အခန်း (၅၄၆) – မင်း ကံကောင်းသွားတယ
ဝမ်ပေါင်လဲ့ ခေါင်းမော့ကြည့်လိုက်စဉ်မှာပင် ကျောက်တံခါးကြီးပွင့်သွားပြီး သူတို့၏ အထက်တွင်ရှိနေသော မြေပြင်ကြီးမှာ အပြင်းအထန်တုန်ရီကာ စတင်ကွဲအက်လာတော့သည်။ ထို့နောက် အလွန်အင်မတန်မှကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ သူတို့၏ အထက်တွင်ရှိနေသော မီးပင်လယ်ကြီးမှာ ထိုအက်ကွဲကြောင်းထဲမှနေ၍ မီးရေတံခွန်ကြီးတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းလာတော့သည်။
သို့သော် ထိုမြေအောက်ဂူမှာ အတော်အသင့်ကျယ်ဝန်းနေသောကြောင့် မီးပင်လယ်ကြီးစီးဝင်လာသည့်တိုင်အောင် ချက်ချင်း ပြည့်သွားမည်တော့မဟုတ်ပေ။ သို့သော် ရှေးဟောင်းစစ်မြေပြင်ကြီးမှာ အဆက်မပြတ် ကွဲအက်ပျက်စီးနေသည်ဖြစ်ရာ သိပ်မကြာခင်တွင် ထိုနေရာကြီးတစ်ခုလုံးမှာ မီးပင်လယ်ကြီး၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရမည်သာဖြစ်သည်။
အကယ်၍ မီးပင်လယ်ကြီး စီးဝင်လာရုံလောက်မျှသာဆိုလျှင် ဝမ်ပေါင်လဲ့မှာ မျက်တောင်တစ်ချက်ပင် ခတ်မိမည်မဟုတ်ပေ။ သို့သော် ထိုအက်ကွဲကြောင်းကြီးထဲမှနေ၍ ဝိညာဉ်လှေကိုးစင်းမှာ မီးပင်လယ်ကြီးနှင့်အတူ ရောက်ရှိလာသောကြောင့် သူသည် ချက်ချင်းပင် မျက်နှာပျက်သွားရတော့သည်။ ၎င်းတို့မှာ မီးပင်လယ်ကြီးအား ဖြတ်သန်းကာ မြေအောက်ဂူထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ထိုဝိညာဉ်လှေကိုးစင်းမှာ တောက်ပသွားပြီး ကျယ်ပြန့်တာအိုနန်းတော်မှ အမြုတေအဆင့် ကျင့်ကြံသူကိုးယောက် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။
သူတို့မှာ ဂူထဲတွင် ဖြစ်ပျက်နေသည့် မြင်ကွင်းများကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားကြ၏။ သူတို့မှာ ခေါင်းပြတ်နေသည့် ကျောက်တုံးရုပ်ထုကြီး၊ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ခါနီးဖြစ်နေသော ခုန်းတောက်၊ ထိုနေရာအား ကာကွယ်စောင့်ရှောက်နေကြသည့် ဝမ်ပေါင်လဲ့နှင့် သူ၏ကိုယ်ပွားတို့ကို မြင်လိုက်ရသည်။
ထို့အပြင် ဂူဗိမာန်ကြီးမှာ တံခါးများပွင့်နေပြီး အတွင်းပိုင်းထဲတွင် ပြောင်သလင်းခါနေပြီဖြစ်ကြောင်းကိုလည်း သူတို့က သတိထားမိလိုက်ကြ၏။ ထို့ကြောင့် ၎င်းမှာ မွှေနှောက်ရှာဖွေခံထားရပြီးဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို့အပြင် သူတို့သည် ထိုနေရာတွင် ရှိနေသည့် ဝိညာဉ်ချီများမှာ တမူထူးခြားလောက်အောင် ထူထပ်သိပ်သည်းနေသည်ကို အာရုံခံမိလိုက်၏။ ထို့နောက် ခုန်းတောက်တစ်ယောက် တရားထိုင်နေသည့် မြင်ကွင်းကြောင့် သူတို့အားလုံးမှာ ဖြစ်ကြောင်းကုန်စင်ကို နားလည်သဘောပေါက်သွားတော့သည်။ ထို့ကြောင့် သူတို့အားလုံး၏ မျက်နှာအမူအရာများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြ၏။
” ဒီဂူဗိမာန်က အခုလေးတင် ပွင့်သွားခဲ့တာပဲ ”
” ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုံးဝမရှိအောင် နှစ်နဲ့ချီတဲ့အထိ ပိတ်ဆို့ခံထားရတဲ့ ဂူဗိမာန်တွေ ပွင့်လာမှသာ အခုလို ထူထပ်သိပ်သည်းတဲ့ ဝိညာဉ်ချီတွေ စီးထွက်လာနိုင်တာ ”
” ဟားဟား။ ငါတို့တွေ ဒီတစ်ခါတော့ ထောပြီဟေ့။ ဒီလိုမျိုး ရတနာသိုက်ကြီးကိုမှ ရှာတွေ့လိုက်ရတယ်လို့ ” အမြုတေအဆင့် ကျင့်ကြံသူများအားလုံးမှာ စိတ်လှုပ်ရှားသွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့အား အဖက်မလုပ်သည့်ပုံပင်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မည်သူမည်ဝါဖြစ်ကြောင်း သိထားကြပါသော်လည်း သူ့အား လျစ်လျူရှုထားကြဆဲပင်။ ထိုအချိန်တွင် အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့၏ ဘေးမှ စိတ်လှုပ်တရှား ဖြတ်ပြေးသွားလိုက်ပြီး ဂူဗိမာန်ကြီးဆီသို့ ဦးတည်သွားလိုက်၏။ သူသည် ထိုဂူဗိမာန်ကြီးထဲတွင် ရှိနေသော ပစ္စည်းများအား ကြည့်ရှုချင်နေခြင်းဖြစ်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်စိမျက်နှာ ပျက်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝါးမျိုခြင်းသစ်စေ့မှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး သူသည် မလှုပ်မယှက်ရပ်နေဆဲပင်။ သို့သော် ထို အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူ သူ့ဆီသို့ လျှောက်လှမ်းလာသည်နှင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းသွားပြီး ထိုကျင့်ကြံသူ၏ ရှေ့၌ ရပ်လိုက်၏။ ထို့နောက် ၎င်းမှာ စကားတစ်ခွန်းမှပြောမနေပဲ ကန်ကျောက်လိုက်တော့သည်။ ထိုကန်ချက်မှာ မြန်ဆန်လွန်းနေသောကြောင့် လေပြင်းတိုက်ခတ်သံများနှင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး လျှပ်စီးတန်းများ ပေါ်ပေါက်လာ၏။ ထိုအခါ ထို အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူမှာ လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။
” ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ရဲ့ လျှပ်စီးကိုယ်ပွားတစ်ခုပါလား ” သူသည် သူ၏လက်အား ဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအား တွန်းထုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူသည် ထို ကိုယ်ပွားအား လျှော့တွက်မိသွားခဲ့ပြီဖြစ်သည်။ ထိုကိုယ်ပွားကြီး သူနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ရှေ့သို့ ပြေးထွက်လာပြီး သူ့ပြိုင်ဘက်၏ မန္တန်အား လျစ်လျူရှုကာ သူ၏အနီးသို့ ချက်ချင်းပင်ရောက်ရှိလာ၏။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ထဲမှ လျှပ်စီးများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ထိုအခါ ထို အလယ်အလတ် အမြုတေအဆင့်ကျင့်ကြံသူမှာ အထိတ်တလန့် ဖြစ်သွားရတော့သည်။ သူသည် နောက်သို့ဆုတ်ရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် သူ၏ပါးစပ်ထဲမှ သွေးများစီးကျလာသဖြင့် သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် အခြားကျင့်ကြံသူများမှာ ရှေ့သို့လှမ်းလာကြပြီး သူ့အား ကယ်တင်လိုက်ရ၏။ ထို့နောက် သူတို့အားလုံးမှာ နောက်သို့လှည့်လာကြပြီး ထိတ်လန့်တုန်လှုပ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြတော့သည်။
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားကြီးမှာ အနည်းငယ်ခန့် အရောင်မှိန်သွား၏။ ၎င်းမှာ ထိုကျင့်ကြံသူ၏ နောက်သို့ ပြေးလိုက်သွားခြင်းမရှိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ပြန်ဆုတ်သွားသည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်ကာ ကျူးကျော်ဝင်ရောက်လာသူများအား အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
ထိုအခါ ထိုကျင့်ကြံသူများမှာ မျက်လုံးများမှေးသွားကြပြီး ဝမ်ပေါင်လဲ့အား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်ကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားပြီးသား ဖြစ်ပါသော်လည်း သူ့အား သိပ်၍ အလေးမထားခဲ့ပေ။ သူတို့မှာ လူအင်အား အသာစီးရနေသည်ဖြစ်ပြီး သူတို့၏အဖွဲ့ထဲတွင် နှောင်းပိုင်း အမြုတေအဆင့် ခေါင်းဆောင်တစ်ယောက် ပါနေသည်မဟုတ်ပါလော။ ထို့အပြင် သူတို့မှာ ပြည်ထောင်စု ကျင့်ကြံသူများအား ရန်လိုသည့် အစွန်းရောက်အဖွဲ့အစည်းမှ အဖွဲ့ဝင်များဖြစ်ကြသည်။ သူတို့ထဲမှ အများစုမှာ လျန်လုံကဲ့သို့ပင်။ သူတို့မှာ ပြည်ထောင်စုကြီးထဲမှ ရောက်လာသည့် ကျင့်ကြံသူများအား အဆင့်နိမ့်သတ္တဝါများအဖြစ် သတ်မှတ်ထားကြ၏။
သို့သော် ဝမ်ပေါင်လဲ့ ကိုယ်ပွားကြီး၏ ရုတ်တရက်တိုက်ကွက်ကြီးကြောင့် သူတို့မှာ အတွေးအမြင်များ ပြောင်းလဲသွားခြင်း မရှိသည့်တိုင်အောင် ပုံမှန်ထက်ပို၍ သတိကြီးကြီးထားမိသွားကြပြီ ဖြစ်သည်။ ကိုယ်ပွားတစ်ခုတည်းနှင့် အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အား နောက်သို့ထွက်ပြေးသွားအောင် လုပ်နိုင်စွမ်းရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ အလွန်အင်မတန်မှ အစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်ဖြစ်ရပေမည်။
” စိတ်ဝင်စားစရာပဲ။ မင်းက ဝမ်ပေါင်လဲ့မလား။ မင်းရှာတွေ့ခဲ့တဲ့ ပစ္စည်းတွေကို ငါတို့ဆီလွှဲပေးလိုက်။ ငါတို့တွေ အဲဒီပစ္စည်းတွေအားလုံးရဲ့ ဆယ်ပုံပုံ ကိုးပုံပဲ ယူမယ်။ ပြီးရင် အခု ဖြစ်ပျက်ခဲ့သမျှကိစ္စတွေကို မေ့ပေးလိုက်မယ် ” ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အလယ်အလတ် အမြုတေအဆင့်ရှိ သက်လတ်ပိုင်းလူကြီးက ဆိုလိုက်၏။ သူသည် ဩဇာညောင်းသည့် လူတစ်ယောက်ကဲ့သို့ အေးစက်စက် မျက်နှာထားဖြင့် ရပ်နေသည်။ သူ၏ လေသံအရဆိုလျှင် သူသည် ဆွေးနွေးညှိနှိုင်းရန် ဆန္ဒမရှိကြောင်း သိနိုင်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အတွက် ဆယ်ပုံပုံတစ်ပုံ ချန်ပေးထားခဲ့သည်မှာ သူ့ဘက်မှ အလွန်အင်မတန်မှ ရက်ရောနေခြင်းဖြစ်ကြောင်း မှတ်ယူထား၏။
သူ ထိုသို့ တွေးနေသည်မှာလည်း မထူးဆန်းပေ။ ကျင့်ကြံခြင်းလောကထဲတွင် အင်အားကြီးသူများကသာ အရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိသည် မဟုတ်ပါလော။ သူသည် လက်ရှိအခြေအနေတွင် သူ့ကိုယ်သူ အင်အားအကြီးဆုံးလူအဖြစ် သတ်မှတ်ထား၏။
အားအင်ချိနဲ့သူများ၏ သဘောတူထောက်ခံမှုကို တကူးတက လိုက်လံတောင်းခံနေစရာမလိုပေ။
အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ၏ ကမ်းလှမ်းချက်ကို လက်မခံပါက သူ့အတွက် အလုပ်အနည်းငယ်ခန့် ရှုပ်သွားနိုင်ပေသည်။ သို့သော် ယခုမှပွင့်လာသည့် ဂူဗိမာန်တစ်ခုအတွက် ပြည်ထောင်စုကြီးဆီမှ အဆင့်နိမ့်သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ခြင်းရမှာ သူ့အတွက် အသေးအဖွဲကိစ္စတစ်ခုသာဖြစ်သည်။ ထို့ကြောင့် သူသည် ဂရုမစိုက်သည့်အမူအရာဖြင့် ဆက်ပြောလိုက်၏ ” မင်းကို စဉ်းစားချိန် ဆယ်စက္ကန့်ပေးမယ်။ မင်း သေချင်လား မသေချင်ဘူးလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပေါ့ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ သူသည် သူ့ရွေးချယ်နိုင်မည့် နည်းလမ်းများကို ချင့်ချိန်တွေးတောနေတော့သည်။ သူ၏ပြိုင်ဘက်များမှာ လူအင်အား အသာစီးရနေပါသော်လည်း သူသည် သူတို့အားလုံး သတ်ဖြတ်နိုင်လိမ့်မည်ဟုယုံကြည်ထား၏။ သို့သော် သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ ထို့အပြင် ခုန်းတောက်တစ်ယောက် ဖောက်ထွက်နေစဉ် တိုက်ပွဲတစ်ခု ပေါ်ပေါက်လာခဲ့မည်ဆိုပါက သူ ခံစားရနိုင်သည့် နောက်ဆက်တွဲအကျိုးဆက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။
သို့သော် ဤကိစ္စကြီးအား အေးအေးလူလူ ဖြေရှင်းရန်မှာ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ သူသည် ဖုန့်ချိုးရန်၏ အမိန့်များအရ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု လိမ်ညာရန် တွေးမိလိုက်၏။ ထို့အပြင် သူသည် သူတို့အား တိုက်ပွဲရမှတ်များဖြင့် လာဘ်ထိုးကာ တိုက်ပွဲကြီးအားရှောင်လွဲရန် စဉ်းစားမိလိုက်သေးသည်။ သို့သော် ခဏအကြာတွင် သူသည် ထိုအတွေးများအား မေ့ထားလိုက်တော့သည်။
သူတို့ဆီမှ ထွက်ပေါ်နေသည့် သွေးဆာနေသော အငွေ့အသက်များနှင့် သူတို့၏ မျက်ဝန်းများထဲရှိ ရန်လိုစိတ်များကိုကြည့်လျှင် ဤပြဿနာကြီးအား ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း သူက သိထား၏။ ထို့ကြောင့် အချိန်ဆွဲနေလျှင်လည်း အကျိုးရှိမည်မဟုတ်ပေ။
” ဒီလိုဆိုမှတော့လည်း… ” ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်များပေါ်ပေါက်လာ၏။ သို့သော် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိသည့်အပြင် ပြုံးပင်ပြုံးလိုက်သေးသည်။ သူသည် သူ၏ ကိုယ်ပွားအား ခုန်းတောက်ဆီသို့ စေလွှတ်ကာ သူ့အား ကာကွယ်ပေးလိုက်ပြီးနောက် တိုက်ခိုက်ရန်ပြင်လိုက်စဉ်မှာပင် အမြုတေအဆင့်ထက် ပို၍သာလွန်သည့် အငွေ့အသက်တစ်မျိုးမှာ သူတို့၏အထက်တွင်ရှိနေသော အက်ကွဲကြောင်းကြီးထဲမှ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။
ထို အားကောင်းလွန်းလှသည့် အငွေ့အသက်ကြီးမှာ ဂူကြီးတစ်ခုလုံးအား လွမ်းခြုံထား၏။ ထို့နောက် စိတ်မရှည်သည့်လေသံ ပေါက်နေသော အဘိုးကြီးတစ်ယောက်၏ စကားသံမှာ လေထုထဲ၌ ပြည့်နှက်သွားတော့သည်။
” တော်လောက်ပြီ။ ဝမ်ပေါင်လဲ့က ဒီဂူကြီးကို အရင်ဆုံး ရှာတွေ့ခဲ့ပြီးတော့ အရင်ဆုံးဖွင့်နိုင်ခဲ့တာ။ ဂိုဏ်းစည်းမျဉ်းတွေအရဆိုရင် ဒီဂူကြီးကို သူပိုင်တယ်။ လီပင်း။ မင်း အခုချက်ချင်း ဒီနေရာကနေ ထွက်သွားလိုက်တော့ ” ထိုစကားသံကြီးနှင့်အတူ အက်ကွဲကြောင်းကြီးထဲမှ လူတစ်ယောက်ထွက်ပေါ်လာ၏။ ထိုလူကြီးမှာ တစ်ခေါင်းလုံး ဆံပင်အနီရောင်များ ပေါက်နေသော အဘိုးကြီးတစ်ယောက်ပင်ဖြစ်သည်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ ယွမ်ယင်အဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည့် ချီလင်း ဖြစ်ပေသည်။
သူသည် ရှေးဟောင်းစစ်မြေပြင်ကြီး တုန်လှုပ်သွားခဲ့ရာမှ ထွက်ပေါ်လာသည့် မီးပင်လယ်ကြီးထဲမှ ဆူညံသံများအား သတိထားမိသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဤနေရာသို့ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့နှင့် လီပင်းတို့၏ ရန်ပွဲအား မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရခြင်းဖြစ်၏။ သူသည် သူတို့နှစ်ယောက်၏ ကြားတွင် ဝင်ရောက်ဖျန်ဖြေလိုခြင်း မရှိပါသော်လည်း သူသည် ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ ဖြစ်နေသည်မဟုတ်ပါလော။ သူသည် ဖုန့်ချိုးရန်၏ စိတ်ကူးစိတ်သန်းများနှင့် အတွေးအမြင်များကို တဖြည်းဖြည်းနှင့်ပို၍ သံသယဝင်လာနေသည့်တိုင်အောင် ဝင်ရောက်ကူညီရန် ဆုံးဖြတ်ခဲ့၏။
လွန်ခဲ့သည့်တစ်နှစ်ခန့်က ပင်မခန်းမကြီးထဲ၌ သူမြင်ခဲ့ရသည့် ဝမ်ပေါင်လဲ့၏ လိမ္မာပါးနပ်သော အပြုအမူများကြောင့်လည်း သူသည် ယခုလို ဝင်ရောက်ကူညီရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ သို့သော် သူ၏ နှလုံးသားထဲတွင်မူ ပြည်ထောင်စုကျင့်ကြံသူများအား မနှစ်မြို့သည့် စိတ်များ ကိန်းအောင်းနေဆဲပင်။ ထို့ကြောင့် သူသည် ထိုသို့ဆိုလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် အေးစက်စက်မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ဂူကြီးအား အကဲခတ်လိုက်၏။ သူ၏ အကဲဖြတ်သုံးသပ်ချက်များအရ ထိုဂူကြီးမှာ သာမန် ဂူဗိမာန်တစ်ခုသာ ဖြစ်ပေသည်။ ထို့ကြောင့် သူသည် စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားပြီးသည့်တိုင်အောင် သူ၏အမိန့်များမှာ ကျန်ရစ်နေခဲ့ဆဲပင်။ လီပင်းမှာ ဆန္ဒမရှိလျှင်တောင် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အမိန့်များကို ဖီဆန်ရဲမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အံကြိတ်ကာ သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ဆိုလိုက်၏။
” ကောင်လေး။ မင်း ဒီတစ်ခေါက် ကံကောင်းသွားတယ်မှတ်။ ဘယ်လောက်အထိဆက်ပြီး ကံကောင်းနိုင်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့ ” သူသည် ထိုသို့ ခြိမ်းခြောက်စကားဆိုလိုက်ပြီးနောက် လှောင်ပြုံးပြုံးကာ နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။ အခြားသူများမှာလည်း သူ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်ကြပြီးနောက် သူ၏နောက်မှ လိုက်သွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်တောင်တဖျပ်ဖျပ် ခတ်မိသွား၏။ သူ၏အမြင်တွင် ကံကောင်းသွားသူမှာ သူမဟုတ်ဘဲ သူတို့သာဖြစ်ပေသည်။ အကယ်၍ ချီလင်းသာ ပေါ်ပေါက်လာခြင်းမရှိပါက သူသည် သူတို့အား တိုက်ခိုက်လိုက်မည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လင်းနို့ရုပ်ထုကြီးနှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူသည် သူတို့အကုန်လုံးကို သတ်ပစ်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့၏။ သူသည် ထိုတိုက်ပွဲကြီးကြောင့် နှစ်ဖက်စလုံး အပြင်းအထန် ဒဏ်ရာရသွားရသည်ပုံစံ ဟန်ဆောင်လိုက်မည်သာဖြစ်သည်။ ထိုသို့သာဆိုပါက ဂိုဏ်းမှာ ထိုအကြောင်းအား သိရှိသွားလျှင်တောင် သူ့ဘက်မှ အကြောင်းပြချက်ပေးနိုင်ဦးမည် မဟုတ်ပါလော။
” နောက်တစ်ခါကျ မင်း အခုလောက် ကံကောင်းနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်ဝါးကာ သူ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် ခုန်းတောက်ဘက်သို့လှည့်ကာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုသို့ဖြင့် မိနစ်သုံးဆယ်တိတိ ကုန်ဆုံးသွား၏။ သူတို့၏ အထက်တွင်ရှိနေသော အက်ကွဲကြောင်းများမှာ တဖြည်းဖြည်းနှင့် ပို၍ များလာပြီး မီးပင်လယ်ကြီးမှာလည်း အရှိန်အဟုန်ပြင်းစွာ စီးဝင်လာနေ၏။ ထိုအချိန်တွင် ခုန်းတောက်မှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူ၏နောက်တွင် ပုံရိပ်ယောင် မျက်လုံးတစ်လုံး ပေါ်ပေါက်လာ၏။
ထိုမျက်လုံးမှာ မှိတ်လျက်သားဖြစ်နေသည်။ ဆယ့်ငါးစက္ကန့်တိတိ ကုန်ဆုံးသွားပြီးနောက် ၎င်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ ခုန်းတောက် လေ့ကျင့်နေသည့် ကျင့်ကြံခြင်းပညာရပ်နှင့် ဆက်နွယ်မှုရှိရပေမည်။ ထို ပုံရိပ်ယောင်မျက်လုံးကြီး ပျောက်ကွယ်သွားပြီးနောက် ခုန်းတောက်မှာ မျက်လုံးများ ပြန်ပွင့်လာ၏။ သူ၏ မျက်ဝန်းများမှာ လင်းလက်တောက်ပနေသည်။ နောက်ဆုံးတွင် သူသည် မတ်တတ်ထလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်တော့သည်။