူးဆန်းနေသဖြင့် သူတို့ မခန့်မှန်းနိုင်သော အရာများ ဖြစ်နေပြီဖြစ်ကြောင်းကို သူတို့က သိလိုက်သည်။ သို့သော်လည်း သူတို့မှာ မည်သည်ကိုမှ ထိန်ချန်မထားရဲပေ။

” ကောင်းကင်ဘုံ အဖွဲ့အစည်းဆီက ရတာပါ။ ”

” ဟုတ်ပါတယ်။ ကောင်းကင်ဘုံ အဖွဲ့အစည်းက ကုံမြို့တော်မှာ အကြီးဆုံး အဖွဲ့အစည်းပါ။ မြို့တော်ထဲမှာရှိတဲ့ စီးပွားရေးအားလုံးနဲ့ သူတို့က အချိတ်အဆက်တွေရှိပြီး မြို့တော်ရဲ့ မြေအောက်ကမ္ဘာကိုလည်း သူတို့ပဲ ထိန်းချုပ်ထားတာ။ သူတို့က မူးယစ်ဆေးလုံးတွေကို အဓိက ဖြန့်ဖြူးတဲ့လူတွေ။ ကျွန်တော်တို့လို အသေးစား အဖွဲ့အစည်းလေးတွေက အမြတ်လေးနည်းနည်းတင်ပြီး ပြန်ရောင်းတာပါ… “


Comment

Leave a Reply

Options

not work with dark mode
Reset