” အတူတူအလုပ်လုပ်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
ပိုင်ရှောင်ချန်းက မိကျောင်း၏အထက်မှနေ၍ ကျိုးထောင်အားငုံ့ကြည့်ကာ ပြောလိုက်သည်။
ကျိုးထောင်က ပိုင်ရှောင်ချန်းမှာ မိကျောင်းကြီးပေါ်မှမဆင်းသဖြင့် သိပ်မကျေနပ်သော်လည်း သူ၏လေသံတွင်၎င်းကို ထုတ်ဖော်မပြပဲ ပြောလိုက်လေသည်။
” လူကြီးမင်းခင်ဗျာ.. အဖိုးတန်လှတဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံးဖော်စပ်နည်းကို ကျုပ် ဝယ်ယူချင်ပါတယ်။ စွမ်းဆောင်ရည်ရမှတ် တစ်သိန်းနဲ့ဆိုရင် ရောင်းဖို့ဆန္ဒရှိပါသလား အစ်ကိုကြီးပိုင် ”
” အဲဒါကရောင်းဖို့အတွက်မဟုတ်ဘူး ” ပိုင်ရှောင်ချန်းက ဝေ့ကွညျ့ရငျးဆိုလသေညျ။ ထိုသို့ဆိုကာ မိချောင်းအထက်မှ ပျံသန်းကာဆင်းလိုက်ပြီးနောက် သူ၏အကျီလက်ကို ရွှမ်းခနဲမြည်အောင်ဝေ့ယမ်းလိုက်ပြီး မိချောင်းအား သူ၏ ဝိညာဥ်သားရဲအိတ်ထဲသို့ ထည့်လိုက်လေသည်။ သူက စိတ်စွမ်းအင်ဗိမာန်ကလေးအတွင်း ဝင်တော့မည့်အချိန်တွင် ကျိုးထောင်က လှုပ်ရှားကာ သူ၏လမ်းကိုပိတ်လိုက်လေသည်။
” အစ်ကိုပိုင်…တကယ်လို့ဆေးဖော်စပ်နည်းကို မရောင်းချင်လဲ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံအဖွဲ့အစည်းကို အစ်ကို့ရဲ့ဆေးတွေအတွက် မူပိုင်ရောင်းဝယ်သူ လုပ်ခွင့်ပေးဖို့ကော ဆန္ဒရှိရဲ့လားဗျာ”
” မူပိုင် ရောင်းဝယ်သူတဲ့လား” ပိုင်ရှောင်ချန်းက ကျိုးထောင်အား ခဏကြာ ကြည့်လိုက်သည်။ အမှန်တွင် လွန်ခဲ့သောရက်များအတွင်း သူကိုယ်တိုင်ဆေးလုံးများကို ရောင်းချရသည်မှာ အနည်းငယ်ဒုက္ခရောက်လေသည်။ အကယ်၍ ကျိုးထောင်သာ သူ့အတွက်ရောင်းပေးနိုင်လျှင် သူ့အတွက် အချိန်အနည်းငယ်ကို ကျိန်းသေ ချွေတာပြီးသားဖြစ်သွားပေလိမ့်မည်။
” ကောင်းကင်ဘုံအဖွဲ့အစည်းက ကုံမြို့မှာ စီမံကွပ်ကဲနေကြပါတယ် ” ကျိုးထောင်က ပြုံး၍ ပြောလေသည်။
” ဒါကြောင့်မို့ လအနည်းငယ်အတွင်း အစ်ကို့ရဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံးက မြို့ရဲ့ထောင့်တိုင်း၊ နေရာတိုင်း ရနိုင်တော့မယ်လို့ ကျုပ် ယုံကြည်တယ်။ အဲ့အချက်ကနေ…အစ်ကိုကြီးကိုယ်တိုင် အလုပ်လုပ်စရာမလိုပဲ အကျိုးအမြတ်ကြီးကြီးမားမားကိုလုပ်နိုင်သွားမှာ”
ပိုင်ရှောင်ချန်းက ထိုကိစ္စအား တခဏစဥ်းစားလိုက်ပြီးနောက် အသေးစိတ်အချက်အလက်များကို ကျိုးထောင်နှင့် စတင်ဆွေးနွေးလိုက်တော့သည်။ နှစ်နာရီကုန်ဆုံးသွားပြီးနောက် ကောင်းကင်ဘုံအဖွဲ့အစည်းက ဆေးလုံးများကို စွမ်းဆောင်ရည်ရမှတ် သုံးရာဖြင့် ဝယ်ယူရမည်၊ ၎င်းတို့အား ပိုမြင့်သောစျေးနှုန်းဖြင့်ပြန်၍ရောင်းချနိုင်သည်၊ မည်သည့်နောက်ဆက်တွဲ အကျိုးအမြတ်ကိုမဆို ၅၀/၅၀ တစ်ယောက်တစ်ဝက်ဆီခွဲဝေယူရမည်….ဟူ၍နောက်ဆုံးတွင် သူတို့က သဘောတူညီလိုက်လေသည်။ ပိုင်ရှောင်ချန်းက သူတို့ထံမှ အကျိုးအမြတ်များကို ယူနေသကဲ့သို့ ခံစားနေရသော်လည်း ကျိုးထောင်မှာ အတော်ကို ကျေနပ်နေပုံရသည်။ ပြုံးရယ်လိုက်ကြရင်း သူတို့က တာအိုကျမ်းကျိန်ခြင်းကို ကျိန်ဆိုလိုက်ပြီး ၎င်းကို ကျောက်စိမ်းပေလွှာဖြင့်မှတ်တမ်းတင်လိုက်သည်။ ထို့နောက် သူတို့က ၎င်းအား ရှင်းကုံကျစ်တာအိုဂိုဏ်း၏ တရားစီရင်ရာဌာနသို့ တရားဝင်သဘောတူညီမှုပြုလုပ်ရန် ပေးပို့လိုက်သည်။
မထွက်သွားသေးမီ ကျိုးထောင်က ပြုံး၍ မေးမြန်းလိုက်သည်။
” အစ်ကိုပိုင်…ကျွန်တော်အစ်ကို့ရဲ့ ကျော်ကြားတဲ့အထင်ကရနာမည်ကိုသိခွင့်ရှိမလား။ ကျွန်တော်တို့က အခုလုပ်ဖော်ကိုင်ဖက်တွေဖြစ်နေပြီဆိုတော့ အစ်ကို့အကြောင်းနည်းနည်းလောက်ပိုသိချင်လို့ပါ”
ပိုင်ရှောင်ချန်းက မေးကိုငေါ့ကာ သူ၏အင်္ကျီလက်ကိုဝေ့ယမ်းလိုက်ပြီး ဟိတ်ပြီးဟန်ကြီးဖြင့်ပြောလိုက်သည်။ “မင်းငါ့ကို သမားတော်ပိုင် လို့ခေါ်နိုင်တယ်”
အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက်တွင် ကျိုးထောင်က ထပ်မံ၍ပြုံးပြလိုက်ပြီးနောက် ထွက်သွားလေသည်။
နောက်ရက်များတွင် ပိုင်ရှောင်ချန်းက ဆေးလုံးများကို အရူးအမူးဖော်စပ်လိုက်တော့သည်။ ထို့အပြင် သူကဆေးလုံးငါးဆယ်မှ တစ်ရာအထိ သူ၏နေ့စဥ်ခွဲတမ်းကို တိုးမြှင့်ခဲ့သည်။
၎င်းမှာ သူ၏ကန့်သတ်ချက်ဖြစ်သည်။ ကျိုးထောင်က ဆေးလုံးများကို လာယူသည့်အချိန်တိုင်း သူက စွမ်းဆောင်ရည်ရမှတ် သုံးသောင်းကျော်ကို လွှဲပြောင်းရရှိလေသည်။ အကျိုးအမြတ်မှရရှိသော အပိုဝင်ငွေများကိုမူ ရောင်းချခြင်းပြီးဆုံးသည့်အခါမှသာ ရရှိပေမည်။
လျှပ်တစ်ပြက်အတွင်း နောက်ထပ်ခုနှစ်ရက် ကုန်လွန်သွားလေသည်။ ထိုအချိန်အတောအတွင်း ကောင်းကင်ဘုံအဖွဲ့အစည်း၏ ကြိုးစားအားထုတ်မှုကြောင့် အရှေ့ပိုင်းဒေသတွင် ဝမ်းမီးငြိမ်သက် ဆေးလုံးက ကြီးမားသောဂယက်ထမှုကို ဖြစ်ပေါ်စေခဲ့သည်။ နေရာတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားပြီး ထိုနေရာရှိ ကျင့်ကြံသူအပေါင်းမှာ အရူးအမူးဖြစ်နေကြလေသည်။ စျေးနှုန်းမှာ အတော်အတန်မြင့်မားသော်လည်း ကျင့်ကြံသူအများအပြားက ထိုဆေးလုံးများကိုဝယ်ယူကြပြီး မကြာမီ ဝိညာဥ်အစားအစာစျေးကွက်မှာ ကျဆင်းသွားသည်။
မကြာမီ အရှေ့ပိုင်းဒေသရှိကျင့်ကြံသူများအားလုံးမှာ ဝမ်းမီးငြိမ်သက် ဆေးလုံးများအကြောင်းကိုသာ ပြောနေကြတော့သည်။ ထို့အပြင် ကောင်းကင်ဘုံအဖွဲ့အစည်းက သမားတော်ပိုင်အား ချီးကျူးကြ လေသည်။ ရလာဒ်အနေဖြင့် အရှေ့ပိုင်းဒေသရှိ လူတိုင်းမှာ ဝမ်းမီးငြိမ်သက် ဆေးလုံးကို သမားတော်ပိုင် ဖော်စပ်ခဲ့ကြောင်း၊ ကောင်းကင်ဘုံအဖွဲ့အစည်းက သူ့အားကိုယ်စားပြုသည့် ရောင်းဝယ်ဖောက်ကားသူများထက် မပိုကြောင်း သိသွားကြသည်။
ပိုင်ရှောင်ချန်းက ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးဆန်းနေကြောင်း တွေ့လိုက်ရသော်လည်း သူတို့က သူ၏နာမည်အားဖြန့်နေခြင်းကို တားဆီးရန် ဘာမျှမလုပ်ခဲ့ပေ။ နောက်ဆုံးတွင် ကျိုးထောင်က စုစုပေါင်း သောင်းနှင့်ချီသည့် စွမ်းဆောင်ရည်ရမှတ် အကျိုးအမြတ်များကို လာရောက်ပေးလေသည်။ သူက အကျိုးအမြတ်မှာ ဆက်၍တိုးပွားလာလိမ့်ဦးမည်ဟု ပြောသောအခါ ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပင် ပို၍စိတ်လှုပ်ရှားတက်ကြွသွားလေသည်။
ပိုင်ရှောင်ချန်းမသိခဲ့သည်က ကောင်းကင်ဘုံ အဖွဲ့အစည်းမှာ ဝမ်းမီးငြိမ်သက် ဆေးလုံးများကိုရရှိပြီးနောက် သူတို့၏သမားတော်များက ကုန်ကျစရိတ်နှင့် အားထုတ်မှုလုံးဝမရှိပဲ ဆေးလုံးတစ်ရာကို သုံးထောင်ဖြစ်သွားအောင် ခွဲလိုက်ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် ဘေးထွက်ဆိုးကျိုးများမှာ အစွန်းရောက်၍ကြီးထွားလာသည်။
လွန်ခဲ့သောသီတင်းပတ်အတွင်း ပိုင်ရှောင်ချန်းက သူတို့ကိုဆေးလုံး ၇၀၀ ပေးခဲ့သည်၊ သို့သော်၎င်းတို့ကို သူတို့က ရောင်းရန်ဆေးလုံး ၂၀၀၀၀ ကျော်အဖြစ်ပြောင်းပစ်လိုက်သည်။ ထို့အပြင်သူတို့က အရှေ့ပိုင်းဒေသတွင်သာ ရောင်းသည်သာမက ၎င်းတို့အား အနောက်၊တောင်နှင့် မြောက်ပိုင်းဒေသတို့ဆီပါ ပေးပို့ရောင်းချလေသည်။ ပိုင်ရှောင်ချန်းမှာ အချိန်တိုလေးအတွင်း ဖြစ်ခဲ့သမျှကို မကြားမိလိုက်ချေ။
ပထမဦးဆုံးအနေဖြင့် ပိုင်ရှောင်ချန်းက စွမ်းဆောင်ရည်ရမှတ် ၂၀၀၀၀၀ ကျော်ကိုစုဆောင်းမိလေသည်။ စိတ်လှုပ်ရှားစွာဖြင့် နောက်ဆုံးတွင် ၎င်းတို့ထဲမှ ၁၀၀၀၀၀ ကို လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားဖြစ်ရန်အတွက် အသုံးပြုရန် သူကဆုံးဖြတ်ချက်ချလိုက်သည်။
အဝတ်အစားအသစ်မှာ အလွန်သက်သောင့်သက်သာရှိလှပြီး သူ၏တိုက်ပွဲဝင်သားရဲအပေါ် တက်စီးလိုက်သောအခါ သူကအလွန်အမင်းမဟာဆန်ကာ ခန့်ညားထည်ဝါလှသည်ဟု ခံစားလိုက်ရသည်။ သူက ဝမ်းမီးငြိမ်သက် ဆေးလုံး နှင့်အတူ တစ်မိုးအောက်ရှိအရာအားလုံးကိုအလွယ်တကူလွှမ်းမိုးနိုင်သည်။ သို့သော်လည်း သူက လမ်းတစ်လျှောက်ရှိသတ္တဝါအားလုံးကို မာနထောင်လွှားစွာဖြင့် ကြည့်ရှုနေစဉ် တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ ထိတ်လန့်သွားလျက် သူကတိုက်ပွဲဝင်သားရဲအပေါ်ရပ်လိုက်ပြီး လည်ပင်းကိုဆန့်၍ တစ်နေရာရှိကျင့်ကြံသူအားကြည့်လိုက်ရာ သူ၏အသားမှာအလျင်အမြန်ညှိုးခြောက်သွားသောကြောင့် မြေပြင်၌ထွန့်ထွန့်လူးနေလေသည်။
သူက မတုန့်ပြန်နိုင်မီ လူအုပ်ထဲရှိလူအများအပြားမှာ ရုတ်တရက်မြေပေါ်သို့လဲကျပြီး သူတို့၏ခန္ဓာကိုယ်များ ညှိုးခြောက်လာကာ အော်ဟစ်ငိုကြွေးကြတော့သည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေသည်။
” ဘာတွေဖြစ်နေတာလဲ…။ မြို့က အတိုက်ခိုက်ခံနေရတာလား” သူကချက်ချင်းပင် သူ၏တိုက်ပွဲဝင်သားရဲကို စိတ်စွမ်းအင်ဘုံဗိမာန်ဆီ ပြန်လှည့်စေလိုက်သည်။ လမ်းတစ်လျှောက်တွင် သူက အလွန်အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်မှာ လူဒါဇင်ပေါင်းများစွာက မြေပြင်ပေါ်လဲကျကာ သူတို့၏အသားများညှိုးခြောက်သွားခြင်းဖြစ်သည်။ အမှန်တွင် အရင်က သူတို့ထဲမှကျင့်ကြံသူတစ်ယောက်က သူ့ထံမှဆေးလုံးများဝယ်ယူခဲ့သူဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ယခင်ကထက် သူကထူးဆန်းသည့်အရာတစ်ခုခုဖြစ်နေကြောင်း ခံစားမိလိုက်သည်။
ကံမကောင်းစွာပင် အရာရာမှာ ဖြစ်ပျက်လာခဲ့ပြီးဖြစ်သည်။ နောက်ရက်တွင် အရှေ့ပိုင်းရှိ လူအများအပြားမှာ ရုတ်တရက် မယုံကြည်နိုင်လောက်သည့် ငတ်မွတ်ခေါင်းပါးသည့်ဒဏ်ကို ခံနေကြရသည်။ လူပေါင်းတစ်ရာအထက် ခံစားလိုက်ကြရပြီး သတင်းများမှာ တောမီးသဖွယ်ပျံ့နှံ့သွားလေသည်။
မည်သူမျှမသေဆုံးသော်လည်း သူတို့အားလုံး၏မရှိမဖြစ်စွမ်းအင်တို့မှာ ပျက်စီးဆုံးရှုံးကုန်လေသည်။ အချို့က အနည်းငယ်အနားယူပြီး ပြန်လည်နာလန်ထူနိုင်သော်လည်း အခြားသူများအတွက်မူဒဏ်ရာများမှာ ပိုမိုဆိုးရွားနေသည်။
ကျင့်ကြံသူများ၏အမျက်ဒေါသမှာ နှိုးကြွလာပြီး လူအများက အခြေအနေကိုစတင်လေ့လာသောအခါ ရုတ်တရက်ငတ်မွတ်ခေါင်းပါးခြင်း နှင့်ပိန်လှီခြင်းဒဏ်ကို ခံရသူအားလုံးမှာ ဝမ်းမီးငြိမ်သက် ဆေးလုံးများကို သောက်သုံးခဲ့ကြကြောင်း လျင်မြန်စွာပင် ထင်ရှားလာသည်။
သက်စောင့်စွမ်းအင် ထိခိုက်ပျက်စီးမှုက မည်မျှကြီးလေးကြောင်းနှင့် ပတ်သက်၍ မည်သူမျှဂရုမစိုက်ဘဲ မနေနိုင်ကြတော့ပေ။ လူတိုင်းက စိုးရိမ်နေကြပြီး ထိုကိစ္စအား အလေးထားလာကြသည်။ ထို့အပြင် တချို့လူတစ်ဦးချင်းစီတိုင်း၏ တီးတိုးစကားများကြောင့် လူများက ပိုင်ရှောင်ချန်းအပေါ် စတင်၍ အလျင်အမြန်ပင် အပြစ်တင်ကြတော့သည်။
” အဲဒီ ဝမ်းမီးငြိမ်သက် ဆေးလုံးတွေက အတုတွေဟ…”
” သမားတော်ပိုင်ဆိုတာကလည်း လူလိမ်ပဲ”
” သေစမ်း…။ ဒီနေရာမှာ အရာရာတိုင်းက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီးပြီ…။ လူတစ်ယောက်က အောက်တန်းကျပြီး ငါတို့ကိုအယုံယွင်း…နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်တယ်ဆိုတာ မယုံနိုင်ဘူး။ တကယ်လို့ ဒီနေရာမှာသာ စည်းမျဥ်းစည်းကမ်းတွေမရှိရင် ငါက သမားတော်ပိုင်ကို ကိုယ်တိုင်ကိုယ်ကျ သွားပြီးသတ်ပစ်မှာ”
လူအများစုမှာ ထိုလက္ခဏာများစတင်၍ပြလာကြသည်။ ထိခိုက်နစ်နာမှုမရှိသောအခြားကျင့်ကြံသူများနှင့် ထိခိုက်နစ်နာရသူများ၏ မိသားစုဝင်များ အားလုံးမှာ ဒေါသများတအုံ့နွေးနွေးအုံကြွလာသည်။ အမှန်တွင် လူအားလုံး၏ ထင်မြင်ချက်များ တိမ်းစောင်းသွားစေရန်နှင့် အရှေ့ပိုင်းဒေသတွင် ဒေါသမီးလောင်စာများ ထည့်ပေးနေကာ အားပေးအားမြှောက်လုပ်နေကြသောလူတစ်စုလဲရှိသည်။
အမျက်ဒေါသများမှာ အလျင်အမြန်ပင် လူသတ်ချင်စိတ်များအဖြစ်ပြောင်းသွားပြီး ပိုင်ရှောင်ချန်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်သော်လည်း ယခုအခါ အဏ္ဏဝါခေါ်သံဂိုဏ်းတွင်မဟုတ်ချေ။ ဤနေရာမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းဖြစ်ကာ သူကလည်း သူစိမ်းတစ်ယောက်သာ ဖြစ်နေသည်။ ထို့အပြင် သူ့ထံ၌ ကာကွယ်စောင့်ရှောက်ပေးမည့်သူမရှိချေ။ ထိုကဲ့သို့ သူ့ထံဦးတည်နေသော မြင့်တက်လာနေသည့် အမျက်ဒေါသများကြောင့် သူက သေစေနိုင်လောက်သည့် အကျပ်အတည်းကိုခံစားနေရသည်။
မကြာမီ သူ၏စိတ်ထဲအထိ ကြောက်ရွံ့သည့်အချိန်တစ်ခုသို့ရောက်လာသည်။ ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ သူက အလားတူအခြေအနေမျိုးကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ကြုံတွေ့ဖူးပြီးသားဖြစ်ရာ မည်သည့်အရာမျှ မဖြစ်ပျက်သေးမီ သူ၏အိတ်များကိုထုပ်ပိုးပြီး ညအချိန်တွင် ထွက်ပြေးတော့သည်။
ယခုသူက များပြားလှသော စွမ်းဆောင်ရည်ရမှတ်များကို ရရှိသည့်အမြင့်ဆုံးအခြေအနေမှ ရုတ်တရက် နိမ့်ပါးသွားလေသည်။ သူထိုကဲ့သို့ဖြစ်သွားရခြင်းမှာ ကောင်းကင်ဘုံအဖွဲ့အစည်း၏ ကစားခြင်းကို ကောင်းကောင်းခံလိုက်ရသောကြောင့်ဖြစ်သည်။
” မင်းတို့ ကောင်းကင်ဘုံအဖွဲ့အစည်းက ခွေးသားတွေ…။ မင်းတို့ကောင်တွေကို ငါတစ်ခါမှ စိတ်အနှောင့်အယှက်မပေးခဲ့ဖူးဘူးကွ..” အံကိုကြိတ်ကာ အမှောင်ထုကိုအကာအကွယ်ယူ၍ သူ့ကိုယ်သူအလွန်စိတ်မကောင်းဖြစ်နေပြီး တချိန်တည်းမှာပင် အလွန်အမင်း ဒေါသဖြစ်နေလျက် အမှောင်ထုတစ်လျှောက် ပျံသန်းသွားတော့သည်။
ထိုကဲ့သို့ အကွက်ချကာ ကစားခံလိုက်ရခြင်းမှာ အလွန်မျက်နှာပျက်စရာကောင်းသည့်ကိစ္စဖြစ်ပြီး သူ၏မျက်လုံးများတွင် ဒေါသမီးများ တလက်လက် တောက်ပလာသည်။ သူက အောက်ခြေရှိအခြေအနေများကိုမသိပဲ ထွက်ပြေးရန်မလုပ်ဆောင်ချေ။ ကောင်းကင်ဘုံအဖွဲ့အစည်းမှ မည်သူ့ကိုမျှ ထိပ်တိုက်ရင်ဆိုင်မတွေ့တော့ပဲ ဘေးထွက်ဆိုးကျိုးဒဏ်ကိုခံစားခဲ့ရသော လူအချို့ကိုရှာဖွေလိုက်ပြီး သူကိုယ်တိုင်အနည်းငယ် လက်တွေ့စုံစမ်းပြုလိုက်သည်။ မကြာမီ အမှန်တရားကို သူနားလည်သွားခဲ့သည်။
” ဒီလူတွေသုံးစွဲခဲ့တဲ့ ဒီဝမ်းမီးငြိမ်သက် ဆေးလုံးတွေကို ပြောင်းလဲပြင်ဆင်ထားတာပဲ။ ဒီဆေးလုံးတွေက ကောင်းကင်ဘုံအဖွဲ့အစည်းကို ငါပေးခဲ့တဲ့ဆေးတွေမှမဟုတ်တာ..။ ငါ့ဆေးလုံးတွေမှာ မသန့်စင်မှုအချို့ ပါဝင်ကောင်းပါဝင်နိုင်တယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ သက်စောင့်စွမ်းအင် အနည်းငယ်ပဲ ပျက်စီးစေဖို့ ကန့်သတ်ထားပြီးသား။ ဒီကျန်ရှိတဲ့အနည်းငယ်ကို ပြန်ပြင်လို့ရနိုင်တော့မှာမဟုတ်ဘူး။ ဆာလောင်မွတ်သိပ်ခြင်းနဲ့ စွမ်းအင်လျော့ကျခြင်းမရှိတာကို လတစ်ဝက်လောက် အဲဒီအသေးစားတစ်စုံတစ်ခုနဲ့ လဲလှယ်လိုက်ရတာက ထိုက်တန်ပါတယ်ကွာ…”
” ဒါပေမဲ့ကောင်းကင်ဘုံအဖွဲ့အစည်းက ငါ့စိတ်စွမ်းအင်ဆေးတွေကိုပြောင်းလဲပြီး ပိုပြီး အန္တရာယ်ရှိအောင်လုပ်ခဲ့တယ်။ သူတို့က ဆေးရဲ့သက်ရောက်မှုကိုတောင် လျော့ချပစ်ခဲ့တာ”
” သူတို့ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ..” အံကိုကြိတ်၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကိုထုတ်သုံးကာ အရှေ့ပိုင်းဒေသမှ မြောက်ပိုင်းဒေသသို့ပျံသန်းလိုက်သည်။ သို့သော်လည်း သူရောက်ရှိလာပြီးနောက် ဝမ်းမီးငြိမ်သက် ဆေးလုံးများကို သောက်သုံးမိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ကို တွေ့လိုက်ရသောအခါ သူအံ့အားသင့်မိသွားသည်။ ထိုအချက်ကြောင့် အတွေးတစ်ခုမှာ သူ့ခေါင်းထဲ လျှပ်စီးတစ်ခုနှယ် ရိုက်ခတ်သွားသည်။
” ငါသဘောပေါက်ပြီ..။ ကောင်းကင်ဘုံအဖွဲ့အစည်းက ကုံမြို့မှာ အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုပဲ..။ ပြီးတော့သူတို့က ဆိုင်သေးတွေ၊ ဆိုင်ကြီးတွေ အများစုကို ထိန်းချုပ်ထားကြတယ်။ မြို့ထဲမှာ အကျိုးအမြတ်ကြီးကြီးမားမားရတာက ဝိညာဥ်စားသောက်ဆိုင်တွေဆီကပဲ။ ပြီးတော့ ဝမ်းမီးငြိမ်သက် ဆေးလုံးက သူတို့ရဲ့ဝိညာဥ်အစားအစာလုပ်ငန်းတွေကို အကြီးအကျယ်ထိုးနှက်ခဲ့တယ်….”
” သူတို့ငါဆီလာခဲ့တာက ဆေးလုံးတွေကိုအတူတူရောင်းဖို့မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံးတွေရဲ့ ဂုဏ်သတင်းကို လုံးလုံးလျားလျားဖျက်ဆီးပစ်လိုက်ကြဖို့ပဲ..”
သူကဖြစ်ပျက်သမျှကို နားလည်လာသောအခါ ပို၍ ဒေါသထွက်လာတော့သည်။
” ကောင်းတယ်…ဒါက စိတ်ဝင်စားစရာမကောင်းဘူးလား။ မှော်ပညာရပ်လဲမသုံးဘူး…။ ငါ့ကိုလဲ လုပ်ကြံသတ်ဖြတ်မနေဘူး။ သူတို့က သူတို့နည်းလမ်းနဲ့ အောင်ပွဲခံဖို့ ကြံစည်ခဲ့ကြတယ်။ ကောင်းပြီလေ …ပိုင်ရှောင်ချန်းကလည်း အဲ့လိုမျိုးကစားတတ်ပါတယ်ကွ..။ မင်းတို့စောင့်နေလိုက်ကြ… ကောင်းကင်ဘုံ အဖွဲ့အစည်းရေ…။ စောင့်နေလိုက်ကြစမ်းပါ…” အံကိုကြိတ်လျက် သူက မြောက်ပိုင်းဒေသ၌ အခြေချနေထိုင်လိုက်တော့သည်။