Switch Mode

အခန်း ( ၃၈၂ )

ဝမ်းမီးငြိမ်သက် ဆေးလုံး

” တကယ်လို့ ရလာဒ်အနေနဲ့ဆိုးဆိုးဝါးဝါး အရာအချို့ဖြစ်လာခဲ့ရင်လဲ… ငါဂရုမစိုက်ဘူး။ အရာရာတိုင်း ဆိုးဝါးခဲ့ရတာကိုက လုံလောက်နေပြီ…။ ငါ ဘာကိုကြောက်နေရဦးမှာလဲ။ ငါက ဆာလောင်မွတ်သိပ်မှုကို ကြာရှည်ခံအောင်တားဆီးနိုင်တဲ့ ဆေးဝါးတစ်မျိုးမျိုးကို ဖော်စပ်ရမယ်။ တကယ်တော့ အဲ့ဆေးလုံးအတွက် နာမည်တောင် ပေးပြီးပြီကွ…ဝမ်းမီးငြိမ်သက် ”
မျက်လုံးများရဲရဲနီလျက် သူ၏အိတ်ကိုပုတ်လိုက်ကာ ဆေးပေါင်းဖိုတစ်ခုနှင့် မီးတောက်ကျောက်တုံးအချို့အား ထုတ်လိုက်လေသည်။ သူ့ကိုယ်သူ အေးဆေးတည်ငြိမ်စေရန် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး သူ၏အတွေးအားလုံးကို သူဖော်စပ်လိုသည့် ဝမ်းမီးငြိမ်သက် ဆေးလုံး အပေါ်သို့ပုံအပ်ပစ်လိုက်သည်။

ကမ္ဘာပေါ်ရှိလူအချို့မှာ ပိုမိုဖိအားပေးမှုများကြောင့် ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ကြပြီး ပိုင်ရှောင်ချန်းမှာလည်း ထိုကဲ့သို့သောလူစားမျိုးဖြစ်သည်။ အမှန်တကယ်မှာ ထိုကဲ့သို့လူများအကြားတွင်ပင် သူကထူးခြားလေသည်။

စင်စစ်အားဖြင့် ဤမြို့တွင်နေထိုင်ခြင်းမှာ အထူးသဖြင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများအတွက် ပိုင်ရှောင်ချန်းစိတ်ကူးထားသကဲ့သို့ ခက်ခဲသည်မဟုတ်ပေ။ အမှန်မှာ ၎င်းကအတော်လေးကို ရိုးရှင်းလှပေသည်။ သူလုပ်ရမည့်အရာအားလုံးမှာ တချိန်တည်းတွင် အတော်အတန်အန္တရာယ်များသောတာဝန်အနည်းငယ်ကို လုပ်ဆောင်ခြင်းသို့မဟုတ် ပိုမိုသေးငယ်သည့် ပိုမိုလွယ်ကူသောနေ့စဉ်လုပ်ငန်းဆောင်တာများကိုပြုလုပ်ခြင်းဖြစ်သည်။ ထိုနည်းစနစ်များကို အသုံးပြု၍ အဝါရောင်ဂိုဏ်းသားတစ်ဦး ဖြစ်လာရန် နှင့် သက်တန့်ဒေသသို့အဆင့်တိုးမြှင့်သွားနိုင်ရန်အတွက် လုံလောက်သောစွမ်းဆောင်ရည်အမှတ်များကို စုဆောင်းရန်တစ်နှစ်၊နှစ်နှစ်သာ ကြာပေလိမ့်မည်။ ၎င်းက အနည်းငယ်ခြိုးခြံချွေတာရန်လိုအပ်သော်လည်း မလုပ်နိုင်စရာအကြောင်းမရှိချေ။

သို့သော် ပိုင်ရှောင်ချန်းက အန္တရာယ်များကြုံကြိုက်ရသည်ကို နှစ်သက်မှုမရှိပေ။ ထို့အပြင် သူက မည်သည့်တာဝန်ကိုမျှ လုပ်ဆောင်လိုခြင်းမရှိချေ။ သူကအလွန်ဆာလောင်လာသောအခါတန်းတန်းမတ်မတ်မြင်နိုင်ရန်ကိုပင်အလွန်ခက်ခဲသောကြောင့် သူ၏စွမ်းဆောင်ရည်ရမှတ်များ စုဆောင်းနိုင်ရန် ဖိအားဖြစ်သော တီထွင်ဖန်တီးခြင်းနှင့် ဆန်းသစ်တီထွင်မှု၌သာ နောက်ဆုံးပေါက်ကွဲပစ်လိုက်သည်။

နောက်လေးရက်လုံးလုံး သူကအနားယူခြင်း၊ အိပ်စက်ခြင်း မလုပ်ခဲ့ပေ။နောက်ဆုံးတွင် ဝမ်းမီးငြိမ်သက် ဆေးလုံး ၏ ဆေးဖော်စပ်နည်းကို သူ စိတ်ထဲတွင်ပြီးပြည့်စုံသွားသည့်အချိန်တိုင်အောင် သူ့ထံ၌ကျန်ရှိနေသေးသော စားစရာအနည်းငယ်နှင့် ဝိညာဥ်အပင်အချို့ကိုသာ တစ်တိတိ သူစားခဲ့သည်။

” ငါရဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံး က ကောင်းကင်နဲ့ ကမ္ဘာမြေမှာ စံနမူနာပြရလောက်တဲ့စုစည်းမှု တစ်ခုဖြစ်လာလိမ့်မယ်။ ဆေးလုံးကိုသောက်သုံးပြီးတဲ့နောက်မှာ ယာယီပြန်လည်ဖြည့်တင်းမှုတွေကိုရရှိလိမ့်မယ်၊ သာမန်စွမ်းအင်ယိုစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဖိအားတွေကနေသက်သာရာရလိမ့်မယ်၊ သူတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စိတ်စွမ်းအင်က ပိုနူးညံ့သိမ်မွေ့လာပြီးတော့ စွမ်းအင်ထုတ်ဖော်ရာမှာ ပိုလွယ်ကူလာတာတွေ့ရလိမ့်မယ်” ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး ယခုအခါ အတော်အတန် ပိန်လှီနေသော်လည်း သူ၏မျက်လုံးများမှာ တောက်ပနေလေသည်။ ဝမ်းမီးငြိမ်သက် ဆေးလုံး၏ ဆေးဖော်စပ်နည်းကို ပြီးပြည့်စုံသွားစေပြီးနောက် သူကချက်ချင်းပင်စတင်၍ ဖော်စပ်တော့သည်။

ခြောက်နာရီကြာပြီးနောက် သူ၏ပထမဦးဆုံးအသုတ်ထွက်ပေါ်လာပြီး ၎င်းတွင် ဆေးလုံးသုံးလုံးသာ ပါဝင်သော်လည်း သူတို့ထံမှထွက်လာသောရနံ့က ပိုင်ရှောင်ချန်း၏ဆာလောင်မှုကို လျော့နည်းသွားစေသည်။

” ဟားဟားဟား…။ ငါကတကယ့်ကို ပါရမီရှင်ကြီးပဲ…။ အဲဒါကအလုပ်ဖြစ်တယ်ကွ..။ ငါ့ရဲ့ ဝမ်းမီးငြိမ်သက် ဆေးလုံးကအလုပ်ဖြစ်တယ်ကွ” စိတ်လှုပ်ရှားစွာဖြင့် သူကဆေးပေါင်းဖိုထဲမှဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်ပြီး သောက်သုံးတော့မည့်အချိန်တွင် တုန့်ဆိုင်းသွားကာ အရင်က ဆေးလုံးဖော်စပ်စဥ် ဖြစ်ပျက်ခဲ့သည့် ထူးခြားဆန်းပြားသော အရာအားလုံးကိုပြန်စဉ်းစားမိသွားသည်။

” နည်းနည်းလောက်စမ်းသပ်မှုတစ်ခုခုလုပ်တာက ပိုကောင်းမယ်ထင်တယ်” အံကိုကြိတ်ကာ သူ၏စိတ်စွမ်းအင်အိမ်လေးထဲမှထွက်လိုက်ပြီး ဆေးပင်အနည်းငယ်ကို စွမ်းဆောင်ရည်ရမှတ်အချို့ရရှိရန် ရောင်းချလိုက်ပြီးနောက် ဝိညာဥ်ကြက်တစ်ကောင်ကို ဝယ်လိုက်သည်။

သူ၏စိတ်စွမ်းအင်အိမ်ကလေးဆီပြန်သွားလိုက်ပြီး ဝိညာဥ်ကြက်ကို ဝမ်းမီးငြိမ်သက် ဆေးလုံးတစ်လုံးကျွေးလိုက်ပြီးနောက် ဖြစ်ပျက်လာမည့်အရာကို ဂရုတစိုက်စောင့်ကြည့်လိုက်သည်။ တစ်နေ့လုံးကုန်ဆုံးသွားပြီး သူက အမှားအယွင်းတစ်ခုမျှမရှိကြောင်းနှင့် ဝိညာဥ်ကြက်မှာ ကောင်းမွန်နေကြောင်း ယုံကြည်သွားလေသည်။ ထိုအချိန်တွင် သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့်တောက်ပသွားလေသည်။

” ကြည့်ရတာ ငါတကယ်ကိုအောင်မြင်သွားတာပဲ” သူက ခေါင်းကိုနောက်ပစ်ကာ ခွက်ထိုးခွက်လန်ရယ်မောလိုက်ပြီးနောက် နောက်ထပ်တစ်သုတ် ဆက်၍ဖော်စပ်လိုက်လေသည်။ မကြာမီ သူ့ထံ၌ ဝမ်းမီးငြိမ်သက် ဆေးလုံး ပေါင်းဒါဇင်အနည်းငယ်အထိရှိသွားလေသည်။

” အခုစဥ်းစားကြည့်လိုက်တော့ ဒီဆေးလုံးတွေကို ငါ့ဘာသာငါသောက်နေရင် ဖြုန်းတီးရာရောက်နေမှာပေါ့…။ တကယ်ဆိုရင် ငါက ဆေးလုံးတွေထက် ဝိညာဥ်အစားအစာတွေကို ပိုပြီးကြိုက်တယ်” အနည်းငယ်စဥ်းစားလိုက်ပြီးနောက် ဆေးလုံးအချို့အား ရောင်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။ မျှော်လင့်ချက်များအပြည့်ဖြင့် သူက စိတ်စွမ်းအင်ဗိမာန်ကလေးဆီမှ တဖန်ထွက်လာခဲ့ပြန်သည်။

ဆေးလုံးများကို ဆိုင်တစ်ခုတွင် သွားရောက်၍ရောင်းရန် ကြိုးစားရမည့်အစား သူက မြို့၏အရှေ့ဘက်ရှိ ရှုပ်ထွေးနေသော လူအများစုဝေးရာ ​နေရာတစ်ခု သို့သွား၍ ရောင်းရန်ကြိုးစားလိုက်သည်။ ထို့နောက် အချိန်အနည်းငယ်သုံးလိုက်ပြီး ပစ္စည်းရောင်းဖို့အတွက် စင်ချရန် သင့်တော်သောနေရာတစ်ခုကိုတွေ့သွားလေသည်။ စင်ပေါ်တွင် ဆေးလုံးတစ်လုံးစီပါဝင်သော ဆေးပုလင်းသုံးလုံးအားတင်လိုက်ပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအချို့ကို ကျောက်စိမ်းပေလွှာထဲသို့ ပို့လွှတ်ကာ သူ၏အထက်ရှိလေထုတွင် ရောင်စုံအလင်းရောင်များတောက်ပစေလိုက်သည်။ ချက်ချင်းပင် တလက်လက်တောက်ပနေသော အက္ခရာလေးလုံးအား မြင်ရနိုင်လေသည်။

ဝမ်းမီးငြိမ်သက် ဆေး….

ထို့နောက် သူက သက်တောင့်သက်သာဖြင့် ဝယ်ယူလိုသူများအားစောင့်နေလိုက်သည်။

အချိန်သိပ်၍မကြာလိုက်ပေ။ အမှန်မှာ ဝမ်းမီးငြိမ်သက် ဆေးလုံးဟူသော ဝေါဟာရက အလွန်မျက်စိဖမ်းစားနိုင်လေသည်။ မကြာမီ လူများက သူ၏ပတ်ပတ်လည်တွင် စတင်၍စုရုံးလာလေသည်။

“ဝမ်းမီးငြိမ်သက် ဆေးလုံးဆိုပါလား။ ကျုပ်အရင်က ဒီဆေးလုံးကို ကြားတောင်မကြားဖူးဘူးဗျ”

” ကုံမြို့မှာ ဘယ်လိုအရာတွေ အလုပ်လုပ်တယ်ဆိုတာထည့်တွက်ကြည့်လိုက်ရင် ဒီလူက ဝမ်းမီးငြိမ်သက် ဆေးလုံးရောင်းရဲနေတာကို ငါလုံးဝကိုမယုံနိုင်ဘူး…။ သူက ကလိမ်ကကျစ်ကျနေတဲ့သူ….ဒါမှမဟုတ်ရင်..သူက ရူးနေတာပဲ”

“ဟမ်…။ ဝမ်းမီးငြိမ်သက် ဆေးလုံးတွေက ဒီနေရာမှာ ဘာမှကောင်းလာမှာမဟုတ်ဘူး”

လူများ ပို၍ စုရုံးလာကာ ထိုကိစ္စရပ်အားစတင်ဆွေးနွေးလာကြသော်လည်း မည်သူမျှ ဆေးတစ်လုံးကိုပင် ဝယ်ဖို့ ဆန္ဒမရှိကြပေ။ ၎င်းက ပိုင်ရှောင်ချန်း၏ခေါ်စျေး စွမ်းဆောင်ရည်မှတ်တစ်ရာ ဟူသောကြောင့်ဖြစ်ဟန်တူသည်။

ပိုင်ရှောင်ချန်းက မကြာမီတွင် စိတ်လှုပ်ရှားလာပြီး ဈေးလျှော့ချလိုက်ရန်ပင် စတင်စဉ်းစားနေတော့သည်။ သို့သော် ထိုအချိန်တွင် လူအုပ်ထဲမှ ကျင့်ကြံသူတစ်ဦးထွက်လာသည်။ သူကလတ်တလောတွင် ပိန်လှီနေသော်လည်း သူ၏အရပ်ကိုထည့်သွင်းစဥ်းစားကြည့်လျှင် တချိန်က ကြွက်သားများပိုင်ဆိုင်ဖူးကြောင်းသိသာနေလေသည်။ ထို့အပြင် သူ၏မျက်လုံးများထဲတွင် အေးစက်စက်အရောင်များတောက်ပနေပြီး မည်သူမဆိုသတိပြုနိုင်သည့်လူသတ်ငွေ့များလည်း ရှိနေလေသည်။

သူက တစ်ဦးတည်းမဟုတ်ချေ။ သူ၏ဘေးတွင်လျှောက်လာသူမှာ ချောမွေ့သောမျက်နှာနှင့် ပင်ပန်းနွမ်းနယ်နေဟန် မျက်ဝန်းများဖြင့် ကလေး တစ်ယောက်ဖြစ်လေသည်။

ထိုလူကြီးပေါ်လာသည်နှင့်တပြိုင်နက် စုရုံးနေသောလူအုပ်ကြီးမှာ တိတ်ဆိတ်သွားပြီး အများစုမှာနောက်သို့အနည်းငယ်ဆုတ်လိုက်လေသည်။ ကြည့်ရသည်မှာ သူတို့ကထိုလူအားမှတ်မိနေကြပုံပေါ်ပြီး သူ့အားစိတ်အနှောင့်အယှက်ဖြစ်စေသော မည်သည့်အရာကိုမျှ လုပ်ရဲကြဟန်မပေါ်ချေ။

” ဝမ်းမီးငြိမ်သက် ဆေးလုံးဆိုပါလား။ စွမ်းဆောင်ရည်ရမှတ် တစ်ရာတောင်ပေါ့..ဟမ် ” ထိုလူကြီး၏မျက်လုံးများမှာ ဆေးပုလင်းတစ်လုံးအားကြည့်စဥ် ကျဥ်းမြောင်းသွားပြီးနောက် ပိုင်ရှောင်ချန်းအားကြည့်လိုက်သည်။ မြို့ထဲရှိလူတိုင်းက သူတို့၏ကျင့်ကြံခြင်းအခြေခံများကို ဖိနှိပ်ထားသောကြောင့် ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအဆင့်ကို ထိုလူကြီးက ဆုံးဖြတ်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း သူ၏ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အခြေခံ၍ ပိုင်ရှောင်ချန်းက အခြေခိုင်မာခြင်းအဆင့်နှင့် အထက်တွင်ရှိကြောင်း သူသိလိုက်လေသည်။ မျက်လုံးတွင် အေးစက်သည့်အရောင်များတောက်ပလျက် သူကပြောလိုက်သည်။
” တကယ်လို့ ဒီပစ္စည်းက အမှန်တကယ်အလုပ်လုပ်ရင် စွမ်းဆောင်ရည်ရမှတ်တစ်ရာဆိုတာ တကယ်တန်တယ်။ ဒါပေမဲ့…. တကယ်လို့ အဲဒါကအလုပ်မလုပ်ခဲ့ရင်…မင်း…ကျုပ်ကိုဆယ်ဆပြန်ပေးရမယ်။ ဒါမှမဟုတ်…မင်းကိုအချိန်အကြာကြီးမမေ့နိုင်လောက်တဲ့ သင်ခန်းစာကောင်းကောင်းပေးပစ်မယ်” ပိုင်ရှောင်ချန်းပင် မတုန့်ပြန်နိုင်မီ သူကလက်လှမ်းကာ ဆေးပုလင်းတစ်လုံးကိုဆုပ်ကိုင်လိုက်ပြီး ဖိခြေကာ သူ၏ကလေးထံသို့ ဆေးလုံးကိုပစ်ပေးလိုက်သည်။

ကလေးက သူ၏ပါးစပ်ကို သုန်သုန်မှုန်မှုန်ဖြင့်ဖွင့်ကာ ဆေးလုံးကိုမျိုချလိုက်သည်။

လူတိုင်းက ဖြစ်ပျက်လာမည့်အရာကို နီးကပ်စွာစောင့်ကြည့်နေကြသည်။ ပိုင်ရှောင်ချန်း၏အမူအယာမှာ ယခင်ကအတိုင်းရှိနေသော်လည်း ထိုလူကြီးကြောင့် စိတ်ထဲတွင် စိတ်လှုပ်ရှားမှုမှာ စုပုံမြင့်တက်နေပြီဖြစ်သည်။ သူပြောနိုင်သည်မှာ ထိုလူကြီးက အခြေခိုင်မာခြင်းအဆင့်၏ ကြီးမားသောစက်ဝန်းသို့ရောက်ရှိနေကြောင်းဖြစ်ပြီး သူက ယခင်ကထက်ပိုမိုဆာလောင်မွတ်သိပ်နေသည့်တိုင် ထိုလူကြီးနှင့် ရန်ဖြစ်လျှင် ထိုလူကြီးကို ခြေဆောင့်နင်း၍ အနိုင်ယူနိုင်ကြောင်းသိလေသည်။

သူ့အားစိုးရိမ်ကြောင့်ကြစေသည်မှာ ဆေးလုံး၏ထိရောက်မှု မည်မျှအထိရှိကြောင်းကို သေချာစွာမပြောနိုင်ခြင်းဖြစ်သည်။

လူတိုင်းက ကြည့်နေစဥ် ကောင်လေး၏မျက်နှာအမူအယာမှာ ရုတ်တရက်တောက်ပသွားသည်။ သူ၏မျက်လုံးများပွင့်လာပြီး သူကသိသိသာသာပင် တုန်လှုပ်နေကာ လူအုပ်ကြီးမှာ လည်ပင်းကိုဆန့်၍ မည်သို့ဆက်၍ဖြစ်ပျက်လာမည်ကိုကြည့်နေမိသည်။

တဖြည်းဖြည်းနှင့် ကြည့်ရှုသူအပေါင်း၏မျက်လုံးများမှာ ပြူးကျယ်လာပြီးနောက် မယုံကြည်စွာနှင့် ထိတ်လန့်အံ့သြစွာ အော်ဟစ်သံများ ဆူဆူညံညံ ထွက်ပေါ်လာသည်။

” ဘာ….ဘာတွေ..
ဘာတွေဖြစ်သွားတာလဲ”

” ဘုရားရေ… ဒီ ဝမ်းမီးငြိမ်သက် ဆေးလုံးကတကယ်ကြီးအလုပ်ဖြစ်တာ ငါမယုံနိုင်ဘူးကွာ….”

” ဒါဘယ်လိုဖြစ်နိုင်မှာလဲ…”

ထိုကဲ့သို့ အာမေဋိတ်သံများ လေထဲတွင်ဆက်လက်၍ထွက်ပေါ်နေစဥ် ကလေး၏ ပိန်လှီနေသောကိုယ်လုံးကိုယ်ပေါက်တွင် ရုတ်တရက် အသားများ စတင်၍ပြည့်လာသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း ကလေးငယ်၏ခန္ဓာကိုယ်မှာ ကျန်းမာသန်စွမ်းသောကလေးအသွင်ဖြစ်သွားလေသည်။ သူကအနည်းငယ်ပင် ဝသွားသေးသည်။

နေရာအနှံ့မှ ပင့်သက်ရှိုက်သံများနှင့် အလွန်အံ့အားသင့်နေသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုဆေးလုံးအားဝယ်လိုက်သော လူကြီးမှာ တုန်လှုပ်သွားပြီး သူ၏မျက်လုံးများမှာ ထိတ်လန့်အံ့သြနေသည့်အရောင်များဖြင့် တောက်ပသွားလေသည်။

” အင်မော်တယ်ဆေးလုံး…ဒါက အင်မော်တယ်ဆေးလုံးပဲဟေ့”
လူကြီးမှာ ကျန်ရှိနေသောဆေးပုလင်းနှစ်လုံးအား ဖမ်းယူရန်လက်လှမ်းလိုက်သော်လည်း သူမယူနိုင်သေးမီ ပိုင်ရှောင်ချန်းက သူ့အား အေးစက်စက် ကြည့်လိုက်သည်။

ထိုလူ၏စိတ်ထဲတွင် တဝုန်းဝုန်းမြည်ဟည်းသံများပြည့်နှက်သွားပြီး သူ၏လက်မှာ ဒယီးဒယိုင်ဖြင့်ရပ်တန့်သွားလေသည်။ ထိုအခိုက်အတန့်တွင် သူကသေစေနိုင်လောက်သည့် အကျပ်အတည်းကိုခံစားလိုက်ရပြီး အကယ်၍သူသာ ထိုဆေးပုလင်းများကို ခိုးယူရန်ကြိုးစားလျှင် ချက်ချင်းပင်သေသည်အထိအရိုက်အနှက်၊ အထုအထောင်းခံရလိမ့်မည်ဟု သူ၏စိတ်အတွင်းထဲရှိ တစ်ခုခုကသူ့အားပြောနေလေသည်။

” ကျုပ်ဒီဆေးလုံးတွေကို ထာဝရမြက်နဲ့ အပင်ပန်းခံပြီးဖော်စပ်ခဲ့ရတာကွ..” ပိုင်ရှောင်ချန်းက အေးအေးလူလူပြောလိုက်သည်။
” အဲ့တာက အရမ်းစျေးကြီးတယ်ကွ..။ စွမ်းဆောင်ရည်ရမှတ် တစ်ရာပဲ ငါတောင်းရတဲ့အကြောင်းက ဘယ်သူမှစိတ်မဝင်စားမှာနဲ့ ဒီဆေးလုံးတွေက အစစ်တွေဆိုတာ ဘယ်သူမှမယုံကြမှာကို ငါသိနေလို့ပဲ..။ ဒီအချိန်မှာတော့ ဒီဆေးလုံးတွေက တစ်လုံးကို စွမ်းဆောင်ရည်ရမှတ် သုံးရာ ကျမယ် ”

ထိုလူကြီးက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
” ကောင်းပြီ.. အရှေ့ကတစ်လုံးအပါအဝင် ဒီနှစ်လုံးအတွက်ကော စွမ်းဆောင်ရည်ရမှတ် ကိုးရာနော်”

တုံ့ဆိုင်းခြင်းမရှိပဲ သူက ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ ပိုင်ရှောင်ချန်းဆီသို့ စွမ်းဆောင်ရည်ရမှတ်ကိုးရာ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် ဆေးလုံးကိုယူကာ အလျင်အမြန်ပင်ထွက်သွားလေသည်။

လူအုပ်ထဲရှိ လူတိုင်းမှာ ထိုဆေးလုံးအားဝယ်လိုကြသော်လည်း မည်သူမျှမဝယ်နိုင်တော့ပေ။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက လည်ချောင်းကို ရှင်းလိုက်ပြီး သူ၏အိတ်အတွင်းမှ ဆေးပုလင်းသုံးပုလင်းကျော် ထုတ်လိုက်သည်။

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းလောက်သည့်အချိန်အတွင်းတွင် ဝမ်းမီးငြိမ်သက် ဆေးလုံးအလုံးသုံးဆယ်ရောင်းထွက်သွားလေသည်။ ဆေးလုံးအားလုံး အလုအယက်ဝယ်သွားကြပြီးသောအခါ သူ၏ စျေးရောင်းသည့်စင်ကလေးကို သိမ်းလိုက်ပြီးနောက် လက်ကိုအနောက်သို့ပစ်ကာ ဂုဏ်ယူစွာဖြင့်အေးအေးလူလူ လမ်းလျှောက်ပြန်လိုက်တော့သည်။

” ဟမ်း….. နတ်ဆရာက အဖွဲ့ထဲကနေ အကြံအစည်နဲ့ထွက်သွားခဲ့ပေမဲ့ ပိုင်ရှောင်ချန်းက ဘာအားမှစိုက်စရာမလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ စွမ်းဆောင်ရည်ရမှတ် ကိုးထောင်တောင်ရနိုင်တယ်ဆိုတာ သူနည်းနည်းလေးပဲသိမှာ ”
သူ၏ကျောက်စိမ်းပေလွှာအတွင်းရှိ များပြားလှသော စွမ်းဆောင်ရည်ရမှတ်များက သူ၏နှလုံးသားအား လုံးလုံးလျားလျားစိတ်ကျေနပ်မှုကို ပေးလေသည်။

” အခုတော့… ငါက အနီရောင်ဂိုဏ်းသားပဲ..။ လိမ္မော်ရောင်ဝတ်ဂိုဏ်းသားဖြစ်လာဖို့ စွမ်းဆောင်ရည်ရမှတ် တစ်သိန်းကို သုံးရလိမ့််မယ်။ ဒါပေမဲ့ ကုံမြို့ကိုခွာပြီး သက်တန့်ဒေသဆီ ပျံသန်းသွားနိုင်ဖို့ဆိုရင် ငါက အဝါရောင်ဝတ်ဂိုဏ်းသား ဖြစ်လာဖို့ပဲလိုတာ။ အဲ့တာက စွမ်းဆောင်ရည်ရမှတ် ဆယ်သိန်းတောင်လိုတာပဲ”

” အဲ့တာက သိပ်တော့မများပါဘူးလေ…” သူ့ကိုယ်သူအလွန်ဂုဏ်ယူစွာဖြင့် သူ၏ဗိုက်ကို ပွတ်ကာ အနီးအနားရှိ ဝိညာဥ်အစားအစာများ ရောင်းချသည့် စားသောက်ဆိုင်ဆီသို့ အလျင်အမြန်သွားလိုက်လေသည်။ လူငါးဦးစာအတွက်လုံလောက်သည့် အစားအစာများကိုဝယ်ယူပြီးနောက် အပြည့်အသိပ်ထိုးသွပ်စားသောက်နေရင်း ဘဝမှာမည်မျှနှစ်သက်ပျော်ရွှင်ဖွယ်ကောင်းကြောင်း စဥ်းစားနေလေတော့သည်။ ဗိုက်ပေါက်မတတ်စားသောက်ပြီးနောက် သူ၏စိတ်စွမ်းအင် ဗိမာန်ဆီပြန်သွားကာ ဆေးအများအပြားကို စတင်ဖော်စပ်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset