ညအမှောင်ထု ကြီးစိုးလာပါသော်လည်း ပိုင်ရှောင်ချန်းသည် ယခင်နှင့်မတူ ကွဲပြားစွာ ဆေးလုံး ဖော်စပ်ခြင်းကို အရူးအမူးစွဲလမ်းလာတော့သည်။ နေထွက်လာချိန်ဝယ် ဝမ်းမီးငြိမ်သက်ဆေး အလုံး၅၀ ဖော်စပ်ပြီးသွားလေရာ စိတ်စွမ်းအင်ဘုံဗိမာန်ထဲမှ အလျင်အမြန်ပြေးထွက်၍ လူအများစုဝေးရာနေရာသို့ သွားလိုက်သည်။
ဤတစ်ကြိမ်တွင် သူ၏စျေးဆိုင်အား ခင်းကျင်းပြီး ဆေးပုလင်းများထုတ်ရုံရှိသေးသည် ကျင့်ကြံသူလူအုပ်လိုက်ကြီး စုဝေးလာကာ တွန်းရင်း တိုက်ရင်း ဆေးလုံးအနည်းငယ်ဝယ်ရန် အလုအယက်ဖြစ်နေကြတော့သည်။
မကြာမီ ဝမ်းမီးငြိမ်သက် ဆေးလုံး ၅၀ ကုန်သွားလေပြီ။ ပိုင်ရှောင်ချန်း လုံးဝ တုန်လှုပ်နေတော့သည်။ သို့သော်လည်း အနည်းငယ် တွေးတောလိုက်ပြီးနောက် မည်သည့်အတွက်ကြောင့် ဆေးလုံးများ အရောင်းသွက်ရသည်ကို သဘောပေါက်သွားတော့သည်။
မြို့ထဲက မတန်မဆစျေးများခေါင်ခိုက်နေသည့် ဝိညာဥ်အစားအစာများနှင့် ယှဥ်လျှင် ဆေးလုံးများမှာ အလွန်စျေးပေါလေသည်။ ထိုမျှသာမက အစွမ်းလည်း ထက်လေရာ ထိုဆေးလုံးများကြောင့် မည်သူက စိတ်မလှုပ်ရှားပဲ နေနိုင်မည်နည်း။ အသေအချာစဥ်းစားပြီးနောက် ပိုင်ရှောင်ချန်းက သူ၏စျေးနှုန်းများကို မမြှင့်ရန် ဆုံးဖြတ်လိုက်သည်။ သူစိုးရိမ်ရသလောက် မြို့သူမြို့သားများမှာ အဆင်မပြေမှုပေါင်းများစွာ ခါးစည်းခံနေခဲ့ရသည့်အပြင် သူသည်လည်း အကျိုးအမြတ်များစွာ ရနေလေပြီမဟုတ်ပါလော။
သို့သော်လည်း နောက်တစ်နေ့ ဆိုင်တစ်ခုရှေ့မှ ဖြတ်လျှောက်သွားစဥ် ဝမ်းမီးငြိမ်သက် ဆေးလုံးတစ်လုံးကို စွမ်းဆောင်ရည်အမှတ် ၃၀၀၀ဖြင့် ရောင်းနေကြောင်းသတိပြုမိလိုက်သောအခါ အလွန်တရာ အံ့အားသင့်သွားတော့သည်။
လူစုဝေးရာနေရာသို့ ရောက်ရှိချိန် သူ မထိုင်ရသေးခင်မှာပင် ကျင့်ကြံသူရှစ်ဦးမှာ အလောတကြီးပြေးလာပြီး ရှေ့ဆုံးရောက်ရန် သတ်ပုတ်နေကြလေသည်။ ထို့ပြင် သူတို့တစ်ယောက်ချင်းစီက ဆေးလုံးအကုန်လုံးအား ဝယ်ယူလိုကြလေသည်။
ယခုတွင် ပိုင်ရှောင်ချန်းမှာ သတိပြုမိသွားပြီး သုံးသပ်ဆင်ခြင်ကြည့်ပြီးသော် ထိုကျင့်ကြံသူများအားလုံးသည် အရှေ့ဘက်ခြမ်းရှိ ဆိုင်အမျိုးမျိုး၏ အလုပ်သမားများဖြစ်ကြောင်း သိသွားလေတော့သည်။ သိသာထင်ရှားစွာပင် သူတို့က ဆေးလုံးကို စျေးနည်းနည်းဖြင့်ဝယ်လိုကြပြီးနောက် အမြတ်များများဖြင့် ပြန်ရောင်းကြလေမည်။
ပိုင်ရှောင်ချန်းမှာ အလွန်တရာ မကျေမနပ်ဖြစ်သွားပြီး ချက်ချင်းပင် စျေးနှုန်းနှင့်ပတ်သက်ပြီး စည်းကမ်းအသစ်တစ်ရပ် ထုတ်ပြန်လိုက်သည်။ ဝယ်ယူသူတစ်ယောက်စီတိုင်းသည် ဆေးလုံးတစ်လုံးကိုသာ ပုံမှန်စျေးဖြင့် ရနိုင်မည်။ နှစ်လုံးဝယ်လျှင် နှစ်ဆစျေးဖြစ်မည်။ သုံးလုံးဝယ်လျှင် သုံးဆ။ သို့သော်လည်း ထိုစည်းကမ်းအသစ်မှာ အကျိုးသက်ရောက်မှုသိပ်မရှိပေ။ ထို့ပြင် ကုံ မြို့တော်က ကျင့်ကြံသူများသည် ကောက်ကျစ်စဥ်းလဲကြသူ အများဆုံးရှိရာနေရာဖြစ်ပေသည်။
ပိုင်ရှောင်ချန်းသည် ပေါ့ပေါ့တန်တန် လျစ်လျူရှုလိုက်ပြီး ဆေးလုံးများ ဆက်လက်ရောင်းချလာသည်မှာ ၇ရက်ပင်ရှိလာလေပြီ။ ထိုအချိန်တွင် သူသည် စွမ်းဆောင်ရည်အမှတ် ၁၀၀၀၀ နီးပါး စုမိဆောင်းမိလာလေပြီ။
ထိုအချိန်တွင် အရှေ့ပိုင်းဒေသတွင် ဝမ်းမီးငြိမ်သက် ဆေးလုံးများကြောင့် ပွက်လောရိုက်လာကြတော့သည်။ မြို့တော်အတွင်းရှိ အတန်ငယ် အရှိန်အဝါကြီးမားသော အဖွဲ့အစည်းများအပါအဝင် လူအတော်များများ ထိုဆေးလုံးများအကြောင်းကြားဖူးနေကြလေသည်။
ကုံမြို့တော်တွင် အခြေခံအားဖြင့် အင်အားကြီး အဖွဲ့အစည်းများ မရေမတွက်နိုင်အောင်ရှိလေသည်။ အကြီးဆုံးနှင့် အရှိန်အဝါအကြီးဆုံးမှာ စျေးဆိုင်များ၏ ၈၀ရာခိုင်နှုန်းနီးပါးကို လွှမ်းမိုးချုပ်ကိုင်ထားသော ကောင်းကင်ဘုံအဖွဲ့အစည်းဖြစ်သည်။ ထိုသို့ လက်ဝါးကြီးအုပ်မောင်ပိုင်စီးထားသော်လည်း သူတို့နောက်ကွယ်တွင် နတ်အဆင့်ခေါင်းဆောင်ရှိရာ မျိုးနွယ်စုက ချုပ်ကိုင်ထားသည့်အချက်ကြောင့် မည်သူမှ သူတို့အား ရန်မစရဲပေ။
အရှေ့ပိုင်းတွင် ကောင်းကင်ဘုံအဖွဲ့အစည်းကိုစီမံကွပ်ကဲသည့် လူသုံးယောက်သာ ရှိလေသည်။ သူတို့သုံးယောက်စလုံးသည် ကျော်ကြားသော လိမ္မော်ရောင်အဆင့်ဂိုဏ်းသားများဖြစ်ကြလေသည်။ လက်ရှိအချိန်တွင် သူတို့သည် လျှို့ဝှက်နေရာတစ်ခုတွင် တွေ့ဆုံနေကြပြီး မျက်နှာပေါ်တွင် လေးနက်နေသာ အမူအရာများဖြင့် ဝမ်းမီးငြိမ်သက်ဆေးလုံးတစ်လုံးအား လေ့လာနေကြသည်။
သူတို့လက်ထဲတွင် ကိုင်ရင်း ဖင်တစ်ပြန် ခေါင်းတစ်ပြန်လှည့်လိုက်၊ ရှုထောင့်အမျိုးမျိုးမှ ကြည့်လိုက် လုပ်နေကြသည်။ တစ်ယောက်မှ စကားမပြောကြပေ။ အချိန်အနည်းငယ်ကြာသော် လျှို့ဝှက်အခန်းအပြင်ဘက်မှ လူတစ်ယောက်က လှမ်းနှုတ်ဆက်လိုက်လေသည်။
အပြင်ဘက်တွင် ရပ်နေသူမှာ တစ်ခေါင်းလုံး ဆံပင်ဖြူများ ဖွေးဖွေးလှုပ်နေသည့် အဘိုးအိုတစ်ဦးပင်။ အားပြင်းသောဆေးအရှိန်အဝါတစ်ခုက သူ့ကိုလွှမ်းခြုံထားပြီး သူဝင်လာသည်နှင့် လိမ္မော်ရောင်ဝတ်ရုံကျင့်ကြံသူသုံးယောက်မှာ ထပြီး လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။
အဘိုးအိုက စကားတစ်ခွန်းမပြန်မပြောပေ။ဝမ်းမီးငြိမ်သက်ဆေးဆေးလုံးကို လက်ညှိုးထိုးပြလိုက်ရင်း သူကပြောလိုက်သည်။
” ဒီဆေးလုံးမှာ မတူညီတဲ့ ဆေးအကျိုးသက်ရောက်မှု ၁၂၃မျိုးပါဝင်တယ်။ အဲ့လိုသက်ရောက်မှုတွေအများကြီးပေါင်းစပ်လိုက်တာက အဆုံးအစမရှိတဲ့ ပြောင်းလဲမှုတွေ ဖြစ်သွားစေတယ်။ ငါ့ဘဝမှာ ဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
“ပါဝင်ပစ္စည်းတွေအရဆိုရင် ဆေးပင်အမျိုးကွဲပေါင်း၁၉မျိုးပါဝင်တယ်။ အဲဒီဆေးပင်တွေက အတူတူပေါင်းစပ်သွားပြီး မတူညီတဲ့အကျိုးသက်ရောက်မှု ၁၂၃မျိုးကိုဖြစ်သွားစေတာပဲ ။ ငါထင်တာမှန်မယ်ဆိုရင် ဒီဆေးဖော်ဖို့ တမူထူးခြားတဲ့ ဆေးဖော်စပ်နည်း ပညာရပ်ကို သုံးထားတာပဲ”
” ဘယ်သူပဲ ဒီဆေးကို ဖော်ထုတ်ပါစေ.. တာအိုဆေးပညာကျွမ်းကျင်မှုမှာတော့ ငါ့ပြိုင်ဘက်မဟုတ်ပေမယ့် အပြန်အလှန်ကြီးထွားခြင်းနဲ့ ဖိနှိပ်ခြင်းနည်းလမ်းတွေမှာဆိုရင်တော့ သူက သေချာပေါက်ငါ့ထက်သာတယ်” အဘိုးအိုသည် ထိုဆေးလုံးအား ခုနစ်ရက်ကြာ လေ့လာခဲ့ရပြီး သူမြင်ရသမျှတို့ကြောင့် အလွန်တရာတုန်လှုပ်ခဲ့ရသည်။
လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားတစ်ဦးက မအောင့်အည်းနိုင်ပဲ မေးလိုက်သည်။
” ဖော်စပ်နည်းနဲ့ နည်းလမ်းကို ပြန်ထုတ်ပြီး ကျုပ်တို့အတွက် ခင်ဗျားဖော်ပေးနိုင်တဲ့ နည်းလမ်းများမရှိဘူးလား”
” မင်းငါ အခုလေးတင်ပြောလိုက်တာကို နားမလည်ဘူးထင်တယ်။ ဒီလိုဟေ့..။ ဝမ်းမီးငြိမ်သက်ဆေးဆေးလုံးအကြောင်း ငါအရင်တုန်းက တစ်ခါမှတောင်မကြားဖူးဘူး အဲ့ဖော်စပ်နည်းကိုလဲ ငါတစ်ခါမှ မမြင်ဖူးဘူးလို့ပဲ မင်းကိုပြောချင်တယ်။ အားနည်းချက်နဲနဲရှိပေမယ့်လည်း စားလိုက်ရင် ဘာမှ ကြီးကြီးမားမားမထိခိုက်ဘူး။ အဆိုးဆုံးဖြစ်နိုင်တာက သက်စောင့်အား ယာယီဆုံးရှုံးသွားစေတာပဲ။ ဒါပေမယ့်လဲ အဲ့လိုဆုံးရှူံးသွားတာက မြန်မြန်ပြန်သက်သာသွားလိမ့်မယ်။ ပြီးတော့ ဆေးစားပြီးတာနဲ့ ကျင့်ကြံသူတစ်ယောက်က တစ်လလောက် သူ့စွမ်းအင်ကုန်ခမ်းတာကို တောင့်ခံနိုင်တယ်ကွ။ နောက်ဆုံးသုံးသပ်ချက်အရတော့ ဒီဆေးဖော်စပ်နည်းကို ထွင်လိုက်တာမကြာသေးဘူး ဖြစ်မယ် ”
” ငါက ဒီလိုအစွမ်းထက်ပြီး ပူပူနွေးနွေးတီထွင်ထားတဲ့ ဆေးဖော်နည်းကို ဒီတိုင်းလေး လေ့လာသုံးသပ်လိုက်ပြီးတော့ ထုတ်ပေးနိုင်မယ်လို့များ မင်းတို့ ထင်နေကြတာလား။ ငါအဲ့လောက်အစွမ်းအစမရှိဘူးကွ”
မျက်လုံးများ တလက်လက်တောက်ပနေရင်း အဘိုးအိုက ဆက်ပြောသည်။
” ဒါပေမယ့်လဲ ငါလုပ်ပေးနိုင်တာကတော့ ရှိပြီးသားဆေးလုံးတစ်လုံးကို ယူပြီး တစ်လုံးထက်ပိုအောင် ခွဲပစ်ပေးနိုင်လောက်တယ်။ ကံမကောင်းတာကတော… အဲ့လိုလုပ်ရင် အရည်အသွေးကျသွားပြီး ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးများလာလိမ့်မယ်”
လိမ္မော်ရောင် ဝတ်ရုံဂိုဏ်းသားများမှာ တစ်ခွန်းမှ မတုံ့ပြန်ပေ။ အကယ်၍ ထိုဆေးလုံးများကို ထုတ်နေပြီး ကုံမြို့သူမြို့သားများအား ဆက်လက်ရောင်းချနေလျှင် ဝိညာဥ်စားစရာများရောင်းချနှုန်းအပေါ်တွင် ပြင်းပြင်းထန်ထိခိုက်နစ်နာမှုဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း သူတို့အားလုံးသိလေသည်။ နောက်ဆုံးတွင် စက်ရုံအားလုံးကိုပင် ပိတ်ပစ်ရနိုင်လောက်သည်။
သိသာထင်ရှားစွာပင် ကောင်းကင်ဘုံအဖွဲ့အစည်းသည် လူမှုရေး၊ စီးပွားရေးဗျူဟာများကို ပြောင်းလဲလိုစိတ်မရှိပေ။
သူတို့သာ ဆေးဖော်နည်းကို ရယူနိုင်လျှင် ထိုအခြေအနေကို ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ဆေးဖော်သည်ကိုပင် တား၍ပင်ရနိုင်လောက်သည်။
လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားသုံးယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့ထဲမှနှစ်ယောက်က သုံးယောက်မြောက်လူဘက်ကိုလှည့်လိုက်သည်။
” လူသတ်တာကို ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့စည်းမျဥ်းအရ အပြင်းအထန်တားမြစ်ထားတယ်” နှစ်ယောက်ထဲကတစ်ယောက်က ပြောသည်။
“ဒီတော့ ငါတို့ အဲဒါကို တတ်နိုင်သမျှရှောင်ရမယ်။ အဓိကဌာနချုပ်တွေကတောင် သဘာတူထားတယ်” နှစ်ယောက်လုံးက လေးစားမှုအပြည့်ဖြင့် လက်ယှက်လိုက်ကြသည်။ “ဒါကြောင့် တာအိုရောင်ရင်း ကျိုး… ခင်ဗျား ဒီဆေးရောင်းနေတဲ့ကျင့်ကြံသူနဲ့ဆက်သွယ်ပြီး ဆေးဖော်နည်းလေးများယူပေးနိုင်မလား.။ အဲ့လိုမှမဟုတ်ရင်တော့.. ဟင်းး.. ကျုပ်တို့ ပူးပေါင်းရမယ့်နည်းလမ်းကိုသုံးဖို့ပဲရှိတော့တယ် ထင်တယ်”
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် လွန်ခဲ့သည့် ခုနစ်ရက်လုံး စည်းစိမ်အပြည့်ခံစားနေလေသည်။ သူမှာ စွမ်းဆောင်ရည်ရမှတ်များ များပြားလာခြင်းကြောင့် အံ့သြကျေနပ်နေပြီး စျေးအကြီးဆုံး ဝိညာဥ်အစားအစာများဝယ်၍ အဆက်မပြတ်ဖြုန်းတီးပစ်နေတော့သည်။ သူသည် မှော်ပစ္စည်းရုံကိုပင်သွားကာ မှော်ပစ္စည်းများနှင့် အကာအကွယ်ရတနာအမြောက်အမြားဝယ်လာလေသည်။
ကုံမြို့တော်တွင် သူကို အများဆုံး စိတ်လှုပ်ရှားစေသည့်အရာမှာ စီးစရာ သားရဲများရောင်းသည် ဆိုင်များပင်ဖြစ်ချေသည်။ စျေးအကြီးဆုံးသည် စွမ်းဆောင်ရည်ရမှတ်သန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်ပြီး စျေးအပေါဆုံးသည်ပင် တစ်သိန်းကျော်ရှိလေသည်။
ပိုင်ရှောင်ချန်းမှာ စီးစရာသားရဲတစ်ကောင်ရှိလျှင်ဆိုသော အတွေးဖြင့် အရူးအမူးဖြစ်နေလေသည်။ အမှန်တွင် သူမြင်ရသရွေ့ မြို့ထဲတွင် ထိုသားရဲများဖြင့် လျှောက်သွားနေသည့် ကျင့်ကြံသူအားလုံးမှာ သာမန်ထက်ထူးကဲသော လူများပင်ဖြစ်လေသည်။ ထိုအာသီသမှာ သူ့နှလုံးအိမ်ထဲတွင် တရွရွဖြစ်လာသော်လည်း ကံမကောင်းစွာ တကယ်တမ်း တစ်ကောင်တစ်လေပင် မဝယ်နိုင်သောကြောင့် စိုးရိမ်သောကရောက်နေတော့သည်။ ထို့ကြောင့် ရက်အနည်းငယ်သည်းခံကြည့်ပါသော်လည်း မအောင့်နိုင်သည့်နောက်ဆုံး စွမ်းဆောင်ရည်အမှတ် တစ်သိန်းကျော်သုံး၍ စီးစရာ သားရဲတစ်ကောင်အားဝယ်လိုက်တော့သည်။
မြို့တော်အတွင်းရှိ ကျင့်ကြံသူအများစုအတွက်မူ ထိုကဲ့သို့ စီးစရာသားရဲတစ်ကောင်သည် ဇိမ်ခံပစ္စည်းတစ်ခုအလားပင်။ ၄င်းသည် မီတာ ၉၀တိတိရှည်လားပြီး ကြောက်မက်ဖွယ်ကောင်းသော မိကျောင်းကြီးတစ်ကောင်အလားပင်။ ၄င်းတွင် မျက်လုံးသုံးလုံးရှိကာ သံချပ်ကာကဲ့သို့သော အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး အစောပိုင်းအခြေခိုင်မာခြင်းအဆင့်နှင့် ယှဥ်၍ရနိုင်သော ကျင့်ကြံခြင်းအခြေခံတစ်ခုရှိလေသည်။
ပိုင်ရှောင်ချန်းက မိကျောင်းကြီး၏ကျောပေါ်တွင် ထိုင်လိုက်သောအခါ အလွန်တရာ ကြီးကျယ်မြင့်မြတ်၍ ခမ်းနားထည်ဝါသွားသည်ဟု ခံစားလိုက်ရလေသည်။ ၄င်း၏ဟိန်းဟောက်သံမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး ၄င်းကို စီး၍ စိတ်စွမ်းအင်ဘုံဗိမာန်ကို ပြန်သွားရာတွင် အလွန် အားကျမနာလိုခံနေရလေသည်။
“နောက်ရက်နဲနဲကြာရင် နေဖို့နေရာအသစ်ရှာရမယ်” သူကတွေးလိုက်သည်။ “ဒီစိတ်စွမ်းအင်ဘုံဗိမာန်က ငါနဲ့မတန်တော့ဘူး။ အင်မော်တယ်ဂူတစ်လုံးလိုတယ်။ ပြီးတော့ အားလုံးထဲက အကောင်းဆုံးပဲဖြစ်ရမယ်” ဂုဏ်ယူဝင့်ကြွားခြင်းများဖြင့် သူ့မျက်လုံးများတောက်ပနေစဥ် သူ၏စိတ်စွမ်းအင်ဘုံဗိမာန်ရှေ့တွင် လိမ္မော်ရောင်ဝတ်ရုံ ကျင့်ကြံသူတစ်ယောက်က လက်နောက်ပစ်၍ သူ့ကို စောင့်နေကြောင်း သတိထားမိလိုက်သည်။
သူ့ကို ဝတ်ရုံနီကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ဝန်းရုံထားပြီး အကုန်လုံးမှာ အင်အားများပြည့်ဝကာ တိုက်ခိုက်ရန်အသင့်ဖြစ်နေကြလေသည်။ အမှန်တွင် သူတို့သည် စိတ်စွမ်းအင်ဘုံဗိမာန်တစ်ဝိုက်တွင် ပြင်းထန်သောဖိအားများ သက်ရောက်ခြင်းမရှိစေရန် သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ဖိနှိပ်မထားပေ။
သို့သော်လည်း လိမ္မော်ရောင်ဂိုဏ်းသားသည်ပင်လျှင် အခြေခိုင်မာခြင်းအဆင့်မဟာရပ်ဝန်းတွင်သာရှိသေးသည်။ အခြားသော အခြေခိုင်မာခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာမူ သူ့ကို ခြိမ်းခြောက်နိုင်မည့်ပုံမရှိသောကြောင့် ပိုင်ရှောင်ချန်း လျစ်လျူရှုလိုက်လေသည်။
သူတို့က သူ့ကိုကြည့်နေပြီး သူက သူတို့ကို ပြန်ကြည့်လိုက်သည်။ လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားမှာမူ ပိုင်ရှောင်ချန်း၏ မျက်နှာကို မြင်သည်နှင့် သူ၏အမူအရာ အလွန်လေးနက်သွားလေသည်။
မြို့ထဲရှိ လူတိုင်းသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံအား အကန့်အသတ်တစ်ခုအထိ ဖုံးကွယ်ထားလေ့ရှိသည်။ သို့သော်လည်း လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားမှာမူ ထိုလူက သူ့ထက် အားနည်းသည် ဟုတ်လား၊မဟုတ်လား ဂရုတစိုက် စေ့စေ့စပ်စပ်ဖြင့် အကဲခတ်နေလေသည်။ သူအကဲမခတ်နိုင်သည့်လူများမှာ အခြေခိုင်မာခြင်းအဆင့်၏ မဟာရပ်ဝန်း သို့မဟုတ် ထို့ထက်အဆင့်မြင့်သော လူများသာဖြစ်သည်။
လက်ရှိအချိန်တွင် သူက ပိုင်ရှောင်ချန်းကို မည်သို့မှ အကဲဖြတ်၍မရပေ။
သို့သော်လည်း ပိုင်ရှောင်ချန်းက အမြုတေအဆင့်ရောက်နေလိမ့်မည်ဟု သူမထင်ပေ။..အဘယ်ကြောင့်ဆိုသော် ကုံမြို့တော်မှာ မည်မျှပင် လူနေထူထပ်သော်လည်း အမြုတေအဆင့်ကျင့်ကြံသူများမှာ မရှိသလောက်နည်းပါးသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင်…. ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံရှိလျှင်ပင် တာဝန်များသာသွားရောက်ထမ်းဆောင်၍ သက်တန့်နယ်မြေထဲဝင်ရန် စွမ်းဆောင်ရည်ရမှတ်များ ရှာဖွေနေလိမ့်မည်။
“အင်း. ပြဿနာပဲ….” လိမ္မော်ရောင်ဝတ်ရုံကျင့်ကြံသူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ ပိုင်ရှောင်ချန်း၏နောက်ကြောင်းများကို လိုက်လံစုံစမ်းသော်လည်း သူ၏ မျိုးရိုးနာမည်က လွဲ၍ တခြားအချက်အလက်များတစ်ခုမှ ရှာမရပေ။ တခဏကြာသော် သူရင်ဆိုင်နေရသည့် ကျင့်ကြံခြင်းအဆင့်ကို စဥ်းစားကြည့်ပြီး အလျင်စလိုမလှုပ်ရှားသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ဝမ်းမီးငြိမ်သက်ဆေးလုံးသည် အလွန်အရေးကြီးလှသဖြင့် ၄င်းကိုပြုလုပ်သူနှင့် ပူးပေါင်းရန် ကြိုးစားခြင်းဖြင့် စတင်ခြင်းသည်သာလျှင် ဤအခြေအနေတွင် အကောင်းဆုံးရွေးချယ်မှုဖြစ်ပေသည်။ သူ၏မှုန်ကုပ်ကုပ်မျက်နှာသည် ပြုံးလာတော့သည်။
ပိုင်ရှောင်ချန်းအနားရောက်လာသည်နှင့် လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားသည် လက်ယှက်၍ ဦးညွှတ်လိုက်သည်။
” နောင်ကြီးပိုင်.. .ထင်ပါတယ်.. ကျုပ်က ကောင်းကင်ဘုံ အဖွဲ့အစည်းရဲ့ အထွေထွေတာဝန်ခံ ကျိုးထောင် ပါ.. ။ ခင်ဗျားနဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံးအကြောင်း ဆွေးနွေးနိုင်မယ်လို့ မျှော့်လင့်ပါတယ်။ ကျုပ်တို့သာ ပူးပေါင်းရင် အမြတ် တစ်ပုံတစ်ခေါင်းရနိုင်မယ်လို့ ထင်ပါတယ်”