ပိုင်ရှောင်ချန်း၏အော်သံကို ခန်းမအတွင်းမှ တုံ့ပြန်မှုမရှိပေ။ နတ်ဆရာနှင့် အခြားသူများမှာ အနေခက်စွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာမူ အလွန်တရာ မကျေမနပ်ဖြစ်နေတော့သည်။ အမှန်တကယ်ဆိုရလျှင် သူသည် အရေးကြီးသော သံတမန်ရေးရာဓားစာဓံတစ်ယောက်ဖြစ်လေရာ အနည်းဆုံး ရိုသေလေးစားမှုအဆင့်တစ်ခုအထိတော့ ရှိသင့်သည်မဟုတ်ပါလော။
“ဟုတ်တယ်မလား ကိုယ့်လူတို့”
သူက ဖက်တီးကြီးကျန်းနှင့် အခြားသူများကို ဒေါသတကြီးလှမ်းကြည့်ရင်း ပြောလိုက်သည်။
” ပြောစမ်းပါ.. ငါက အရေးကြီးတဲ့ သံတမန်ရေးရာဓားစာခံတစ်ယောက်နော်”
ဖက်တီးကြီးကျန်းက လည်ချောင်းရှင်းလိုက်ပြီး ဘယ်ကြည့် ညာကြည့် လုပ်နေသော်လည်း ဘာမှမပြောပေ။
“အားး.. အင်း.. ဘာဖြစ်ဖြစ်ကွာ။ ငါတော့ ဒီဓားစာခံကိစ္စကို ဒီတိုင်းပဲ ထားလိုက်ရမယ်ထင်တယ်။ ကဲ. ကိုယ့်လူတို့ ငါတို့ အခုဘာလုပ်သင့်လဲ” သက်ပြင်းချရင်း သူက နတ်ဆရာကို လှမ်းကြည့်လိုက်သည်။
“အမ်..”
နတ်ဆရာက သတိထားလျက် စပြောတော့သည်။
” အင်း.. ဘာဆုံးဖြတ်ချက်မှမချခင် အရင်ဆုံး လျှောက်ကြည့်သင့်တယ် ထင်တာပဲ”
ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးသည်လည်း သူပြောသည်ကို ထောက်ခံပုံရလေသည်။ ချင်းမေ့ယွမ်က ဘာမှမပြောဘဲ ကုန်းစွမ်းဝမ်အာမှာ ခပ်ယဲ့ယဲ့ကလေးပြုံး၍ ရပ်မြဲရပ်နေလေသည်။ စုန့်ချွဲမှာမူ ပုံမှန်အတိုင်း တင်းမာခက်ထန်နေပြီး ပိုင်ရှောင်ချန်းကိုကြည့်ရန်ပင် စိတ်ဝင်စားပုံမရချေ။
ပိုင်ရှောင်ချန်းမှာ လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ခေါင်းကိုက်လာတော့သည်။ သူနှင့်အတူ ထိုလူများကို ခေါ်ခဲ့ခြင်းအတွက် နောင်တများရနေလေပြီ။ သို့သော်လည်း ယခုတွင် အခြေအနေများအား ပြောင်းလဲ၍မရတော့ပေ။ ထို့ကြောင့် နတ်ဆရာအကြုံပြုသည့်အတိုင်း လုပ်ရန်ဆုံးဖြတ်လိုက်ပြီး မြို့ထဲသို့ လမ်းလျှောက်ထွက်သွားကြတော့သည်။
သူလမ်းလျှောက်နေရင်း အစောပိုင်းမှ အစော်ကားခံခဲ့ရခြင်းကို တဖြည်းဖြည်း မေ့ပျောက်လာတော့သည်။ မကြာမီ သူ အံ့သြသွားပြီး တအံ့တသြ ရွေရွတ်မိလိုက်သည်။ သူတင်မဟုတ် အခြားများသည်လည်း ထိုနည်းတူ မြင်လိုက်ရသောအရာများကြောင့် အံ့အားသင့်နေကြတော့သည်။
သူတို့သည် အရှေ့ဘက်ကောင်းကင်တံတားမြစ်တစ်ခုလုံး၏ မြစ်ဖျားခံရာအရပ်သို့ရောက်ရှိနေပြီး မြို့တော်သည် လူနေထူထပ်၏။ မြို့တော်အတွင်းရှိ လူအများစုသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဂိုဏ်းသား၊ဂိုဏ်းသူများဖြစ်သော်လည်း အခြားသူများမှာ မြို့တော်ထဲတွင် မျိုးရိုးစဥ်ဆက်နေထိုင်လာခဲ့သော အမျိုးမျိုးသော အစုအဖွဲ့များနှင့် မျိုးနွယ်စုများဖြစ်လေသည်။
ပိုင်ရှောင်ချန်းသတိထားမိသည့် အထူးဆန်းဆုံးအရာတစ်ခုမှာ မြို့တော်ထဲတွင် ပြည့်ပြည့်ဖြိုးဖြိုး လူတစ်ယောက်တစ်လေကိုမှ မတွေ့ရခြင်းပင်။။ လူတိုင်းမှာ ပိန်ချုံးနေကြကာ ငဖောင်ရိုးများအလားပင်။ တချို့သည် အရိုးပေါ်အရေတင်ပင် ဖြစ်နေကြသည်။။ ထို့အပြင် လူတိုင်းသည် အချိန်အနည်းငယ်မျှကိုပင် မဖြုန်းပစ်ချင်သည့်အလား အမြဲတမ်း အလျင်စလိုဖြစ်နေပုံရသည်။ နောက်ထပ်ထူးဆန်းသောအရာမှာ တစ်ယောက်မှ သူတို့၏ ကျင့်ကြံခြင်းအခြေခံ အရိပ်အမြွက်ကိုပင် မဖော်ပြကြပေ။ ပိုင်ရှောင်ချန်းမှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သဲလွန်စများကို နေရာအနှံ့ရနိုင်လေသည်။ သို့သော်လည်း အခြားကျင့်ကြံသူအများစု လှည့်ပတ်ကြည့်ရှုလိုက်ပါက သာမန်လူသားများနှင့်တူသော လူများသာ တွေ့ရလိမ့်မည်ဖြစ်သည်။
သူ၏သိချင်စိတ်များအား မျိုသိပ်လိုက်ရင်း ပိုင်ရှောင်ချန်းသည် မြို့ထဲတွင် ရောင်းချနေသည့် ပစ္စည်းများကို အာရုံစိုက်လိုက်သည်။ ဝိညာဥ်ရတနာများမှအစ ရှေးဟောင်းစာအုပ်များအဆုံး မည်သည့်အရာကိုမဆို ဝယ်ယူနိုင်လေသည်။ ဆေးလုံးအမျိုးအစားများလည်း စုံလင်စွာ ရှိလေသည်။
ဝိညာဥ်အစားအစာများလည်း ရနိုင်ပြီး အချို့မှာ ကောင်းကင်နှင့် မြေကြီး၏ အဖိုးထိုက်ရတနာများမှ ပြုလုပ်ထားခြင်းဖြစ်သည်။ အခြား ဝိညာဥ်ဆေးများမှာ တောရိုင်းသားရဲအမျိုးမျိုး၏ အသားများဖြစ်လေသည်။ ဝိညာဥ်အစားအစာများအတွက် စျေးနှုန်းသည် အလွန်တရာမြင့်မားသည့်တိုင် လူများမှာ လိုလိုလားလားမရှိကြသော်လည်း ဝယ်ကြမြဲ ဖြစ်နေသောကြောင့် ပိုင်ရှောင်ချန်းနှင့် သူ၏အပေါင်းအပါများမှာ အံ့သြနေကြတော့သည်။
ပိုင်ရှောင်ချန်းနှင့် သူ၏အပေါင်းအပါများသည် ဤမျှရှုပ်ယှက်ခတ်နေသော မြို့မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထို့ကြောင့် အသံများ နားစွင့်၍ မြင်ကွင်းများငေးမောရင်း အချိန်ယူ၍ မြို့ကိုဖြည်းညင်းစွာ လျှောက်ကြည့်နေကြတော့သည်။
အချိန်များကုန်ဆုံးသွားသည်နှင့် သူတို့သည် မြို့ထဲရှိ စျေးနှုန်းများမှာ ခေါင်ခိုက်နေကြောင်း သိရှိသွားတော့သည်။ ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်းသည် အဏ္ဏဝါခေါ်သံ ဂိုဏ်းတွင်ရှိစဥ်က ဝိညာဥ်ကျောက်တုံးပေါင်းများစွာရခဲ့သော်လည်း အလျင်အမြန်တွက်ချက်ကြည့်ပြီးသော် သူ့မှာ ရှိသည်တို့နှင့်ပင် သူအမှန်တကယ်လိုချင်သော အရာတစ်ခုကို ဝယ်ရန်မလုံလောက်ကြောင်းသိသွားလေတော့သည်။
နာရီအနည်းငယ်ကြာ မြို့ပတ်ပြီးနောက် တစ်ဖွဲ့လုံးမှာ နောက်ထပ် အံ့သြဖွယ်ရာတစ်ခုကို သတိပြုမိလိုက်လေသည်။ မည်သည့်အကြောင့်မှန်းမသိ သူတို့ အလွန် ဗိုက်ဆာနေလေပြီ။
ထိုဖြစ်စဥ်ကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားလေသည်။ အမှန်တွင် ကျင့်ကြံသူများ အခြေခိုင်မာခြင်းအဆင့်ရောက်သည်နှင့် အစားအစာအစစ်များကို စားရန်မလိုတော့ပေ။ ထိုအစား စိတ်စွမ်းအင်ကိုသာ စုပ်ယူရလေသည်။
သို့သော် ထိုအခိုက်တန့်တွင် ဆာလောင်မွတ်သိပ်မှုခံစားချက်သည် သူတို့အားလုံးတွင် ပေါ်ပေါက်လာလေတော့သည်။
“ဘာတွေဖြစ်နေတာလဲ.. ။ ငါ..ငါ..ဗိုက်ဆာလိုက်တာ” ပိုင်ရှောင်ချန်းက ဗိုက်ကိုပွတ်ပြီးနောက် ချင်းမေ့ယွမ်ကို ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ချင်းမေ့ယွမ်သည် သိသိသာသာတုန်လှုပ်နေသည်။ တခဏကြာတွေးပြီးသော် သူမက ကျောက်စိမ်းပေလွှာကို ထုတ်ကာ တစ်စုံတစ်ယောက်အား သတင်းပို့လိုက်သည်။ တခဏကြာပြီးနောက် သူမမျက်နှာပျက်သွားလေသည်။ သူမ၏ အပေါင်းအပါတစ်သိုက်ကို ကြည့်လိုက်ပြီး ချီတုံချတုံဖြစ်နေပြီးနောက် သူမကပြောသည်။
” တစ်ယောက်ယောက်များ .. ရှင်တို့ ကျင့်ကြံခြင်းအခြေခံလည်ပတ်ပြီးသွားတာကို သတိထားမိသေးလား”
လူတိုင်း သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို အမြန်စစ်ကြည့်လိုက်ရာ ချင်းမေ့ယွမ်ပြောခဲ့သည့်အတိုင်း သေချာသလောက်နီးပါးပင်။။ သူတို့ ကြီးကြီးမားမား တိုးတက်မှုမကြုံလိုက်ရသော်လည်း သက်သေရှိလေသည်။ သူတို့မှာ ယောက်ယှက်ခတ်နေသောမြို့ကြီးကြောင့် အလွန်နစ်မြောနေသဖြင့် သတိမပြုမိလိုက်ခြင်းပင်။
ချင်းမေ့ယွမ်က ဆက်လက်ရှင်းပြသည်။ ” ကောင်းကင်တံတားပင်လယ်နဲ့ ဘယ်လောက်နီးနေသလဲဆိုတာ စဥ်းစားကြည့်ရင် စိတ်စွမ်းအင်တွေက အရမ်းကိုအားကောင်းပြီး ကျမတို့ခန္ဓာကိုယ်ထဲဝင်လာပြီးတဲ့နောက် ယင်အင်္ဂါငါးခုကို ပရမ်းပတာဖြစ်သွားစေတယ်။ ကျင့်ကြံခြင်းအခြေခံတွေကို ပိုမြန်မြန်တိုးတက်သွားစေပေမယ့်လဲ အရမ်းအားယုတ်သွားစေတယ်။ ဒါကြောင့် ဗိုက်ဆာလာကြတာပဲ။ အထူးသဖြင့် စွမ်းအင်ကုန်ခန်းတာက အရမ်းပြင်းထန်တာကြောင့် ပုံမှန်အစားအစာတွေမစားပဲနဲ့ ကျင့်ကြံခြင်းကို အားဖြည့်မပေးနိုင်ဘူး”
ချင်းမေ့ယွမ်က အခြေအနေကို ရှင်းပြနေစဥ် ပိုင်ရှောင်ချန်း၏ ဗိုက်မှာ ကျယ်လောင်စွာ တဂွီဂွီမြည်လာတော့သည်။
သူမစကားပြောပြီးသောအခါ သူ့မျက်နှာမှာ အိုစာနေလေပြီ။ သေခြင်းတရားပြီးလျှင် ဘဝတွင် သူအကြောက်ဆုံးအရာမှာ ဆာလောင်ခြင်းဖြစ်သည်။ မွေးရနံ့တိမ်တောင်တွင် ထာဝရအသက်ရှည်နည်းပညာရပ်ကို စတင်လေ့ကျင်စဥ်က သူသေလုမတတ်ဆာလောင်ခဲ့ရသည်။ အခြေခိုင်မာခြင်းအဆင့်ရောက်ပြီးနောက် ဘယ်သောအခါမှ ဆာလောင်မှုတစ်စုံတစ်ရာ မခံစားခဲ့ရသော်လည်း ယခု ဤနေရာတွင် သူတို့ ထပ်ပေါ်လာလေပြီ။
ချင်းမေ့ယွမ်က ခါးသက်သက်ပြုံးရင်းပြောသည်။
” အဲဒါအပြင် သူငယ်ချင်းတစ်ယောက်ကို အခုလေးတင် ကျွန်မမေးလိုက်သေးတယ်။ ဒီမြို့မှာရှိတဲ့ လူတိုင်းက စွမ်းအင်ဖြည့်တင်းဖို့အတွက် တစ်နေ့ကို အစားအများကြီးစားပေးရတယ်တဲ့.။ ပြီးတော့ စိတ်စွမ်းအင် အစားအစာပဲ ဖြစ်ရမယ်တဲ့လေ”
ဖက်တီးကျန်းကြီးမှာ အလွန်စိတ်လှုပ်ရှားစပြုလာလေပြီ။ ပိုင်ရှောင်ချန်းနည်းတူ သူသည်လည်း သေမင်းထက် ဆာလောင်မှူကို ပိုကြောက်လေသည်။
“ဒီ…ဒီတော့.. ငါတို့အဆက်မပြတ်စားနေရမယ်လို့ ဆိုလိုတာလား”
“ဝတ်ရုံဝါဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး သက်တန့်နယ်မြေထဲဝင်နိုင်တာနဲ့ အဲ့နေရာက အရှိန်အဝါတွေကြောင့် စိတ်စွမ်းအင်စုပ်ယူတာကို အကူအညီပေးလိမ့်မယ်… ပြဿနာကိုလည်း ပုံမှန်အတိုင်း သူ့ဘာသာသူဖြေရှင်းပြီးဖြစ်သွားလိမ့်မယ်”
ခံစားနေရသော ဆာလောင်ခြင်းကြောင့် ချင်းမေ့ယွမ်၏မျက်ခုံးသည် ပင့်တက်နေလေသည်။
ကုန်းစွန်ဝမ်အာသည် နှုတ်ခမ်းကလေးကိုက်၍ သူမ၏ဗိုက်ကို ပွတ်လိုက်ပြီးနောက် တခစ်ခစ်ရယ်လိုက်သည်။
” အင်းအဲဒါဆိုရင် ကျမ တစ်ခုခုစားဖို့ သွားတော့မယ်နော်.။ နောက်မှတွေ့ကြတာပေါ့”
ထို့နောက် သူမက သူတို့ကို လက်ပြနှုတ်ဆက်ရင်း လူအုပ်ကြားထဲဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
“ခေါင်းဆောင်ငယ်..ကျုပ်တို့ဘာလုပ်ရမလဲ”
နတ်ဆရာက ပိုင်ရှောင်ချန်းကို ကြည့်ရင်း ပြောသည်။
” ကျုပ်လဲ ဗိုက်ဆာတယ် ”
ရွှီပေါက်ချိုင်သည်လည်း တူညီသောအမူအရာရှိပြီး နောက်ဆုံး တင်းမာခက်ထန်သောမျက်နှာဖြင့် စုန့်ချွဲပင်လျှင် ပိုင်ရှောင်ချန်းကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေလေသည်။
သူ၏အိတ်ကလေးကို စိုးရိမ်စွာ ပွတ်ရင်း ပိုင်ရှောင်ချန်း အံကြိတ်ကာပြောလိုက်သည်။
” အခုတော့ မျိုသိပ်ထားရအောင်..။ အရင်ဆုံး နေစရာရှာဖို့လိုတယ် နောက်မှ စားဖို့ တစ်ခုခု ဘယ်လိုရနိုင်လဲ ကြည့်ကြတာပေါ့”
အခြားသူများသည်လည်း အကြံကောင်းဖြစ်ကြောင်း သဘောတူလေသည်။ သူတို့အကုန်လုံး ဆေးလုံးအချို့ကို ဆာလောင်မှုယာယီပျောက်သွားစေရန် ထုတ်သောက်လိုက်ပြီးနောက် နေစရာအတွက် မြို့ပတ်ရှာလေတော့သည်။
မကြာမီ ရှင်းကုံကျစ်တာအို ဂိုဏ်းသားများ အင်မော်တယ်ဂူရနိုင်သော နေရာကို ရှာတွေ့သွားပြီး ပိုင်ရှောင်ချန်းမှာ အင်မော်တယ်ဂူများအားလုံးမှာ ငှားရန်သာဖြစ်ပြီး ရောင်းရန်မဟုတ်ကြောင်း သိသွားလေသည်။ ငှားခများကို လှမ်းကြည့်ပြီးနောက် ပိုင်ရှောင်ချန်းမှာ မအံ့သြမနေနိူင်တော့ပေ။
” စျေးး…စျေးကြီးလိုက်တာ”
တာဝန်ကျကျင့်ကြံသူမှာ လိမ္မော်ရောင်ဝတ်ရုံဂိုဏ်းသားတစ်ဦးဖြစ်ပြီး သူက စကားတစ်ခွန်းမှမပြောပဲ ပိုင်ရှောင်ချန်းကို အေးစက်စွာကြည့်နေလေသည်။
မကြာမီ မယုံကြည်နိုင်ဖွယ်စျေးနှုန်းများအရ အလွန်ချမ်းသာသောလူများသာ ဤနေရာတွင် အင်မော်တယ်ဂူများတတ်နိုင်လိမ့်မည်။ သာမန်လူများမှာ စိတ်စွမ်းအင်ဘုံဗိမာန်များကို ငှားရမ်းရလေသည်။ စိတ်စွမ်းအင်ဘုံဗိမာန်များ၏ စျေးများသည်လည်း ခေါက်ခိုက်နေချေသည်။
သူတို့မှာ ရွေးချယ်စရာအနည်းငယ်သာရှိလေရာ ပိုင်ရှောင်ချန်းနှင့် သူ၏ရောင်းရင်းများသည် သူတို့ရှာတွေ့နိုင်သည့် စျေးအပေါဆုံး စိတ်စွမ်းအင်ဘုံဗိမာန်ကို ငှားရန် သဘောတူလိုက်ကြသည်။ ကျောက်စိမ်းပေလွှာသော့ကိုရပြီး မြို့ထဲတွင် စိတ်စွမ်းအင်ဘုံဗိမာန်တွေ့သည့်အချိန်တွင် အပြင်ဘက်မှာ မှောင်စပြုလာလေပြီ။
၄င်းသည် မြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး အလွန်ရိုးရှင်း၍ စုတ်စုတ်ပြတ်ပြတ်ဖြစ်လေသည်။ ပိုင်ရှောင်ချန်းမှာ သူငယ်စဥ်ကနေခဲ့သော ရွာကလေးရှိ နေအိမ်ကို ပြန်ပြောင်းသတိရသွားမိလေသည်။ ထို့ပြင် ၄င်းကို နှစ်ဝက်ငှားခြင်းအတွက် ဂိုဏ်းမှပေးလိုက်သော ဝိညာဥ်ကျောက်တုံးတစ်ဝက်သွားလေရာ ပိုင်ရှောင်ချန်းမှာ ရင်ထဲနင့်သွားတော့သည်။
တစ်နေ့လုံးကုန်ဆုံးသွားပြီဖြစ်လေရာ သူတို့အားလုံး ပို၍ ဆာလောင်လာတော့သည်။ ထိုအချိန်တွင် သူတို့၏ ဗိုက်များမှာ တဂွီဂွီမြည်နေလေသည်။ သက်ပြင်းချရင်း ပိုင်ရှောင်ချန်းသည် နတ်ဆရာထံ ဝိညာဥ်ကျောက်တုံးအိတ်ကို ပစ်ပေးလိုက်ပြီး စားစရာသွားရှာရန် ပြောလိုက်လေသည်။
နတ်ဆရာက စိတ်လှုပ်ရှားစွာဖြင့် အိတ်ကို ဖမ်းလိုက်ပြီးနောက် အလောတကြီးထွက်သွားကာ တခဏချင်း ဝိညာဥ်အစားအစာမျိုးစုံဖြင့် ပြန်ရောက်လာပြီး အညီအမျှခွဲပေးလေသည်။ ယခုတွင် သူတို့၌ စားစရာများရှိနေပြီဖြစ်ရာ လူတိုင်းသည် ဝိုင်းထိုင်၍ အတွေးများကိုယ်စီဖြင့် တိတ်ဆိတ်စွာ စားနေကြလေသည်။
ပိုင်ရှောင်ချန်းမှာမူ အဏ္ဏဝါခေါ်သံဂိုဏ်းအား မည်မျှလွမ်းကြောင်း မရပ်မနားတွေးနေမိလေသည်။
ညသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွား၏။ နောက်တစ်နေ့ ဝေလီဝေလင်းတွင်… ပိုင်ရှောင်ချန်းသည် သူ့ဗိုက်၏ တဂွီဂွီမြည်သံကြောင့် နိုးလာတော့သည်။ အခြားလူများကို ဝေ့ဝိုက်ကြည့်လိုက်သည်တွင် မနေ့ကထက်ပို၍ အတော်လေးပိန်သွားပြီဖြစ်ကြောင်းပြောနိုင်လေသည်။
“ချီးတဲ့မှပဲ။ ဘယ်လိုယုတ်မာတာကြီးလဲဟ။ ငါတို့ဘယ်လိုလုပ် ခံနိုင်မှာတုံး ”
၄င်းမှာ ကြောက်စရာကောင်းသော အခြေအနေတစ်ရပ်ပင်။ သူသည် အလွန်တရာဆာလောင်နေလေရာ သဲသဲကွဲကွဲမြင်နိုင်ရန် ခဲယဥ်းနေလေတော့သည်။ ဝိညာဥ်ကျောက်တုံးများထပ်ထုတ်လိုက်ပြီး နတ်ဆရာကို ဝိညာဥ်အစားအစာသွားဝယ်ရန် ခိုင်းလိုက်ပြန်သည်။
ဤနည်းဖြင့် ပထမဆုံးတစ်ရက် ကုန်သွားလေသည်။ ထို့နောက် ၂ရက်မြောက်နေ့ကုန်သွားပြန်ပြီး ၃ရက်မြောက်…၄ရက်မြောက်..။
ထိုအချိန်အတောအတွင်း အဖွဲ့ထဲမှ လူတိုင်း မြို့ကိုပတ်ကြည့်ကြသော်လည်း မျက်စိမျက်နှာပျက်လျက်ပြန်လာကြပြီး စွမ်းအင်တစ်စက်လေးကိုမှ မဖြုန်းတီးချင်သည့်အလား တင်ပျဥ်ခွေ၍ မလှုပ်မယှက်ထိုင်ကြလေသည်။
စွမ်းအင် ချွေတာကြသော်လည်း ပိုင်ရှောင်ချန်းအပါအဝင် သူတို့အားလုံးမှာ ပို၍ ပိန်ပိန်လာတော့သည်။ ရွှီပေါက်ချိုင်မှာ ပို၍ဆိုးကာ အရိုးပေါ်အရေတင်ပင်ဖြစ်နေတော့သည်။
သို့သော်လည်း ထိုသည်က အမှန်တကယ်ကြောက်စရာမကောင်းပေ။ သူတို့ကို အခြောက်လန့်ဆုံးအရာမှာ နှစ်ရက်အတွင်း ဝိညာဥ်ကျောက်တုံးများကုန်ဆုံးတော့မည့် အိတ်ပင်ဖြစ်တော့သည်။ ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်အိတ်ပင်လျှင် ဝိညာဥ်ကျောက်တုံး ၉၀ရာခိုင်နှုန်းနီးပါး ကုန်ဆုံးနေလေပြီ။
“ငါတို့ အစီအစဥ်ဆွဲဖို့လိုနေပြီ”
သူက လေးနက်သောအကြည့်ဖြင့် လူတိုင်းကို ပတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။
” ဒီတိုင်းဆက်သွားရင် ဘယ်လိုမှ အဆင်မပြေတော့ဘူး။ မင်းတို့ကောင်တွေက ငါရဲ့ တာအိုစောင့်ရှောက်သူတွေလေ။ သွားပြီး ပိုက်ဆံရှာကြစမ်းပါ”
ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် စုန့်ချွဲ၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားဟန်များနှင့် ဒေါသအနည်းငယ် တောက်ပနေပြီး ထရပ်လိုက်သည်။ ပိုင်ရှောင်ချန်းက သိချင်စိတ်ပြင်းစွာ ကြည့်လိုက်ပြီး သူဘာလုပ်နေသည်ကို မေးရန် ပြင်လိုက်ဆဲဆဲမှာပင် စုန့်ချွဲက အော်လိုက်၏။
“ငါ ဒီဟာကို ဆက်သည်းမခံနိုင်တော့ဘူး”
“တော်ပြီလို့.. ငါပြောတာကြားလား ပိုင်ရှောင်ချန်း။ တာအိုအစောင့်အရှောက်ဟုတ်လား.. သွားစမ်းပါ.။ ငါထွက်ပြီ။ စုန့်ချွဲဆိုတဲ့ကောင်က သူ့ပြဿနာကို သူ့ဘာသာသူ ရှင်းနိုင်တယ်။ အခုကစပြီး မင်းကိုယ့်ကိုယ်ကိုယ်သာအားကိုးတော့။ စွမ်းဆောင်ရည်မှတ်ရဖို့တဲ့လားး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာဖြစ်ဖြစ် အဏ္ဏဝါခေါ်သံဂိုဏ်းမှာဖြစ်ဖြစ် ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်ရင်မဟုတ်မယ်..။ ဒါပေမယ့် ဒီ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာတော့ ငါ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဝတ်ရုံဝါဂိုဏ်းသားဖြစ်လာအောင်လုပ်ပြီး သက်တန့်နယ်မြေထဲ ဝင်နိုင်စေရမယ်”
ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ဒေါသကြီးစွာ ပြူးထွက်သွားပြီး ပြန်ပြောရန်ပြင်လိုက်စဥ်မှာပဲ ရုတ်တရက် နတ်ဆရာက ထလာတော့သည်။