Switch Mode

အခန်း ( ၃၈၁ )

အကြံကုန် ဂဠုန်ဆားချက်

နတ်ဆရာက အံကြိတ်ကာ တစ်ခဏမျှတွေဝေသွားပြီးနောက် ဆက်ပြောလိုက်သည်။
” ခေါင်းဆောင်လေးရာ… ကျုပ်လည်း သွားတော့မယ်။ ကျုပ်တို့အကုန် ဒီနေရာမှာ တူတူနေနေရင် ဗိုက်ဆာတဲ့ပြဿနာကို ရှင်းနိုင်မှာမဟုတ်ဘူး။ ဒီလိုလုပ်ပါလားဗျာ… ခေါင်းဆောင်လေးရာ…. ”

လူတိုင်းမှာ သူ့လမ်းသူထွက်သွားရန် ပြင်နေကြသည်ကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းက မတ်တတ်ထရပ်လိုက်တော့သည်။

” မသွားကြပါနဲ့ ကိုယ့်လူတို့ရာ။ မင်းတို့က ငါ့ရဲ့တာအို စောင့်ရှောက်သူတွေလေကွာ။ ငါမင်းတို့ကို ဒီနေရာ ခေါ်လာတာလေ။ မင်တို့ထွက်သွားရင် ငါဘာလုပ်ရမှာလဲကွ။ ”

ကြောက်စရာအကောင်းဆုံးအချက်သည်ကား ဂိုဏ်းက သူ့ကိုပေးခဲ့သည့် ဝိညာဥ်ကျောက်တုံးများမှာ ကုန်လုနီးပါး ဖြစ်နေခြင်းပင်ဖြစ်သည်။ လူတိုင်းမှာ သူ့ဆီမှ ထွက်ခွာရန် ပြင်နေကြသည့်အချက်မှာ နာကျည်းစရာအကောင်းဆုံးဖြစ်နေတော့သည်။

” ငါမင်းတို့ကို ဒီကိုခေါ်လာတာ ငါ့ကို ဂရုစိုက်ဖို့ စောင့်ရှောက်ဖို့လေ။ ” သူက ကာဆီးကာဆီး လုပ်နေပါသော်လည်း စုန့်ချွဲက အေးစက်စက်နှာမှုတ်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သူ၏ အကြံအစည်မှာ တာဝန်အချို့ထမ်းဆောင်ကာ သူ့အတွက်လိုအပ်သည့် ပစ္စည်းများကို ရှာဖွေစုဆောင်းရန် ဖြစ်သည်။

” ချွဲ့အာ…. ”
ပိုင်ရှောင်ချန်းက သူ့ကို လှမ်းခေါ်လိုက်သည်။ သို့သော်လည်း စုန့်ချွဲသည်ကား တစ်ချက်ပင် ပြန်လှည့်မကြည့်ပေ။ နတ်ဆရာမှာ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းက သူ၏လက်ကို လမ်း၍ ဆုပ်ကိုင်လိုက်သည်။

” နတ်ဆရာရေ… ” သူက သနားစဖွယ် လေသံဖြင့်ဆိုလိုက်သည်။
” ငါမင်းကို ဟွန့်ဆရာလို့ မခေါ်တော့ပါဘူးကွာ။ နော်။ မသွားပါနဲ့….. ”

” ခေါင်းဆောင်လေးရာ… ကျုပ်လည်း တခြားရွေးချယ်စရာ မကျန်တော့ဘူးလေ။ ဒီကို မလာခင်တုံးက ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ အသက်ရှင်ဖို့ဆိုတဲ့ ကိစ္စလေးက အရမ်းကြီးခက်ခဲမယ်မှန်း ကျုပ်တို့တစ်ယောက်မှ မသိတာ။ ကျုပ်ကတော့ ဗေဒင်ဟောပြီး စားစရာ ရှာတော့မယ်ဗျာ… ”

သူက စကားလုံးများကို ထိန်း၍ပြောနေပါသော်လည်း ဒေါသထွက်နေပြီဖြစ်သည်။ တချိန်ထဲမှာပင် သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းကို လွမ်းနေတော့သည် ။ သူသည် ပိုင်ရှောင်ချန်းထံမှ ရုန်းထွက်ကာ စိတ်စွမ်းအင် နေအိမ်လေးထဲမှ ထွက်ခွာကာ တစ်ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။.

” မင်းတို့ကွာ…. ငါမယုံနိုင်လောက်အောင်ပဲ။ ” ပိုင်ရှောင်ချန်းမှာ ဒေါသတကြီး ရေရွတ်လိုက်သည်။ သူ၏ အမြင်တွင် စုန့်ချွဲနှင့် နတ်ဆရာတို့မှာ အကျိုးအကြောင်း နားမလည်သည့် လူများဖြစ်နေတော့သည်။ သူတို့သည် စောစောစီးစီး ထွက်ခွာသွားခဲ့လျှင် လက်ခံနိုင်စရာကောင်းသေးသော်လည်း ပိုင်ရှောင်ချန်း၏ ဝိညာဥ်ကျောက်တုံးများ ကုန်သည့်အချိန်ထိစောင့်ပြီးမှ ထွက်ခွာသွားသည်။

ပိုင်ရှောင်ချန်းမှာ ဒေါသတကြီးနှင့် ရပ်နေစဥ် ချင်းမေ့ယွမ်က သက်ပြင်းချကာ မတ်တတ်ရပ်လိုက်သည်။ ပိုင်ရှောင်ချန်းကို မော့ကြည့်ရင်း သူမကဆိုလိုက်သည်။
” ဒါ သတင်းအချက်အလက် အပြည့်မစုံစမ်းထားတဲ့ ကျမရဲ့ အပြစ်ပါ။ ခေါင်းဆောင်လေး။ ကျမရဲ့ သူငယ်ချင်းတွေကို သွားရှာလိုက်ဦးမယ်။ ရေစက်ပါခဲ့သည်ရှိသော် သက်တံ့ ဒေသပေါ်မှာ ပြန်တွေ့ကြတာပေါ့။ ”

ပိုင်ရှောင်ချန်းကို စကားပြန်ပြောချိန်ပင် မပေးပဲ သူမက စိတ်စွမ်းအင် နေအိမ်ထဲမှ ပျံထွက်သွားသည်။

ချင်းမေ့ယွမ်၏ ရုတ်တရက် ထွက်ခွာသွားမှုကြောင့် ပိုင်ရှောင်ချန်းမှာ ရူးသွပ်လုနီးပါးဖြစ်သွားတော့သည်။ သူမသည် သူ၏အဖွဲ့ထဲသို့ ဝင်ရန် သူမကိုယ်တိုင် လာရောက်တောင်းဆိုခဲ့သည် မဟုတ်ပါလော။ ယခုတွင်မူ သူမသည် သူ့ကိုအမှိုက်တစ်ခုအလား ဘေးဘက်သို့ ကန်ထုတ်လိုက်ပြီဖြစ်သည်။ သို့သော်လည်း ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးတို့ ကျန်သေးသဖြင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်လေသည်။

” ဟွန်း။ သွားချင်သပ ဆိုလည်း သွားကြ။ အနည်းဆုံးတော့ အစ်ကိုအကြီးဆုံးနဲ့ ရတနာလေးတို့က သစ္စာတရားရှိသေးတယ်။ ” သူကထိုသို့ဆိုကာ ရင်ဘတ်ကိုပုတ်၍ သူတို့ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
” ဒီမှာ မင်းတို့နှစ်ယောက် ဘာမှ ပူစရာမလိုဘူး။ ငါ…. ”

သို့သော်လည်း သူစကားပင်မဆုံးသေးချိန်တွင် ရွှီပေါက်ချိုင်က ကြောင်အန်းအန်းဖြင့် မတ်တတ်ထရပ်လိုက်ပြီး ဆိုလိုက်သည်။
” ခေါင်းဆောင်လေး… ကျုပ်လေ…. ”

” ဟေး။ မင်းဘာလုပ်တာတုံး။ ပြန်ထိုင်စမ်း။ ” ရင်တဒုန်းဒုန်းခုန်နေသည့် ပိုင်ရှောင်ချန်းက ရွှီပေါက်ချိုင်၏လမ်းကို ခန္ဓာကိုယ်ဖြင့်ပိတ်ကာ သူ့ကိုကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းထဲရှိ ပြတ်သားမှုများနှင့် မျက်ရည်များကို မြင်လိုက်ရတော့သည်။

” ခေါင်းဆောင်လေးရာ… ” သူက သနားစဖွယ် တောင်းဆိုလိုက်တော့သည်။
” ကျုပ်ကို ကျေးဇူးပြု၍ သွားခွင့်ပေးပါဗျာ။ ကျုပ် အစာငတ်ပြီး မသေချင်ဘူးဗျ။ ကြည့်ပါဦး။ ကျုပ်တို့ထဲမှာ ကျုပ်က အားအနည်းဆုံး။ နဂိုကမှ အရိုးပေါ် အရေတင်ပါဆိုဗျာ။ ဒီလိုဆက်သွားလို့ကတော့ ကျုပ် ထိပ်ဆုံးက သေလိမ့်မယ်ဗျ။ ”

” သနားပါဗျာ။ တောင်းပန်ပါတယ်။ သွားခွင့်ပေးပါ။ ”

” လုပ်ပါ ခေါင်းဆောင်လေးရယ်။ ” သူက ပိုင်ရှောင်ချန်း၏ အင်္ကျီလက်ကိုပင် ဆွဲကာ တောင်းဆိုနေတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်နှာမှ ဒေါသများ ပျောက်ကွယ်သွားပြီး သက်ပြင်းချလိုက်တော့သည်။
” ကောင်းပြီလေ။ လူတိုင်းမှာ သူ့လမ်းသူ ရွေးချယ်ခွင့်ရှိပါတယ်။ ထွက်သွားချင်ရင် ထွက်သွားပါကွာ။ ”

” ကျေးဇူး ကမ္ဘာပါ ခေါင်းဆောင်လေးရယ်။ ” ကျေးဇူးတရားများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ရွှီပေါက်ချိိုင်က စိတ်စွမ်းအင် နေအိမ်ထဲမှ ထွက်သွားတော့သည်။

သူ အပြင်သို့ရောက်သွားသည်နှင့် တပြိုင်နက် ခပ်လှမ်းလှမ်းတွင် နတ်ဆရာကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ယောက်ပေါင်းသွားပြီး ရယ်မောကာ မြို့ထဲသို့ ထွက်သွားကြတော့သည်။

နတ်ဆရာက ဂုဏ်ယူနေသည့် အမူအရာဖြင့် ဝိညာဥ်အသားတုံး အချို့ကို သူ၏ ထည့်စရာအိတ်ထဲမှ ထုတ်ကာ ဝါးစားလိုက်တော့သည်။
” စုန့်ချွဲက ရည်မှန်းချက်ကြီးပြီး ပေါင်းသင်းရမလွယ်ဘူး။ သူက ငါတို့အခြေအနေဆိုးတယ်လို့ တကယ်ထင်သွားတာ။ ငါတို့ကတော့ သူနဲ့မတူဘူးကွ။ နောက်ဆုံးတော့ မိစ္ဆာလက်ဝါးအောက်ကနေ လွတ်ခဲ့ပြီဟေ့။ ”

ရွှီပေါက်ချိုင်မှာလည်း ခေတ္တမျှတွေဝေသွားပြီးနောက် ဝိညာဥ်အသားတုံးအချို့ကို ထုတ်လိုက်တော့သည်။ တစ်ကိုက်ဝါးလိုက်ပြီးနောက် သူကဆိုလိုက်သည်။
” ဒီအကြံက ကောင်းတယ်ဆိုတာ သေရောသေချာရဲ့လား။ ငါတို့က တာအိုစောင့်ရှောက်သူတွေ ဖြစ်နေတုံးနော်။ ”

သူတို့နှစ်ယောက်မှာ ရိက္ခာအနည်းငယ်ကို စုဆောင်းထားသည်မှာ အသေအချာပင်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူတို့စားခဲ့သမျှ အစားအစာအားလုံးကို ပိုင်ရှောင်ချန်းက ထောက်ပံ့ပေးခဲ့သည် မဟုတ်ပါလော။

နတ်ဆရာမှာ ခေတ္တမျှ တွေဝေသွားသည်။ အနည်းငယ် တွေးတောလိုက်ပြီးနောက် သူကဆိုလိုက်သည်။
” ငါတို့တတ်နိုင်တာလဲ ဘာမှ မရှိတာ။ အဲ့မှာပဲနေပြီး ခေါင်းဆောင်လေးအတိုင်း လိုက်လုပ်နေရင် ငါတို့ငတ်မှာပေါ့။ မပူပါနဲ့။ ငါတို့ကိုယ်ငါတို့ အရင် ဂရုစိုက်ရအောင်။ ပြီးမှ သူနဲ့ သက်တံ့ဒေသမှာ ပြန်တွေ့လို့ရတာပဲ။ ”

ဤ အချိန်တွင် စိတ်စွမ်းအင်နေအိမ်ထဲ ကျန်ခဲ့သည့်လူများမှာ ပိုင်ရှောင်ချန်းနှင့် ဖက်တီးကျန်းကြီးသာ ဖြစ်သည်။ ဒေါသတကြီးဖြင့် ရပ်နေသည့် ပိုင်ရှောင်ချန်းကို ဖက်တီးကျန်းကြီးက မော့ကြည့်လိုက်ပြီး သက်ပြင်းချကာ တရားထိုင်ရန် မျက်လုံးမှိတ်လိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ ဒေါသထွက်နေပါသော်လည်း ဘာမှ မတတ်နိုင်ချေ။ အနည်းဆုံးတော့ ဖက်တီးကျန်းကြီးက သူ့ကို အဖော်ပြုပေးနေသေးသည်။ သို့သော်လည်း နောက်နေ့တွင် ဖက်တီးကျန်းကြီးပင်လျှင် သည်းမခံနိုင်တော့ချေ။ ညနေခင်းအချိန်သို့ ရောက်သောအခါ သူက ပိုင်ရှောင်ချန်းဆီသို့ သွားကာ ဆိုလိုက်လေသည်။
” အမှတ်ကိုးဖက်တီး…မင်း… ”

ပိုင်ရှောင်ချန်းက ချက်ချင်း စိုးရိမ်သွားတော့သည်။
” အစ်ကိုအကြီးဆုံး….အစ်ကိုက…. ”

” အမှတ်ကိုးဖက်တီးလေးရာ။ အစ်ကိုကြီးက မင်းကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအတိုင်းဆက်သွားနေရင် ငါသေလိမ့်မယ်။ ငါအပြင်ထွက်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးတဲ့ အလုပ်လေးသွားလုပ်လိုက်ဦးမယ်။ မပူနဲ့ အမှတ်ကိုး ဖက်တီးလေး။ ငါပိုက်ဆံနည်းနည်း စုမိသွားရင် မင်းဆီပြန်လာပြီး ဂရုစိုက်ပါ့မယ်။ ” ဖက်တီးကျန်းကြီးမှာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ သူ့စိတ်ကို ပြောင်းရန် မကြိုးစားတော့ချေ။

ဖက်တီးကျန်းကြီးသည် ပိုင်ရှောင်ချန်း၏ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ မြင့်မြတ်သော တာဝန်တစ်ခုကို လက်ခံလိုက်သည့်အလား မျက်လုံးများ တောက်ပလာတော့သည်။ ထို့နောက် သူက စိတ်စွမ်းအင်နေအိမ်ထဲမှ ထွက်ခွာသွားတော့သည်။

ပိုင်ရှောင်ချန်း တစ်ယောက်သာ ကျန်ခဲ့တော့သည်။ နေတဖြည်းဖြည်း ဝင်သွားသောအခါ သူက အထီးကျန်ဆန်စွာ တံခါးအပြင်ဘက်တွင် ရပ်နေတော့သည်။ အဆုံးတွင် သူက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

” သွားပြီ။ သူတို့အကုန် ထွက်သွားကြပြီ။ ”
စိတ်ပျက်စွာဖြင့် သူသည် စိတ်စွမ်းအင်နေအိမ်ထဲသို့ ပြန်ဝင်ကာ ဗိုက်ဆာဆာဖြင့် ထိုင်ချလိုက်တော့သည်။

” ငါဘာလုပ်ရတော့မှာတုံး။ ဗိုက်ဆာတယ်ဟေး။ ”
ညအချိန်သို့ ရောက်နေပြီဖြစ်သဖြင့် သူက အပြင်သို့ထွက်ကာ သူ၏ လက်ကျန် ဝိညာဥ်ကျောက်တုံးအချို့ကို သုံးလိုက်ပြီး ဝိညာဥ်အစားအစာ အချို့ကို ဝယ်ယူလိုက်သည်။ ထို့နောက် သူက တာဝန်မျိုးစုံ ထမ်းရွက်နေကြသည့် အနီရောင် ဂိုဏ်းသားများကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

တာဝန်အချို့မှာ အန္တရာယ်များပါသော်လည်း ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံသည် ရွှေအမြုတေအဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် သူ့ကိုမူ အန္တရာယ်သိပ်ပေးနိုင်မည် မဟုတ်ချေ။ သို့သော်လည်း ထိုတာဝန်များ ပြီးဆုံးလျှင် ရရှိမည့် ဆုပမာဏမှာ သေးငယ်လွန်းလှသည်။

သူ၏ တွက်ချက်မှုများ အရဆိုလျှင် အသက်ရှင်ရေးအတွက် တာဝန်များထမ်းဆောင်ပါက နေ့တိုင်းနီးပါး တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ မြင့်နေသဖြင့် သူ၏အားအင်ကုန်ခန်းမှုနှုန်းမှာ ပို၍ မြန်နေခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် ဆုပမာဏ ကြီးမားလေ တာဝန်များမှာ ပို၍ အန္တရာယ်များလေ ဖြစ်သည်။

သူက သေသေချာချာတွေးတောနေပါသော်လည်း အကြံကောင်းများထွက်မလာချေ။ ထို့ကြောင့် သက်ပြင်းချကာ စိတ်စွမ်းအင် နေအိမ်ထဲသို့ ပြန်ဝင်သွားတော့သည် ။ အထဲသို့ရောက်သော် လိပ်ကလေးက နိုးလာပြီး ပိုင်ရှောင်ချန်း၏ ထည့်စရာအိတ်ထဲမှ ခေါင်းကလေးထွက်လာတော့သည်။ သူက ပိုင်ရှောင်ချန်းကို သံသယမျက်လုံးများဖြင့်ကြည့်ကာ သူအကြာကြီး အိပ်ပျော်သွားရသည့် အကြောင်းအရင်းကို တွေးနေတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သူ့ကို ဂရုမစိုက်နိုင်အားပေ။ သူ့ကိုလျစ်လျူရှုနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မသင်္ကာမှုများမှာ နည်းပါးသွားပြီး ထည့်စရာအိတ်ထဲသို့ ပြန်၍ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ရက်အနည်းငယ် ကုန်ဆုံးသွားသောအခါ ပိုင်ရှောင်ချန်းက မြို့ထဲသို့သွားကာ ရှေ့ဆက်လုပ်ရမည့်အရာအတွက် လှုံ့ဆော်မှုတစ်ခုကို သွား၍ရှာဖွေနေတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကို ချုပ်တည်းကာ သူ့ဆီမှ အငွေ့အသက်များ မထွက်အောင် ပြုလုပ်လိုက်သဖြင့် သူ၏အားအင် ကုန်ခန်းနှုန်းမှာလည်း လျော့ကျသွားတော့သည်။

သို့သော်လည်း သူမည်မျှပင် အကြံရစေကာမူ မြို့ထဲတွင် သူစဥ်းစားမိသည့် နည်းလမ်းများကိုသုံးကာ စွမ်းဆောင်မှုရမှတ်များ ရှာဖွေနေသော လူများ ရှိနှင့်ပြီးသား ဖြစ်နေတော့သည်။ သူတို့နှင့် ယှဥ်ပြိုင်ရန် ကြိုးစားခြင်းသည် အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။ သူ၏ပုံစံနှင့် ကိုက်သည့် ထူးခြားသောနည်းလမ်းများကို စီမံရေးရာဆောင် တွင် ရှာကြည့်ပါသော်လည်း ထိုနေရာတွင် တာဝန်များကို ရွေးချယ်နေသည့် ဂိုဏ်းသားများမှာ များစွာရှိနေသည်။

ထိုအချိန်သို့ရောက်သော် ဤမြို့ထဲရှိ လူများအားလုံးမှာ ပိန်ပိန်ပါးပါးဖြစ်နေကြပြီး အမြဲတမ်း အလျင်လိုနေကြကာ ထူးဆန်းသော ကျင့်ကြံခြင်းအခြေခံများ ပိုင်ဆိုင်ထားကြသည့် အကြောင်းပြချက်ကို သူကသိသွားတော့သည်။ သူတို့၏ နေ့စဥ်ဓူဝ လုပ်ငန်းစဥ်များ၏ ဖိအားများကြောင့် သူတို့တွင် အလိုအလျောက်သိစိတ်ကဲ့သို့ အရာတစ်ခု ပေါ်လာရခြင်းဖြစ်သည်။ စိတ်စွမ်းအင်၏ နှောင့်ယှက်မှုကြောင့် မည်သူသည် စွမ်းအားကြီးကာ မည်သူမှာ အားနည်းကြောင်း အတိအကျပြောနိုင်ရန် မဖြစ်နိုင်ချေ။

” မဟုတ်မှလွဲရော ငါ့လို ကြီးကျယ်ခမ်းနားတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ငတ်လို့ သေရတော့မှာလား။ ”
သူက ဝမ်းနည်း ပူဆွေးနေတော့သည်။ သူသည် ဗိုက်ဆာလွန်းလှသဖြင့် သည်းမခံနိုင်တော့သည့် အခြေအနေထိသို့ ရောက်သွားတော့သည်။ သူ၏ထည့်စရာအိတ်ထဲတွင် ဝိညာဥ်ကျောက်တုံးများ မကျန်တော့ပဲ စားစရာများလည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ မကြာမီ သူက ဝိညာဥ်အပင်များကလွဲ၍ အခြား စားစရာရှိတော့မည်မဟုတ်ပေ။

သူသည် ဆေးဖော်စပ်ရာတွင်သုံးရန် အပင်များစွာကို စုဆောင်းထားခြင်းဖြစ်သည်။ သို့သော်လည်း ထိုအပင်များအားလုံးကို ရောင်းသည့်တိုင် ရရှိမည့် ဂုဏ်ထူးဆောင်ရမှတ်များမှာ သူ၏ ဝိညာဥ်ကျောက်တုံးများကဲ့သို့ အလျင်အမြန် ကုန်သွားမည်သာ ဖြစ်သည်။

” ဒီအတိုင်းဆက်သွားလို့မဖြစ်တော့ဘူး။ နို့မဟုတ်ရင် ငါသေလိမ့်မယ်။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ယုတ်မာကောက်ကျစ်လှပါလား။ သူတို့ရဲ့ဂိုဏ်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာ ယုံတောင် မယုံနိုင်ဘူး။ ငါက ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်လေကွာ။ ငါက သံတမန်ရေးအရ အရေးပါတဲ့ ဓားစာခံကွ။ ငါဒီမှာ ငတ်သေတော့မှာကို သူတို့က ဂရုမစိုက်ကြဘူးလား။ ”
သူက စိတ်ဓာတ်ကျနေသဖြင့် ခိုးယူရန်ပင် တွေးမိနေတော့သည်။ သို့သော် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ခိုးမှုအတွက် ပြစ်ဒဏ်မှာ အလွန်ကြီးလေးသဖြင့် သူက ထိုအတွေးများကို စွန့်လွှတ်လိုက်ရတော့သည်။

” ကဲ အကြံလည်း ကုန်ပြီ။ ကြည့်ရတာ ငါ့ရဲ့ အကျွမ်းကျင်ဆုံး ပညာကို ထုတ်သုံးပြီး ဒီပြဿနာကို ဖြေရှင်းရမယ့် ပုံပဲ။ ငါ…. ဆေးဖော်စပ်မှ ရမယ်။ ” .


Comment

Leave a Reply

Options

not work with dark mode
Reset