” မင်း…. ကျုပ်…. ”
နတ်ဆရာမှာ ပိုင်ရှောင်ချန်းကို ငေးကြည့်ကာ ဂယောက်ခြောက်ခြားဖြစ်နေပြီး ဖြစ်ပျက်နေသည်များကို မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။ သို့သော် သူမည်မျှပင် မယုံကြည်လိုပါသော်လည်း ယုံကြည်ရမည်သာ ဖြစ်သည်။
သူသည် သတိမေ့မျောလုနီးပါး ဖြစ်နေပြီး သူ၏ခေါင်းထဲတွင် ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင် နေအိမ်မှမထွက်ခွာမီ သူထားရှိခဲ့သည့် မြင့်မြတ်သော ဆန္ဒများနှင့် သူထွက်ခွာသွားစဥ် သူ့ကိုအော်ခေါ်နေခဲ့သည့် ပိုင်ရှောင်ချန်း၏ အသံများကိုသာ ပြန်လည်ကြားယောင်လာတော့သည်။
ထိုစဥ်က သူသည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့သည်ဟု အလွန်အမင်းသေချာနေခဲ့သော်လည်း ယခုတွင်မူ ကမ္ဘာကြီးမှာ သူ့ကို ဟာသလုပ်နေသကဲ့သို့ပင် ခံစားနေရတော့သည်။
ပိုင်ရှောင်ချန်းက
” မင်းအခြေအနေက ငါ့ထက်ပိုဆိုးနေပါ့လား။ ”
ဟုဆိုလိုက်သည့်အခါ သူက ခံစားရပိုခက်သွားတော့သည်။ နတ်ဆရာ၏ မျက်လုံးများထဲတွင် မျက်ရည်များစွာ စို့တက်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ မှော်ရတနာပစ္စည်းများကို တောက်ပစွာ ဆင်မြန်းကာ ကျန်းကျန်းမာမာ တောက်တောက်ပြောင်ပြောင်ရှိသည့် မျက်နှာဖြင့် ဧရာမ မိကျောင်းကြီးတစ်ကောင်ကိုစီးကာ သူ၏ ရှေ့သို့ ရောက်နေသည်။ သူသည် ဆိုးရွားသော အခြေအနေလေး တစ်ခုပင် ရင်မဆိုင်ရသည့်ပုံပေါ်နေသဖြင့် နတ်ဆရာ၏ စိတ်နှလုံးသားထဲတွင် တရားမမျှတမှုများကို ခံစားနေရတော့သည်။
လွန်ခဲ့သော လအနည်းအတွင်း အခြေအနေများမှာ သူ့အတွက် အလွန်ဆိုးရွားခဲ့သည်။ သူ၏ ဗေဒင်များကို ယုံကြည်သူများမှာ မရှိသလောက်နည်းပြီး အချို့ ဖောက်သည်များနှင့်လည်း ပြဿနာတက်ခဲ့ရသေးသည်။ ပထမပိုင်းတွင် ထိုအချင်းအရာကို သူ သိပ်၍စိတ်မပူခဲ့သော်လည်း သူ့ကို မုန်းတီးသောလူများ ပို၍များပြားလာသောအခါ သူသည် ကြောက်လန့်လွန်း၍ အရှေ့ပိုင်းနယ်မြေမှပင် ထွက်ပြေးလာခဲ့ရသည်။ အဆုံးတွင် သူသည် မြောက်ပိုင်းနယ်မြေသို့ ရောက်သွားကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် အနည်းငယ် ပြန်ရပ်တည်နိုင်ခဲ့လေသည်။ သို့သော်လည်း သူ၏ ဝင်ငွေများမှာ မလောက်ငှသဖြင့် နေ့စဥ်နေ့တိုင်း ဗိုက်ဆာဆာနှင့် ဖြတ်သန်းခဲ့ရသည်သာ ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူသည် ဗေဒင်ဟောဖို့ လိုအပ်သည့်နေရာတစ်ခုရရှိရန်အတွက် ထိုဒေသတစ်ဝိုက်ရှိ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းကို ဆက်ကြေးအဖြစ် စွမ်းဆောင်ရည်ရမှတ် အချို့ ပေးနေရသည်။
ထိုအရာများကို တွေးမိလိုက်သောအခါ နတ်ဆရာသည် ခါးသက်သက်ပြုံးလိုက်တော့သည်။ အမှန်တရားကို လက်ခံရမည်ဖြစ်ကြောင်း သူကသဘောပေါက်သွားသဖြင့် သက်ပြင်းချကာ ဆိုလိုက်လေသည်။
” မင်းက မင်းကိုယ်မင်း အခြေအနေဆိုးတယ်ထင်နေတာလား။ ကျုပ်အထင်တော့ မင်းကိုနောက်ဆုံးတွေ့ခဲ့တုံးကထက်တောင်မှ ပိုဝလာသေးတယ်။ ”
ပိုင်ရှောင်ချန်းက မိကျောင်းပေါ်မှခုန်ဆင်းကာ သူ၏ ဝိညာဥ်သားရဲလွယ်အိတ်ထဲသို့ ၎င်းကိုစုပ်ယူကာ ထည့်သွင်းလိုက်သည်။ လိမ္မော်ရောင်ဝတ်ရုံနှင့် တောက်ပြောင်နေသည့် မှော်ရတနာများဖြင့် သူက မားမားကြီးရပ်နေသဖြင့် နတ်ဆရာမှာ စိတ်ထဲတွင် မှင်တက်နေတော့သည်။ လိမ္မော်ရောင် ဝတ်ရုံဂိုဏ်းသားတစ်ယောက်ဖြစ်ရန် စွမ်းဆောင်ရည်ရမှတ် တစ်သိန်းပေးအပ်ရမည်ကို သူက ကောင်းကောင်းသိသည်။ ထို့အပြင် ထိုကဲ့သို့ စီးစရာ မိကျောင်းတစ်ကောင်မှာလည်း ထိုနည်းတူနီးပါး စျေးရှိမည်ဖြစ်သည်။ နတ်ဆရာသည် ယခင်တုံးက ဝိညာဥ်သားရဲအဆောင်ရှေ့မှ လိုချင်စိတ်များတောက်ပနေသည့် မျက်ဝန်းများဖြင့် ဖြတ်လျှောက်ခဲ့ဖူးသည် မဟုတ်ပါလော။
” အမယ်လေး။ ငါအခြေအနေ သိပ်ဆိုးတာပေါ့ကွ။ ”
ပိုင်ရှောင်ချန်းက ဝမ်းနည်းစွာဆိုလိုက်သည်။
” ငါပြောမယ်။ တန်ဖိုးကြီးကျောက်စိမ်းဝိညာဥ်ထမင်းမစားရတာ ဒါနဲ့ဆို နှစ်နပ်ရှိပြီ။ ပန်းတစ်ရာဝိညာဥ်အရက် ကုန်သွားတာဆို တစ်ရက်တိတိရှိပြီ။ ပြီးတော့ စိတ်စွမ်းအင်ရေကန်ထဲမှာ ရေမချိုးရတာ နေ့တစ်ဝက်တောင်ရှိတော့မှာကွ။ ကြည့်ဦး။ ငါချွေးစော်တောင် နည်းနည်းနံနေပြီ။ ငါ ဆင်းရဲသွားတာ ငါ့ဖြင့် မယုံနိုင်ဘူး။ ”
သူပြောသမျှ အရာတိုင်းမှာ မှန်ကန်သည်။ အရှေ့ပိုင်းနယ်မြေတွင် ရှိခဲ့စဥ်က သူ၏ ဘဝမှာ ရွှေပေါ်မြတင်သကဲ့သို့ ဖြစ်ခဲ့သည်။ ယခု မြောက်ပိုင်းနယ်မြေသို့ရောက်ရှိလာသောအခါတွင်မူ အရာရာတိုင်းမှာ မတူညီတော့သဖြင့် သူက အနည်းငယ် စိတ်သောကရောက်နေရတော့သည်။
နတ်ဆရာ၏ မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်နေတော့သည်။ ‘ တန်ဖိုးကြီး ကျောက်စိမ်းဝိညာဥ်ထမင်း ‘ ဆိုသည့် စကားလုံးလေးများနှင့်ပင် သူ၏ နှလုံးမှာ တုန်ရီသွားရတော့သည်။ ထိုသို့သော ဝိညာဥ်ထမင်းများကို သူသည် ကြားသာကြားဖူးပြီး အရသာသိဖို့မဆိုထားနှင့် အနံ့ပင်မရှူဖူးချေ။ ထိုထမင်းသည် အလွန်စျေးကြီးပြီး အနည်းငယ်မျှ စားကြည့်ရန်မှာ သူ၏ အိပ်မက်ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်းက နှစ်နပ်မျှသာ ထိုထမင်းနှင့်မစားလိုက်၍ ညည်းညူနေခြင်းဖြစ်သည်။
ထို့နောက် ‘ ပန်းတစ်ရာဝိညာဥ်အရက်’ အကြောင်းလည်း ပါသေးသည်။ ထိုနာမည်ကြောင့် နတ်ဆရာမှာ ပို၍ရူးသွပ်သွားတော့သည်။ ထိုအရက်မှာ ဤမြို့ထဲတွင် စျေးအကြီးဆုံးအရက်တစ်မျိုးဖြစ်ပြီး သူ၏ လက်ရှိမိတ်ဆွေ အသိုင်းအဝန်းထဲတွင်ဆိုလျှင် တစ်လုပ်စာမျှ သောက်ဖူးသူကို မနာလိုမှု၊ အားကျမှုများဖြင့် ဝိုင်းကြည့်ကြမည်ဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းကမူ တစ်ရက်မျှသာ ထိုအရက်ကို မသောက်ရသေးကြောင်း ညည်းညူနေခြင်းဖြစ်သည်။ ထိုအချင်းအရာကိုကြည့်လျှင် သူသည် ပုံမှန်ဆိုလျှင် ထိုအရက်ကို နေ့စဥ်သောက်သုံးကြောင်း သိနိုင်ပေသည်။
ထို့နောက် စိတ်စွမ်းအင်ရေကန်ထဲတွင် ရေချိုးသည်ဆိုသော စကားကို ကြားလိုက်ရသောအခါ နတ်ဆရာ၏ မျက်နှာမှ မျက်ရည်များစီးကျလာတော့သည်။ ပိုင်ရှောင်ချန်း၏ အသားအရေကို တစ်ချက်ကြည့်လိုက်ရုံမျှနှင့် တောက်ပြောင်ချောမွတ်နေပြီး စိတ်စွမ်းအင်များစွာ ကိန်းအောင်းနေကြောင်း မြင်နိုင်ပေသည်။ ထိုအချင်းအရာမှာ သူ၏ကျင့်ကြံခြင်းအခြေခံကြောင့် မဟုတ်။ ရှင်းကုန်ကျစ်တာအိုဂိုဏ်း၏ စိတ်စွမ်းအင်ရေမှ ရရှိသော ထူးခြားသည့် ဂုဏ်သတ္တိများကြောင့် ဖြစ်သည်။ ထိုသို့သောရေမျိုးဖြင့်ချိုးပါက ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်နက်နဲသည့် သဘာဝကာကွယ်မှုတစ်လွှာပေးစွမ်းနိုင်သည်။
သို့သော် ထိုအကာအကွယ်အလွှာသည် ဇိမ်ခံပစ္စည်းတစ်ခုသာဖြစ်သည်။ စိတ်စွမ်းအင်ရေနှင့် ငါးရက်ခန့် ရေမချိုးပါက ထိုအရာမှာ ပျောက်ကွယ်သွားမည်ဖြစ်သည်။
နတ်ဆရာသည် သနားကမားမျက်လုံးလေးများဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
” ခေါင်းဆောင်လေး….”
” အာ…ထားပါတော့။ ”
ပိုင်ရှောင်ချန်းက သူ၏လက်ကို ငြင်းဆန်သည့်အမူအရာဖြင့် ခမ်းနားစွာ ဝှေ့ယမ်းလိုက်သည်။
” ငါမင်းကို ဒီကို ငါနဲ့အတူခေါ်လာတာမလား။ အဲ့တာမလို့ မင်းအတွက်ဆို ငါ့မှာ တာဝန်ရှိတယ်။ အရင်တုံးက မင်းကတော့ ငါ့ကို မသနားပဲ တစ်ယောက်ထဲ ထားပစ်ခဲ့တယ်။ ဒါပေမဲ့ ငါက သဘောထားကြီးတဲ့လူတစ်ယောက်လေ။ အခုကစပြီး မင်းငါနဲ့ပဲနေတော့ ဟုတ်ပြီလား။ ”
နတ်ဆရာမှာ ချက်ချင်း တုန်ရီသွားတော့သည်။ သူသည် ပိုင်ရှောင်ချန်းမောင်းထုတ်နေလျှင်တောင်မှ ဘေးနားတွင် ကပ်၍လိုက်လာမည်ဖြစ်သည်။ သေမင်းခံတွင်းဝဆီသို့ သွားရမည်ဆိုပါကပင် ပိုင်ရှောင်ချန်းနောက်သို့ မခွဲမခွာလိုက်ဖို့ သစ္စာဆိုရန်ပင် သူကဆုံးဖြတ်ထားပြီးဖြစ်သည်။
” ကျေးဇူးအများကြီးတင်ပါတယ်။ ခေါင်းဆောင်လေးရယ်။ ”
သူ၏ တံခွန်နှင့် စားပွဲကို စိတ်လှုပ်တရှားသိမ်းလိုက်သည့် ပုံကိုကြည့်၍ သူ၏ ဗေဒင်ဟောသည့်နေရာကို သူက သံယောဇဥ်မရှိကြောင်း သိနိုင်ပေသည်။ ပိုင်ရှောင်ချန်းနောက်သို့ အပြေးလိုက်သွားကာ သူကမေးလိုက်သည်။
” ခေါင်းဆောင်လေး။ အခုဘယ်သွားမှာလဲ။ ”
ပိုင်ရှောင်ချန်းမှာ တစ်ခဏမျှ တွေဝေသွားပြီးနောက် အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။
” ငါတို့ ဝိညာဥ်သားရဲအဆောင်ဆီကို သွား…. ”
သို့သော် သူစကားပင်မဆုံးမီ အလင်းတန်းသုံးတန်းမှာ သူ့ဆီသို့ပြေးလာနေတော့သည်။ ထိုလူသုံးယောက်မှာ နတ်ဆရာထွက်ခွာတော့မည်ကို သတိထားမိလိုက်သဖြင့် သူ့ကိုတားရန် လာနေကြခြင်းဖြစ်သည်။
ထိုကျင့်ကြံသူသုံးယောက်မှာ နတ်ဆရာ၏ရှေ့သို့ရောက်လာသည်။ သူတို့ထဲမှတစ်ယောက်မှာ အခြေခိုင်မာခြင်း စက်ဝန်းအဆင့်တွင်ရှိသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။
” ဘာလဲ ဖောက်သည်အသစ်ရလို့ အစောကြီးပြန်သွားတာလား နတ်ဆရာ။ ”
သူကဆိုလိုက်သည်။
” ကောင်းပြီလေ။ အဲ့တာဆိုလည်း မင်းရဲ့ ဆက်ကြေးပေးသွားဦး။ ”
ထိုလူကြီး၏ မျက်ဝန်းများမှာ လျှပ်စီးများအလား လင်းလက်နေပြီး မပိန်လွန်း မဝလွန်းသည့်ခန္ဓာကိုယ်တစ်ခုရှိကာ ပိုင်ရှောင်ချန်းကဲ့သို့ လိမ္မော်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် ဤ ကုံမြို့တော်တွင် သက်တောင့်သက်သာ နေရသည်မှာ အသေအချာပင်။
ပိုင်ရှောင်ချန်းကို တစ်ချက်ကြည့်လိုက်ပြီး မပြုံးချင်ပြုံးချင်မျက်နှာဖြင့် သူက နတ်ဆရာထံ အကြည့်ပြန်လွှဲလိုက်သည်။
နတ်ဆရာမှာ မျက်နှာပျက်သွားတော့သည်။ ထိုသုံးယောက်မှာ သူနှင့် မသိသောသူများ မဟုတ်ချေ။ ဤဒေကိုအုပ်ချုက်သည့် အဖွဲ့မှ လူများဖြစ်ကြသည်။ သူအပါအဝင် အခြားကျင့်ကြံသူ ဒါဇင်အနည်းတို့မှာ လူမိုက်ဂိုဏ်းတစ်ခုဖွဲ့ကာ ထိုနေရာရှိ စျေးသည်များကို စျေးဆက်ရောင်းလိုပါက ဆက်ကြေးတောင်းသည့် လူများဖြစ်သည်။
နတ်ဆရာသည် နေရခက်နေပြီး ပိုင်ရှောင်ချန်းက သူ့အား ဤပုံစံနှင့် မြင်သွားမည်ကို မလိုလားပေ။ ထို့ကြောင့် လေသံတိုး၍ သူကဆိုလိုက်သည်။
” ကျုပ်ဒီနေ့ ဘာစီးပွားရေးမှမှ မလုပ်ရသေးလို့ပါဗျာ။ နောက်နေ့မှယူပါ့လား…. ”
ထိုသုံးယောက်ထဲမှ အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ယောက်က နတ်ဆရာ၏ စကားကို ကြားဖြတ်ကာ ဆိုလိုက်သည်။ ” မင်း စီးပွားရေးလုပ်လုပ်၊ မလုပ်လုပ် ငါတို့ဂရုမစိုက်ဘူး။ ဆက်ကြေးက တစ်ရက်ကို စွမ်းဆောင်ရည်ရမှတ် ဆယ်မှတ်က ဆယ်မှတ်ပဲ။ အဲ့တာကို ငါတို့သဘောတူထားပြီးသား။ ကဲကဲ… အခုပေးကွာ။ ”
နတ်ဆရာမှာ ပူပင်သောက ရောက်နေတော့သည်။ ရွှေအမြုတေအဆင့်ရှိသော ပိုင်ရှောင်ချန်းမှာ ဤသုံးယောက်ကို အချိန်ကုန်ခံကာ တစ်ချက်လေးပင်ကြည့်မည်မဟုတ်ကြောင်း သူကသိသည်။ သို့သော်လည်း နတ်ဆရာသည် ပိုင်ရှောင်ချန်း၏ရှေ့တွင် မျက်နှာမပျက်လိုပေ။ သူသည် ပိုင်ရှောင်ချန်းနှင့် လမ်းစခွဲခဲ့သည်မဟုတ်ပါလော။ ဤအခြေအနေတွင် သူ၏အကူအညီကို ထပ်ယူပါက အလွန်အားနာစရာကောင်းနေမည်ဖြစ်သည်။
ထို့ကြောင့် သူကအံကိုကြိတ်ရင်း ဟန်ဆောင်ပြုံးလိုက်ကာ သူ၏ ကျောက်စိမ်းဆွဲပြား ထုတ်ယူရန်ပြင်လိုက်သည်။
ထိုအခါ လိမ္မော်ရောင်ဝတ်ရုံနှင့်လူက ဆိုလိုက်သည်။
” အခု မင်းက အဆင့်မြင့်တဲ့ ဖောက်သည်တစ်ယောက် ရထားတာဆိုတော့ စွမ်းဆောင်ရည်ရမှတ် ဆယ်မှတ်နဲ့ ရမယ်မထင်ဘူး။ နောက်တစ်လစာအတွက်ပါ ကြိုပေး။ ”
ထိုအခါ နတ်ဆရာ၏ မျက်လုံးများထဲတွင် ဒေါသမီးများတောက်လောင်လာတော့သည်။
” မင်းတို့တွေ…. ”
” ကဲကဲ။ ဒေါသမထွက်နဲ့။ မင်းမှာ နောက်တစ်လစာမရှိလည်း မင်းရဲ့ဖောက်သည်မှာ ရှိမှာပါကွ။ မင်းအတွက် သူပေးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ ” လိမ္မော်ရောင်ဝတ်ရုံနှင့်လူက ပိုင်ရှောင်ချန်းကို မပြုံးချင်ပြုံးချင်နှင့်ကြည့်ကာ သူ၏ တလက်လက်တောက်ပနေသော မှော်ရတနာပစ္စည်းများကို ငေးကြည့်နေတော့သည်။ သူက လောဘဇောတက်နေသော်လည်း အလွန်အကျူးမလုပ်ရဲပေ။ ပိုင်ရှောင်ချန်း၏ နောက်ခံမှာ အင်အားတောင့်ကြောင်း သူက ပြောနိုင်ပေသည်။ သို့သော်လည်း သူ့ဆီမှ စွမ်းဆောင်ရည်ရမှတ် တစ်ရာလောက် ငွေညှစ်ရန်မှာ ကြီးမားသည့် ကိစ္စရပ်ကြီးတစ်ခုတော့ မဟုတ်ချေ။
” ခေါင်းဆောင်လေး…. ”
နတ်ဆရာက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆိုလိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက သူ၏ လက်ကိုဝှေ့ယမ်းကာ နတ်ဆရာ၏ စကားစကို ဖြတ်လိုက်သည်။ ထို့နောက် သူက တောက်ပနေသော မျက်ဝန်းများဖြင့် လိမ္မော်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို ကြည့်လိုက်တော့သည်။
” ကဲ။ စိတ်ဝင်စားစရာ တယ်ကောင်းပါ့လား။ ငါ့ကိုယ်ငါ ဒီလိုမျိုးပုံစံရှိမယ်လို့ တစ်ခါမှမတွေးဖူးဘူးဟေ့။ ” ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲများရှိ အကြည့်ကြောင့် လိမ္မော်ရောင်ဝတ်ရုံနှင့်လူမှာ ဂနာမငြိမ် ဖြစ်သွားပြီး အနီရောင်ဝတ်ရုံနှင့် ဂိုဏ်းသားနှစ်ယောက်၏ မျက်နှာပေါ်တွင်လည်း တည်ကြည်သော အမူအရာများ ပေါ်လာတော့သည်။
” မင်းလိုကောင်ကများ အခြေခိုင်မာခြင်းအဆင့်ရှိတဲ့ ကျင့်ကြံခြင်းအခြေခံလေးနဲ့ ငါ့ဆီက ငွေညှစ်ရဲတယ်ပေါ့။ ”
ပိုင်ရှောင်ချန်းက ဆိုလိုက်သည်။
” မင်းဆန္ဒအတိုင်း မဖြစ်တာ စိတ်တော့မကောင်းဘူး။ ”
ထိုသို့ဆိုကာ သူက ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ ကျင့်ကြံသူသုံးယောက်မှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သိလိုက်သဖြင့် ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းလိုက်သဖြင့် လေပြင်းတစ်ချက် တိုက်ခတ်သွားလေသည်။
လေထဲတွင် တဂျုန်းဂျုန်းမြည်သံများ ပြည့်နှက်သွားပြီး ကျင့်ကြံသူသုံးယောက်၏ပါးစပ်များထဲမှ သွေးများပန်းထွက်ကာ နောက်ဘက်သို့ မီတာသုံးဆယ်အထိ လွင့်ထွက်သွားသည်။
” အမြုတေအဆင့်ပါလား။ ”
ထိုသုံးယောက်မှာ လေပေါ်တွင်ဝဲပျံနေစဥ် ပိုင်ရှောင်ချန်းက ဖမ်းဆုပ်သည့်ပုံစံတစ်ခု လုပ်လိုက်ရာ လေများသည် ကြိုးများအသွင်ပြောင်းကာ သူတို့ကိုဖမ်းချုပ်သွားပြီး သူ့ဆီသို့ ဆွဲခေါ်သွားတော့သည်။
” ငါ့အထင် မင်းတို့ကောင်တွေလိုနေတာ ခေါင်းဆောင်ကောင်းတစ်ယောက်ကွ။ ဘယ်လိုထင်တုံး မင်းတို့ရော။ ငါနဲ့ပူးပေါင်းကွာ။ ပြီးတော့ တစ်မိုးအောက်မှာရှိတဲ့ အရာရာတိုင်းကို ငါတို့ အုပ်ချုပ်ရအောင်။ ” ပိုင်ရှောင်ချန်းက ဟန်မဆောင်ပဲ ပြောလိုက်သည်ဖြစ်ပြီး သူသုံးလိုက်သည့် ခန့်ညားထယ်ဝါသောစကားလုံးများကြောင့် ထိုလူသုံးယောက်မှာ ဒူးထောက်သွားမည်ဟု သေချာပေါက် ယုံကြည်နေတော့သည်။
ထိုသုံးယောက်မှာ တုန်တုန်ရီရီနှင့် ငိုတော့မည့်အလားဖြစ်နေကြသည်။
နတ်ဆရာပင်လျှင် အနည်းငယ် အံ့အားသင့်သွားရတော့သည်။
” ဘာမှမပူနဲ့။ ငါဘေးနားမှာရှိရင် မင်းဘာမှမဖြစ်စေရဘူး။ လာလာ။ မင်းတို့ရဲ့ဌာနချုပ်ဆီ ငါ့ကိုခေါ်သွား။ အဲ့တာမှ တခြားတာအိုရောင်းရင်းတွေကို ငါတွေ့လို့ရမှာ။ ”
ဤအချိန်တွင်မူ သူသည် သူ၏မိကျောင်းကိုရောင်းမည့်အကြံအား စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ဤကျင့်ကြံသူ သုံးယောက်မှာ ပိုင်ရှောင်ချန်း၏ အတွေးထဲတွင် ရှိသည်ဟုပင် စိတ်ကူးမယဥ်ဘူးသော တံခါးကြီးတစ်ချပ်ကို အမှတ်တမဲ့ဖြင့် ဖွင့်ပေးလိုက်ပြီဖြစ်သည်။
ရုတ်တရက် စွမ်းဆောင်ရည်ရမှတ်များစွာက သူ့ကိုစောင့်မျှော်နေသည့်အလား ခံစားလိုက်ရတော့သည်….