Switch Mode

အခန်း ( ၃၈၅ )

နတ်ဆရာဆီသို့ ပြေးသွားခြင်း

မြောက်ပိုင်းသို့ ရောက်သောအခါ ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်ဘုံဗိမာန်နောက်ထပ်တစ်ခု ထပ်ငှားလေသည်။ စွမ်းဆောင်ရည်မှတ်အနည်းငယ်သုံး၍ စားစရာအချို့လည်း ဝယ်ပြီးနောက် ထိုင်ကာ မြို့တော်အတွင်း ဆူညံ ပွက်လောရိုက်နေမှုများ ငြိမ်သက်သွားသည်အထိ ကျင်ကြံခြင်းအပေါ် အာရုံစိုက်ထားလိုက်သည်။

ယခုအခါ သူသည် ကောင်းကင်တံတားမြစ်၏ အဖျားပိုင်းတွင် ဖြစ်လေရာ သူ့မှာ စွမ်းအင်ကုန်ခမ်းမှုအတွက် လုံလောက်သောအစားအစာများရှိနေသရွေ့ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်ကို အဆက်မပြတ် အားထုတ်လေတော့သည်။

ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး စွမ်းအင်သည် မဖော်ပြနိုင်လောက်အောင် မြင့်မြတ်ထူးကဲလေရာ သူ၏ကျင့်ကြံခြင်းမှာ တဟုန်ထိုး ထိုးတက်သွားလေသည်။ အေးစိမ့်ကျင့်ကြံသူ အဆင့်ကိုမချိုးဖျက်နိုင်သေးသော်လည်း ယခင်အဆင့်နှင့် လုံးဝ ဝေးကွာသွားလေပြီ။

ယခုအချိန်တွင် သူသည် လက်ဖဝါးထဲမှ အေးစိမ့်ချီများ၏အံမခန်းခုန်နှုန်းများကို ထုတ်ကာ လူပုံရိပ်နှင့်တူသော အရာတစ်ခုခုကို ဖန်တီးနိုင်လေပြီ။ ထိုပုံရိပ်မှာ အေးစိမ့်ကျင့်ကြံသူအဆင့်၏ အဓိကလက္ခဏာများမှတစ်ခုဖြစ်သော အေးစိမ့်အရိပ်ပင်ဖြစ်သည်။

သူ၏ ထာဝရအရွတ်ကြောများကို မဆုတ်မနစ်သောလုံ့လဖြင့် နေ့တိုင်း ကျင့်ကြံလေသည်။ ယခုတွင် သူသည် ဒုတိယမြောက်ခြေချောင်းအဆင့်ကို အောင်မြင်စွာပြီးဆုံးသွားပြီး တတိယမြောက်ခြေချောင်းကို ရောက်သွားလေပြီ။

“ခေါင်းဆောင်ကြီးတွေ မှန်တယ်” သူက သက်ပြင်းချရင်း တွေးလိုက်သည်။
” ငါရဲ့ ကျင့်ကြံခြင်းက ရှင်းကုံကျစ်တာအိုဂိုဏ်းမှာဆိုရင် ပိုမြန်မြန် အလုပ်လုပ်တာပဲ”

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။

သုံးလကြာသော် ဝမ်းမီးငြိမ်သက် ဆေးလုံးမတော်တဆမှု၏ ဂယက်များ ပျောက်ကွယ်သွားလေသည်။ ကုံမြို့တော်၏ လူအကုန်လုံးနီးပါး ထိုကိစ္စရပ်တစ်ခုလုံးသည် အလိမ်အညာများဖြစ်ပြီး ဝမ်းမီးငြိမ်သက်ဆေးလုံး မည်သည့်အမျိုးအစားဆို အလွန် အန္တရာယ်များကြောင်း ကြားသွားကြလေသည်။

ထိုအကြောင်းကြောင့် ဝမ်းမီးငြိမ်သက်ဆေးလုံးများကို ရောင်းချရန်မှာမဖြစ်နိုင်တော့သည့်အပြင် တစ်ယောက်ယောက်က ပုံစံအသစ်ထွင်သည့်တိုင်အောင် အစစ်ဟု မည်သူမှ ယုံလိမ့်မည်မဟုတ်ဘဲ ဆေးလုံးတစ်လုံးကိုပင် စားရဲကြမည်မဟုတ်ကြတော့ပေ။

ကောင်းကင်ဘုံအဖွဲ့အစည်းသည် အားအနည်းငယ်သာ ထုတ်၍ သူတို့ရည်ရွယ်ချက် အထမြောက်သွားလေသည်။ အမှန်ဆိုရလျှင် ထိုဖြစ်စဥ်တွင် သူတို့အမြတ်အနည်းငယ်ထွက်အောင်ပင် ပြုလုပ်နိုင်ခဲ့သည်။ ဝမ်းမီးငြိမ်သက် ဆေးလုံးမှာ တစ်ချီတည်းနှင့်အဆုံးသတ်သွားသည်သာမက အပြစ်များအားလုံးကိုလည်း ယခုပျောက်နေသော သမားတော်ပိုင်၏ ခေါင်းပေါ်ကိုသာ လွှဲချလိုက်တော့သည်။

နောက်ဆုံးတွင် ကောင်းကင်ဘုံအဖွဲ့အစည်းသည် ဆေးလုံးများကြောင့် ထိခိုက်ဒဏ်ရာရသွားသူမှန်သမျှအားလည်း တောင်းပန်ပြီး နစ်နာကြေးပေးရန် နည်းလမ်းပေါင်းစုံအား အသုံးပြုလိုက်သည်။ အဆုံးသတ်တွင် သူတို့အတွက် မကောင်းသည့်ရိုက်ခတ်မှုများး မရှိသလောက်ပင်။

သူတို့နောင်တရနေသည့်တစ်ခုသောအရာမှာ လူထုအားသွေးထိုး၍ ပိုင်ရှောင်ချန်းသေသွားစေရန် မဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ သို့သော်လည်း သူသည် ပါရမီရှိသော သမားတော် တစ်ဦးထက်မပိုဘဲ စိုးရိမ်ရလောက်သည့် လူမဟုတ်ပေ။

၄င်းသည် မှော်ပစ္စည်းတစ်ခုမှ မထုတ်ပဲ တိုက်ခိုက်ရသည့် စီးပွားရေးနည်းဗျူဟာတစ်ခုဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ….. လုံးဝရှုံးနိမ့်သွားခဲ့ရေလပြီ။

ထိုအချက်ကြောင့် ပိုင်ရှောင်ချန်းမှာ အလွန် သည်းမခံနိုင်ဖြစ်နေတော့သည်။ သူက တိုက်ပွဲတွင် ရှုံးနိမ့်သွားလျှင် ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ သို့သော် ဤနည်းဖြင့် နင်းချခံလိုက်ရသည့်တွက် ဒေါသများပြည့်နှက်နေလေရာ သွပ်သွပ်ခါရူးသွားတော့မတတ်ပင်။ ဤပုံစံဖြင့် သူဘယ်တုန်းကမှ အရှက်ခွဲမခံခဲ့ရဖူးလေရာ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သုံး၍ ကောင်းကင်းဘုံအဖွဲ့အစည်းအား နင်းချေပစ်ရန်ပင် တွေးခဲ့မိသည်။ သို့သော်လည်း သူတို့အဖွဲ့အစည်းမည်မျှကြီးမားကြောင်းစဥ်းစားမိသောအခါ သူ၏ရွှေအမြုတေကျင့်ကြံခြင်းအခြေခံနှင့်ပင်လျှင်…အလွယ်တကူရင်ဆိုင်၍ မရနိုင်ကြောင်း သဘောပေါက်သွားလေသည်။

“ကျင့်ကြံခြင်းအခြေခံအပေါ်ပဲမှီခိုနေတာက စစ်မှန်တဲ့ လက္ခဏာတစ်ရပ်မဟုတ်ဘူး ”
သူက အံကြိတ်လျက် သူ့ကိုယ်သူပြောလိုက်သည်။
” ပိုင်ရှောင်ချန်းက ဘယ်နေရာမှာပဲ ကျရှုံးနေနေ ပြန်ခေါင်းမော့နိုင်တယ်ကွ။ ငါလဲ ပြန်အကွက်ချလို့ ရတယ်မလား ”
ထို့နောက် သူက ပန်းပွင့်တစ်ရာဝိညာဥ်အရက်တစ်ငုံသောက်လိုက်ပြီးနောက် အဖိုးထိုက်ကျောက်စိမ်းဝိညာဥ်ထမင်းကို ပါးစပ်အပြည့်စားလိုက်သည်။ ထို ဝိညာဥ်အစားအစာနှစ်မျိုးမှာ အလွန်တရာစျေးကြီးပြီး အရှေ့ပိုင်းမှာတုန်းက သူ့အကြိုက်ဆုံးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာ မြောက်ပိုင်းသို့ရောက်ပြီးသော် ယခင်ကဝယ်ခဲ့သော အကျန်လေးများရှိနေသေးသည်။

ကံဆိုးစွာပင် လွန်ခဲ့သည့် သုံးလလုံးလုံး သူ၏စားနပ်ရိက္ခာများ တစ်စတစ်စ နည်းပါးလာသည်ကို မတတ်သာဘဲ ကြည့်နေခဲ့ရပြီး သူ၏ကျောက်စိမ်းပေလွှာထဲရှိ စွမ်းဆောင်ရည်ရမှတ်များသည်လည်း တဖြေးဖြေးဝါးမျိုခံနေရလေသည်။ ယခုတွင် သူ့၌ ဘာမှမရှိသလောက်ပင်။

“ငါတော့ အရင်က အသုံးအဖြုန်းကြီးကြီး နေခဲ့မိပြီထင်တယ် ”
သူက တွေးလိုက်သည်။ သူသည် လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားဖြစ်လာရန် စွမ်းဆောင်ရည်မှတ်တစ်သိန်းသုံးခဲ့သည်ကို နောက်တရစပြုလာပြီး သူ၏စီးစရာ မိကျောင်းကြီးကိုလည်း စိတ်လိုက်မာန်ပါဝယ်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။

“ငါဘာလုပ်ရမလဲ” မျက်ရည်တို့ဝဲတက်လာရင်း တွေးလိုက်လေသည်။
” ငါ ဝမ်းမီးငြိမ်သက် ဆေးလုံးတွေကိုလဲ ဘယ်တော့မှ ထပ်ရောင်းလို့မရတော့ဘူး။ ဆင်းဆင်းရဲရဲပြန်နေရပြီး ကိုယ်ဖော်ထားတဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံးကိုစားပြီး အသက်ဆက်ရမယ်လို့တော့ မပြောလိုက်မစမ်းနဲ့ ”
ထိုသို့ပြောရင်း သူက ဝိညာဥ်ထမင်းအား ပါးစပ်အပြည့် ထပ်ထည့်လိုက်ပြန်သည်။ ကောင်းကင်ဘုံအဖွဲ့အစည်းအပေါ် သူ၏ဒေါသမှာ ဆက်လက်ကြီးထွားလာတော့သည်။

လဝက်ကြာသော် သူ၏ ဝိညာဥ်စားစရာများမှာ ပြောင်းသလင်းခါလုနီးပါးဖြစ်နေပြီး စွမ်းဆောင်ရည်ရမှတ်များလည်း တစ်မှတ်မှ မကျန်တော့ပေ။ ဝမ်းနည်းပက်လက်ဖြင့် စွမ်းဆောင်ရည်ရမှတ်များရှာရန် အကြံများ ဖျစ်ညှစ်စဥ်းစားနေတော့သည်။ နောက်ဆုံးတွင် ဝမ်းမီးငြိမ်သက်ဆေးလုံး ပွက်လောရိုက်မှုများ ငြိမ်သက်သွားပြီးဖြစ်ကြောင်း သေချာသွားသောအခါ သက်ပြင်းချပြီး ဝိညာဥ်ရေဖြင့် ရေချိူးပြီးနောက် သူ့မျက်နှာကို လူများ မမှတ်မိစေရန် အမြန်ရုပ်ဖျက်လိုက်သည်။ ထို့နောက် သူ၏ စိတ်စွမ်းအင်ဘုံဗိမာန်မှ ထွက်ခွာသွားတော့သည်။

” ငါရဲ့ စီးစရာမိကျောင်းကြီးနဲ့ ဝယ်ခဲ့သမျှမှော်ပစ္စည်းတွေအားလုံး ရောင်းပစ်ဖို့က လွဲပြီး ရွေးစရာမရှိတော့ဘူးထင်တယ်။ ဒီကျောက်မျက်ရတနာရောပဲ” ထိုသို့လုပ်ရန်စက်ဆုပ်သော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။ မိကျောင်းကြီး၏ကျောပေါ်မှ ခုန်ဆင်းပြီးနောက် သူ၏လိမ္မော်ရောင်ဝတ်ရုံနှင့်ဆိုလျှင် သူမည်မျှခမ်းနားထည်ဝါနေမည်ကို ပုံဖော်ကြည့်လိုက်သည်။ ကံဆိုးစွာပင် သူ၏ ထည့်စရာအိတ်မှာ ပြောင်တလင်းခါနေလေပြီ။

ကံကောင်းထောက်မစွာ ကုံမြို့တော်တွင် မိကျောင်းများမှာ အတွေ့အများဆုံးအမျိုးအစားဖြစ်သောကြောင့် မည်သူမှ လက်ရှိပိုင်ရှောင်ချန်းနှင့် အရှေ့ပိုင်း၏ သမားေတာ်ပိုင်ရှောင်ချန်းတို့ကို ဆက်စပ်မိလိမ့်မည်မဟုတ်ပေ။

မြောက်ပိုင်းဒေသတို့ ဆက်သွားနေသည့် လမ်းတစ်လျှောက် လူအတော်များများမှာ သူ့အား မနာလိုလေးစားအားကျမှုများဖြင့် ကြည့်နေကြလေသည်။ သူ့ကိုထိုကဲ့သို့ကြည့်နေကြသည့် လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားအချို့ပင် ရှိလေသည်။ ငွေကြေး သို့မဟုတ် အာဏာကြွယ်ဝသည့် လူများသာလျှင် တိုက်ပွဲဝင်စီးစရာသားရဲများကို တတ်နိုင်သည်မဟုတ်ပါလော။ ၎င်းနှင့် သူ့ကိုယ်သူ တန်ဆာဆင်ထားသည့်မှော်ရတနာများဖြင့် ပေါင်းစပ်လိုက်သည်ဝယ် အလွန် အထင်ကြီးလောက်စရာပင်။

သို့သော်လည်း ထိုအကြည့်များက ပိုင်ရှောင်ချန်း၏ခံစားချက်ကို ပို၍ပင် ဆိုးသွားစေတော့သည်။

“ဒီနေ့ပြီးရင်… ”
သူက စိတ်ပျက်လက်ပျက်တွေးလိုက်သည်။ “ဘယ်သူမှ ငါ့ကို အဲ့လိုကြည့်နေကြတော့မှာမဟုတ်ဘူး ”
သက်ပြင်းချရင်း အချိန်အနည်းငယ်ကြာ မြို့အနှံ့ သွားရန် ဆုံးဖြတ်လိုက်သည်။

အလွန်တရာ ဝမ်းနည်းကြေကွဲလျက် ညနေရောက်ချိန်အထိ လမ်းကြိုလမ်းကြားမချန် မြောက်ပိုင်းဒေသတစ်ခွင် လှည့်ပတ်သွားနေတော့သည်။ ထိုအချိန်တွင် သူက အံကြိတ်လိုက်ပြီး စိတ်စွမ်းအင်သားရဲဆောင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ လမ်းသွားနေစဥ် တစ်ခုသောလူသွားလမ်းပေါ်တွင် မတ်တပ် ရပ်နေသည့် ရင်းနှီးသယောင်ရှိသော ကျင့်ကြံသူတစ်ယောက်အား သတိပြုမိလိုက်သည်။

ထိုလူက လက်ထဲတွင် ဆိုင်းဘုတ်တစ်ခုကို ကိုင်ထားပြီး ထိုအပေါ်တွင် စာလုံးသုံးလုံးရေးထားလေသည်။

နတ် ဆ ရာ..

ပိုင်ရှောင်ချန်းနှင့် လမ်းခွဲသွားစဥ်ကထက်ပို၍သိသိသာသာ ပိန်ချုံးသွားလေသည်။ သူ၏မျက်နှာမှာ ဖြူဖျော့၍ ချောင်ကျနေကာ မျက်လုံးများကလည်း ဟောက်ပက်ဖြစ်နေသည်။ သူသည် သိပ်အဆင်ပြေပုံမရပေ။

သူက အော်ဟစ်ကြေညာနေသည့်တိုင်
ဖြတ်သွားဖြတ်လာတစ်ယောက်မှ ဂရုမစိုက်ကြဘဲ သူ့ကို လျစ်လျူရှုသွားကြသည်။ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသော အမူအရာနှင့် အသက်မပါသောအကြည့်ကြောင့်သူ့ကိုယ်မှ ဝိညာဥ်ပင်ထွက်သွားသည့်အလားပင်။

ပိုင်ရှောင်ချန်းမှာ သူ၏ပုံပန်းသွင်ပြင်ကြောင့် အံ့သြသွားပြီး စိတ်မကောင်းဖြစ်သွားလေသည်။ စီးစရာမိကျောင်းကြီးကို ပုတ်ပေးလိုက်ရင်း နတ်ဆရာရှိရာဘက်သို့ သွားလိုက်သည်။

သူအနားပင်မရောက်သေးခင် မိကျောင်းကြီး၏ဧရာမခန္ဓာကိုယ်ကြီးကြောင့် နတ်ဆရာပေါ်သို့ အရိပ်ကြီးတစ်ခုကျလာလေရာ သူ့မှာ တုန်တက်သွားပြီး မော့ကြည့်လိုက်လေသည်။ သူမြင်လိုက်ရသည့်မြင်ကွင်းမှာ သူကိုအုပ်မိုးထားသည့် ရက်စက်ကြမ်းကြုတ်သော မီတာ ၉၀ အရှည် မိကျောင်းကြီးတစ်ကောင်ဖြစ်လေသည်။

ညနေခင်းအလင်းရောင်ထဲတွင် ၄င်း၏သံချပ်ကာကဲ့သို့အကြေးခွံများမှ တလက်လက်တောက်နေပြီး နှာခေါင်းဝမှ ထွက်လာသည့် လေသည်ပင် လူတစ်ယောက်၏ စိတ်ကို ချာချာလည်သွားစေရန် လုံလောက်လေသည်။ မိကျောင်းကြီးအပေါ်တွင် လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားတစ်ဦး၏ အဝတ်အစားများဝတ်ဆင်ထားပြီး မှော်ပစ္စည်းများ၏ တလက်လက်တောက်ပေနသောအရောင်အဝါများဖြင့် ဝန်းရံနေရင်း အလွန်ခမ်းနားတင့်တယ်နေသော ပိုင်ရှောင်ချန်းပင်။

နတ်ဆရာမှာ ချက်ချင်းပင် တုန်လှုပ်သွားပြီး သူ၏မျက်လုံးများမှာ ထူးဆန်းတောက်ပသော အလင်းဖြင့် ရွှန်းလဲ့လာတော့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူ၏ အတွေ့အကြုံများကြောင့် ထိုကဲ့သို့လူများနှင့် ပတ်သက်လျှင် စေ့စေ့စပ်စပ်နားလည်သွားလေသည်။ သူတို့သည် ကုံမြို့တော်၏ လက်ရွေးစင်များနှင့်တူကာ အလိုရှိသလို အသုံးပြုနိုင်သော စွမ်းဆောင်ရည်ရမှတ်တစ်သိန်းရှိသည့် လူများဖြစ်ကာ အများစုသည် အဝါရောင်ဝတ်ရုံဂိုဏ်းသားဖြစ်ရန် အလွန်နီးကပ်နေလေသည်။

မြို့ထဲတွင် ထိုလူများသည် အရှိန်အဝါကြီးသော လူများဖြစ်လေရာ လွန်ခဲ့သောလများအတွင်း နတ်ဆရာမှာ မနာလိုဖြစ်ပြီး မော့ကြည့်နေခဲ့ရသည်။ ယခုအခိုက်အတန့်တွင် ထိုကဲသို့ဖောက်သည်ကိုတွေ့လိုက်ရခြင်းကြောင့် သူ၏စိတ်လှုပ်ရှားမှုတို့ မြင့်တက်လာတော့သည်။ မျက်လုံးများ တဖြတ်ဖြတ်တောက်ပနေရင်း သူက ဝတ်ရုံကို သပ်သပ်ရပ်ရပ်ပြင်လိုက်ပြီးနောက် လက်ယှက်၍ ခေါင်းငုံ့အရိုအသေပေးလိုက်သည်။

“အစ်ကိုကြီး ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး။ကျုပ်က ခင်ဗျားအလိုရှိသမျှ ဆောင်ရွက်ပေးမယ့် နတ်ဆရာပါ။ ဖြစ်နိုင်လို့ရှိရင် စကားတစ်ခွန်းလောက်များ ခင်ဗျားနဲ့ပြောလို့ရမလား”

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ပြီးနောက် သူရုပ်ဖျက်ထားကြောင်း သတိရလိုက်သည်။ ထို့ကြောင့် သူက ထိုကိစ္စအား တခဏတွေးတောနေသကဲ့သို့ ဟန်ဆောင်လိုက်ပြီး နောက်ဆုံး လက်ခံကြောင်း ပြောလိုက်သည်။

နတ်ဆရာမှာ အလွန်စိတ်လှုပ်ရှားသွားသဖြင့် တဆတ်ဆတ်ပင် တုန်နေတော့သည်။ အမှန်တွင် ယခုကဲ့သို့ အခြေအနေမျိုးတွင် စကားအနည်းငယ်ပြောရန် မပြင်ဆင်ထားရသေးပေ။ တစ်ဖက်လူမှ သူပြောသည်ကို နားထောင်မည် ဆိုသောကြောင့် သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားကာ မျက်ရည်များဖြင့် ပြည့်နှက်နေတော့သည်။ အားခဲလိုက်ရင်း သူက သူ့ကိုယ်သူပြောလိုက်သည်။ “နတ်ဆရာ….. အီး နတ်ဆရာ. မင်း ဒီမိတ်ဆွေကို သေချာပေါက် ကျေနပ်အောင်လုပ်ရမယ်နော်။ သူဘယ်လောက် အထင်ကြီးစရာကောင်းလဲကြည့်စမ်း။ သူပျော်အောင်သာ မင်းလုပ်ပေးနိုင်ရင် စွမ်းဆောင်ရည်ရမှတ်တွေ တလဟောဝင်လာမှာပဲ။ ဒါ့အပြင် သူ့ရဲ့ အမြဲတမ်းအကြေားအမြင်ဟောပေးတဲ့သူအဖြစ် လက်ခံလာအောင် စည်းရုံးလို့တောင်ရလောက်မယ်နော်”

ထို့နောက် သူက မျက်နှာပေါ်တွင် အလွန်လေးနက်သောအမူအရာတစ်ခုကို ဖမ်းလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွယ်ဖော်လိုက်ကာ အနာဂတ်ကိုကြည့်ပေးနေသည့်အလား ပိုင်ရှောင်ချန်းကို အားစိုက်ကြည့်လိုက်သည်။ မကြာမီ စွမ်းအားကြီးသော အငွေ့အသက်များက သူ့ထံမှ ထွက်ပေါ်လာကာ အထင်ကြီးဖွယ်ဖြစ်နေတော့သည်။

သို့သော်လည်း တခဏကြာသော် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး တုန်ရီလာတော့သည်။

“ဟင့်အင်း. မဟုတ်သေးဘူး.. မဖြစ်နိုင်ဘူး ။ မမှန်နိုင်ဘူး။ ဘာလို့ ငါ့နတ်ဘုရားအာရုံတွေက သူ့ကို ပြနေတာတုန်း။ နေဦး..ပြန်စလိုက်မယ် ” ထိုအချိန်တွင် သူက အသက်မနည်းရှူနေရကာ သူ့မျက်နှာပေါ်တွင် လုံးဝမယုံကြည်နိုင်သော အရိပ်အယောင်များကို မြင်ရလေသည်။ သူက အလျင်အမြန်ပင် နောက်ထပ် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီးနောက် သူ့မျက်လုံးများမှာ ပြူးသထက်ပြူးလာတော့သည်။ သူ့ပုံမှာ သရဲတစ်ကောင်အား မြင်လိုက်ရသည့်အလားပင်။

“မင်း…မင်းက…..”

နတ်ဆရာကို မိကျောင်းကြီးအပေါ်မှ ငုံကြည့်လိုက်စဥ် ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုကို မြင်လိုက်ရလေသည်။ နတ်ဆရာသည် သူ၏သရုပ်မှန်ကို သိသွားသော်လည်း နတ်ဘုရားအာရုံခံခြင်းတွင် ကျွမ်းကျင်မှုရှိလေရာ အံသြစရာတော့ မရှိပေ။

သူသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိနေစဥ်က ပိုင်ရှောင်ချန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အာရုံခံခဲ့ပြီး အတန်ငယ် တိကျမှန်ကန်ခဲ့သည်မဟုတ်ပါလော။

“ဘာလို့ ဒီလောက်ဆိုးတဲ့ အခြေအနေရောက်သွားရတာတုန်း. ဆရာဟွန့်ဟွန့်”
ပိုင်ရှောင်ချန်းက ပြောလိုက်သည်။
” ကျုပ်ပြောတာက…. ကျုပ်လဲ အခြေအနေဆိုးခဲ့တာပဲ…ဒါပေမယ် ခင်ဗျားက ကျုပ်ထက် ပိုလို့တောင် ဆိုးနေပါရော့လား”

“ပိုင်ရှောင်ချန်း.. ”
နတ်ဆရာမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ တဆတ်ဆတ်တုန်ရင်း သူက နောက်သို့ ဆုတ်သွားလေသည်။ ယခုလေးတင် နတ်ဘုရားအာရုံခံလိုက်သောအခါ သူမြင်လိုက်ရသည်မှာ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ယခုတွင် သူသည် ပိုင်ရှောင်ချန်း၏အသံကို မှတ်မိသွားလေရာ အံသြလွန်း၍ ချာချာလည်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ နတ်ဆရာ ထိုသို့ တုံ့ပြန်သည်ကို မြင်ရသောအခါ အတော်လေး ကျေနပ်သွားလေသည်။ သို့သော်လည်း သူကလည်ချောင်းရှင်းပြီး ပြောလိုက်သည်။
” ရှူးတိုးတိုးး…..”


Comment

Leave a Reply

Options

not work with dark mode
Reset