Switch Mode

အခန်း (၅၄၅)

အစောင့်အရှောက်နှင့် အကူအညီ

ထို ကျောက်တံခါးကြီး ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ချီများ စီးထွက်လာ၏။ ထို့နောက် သူတို့၏ ပတ်ပတ်လည်တွင်ရှိနေသော မြေပြင်ကြီးမှာ စတင်တုန်ရီလာတော့သည်။ သူတို့မှာ ရှေးဟောင်းစစ်မြေပြင်ကြီး၏ အနက်ရှိုင်းဆုံးနေရာ၌ ရှိနေကြသည်မဟုတ်ပါလော။ ထိုစစ်မြေပြင်ကြီးမှာ ထိုကျောက်တံခါးကြီးနှင့် တစ်နည်းနည်းဖြင့် ဆက်နွယ်နေရပေမည်။ ထို့ကြောင့် ထို တံခါးကြီး ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းစစ်မြေပြင်ကြီးမှာလည်း စတင်တုန်ရီလာတော့သည်။ ၎င်းမှာ တစ်စစီ ပျက်စီးသွားတော့မည့်အလား ဖြစ်နေ၏။ စစ်မြေပြင်ကြီး၏ ပတ်ပတ်လည်တွင် ရှိနေကြသော မီးပင်လယ်ကြီးမှာလည်း လှိုင်းများထလာပြီး အရပ်မျက်နှာအနှံ့သို့ တဟုန်ထိုးစီးဆင်းသွားတော့သည်။

သူတို့မှာ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အခြင်းအရာများကို မမြင်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိနေသောကြောင့် စိတ်ကူးထဲ၌ ခန့်မှန်း‌ပုံဖော်ကြည့်လိုက်၏။ ထို့နောက် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားရပြီး အနည်းငယ်ခန့် စိုးရိမ်သွားရတော့သည်။ ယခုကဲ့သို့ ဆူညံပွက်လောရိုက်နေသောကြောင့် မီးပင်လယ်ကြီးထဲတွင်ရှိနေသည့် ကျယ်ပြန့်တာအိုနန်းတော်မှ အခြားဂိုဏ်းသားများမှာ သတိထားမိသွားလောက်ပေသည်။

” ဒီနေရာက တော်တော်ကို ချောင်ကျပါတယ်။ ပြီးတော့ ညဉ့်လည်း တော်တော်နက်နေပြီမလို့ ဒီအနီးနားတစ်ဝိုက်မှာ ဘယ်သူမှမရှိလောက်ပါဘူး ” ဝမ်ပေါင်လဲ့၏ စိတ်ထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာနေစဉ် လေထဲတွင် ရစ်ဝဲနေသော လင်းနို့ကြီး၏ အနီရောင်မျက်လုံးများမှာ ရုတ်တရက်ဆိုသလို ဖျတ်ခနဲလက်သွား၏။ ထို့နောက် အနီရောင် အလင်းရောင်များမှာ ပျောက်ကွယ်သွားတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ကျောက်တုံးရုပ်ထုကြီးတစ်ခုအသွင် ပြန်ပြောင်းသွားပြီး မြေပြင်ပေါ်သို့ အသံအကျယ်ကြီးမြည်အောင် ပြန်ကျလာတော့သည်။

၎င်းမှာ တံခါးကြီးအား ကာကွယ်စောင့်ရှောက်ရန် လက်လျှော့လိုက်သည့်ပုံပင်။ ထိုကျောက်တံခါးကြီး ပွင့်သွားသောအခါ ၎င်းမှာ သူတို့အား အသိအမှတ်ပြုလိုက်ပြီး တားဆီးရန် မကြိုးစားတော့ပေ။

ဝမ်ပေါင်လဲ့မှာမူ ပေါ့ဆသွားခြင်းမရှိဘဲ သူ၏လက်ကို ဝှေ့ယမ်းကာ သူ၏ကိုယ်ပွားအား ထပ်၍ ဆင့်ခေါ်လိုက်ပြန်သည်။ ၎င်းမှာ ကျောက်တုံးရုပ်ထုကြီး၏ ဘေး၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် နောက်သို့လှည့်၍ သူ၏နောက်တွင်ရှိနေသော ကျောက်တံခါးကြီးအား ငေးကြည့်နေမိတော့သည်။ ထိုတံခါးပေါက်ထဲမှ စီးထွက်လာသည့် ဝိညာဉ်ချီများမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ထူထဲသိပ်သည်းနေသည့် မဟုတ်ပါလော။

၎င်းတို့မှာ သူရပ်နေသည့်နေရာအထိ ပျံ့နှံ့လာကြ၏။ သူသည် ၎င်းတို့အား စုပ်ယူမိလိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများမှာ ယခင်ကထက်ပို၍ မြန်ဆန်စွာ လည်ပတ်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေသည့် ဝိညာဉ်ချီများပင်လျှင် ပြည်ထောင်စုကြီးထဲတွင် ရှိသော ဝိညာဉ်ချီများထက် အဆပေါင်းများစွာပို၍ ထူထဲသိပ်သည်းနေသည် မဟုတ်ပါလော။ ၎င်းတို့အား ဆယ်ဆကျော်မှ အဆတစ်ရာအထိ ပို၍ ထူးကဲသာလွန်နေသည်ဟု သတ်မှတ်လျှင်တောင် ပုံကြီးချဲ့ရာ ကျမည်မဟုတ်ပေ။

လက်ရှိတွင် ထိုကျောက်တံခါးကြီးထဲမှ စီးထွက်လာနေသည့် ဝိညာဉ်ချီများမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ဝိညာဉ်ချီများထက်ပင် ပို၍ ထူထဲသိပ်သည်းနေ၏။ ခန့်မှန်းခြေအားဖြင့်ဆိုလျှင် ဆယ်ဆဝန်းကျင်ခန့် ပို၍ ထူထဲသိပ်သည်းနေခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့မှာ ကမ္ဘာပေါ်တွင်ရှိသော ဝိညာဉ်ချီများထက် အဆတစ်ထောင်ကျော် ပို၍ ထူထဲသိပ်သည်းနေတော့သည်။ ထိုကဲ့သို့သော ဝိညာဉ်ချီမျိုးမှာ အလွန်အင်မတန်မှ ရှားပါးပေသည်။

” ပေါင်လဲ့ရေ။ ငါ့ကို ခဏလောက် ကာကွယ်စောင့်ရှောက်ပေးထားဦး။ ငါ ဖောက်ထွက်တော့မယ်လို့ ခံစားနေရတယ် ” ဝမ်ပေါင်လဲ့တစ်ယောက် အံ့သြတုန်လှုပ်နေစဉ် ခုန်းတောက်မှာ အသက်ရှုသံများ မြန်ဆန်လာပြီး အလောတကြီးဆိုလိုက်၏။ သူသည် ထိုအပေါက်ဝကြီး၏ ရှေ့တည့်တည့်တွင်ရပ်နေသောကြောင့် စုပ်ယူစရာပင် မလိုဘဲ ထူထဲသိပ်သည်းလွန်းလှသော ဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာနေကြတော့သည်။ သူသည် ဖောက်ထွက်လုဆဲဆဲ အနေအထားသို့ ရောက်နေသည်ဖြစ်ရာ ယခုကဲ့သို့ ဝိညာဉ်ချီများ စီးဝင်လာမှုမှာ ဝိညာဉ်ဆေးလုံးများအား သောက်သုံးလိုက်သကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် သူ ဖောက်ထွက်တော့မည့် အရိပ်အယောင်များ အလိုလို ပေါ်ပေါက်လာတော့သည်။

” စိတ်မပူနဲ့ ” လက်ရှိတွင် ခုန်းတောက်အား နှောင့်ယှက်၍မဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားသဖြင့် ချက်ချင်းပင်ပြန်ဖြေလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုပ်သေးရုပ်တစ်ဒါဇင်တိတိ ဆင့်ခေါ်လိုက်၏။ ၎င်းတို့မှာ ထိုနေရာတစ်ဝိုက်အား မျက်ခြည်မပြတ် စောင့်ကြည့်ပေးနေကြတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ရုပ်သေးရုပ်များ ဆင့်ခေါ်လိုက်သည်နှင့် ခုန်းတောက်မှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်လွှတ်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား အပြည့်အဝ ယုံကြည်ထားသလို လက်ရှိ အခွင့်အရေးကြီးမှာ အလွန်အင်မတန်မှ ရှားပါးကြောင်း သိထား၏။ အကယ်၍ သူ၏ စုပ်ယူခြင်းလုပ်ငန်းစဉ်များမှာ နောက်ကျသွားပါက ထိုနေရာတွင် ရှိနေသည့် ဝိညာဉ်ချီများမှာ အဝေးသို့ ပျံ့နှံ့သွားကြမည်ဖြစ်ရာ ထိုအခွင့်အရေးကြီးအား ဖြုန်းတီးလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။

အခြေတည်အဆင့်မှ အမြုတေအဆင့်သို့ ဖောက်ထွက်နိုင်ရန်အတွက် အလွန်အင်မတန်မှ ဘေးကင်းလုံခြုံသည့် နေရာတစ်ခု၌ တံခါးပိတ်ကျင့်ကြံရန် လိုအပ်ကြောင်း သူက သိထားသည်။ ထိုသို့ ဖောက်ထွက်မည့်လူမှာ အနှောင့်အယှက်များနှင့် ကင်းဝေးနေရန် လိုအပ်ပေသည်။ ထိုသို့သာမဟုတ်ပါက ဆိုးကျိုးများခံစားရကာ မအောင်မြင်နိုင်ရုံသာမက ကျင့်ကြံခြင်းစွမ်းအားများ အားလုံး ပျက်စီးသွားသည့်အထိ ဖြစ်နိုင်ပေသည်။

သို့သော် ခုန်းတောက်မှာ ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက် ဖြစ်ရာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိပေ။ သူသည် ဝိညာဉ်ချီများအား စတင်စုပ်ယူလိုက်ပြီး ဖောက်ထွက်နိုင်ရန် ကြိုးစားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ သတိကြီးကြီးထားကာ ခုန်းတောက်၏ဘေးတွင်ရပ်ရင်း ထိုနေရာတစ်ဝိုက်တွင်ရှိနေသည့် ဝိညာဉ်ချီများကို စုပ်ယူနေလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် ခုန်းတောက်၏ အခြေအနေများကိုလည်း စောင့်ကြည့်နေသည်။ ခုန်းတောက်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုပါက သူသည် အမြုတေအဆင့်သို့ ဖောက်ထွက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်လျှင်တောင် ဤနေရာတွင် ရှိနေသည့် ဝိညာဉ်ချီများအားလုံးကို စုပ်ယူနိုင်မည်မဟုတ်ပေ။ သူသည် ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ လိုအပ်ပေသည်။ ထိုမျှလောက် ရရှိသွားရုံနှင့် သူသည် ဖောက်ထွက်သွားနိုင်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့သာ ထိုနေရာတွင် ရှိမနေပါက ထို ဝိညာဉ်ချီများမှာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားကြပြီး ပုံမှန်အနေအထားသို့ ပြန်ရောက်သွားကြမည်သာဖြစ်သည်။ ထို့နောက် သူတို့၏ အထက်တွင်ရှိနေသော ရှေးဟောင်းစစ်မြေပြင်ကြီးပေါ်တွင် ထူထဲသိပ်သည်းသော ဝိညာဉ်ချီများ သွားရောက် စုဝေးနေမည် ဖြစ်သည်။

ကျောက်တံခါးကြီး၏ နောက်တွင်ပိတ်မိနေသော ဝိညာဉ်ချီများမှာ အတိုင်းအတာ တစ်ခုအထိသာ ရှိသည်မဟုတ်ပါလော။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် ရှိနေသောကြောင့် ထိုဝိညာဉ်ချီများအား အလွယ်တကူ လွင့်ပါးပျောက်ကွယ်သွားခွင့် ပေးနိုင်မည်မဟုတ်ပေ။ သူသည် မျက်လုံးများအရောင်လက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာ၏။ ၎င်းမှာ စုပ်ယူအားတစ်ခုကို ဖန်တီးပေးလိုက်ပြီး ထိုနေရာတွင် ရှိနေသော ဝိညာဉ်ချီများအား စတင်စုပ်ယူနေလိုက်တော့သည်။

ဝိညာဉ်ချီများ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ လျှပ်စီးအမြုတေမှာ နှလုံးအစစ်တစ်လုံးကဲ့သို့ စတင်ခုန်လာတော့သည်။ တစ်ချိန်‌ထဲမှာပင် ဝမ်ပေါင်လဲ့၏ အမှောင်အမြုတေမှာလည်း လျင်မြန်စွာ လည်ပတ်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပွင့်လေးမှာမူ ဝိညာဉ်ချီများ စီးဝင်လာသည်ကို အာရုံခံမိလိုက်သည့်ပုံပင်။ ၎င်းမှာ စတင်လှုပ်ယမ်းလာပြီး ထိုနေရာတွင် ရှိနေသည့် ဝိညာဉ်ချီများအား အငမ်းမရစုပ်ယူနေတော့သည်။

ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာလည်း ဝိညာဉ်ချီများကြောင့် အာဟာရဓာတ်များ ပြည့်ဝလာပြီး ပို၍ သန်မာ‌လာ၏။

ထို ဝိညာဉ်ချီများ ပေါ်ပေါက်လာမှုမှာ ခုန်းတောက်နှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးအတွက် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်ပေသည်။ သူတို့မှာ ထိုကဲ့သို့ စုပ်ယူနေရင်း ကျောက်တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်သွားတော့သည်။

ထို့ကြောင့် ဝိညာဉ်ချီများ ထပ်၍ စီးထွက်လာကြသဖြင့် ကွင်းဆက်ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွား၏။ ထိုကဲ့သို့ စီးထွက်လာသည့် ဝိညာဉ်ချီများ ပို၍များလာလေလေ၊ တံခါးပေါက်ကြီးမှာ ပို၍လျင်မြန်စွာ ပွင့်လာလေလေ ဖြစ်နေသောကြောင့် ဘေးပတ်ပတ်လည်ရှိ မြေပြင်ကြီးမှာလည်း ပို၍ပင် ပြင်းထန်စွာ တုန်ရီလာတော့သည်။ သူတို့၏ အထက်တွင်ရှိနေသော ရှေးဟောင်းစစ်မြေပြင်ကြီးမှာလည်း အပြင်းအထန် တုန်ရီနေ၏။ ထိုကဲ့သို့ အားပြင်းလွန်းလှသော တုန်ရီမှုများနှင့် မြေကြီးထဲရှိ အက်ကွဲကြောင်းများကြောင့် ဘေးပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးထဲတွင် ဧရာမလှိုင်းလုံးကြီးများ ရိုက်ခတ်နေတော့သည်။

သူတို့နှင့် ဆယ့်နှစ်မိုင်ခန့်အကွာတွင် ဝိညာဉ်လှေကိုးစင်းမှာ မီးပင်လယ်ကြီးထဲ၌ ဖြတ်သန်းမောင်းနှင်နေကြ၏။ ၎င်းတို့မှာ ထိုနေရာအားဖြတ်ကာ အခြားနေရာတစ်ခု၌ တာဝန်တစ်ခု သွားရောက်ထမ်းဆောင်ရန် ကြံရွယ်ထားကြခြင်းဖြစ်သည်။ သို့သော် မီးပင်လယ်ကြီးထဲ၌ ပေါ်ပေါက်လာသည့် အငွေ့အသက်များကြောင့် ၎င်းတို့မှာ ရပ်တန့်သွား၏။ ထို့နောက် အမြုတေအဆင့် ကျင့်ကြံသူ ကိုးယောက်ခန့်မှာ ထို ဝိညာဉ်လှေများထဲမှ ချက်ချင်းထွက်လာကြ၏။ သူတို့၏ ခန္ဓာကိုယ်များထဲမှ ထွက်ပေါ်နေသည့် ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများမှာ အားကောင်းလွန်းနေပြီး သူတို့၏ ပတ်ပတ်လည်၌ ဝန်းရံနေကြသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များမှာလည်း ပြင်းထန်လွန်းနေသည်။

ကျယ်ပြန့်တာအိုနန်းတော်မှာ ဝမ်ပေါင်လဲ့ဆီမှ ဝိညာဉ်လှေတည်ဆောက်နည်းအား ဝယ်ယူခဲ့ပြီးနောက် ဝိညာဉ်လှေများအား အမြောက်အမြားထုတ်လုပ်ခဲ့၏။ ထို့ကြောင့် လက်ရှိတွင် အမြုတေအဆင့် ကျင့်ကြံသူအားလုံးနီးပါးမှာ ဝိညာဉ်လှေတစ်စင်းစီ ပိုင်ဆိုင်ထားကြပြီဖြစ်သည်။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ အဆီရွှဲနေသည့် မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် နှောင်းပိုင်းအမြုတေအဆင့်တွင် ရှိနေသည့်ပုံ ပေါက်နေပြီး ရှေးဟောင်းစစ်မြေပြင်ကြီးအား စိုက်ကြည့်ရင်း မျက်လုံးများ အရောင်လက်သွား၏။

” အဲဒီဘက်မှာ ရှေးဟောင်းစစ်မြေပြင်ကြီးတစ်ခု ရှိနေတာ ငါမှတ်မိပါတယ်။ ဘာလို့ အဲဒီဘက်ကနေ ဒီလို ဝိညာဉ်စွမ်းအင်တွေ ပေါ်လာနေရတာလဲ ”

” ရတနာတစ်ခုခုများ ဖြစ်နေမလား ” သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရေရွတ်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်ပေါက်လာကြ၏။ သူတို့မှာ အခြားတာဝန်တစ်ခုထမ်းဆောင်ရန် အဖွဲ့ဖွဲ့ထားကြသည်တိုင်အောင် ထိုတာဝန်အား အရေးတကြီး ဆောင်ရွက်စရာမလိုပေ။ ထို့ကြောင့် သူတို့မှာ ထိုတာဝန်အား ထမ်းဆောင်နေရင်း လမ်းတစ်လျှောက်၌ ပေါ်ပေါက်လာမည့် အခွင့်အရေး အားလုံးကို အပိုဆုများအဖြစ် သတ်မှတ်ထားကြပေသည်။

ထိုအဖွဲ့မှာ တစ်ခဏမျှ ဆွေးနွေးလိုက်ကြပြီးနောက် နောက်ဆုံးတွင် သက်လတ်ပိုင်း ခေါင်းဆောင်ကြီးမှာ ပခုံးတွန့်ကာ ဆိုလိုက်၏။

” သွားကြည့်ကြတာပေါ့ ” သူထိုသို့ဆိုလိုက်သည်နှင့် သူတို့အားလုံးမှာ ဝိညာဉ်လှေများပေါ်သို့ ပြန်တက်သွားကြပြီး ရှေးဟောင်းစစ်မြေပြင်ကြီးဆီသို့ အမြန်ဆုံးနည်းဖြင့် မောင်းနှင်သွားလိုက်တော့သည်။

ထိုအဖွဲ့မှာ ရှေးဟောင်းစစ်မြေပြင်ကြီးအနီးသို့ ရောက်ရှိလာ၏။ ထိုစစ်မြေပြင်ကြီး၏ အောက်တွင်ရှိနေသော ကျောက်တံခါးကြီးမှာ တစ်ဝက်တိတိ ပွင့်နေပြီဖြစ်ရာ ၎င်း၏ နောက်တွင် ပိတ်မိနေခဲ့သော ဝိညာဉ်ချီများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ ဝါးမျိုခြင်းသစ်စေ့အားအသုံးပြု၍ ထိုနေရာရှိ ဝိညာဉ်ချီများအား အဝေးသို့ ပျံ့လွင့်မသွားနိုင်အောင် ထိန်းသိမ်းထားသည်။ သူသည် ထို ဝိညာဉ်ချီများအား စုပ်ယူနေရင်း ၎င်းတို့အား ခုန်းတောက်၏ ပတ်ပတ်လည်၌ ဝန်းရံသွားအောင် လုပ်လိုက်၏။ ခုန်းတောက်၏ ဘေးနားတစ်ဝိုက်တွင် ဝိညာဉ်ချီ အလုံအလောက် ရှိနေစေရန် သူသည် ထိုဝိညာဉ်ချီများအား နေရာတစ်ခုတည်း၌ တည်မြဲနေအောင် ထိန်းသိမ်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လှုပ်ရှားမှုများ အလွယ်တကူ မပြုလုပ်နိုင်ဘဲဖြစ်နေရ၏။ သို့သော် သူသည် ဤနေရာတစ်ဝိုက်တွင် ရှိနေသည့် ထိုဝိညာဉ်ချီ အငွေ့အသက်များကြောင့် အန္တရာယ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့်လည်း သူသည် သူ၏ ကိုယ်ပွားအား ထိန်းချုပ်ထားပြီး ကျောက်တုံးရုပ်ထုကြီး အမှန်တကယ် အိပ်မောကျသွားခြင်း ရှိမရှိ သေချာအောင် စစ်ဆေးကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စစ်ဆေးပြီးသွားသောအခါမှ သူသည် သူ၏ကိုယ်ပွားအား ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျောက်တံခါးကြီး၏ နောက်တွင်ရှိနေသော အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။

၎င်းမှာ ဂူဗိမာန်တစ်ခု ဖြစ်နေ၏။ ထိုဂူ‌ဗိမာန်မှာ အကြီးကြီးမဟုတ်သလို ၎င်းထဲ၌ ပစ္စည်းများလည်း များများစားစား မရှိပေ။ ဝမ်ပေါင်လဲ့မှာ တစ်ခုချင်းစီ ကြည့်ရှုစစ်ဆေးနေရန် အချိန်မရှိသောကြောင့် သူ၏ လျှပ်စီးကိုယ်ပွားအား ထိန်းချုပ်ကာ ထိုနေရာတစ်ခုလုံးအား မွှေနှောက်ရှာဖွေလိုက်ပြီး ရှာတွေ့သမျှပစ်စည်းအားလုံးကို သိမ်းယူလိုက်တော့သည်။

ထိုပစ္စည်းများထဲတွင် အသိအမှတ်ပြု တံဆိပ်ပြားများ၊ သိုလှောင်အိတ်များနှင့် ရုပ်အလောင်းများ မပါပေ။ သို့သော် သူ ရှာတွေ့ခဲ့သည့် ပစ္စည်းများမှာ အတော်အသင့် တန်ဖိုးရှိနိုင်ပေသည်။ ဂူကြီး၏ အဆုံးတွင် မှော်ဆေးရည်ဒယ်အိုးတစ်လုံးလည်း ရှိနေသေးသည်။

ဝမ်ပေါင်လဲ့၏ အာရုံအား ဖမ်းစားသွားခဲ့သည်မှာ သီးသန့်ခွဲထွက်နေသော အခန်းလေးတစ်ခန်းထဲတွင် ရှိနေသည့် ကျောက်စိမ်းသေတ္တာလေးတစ်လုံး ဖြစ်သည်။ ထိုကျောက်စိမ်းသေတ္တာလေးမှာ လေထဲတွင် ရစ်ဝဲနေပြီး ရောင်စုံတောက်ပနေသဖြင့် တမူထူးခြားနေ၏။

ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကိုယ်ပွားအား ရှေ့သို့စေလွှတ်လိုက်ပြီး ထိုကျောက်စိမ်းသေတ္တာအား သိမ်းယူလိုက်၏။ ထို့နောက် သူသည် ရှာတွေ့သမျှ ပစ္စည်းအားလုံးကို သူ၏ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းထားလိုက်တော့သည်။ ထိုသို့ သိမ်းဆည်းသွားပြီးမှ သူသည် စိတ်အေးသွားရပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်တော့သည်။ သူသည် ဤခရီးစဉ်ကြီးမှ ဆုလာဘ်များကို ရယူပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ခုန်းတောက် ဖောက်ထွက်ပြီးသွားသည့် အချိန်အထိ စောင့်ဆိုင်းပြီးလျှင် ထိုနေရာမှ ထွက်ခွာသွားလိုက်ရုံပင်။

နောက်ဆုံးတွင် ခုန်းတောက်မှာ ဖောက်ထွက်ရန် အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိသွားသဖြင့် ဝမ်ပေါင်လဲ့မှာ ထိုနေရာတစ်ဝိုက်တွင်ရှိနေသော ဝိညာဉ်ချီများအား မစုပ်ယူတော့ဘဲ ရပ်တန့်လိုက်၏။ သို့သော် သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ လည်ပတ်နေဆဲဖြစ်ပြီး ၎င်း၏ စုပ်ယူအားများကိုအသုံးပြုကာ ဝိညာဉ်ချီများအား ခုန်းတောက်၏ ပတ်ပတ်လည်‌၌ စုဝေးနေအောင် ထိန်းသိမ်းပေးထားဆဲပင်။

” သူ ဖောက်ထွက်တော့မှာပဲ ” ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား ဖျတ်ခနဲကြည့်လိုက်သောအခါ ခုန်းတောက်မှာ သူ၏ ရွှေရောင်အမြုတေအား ဖန်တီးနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထို့နောက် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များမှာ သူ၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ဝိညာဉ်ချီအမြောက်အမြား စုပ်ယူနိုင်ခဲ့သောကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ အလယ်အလတ် အမြုတေကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်သွားအောင် လုပ်နိုင်လိုက်သည့်အပြင် နှောင်းပိုင်းအမြုတေအဆင့်ဆီသို့ တက်လှမ်းနိုင်ရန် အများကြီး တိုးတက်သွားပြီ ဖြစ်သည်။

” ဒီ‌လို နေရာမျိုးတွေကို သုံးခုလေးခုလောက်သာ ထပ်ပြီးတော့ ရှာတွေ့မယ်ဆိုရင် ငါ ယွမ်ယင်အဆင့်ကို တစ်ခါတည်း တက်လှမ်းသွားနိုင်မှာ သေချာတယ် ” ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ တွေးနေ၏။ သူသည် ဤခရီးစဉ်ထဲ၌ ရရှိခဲ့သည့် အကျိုးအမြတ်များကြောင့် စိတ်ကျေနပ်နေသည်။ သူသည် သူ၏ ဝိညာဥ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်ကာ ထိုနေရာတစ်ဝိုက်ရှိ အခြား တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးများ အရောင်လက်သွားရ၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး သူ၏အထက်ရှိ မြေပြင်ကြီးအား စိုက်ကြည့်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset