Switch Mode

အခန်း ( ၃၇၈ )

ကျုပ်ပြန်လာမယ်

ပိုင်ရှောင်ချန်းက ချင်းမေ့ယွမ်မှတစ်ဆင့်ပြောခဲ့သော မြေရိုင်းသား အဘိုးအို အကြောင်းကိုပြန်တွေးမိလိုက်သောအခါ ချာချာလည်သွားတော့သည်။ သူ့အားအဘိုးအိုပြောခဲ့သည့်အရာကို ယခုမှသဘောပေါက်ကာ ဉာဏ်အလင်းပွင့်သွားပြီးရုတ်တရက် နားလည်သွားခဲ့သည်။

အကယ်၍ ကောင်းကင်တံတားမြစ်၏ အဓိကမြစ်ခွဲလေးခုနှင့် ၎င်းမြစ်ခွဲများ အနားရှိ ဂိုဏ်းတို့မှာ မြေရှင်ပဒေသရာဇ်စနစ်ကျင့်သုံးသည့် အုပ်ချုပ်သူများဖြစ်ခဲ့လျှင်….ဤ ကောင်းကင်ဘုံနှင့်သက်ဆိုင်သူ မှာ ဧကရာဇ်ဖြစ်သည်။

ပိုင်ရှောင်ချန်းက ထိုနေရာတွင် ဟန်ဇောင်နှင့်အတူ အချိန်တော်တော်ကြာ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည်။ နောက်ဆုံးတွင် ဟန်ဇောင်က မတ်တပ်ရပ်လိုက်ပြီး စိမ်းပြာရောင်သစ်ကြားသီးကိုင်ထားသည့် သူ၏ညာဘက်လက်အား ဆန့်တန်းလိုက်သည်။

ကြည့်ရသည်မှာ ထိုသစ်ကြားသီးက ကျောက်စိမ်းမှပြုလုပ်ထားပြီး အထဲတွင် အိပ်ပျော်နေသည့် ဝိညာဥ်တစ်ခုရှိလေသည်။

၎င်းမှာ မည်သည့်ဝိညာဥ်အတက်အကျကိုမျှ မထုတ်လွှင့်ပေ။ အမှန်စင်စစ် ၎င်းအား နတ်ဘုရားအာရုံဖြင့် စစ်ဆေးသော်လည်း အတက်အကျအနည်းငယ်မျှပင် မပြသချေ။ ပိုင်ရှောင်ချန်းက ၎င်းအားတခဏမျှ စူးစိုက် စိုက်ကြည့်လိုက်သည်။

” ဒါလေးက… ”
ဟန်ဇောင်က သစ်ကြားသီးလေးအားကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းအား မျှော်လင့်ချက်များအသက်ဝင်နေသည့်အမူအယာများဖြင့် ကြည့်လိုက်သည်။

” ရှောင်ချန်း… မင်းရဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ် ကူညီစောင့်မခဲ့တာတွေက တာဝန်ဝတ္တရားတွေထက်ကို ပိုပြီးကျော်လွန်ခဲ့ပြီ။ မင်းက အဏ္ဏဝါခေါ်သံဂိုဏ်းသား လာဖြစ်တာဟာ စစ်မှန်တဲ့ကောင်းချီးတစ်ခုပါကွာ…။ ကံမကောင်းစွာနဲ့ ငါတို့ဂိုဏ်းက အခုအချိန်မှာအရမ်းသေးငယ်ပြီး အားနည်းနေတယ်။ ပြီးတော့ မင်းကိုအကူအညီဖြစ်စေမဲ့နည်းလမ်းတွေကို မထောက်ပံ့ပေးနိုင်ဘူး။ ဒါပေမဲ့လည်း အခြားဂိုဏ်းအဖွဲ့က တာအိုရောင်းရင်းတွေနဲ့ ဒီကိစ္စတွေကို ဆွေးနွေးပြီးတဲ့နောက်မှာ ငါတို့အားလုံး ဒီ နတ်ဝိညာဥ်ကိုယူပြီး မင်းကိုပေးဖို့သင့်လျော်တယ်လို့ သဘောတူခဲ့ကြတယ်” ဟန်ဇောင်၏အသံမှာ ပိုင်ရှောင်ချန်း၏နားထဲတွင် မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားပြီး သူ၏စိတ်နှင့်နှလုံးသားအား တုန်ရီသွားစေသည်။

” နတ်ဝိညာဥ်တစ်ခုလား” ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးလျက်ရှိသည်။ အကယ်၍ သူသာ ဟန်ဇောင်၏ ရှားပါးလှသောနတ်ဝိညာဥ်ငါးခုအကြောင်း ရှင်းပြချက်ကို ကြားသိမထားလျှင် ထိုပစ္စည်းမှာ အလွန်အဖိုးထိုက်တန်လိမ့်မည်ဟု တွေးမိလိမ့်မည်မဟုတ်ပေ။ သို့သော်ယခုတွင်မူ သူကအလုံးစုံအား နားလည်နေပြီဖြစ်၍ သူ၏နှလုံးသားမှာ ထိတ်လန့်အံ့သြနေမှုများဖြင့် ပြည့်နှက်နေတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံးတွင် ဤနတ်ဝိညာဥ်တစ်ခုတည်းသာရှိသည်မှာ ဖြစ်ကတတ်ဆန်းယူဆချက်မဟုတ်ပေ။ အမှန်မှာ အလယ်ပိုင်းဒေသ၏ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင်ပင် ဒုတိယတစ်ခုမရှိနိုင်တော့ချေ။

စင်စစ်အားဖြင့် နတ်ဝိညာဥ်များမှာ အလယ်ပိုင်းဒေသရှိဂိုဏ်းများ ပိုင်ဆိုင်နေကျပစ္စည်းတစ်ခုမဟုတ်ပေ။ ထိုသို့ ပိုင်ဆိုင်နေရခြင်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ယခင်တုန်းက ဟန်ဇောင်ကျောင်းဖြစ်ခဲ့သောကြောင့်ဖြစ်လေသည်။

” ဒီဟာက…”
ပထမဦးဆုံးအနေဖြင့် ပိုင်ရှောင်ချန်းက သူ့အားပေးသည့်ရတနာပစ္စည်းအား ချက်ချင်းမယူသေးခြင်းဖြစ်သည်။ ၎င်းက အလွန်အဖိုးထိုက်တန်လွန်းသောကြောင့် ၎င်းအားထိဖို့ရန်ပင် သူ မဝံ့ရဲချေ။

” ငါတို့ ဒီဟာလေးကို နောက်ဆုံးမှာဘာပဲဖြစ်ဖြစ် မင်းကိုပေးမှာ..” ဟန်ဇောင်က ပြုံး၍ ဆိုလေသည်။
” ငါတို့က အစောပိုင်းတုန်းက ခဏတာထိန်းသိမ်းခဲ့ကြတဲ့သဘောပဲ။ စိတ်ကိုတင်းမထားပါနဲ့။ နောက်ဆုံးမှာ နတ်ဝိညာဥ်ငါးခုနဲ့ ယင်ယန် ဝိညာဥ်အဆင့်ကို တက်ရောက်တာက ဒဏ္ဍာရီလာတစ်စုံတစ်ခုလို့ အနည်းဆုံးပြောလို့ရတာပေါ့။ ဒီသစ်သားအမျိုးအစား နတ်ဝိညာဥ်ကို လိုက်နာရမယ့်ရည်မှန်းချက်တစ်ခုလို့ စဥ်းစားလိုက်..။ တကယ်လို့ မင်းတခြား နတ်ဝိညာဥ်တွေကို မစုဆောင်းနိုင်ခဲ့ရင် ရှင်းကုံကျစ်တာအိုဂိုဏ်းက နတ်သားရဲဝိညာဥ်ငါးခုထဲကအချို့နဲ့ လဲလှယ်ပေးမဲ့ လူတစ်ယောက်ကို မင်းရှာတွေ့မှာပါ..။ မင်းရဲ့ယင်ယန်ဝိညာဥ်အဆင့် တက်ရောက်ဖို့လမ်းကြောင်းကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့အကြောင်းကို ငါတို့အကြာကြီးစဥ်းစားခဲ့ပြီးပြီ ”

ပိုင်ရှောင်ချန်းမှာ တုန်ရီနေပြီး အသက်ရှူရန်ပင် ခက်ခဲသွားလေသည်။ သူက ဟန်ဇောင်အားအကြာကြီးမော့ကြည့်လိုက်ပြီးနောက် လက်ကိုဆုပ်ကိုင်ကာ လေးလေးနက်နက် ဦးညွတ်လိုက်သည်။

” ကျေးဇူးအများကြီးတင်ပါတယ်…ခေါင်းဆောင်ကြီး”

” ကောင်းပါပြီကွာ..။ ငါပြောဖို့လိုတာတွေအကုန်လုံး ငါပြောခဲ့ပြီးပြီ…အခုအရုဏ်တက် ေရာက်တော့မှာပဲ..။ ငါတခြားခေါင်းဆောင်ကြီးတွေနဲ့မင်းကို အဏ္ဏဝါခေါ်သံတောင်ပေါ်က မဟာခန်းမဆီမှာ စောင့်နေမယ်” အားပေးသည့်အနေဖြင့် ပိုင်ရှောင်ချန်း၏ပခုံးကိုပုတ်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။ အကြောင်းအချို့ကြောင့် ဖျော့တော့သော လရောင်အောက်တွင် သူကထူးထူးခြားခြား အိုမင်းနေသည့်ပုံပေါ်လေသည်။

ပိုင်ရှောင်ချန်းက နတ်ဝိညာဥ်ကို သူ၏အိတ်အတွင်းသို့ ဂရုတစိုက် ထားလိုက်သည်။ သူ၏စိတ်မှာ ယခုလောလောဆယ် ပရမ်းပတာဖြစ်နေသည်။ သူကဂိုဏ်းမှထွက်ခွာရန် အမှန်တကယ်တွန့်ဆုတ်နေသည့်တိုင် ပြောင်းရွှေ့ခံလိုက်ရသည်။

မကြာမီ အရုဏ်ဦးချိန်ရောက်လာပြီး ပထမဦးဆုံးနေရောင်ခြည်များက တိမ်များကိုဖြတ်ကာ အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ်ကျရောက်လာပြီး စိမ်းလန်းစိုပြေသည့်တောင်တန်းများနှင့် စီးဆင်းနေသောမြစ်များအပေါ် ထွန်းလင်းသွားလေသည်။ နေရာတစ်ခုလုံးတွင် စိတ်စွမ်းအင်များ ပျံ့လွင့်နေပြီး အရာရာမှာ တိတ်ဆိတ်ငြိမ်းချမ်းနေသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံနှင့်တူလေသည်။

သူ၏အဝတ်အစားများကို ပြန့်ပြူးအောင်ပြင်ဆင်လိုက်ပြီး တောင်ထိပ်သို့ဦးတည်လိုက်စဥ် ပိုင်ရှောင်ချန်း၏မျက်လုံးများထဲတွင် ပြတ်သားနေသည့်အကြည့်များကိုမြင်ရနိုင်သည်။

တချိန်တည်းမှာပင် ရွှီပေါက်ချိုင်နှင့် နတ်ဆရာမှာ သူတို့၏ပိုင်ဆိုင်ရာများကိုစုစည်းကာ သူတို့၏သတ္တိများကိုစုစည်းလိုက်ပြီး တူညီသည့်နေရာတစ်ခုကို ဦးတည်နေကြသည်။

ဖက်တီးကျန်းကြီးမှာ လေပေါ်တွင်ပျံသန်းနေစဥ် အလွန်စိတ်လှုပ်ရှားနေပြီး ချင်းမေ့ယွမ်မှာလည်း အရုဏ်တက်နေသောလေထုထဲတွင် အရောင်အသွေးစုံလင်သောအလင်းတန်းအသွင်ဖြင့် တဟုန်ထိုးသွားလိုက်လေသည်။

သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ တစ်နေရာရှိ အင်မော်တယ်ဂူတစ်ခုမှာ ပွင့်လာပြီး စုန့်ချွဲကလမ်းလျှောက်၍ထွက်လာသည်။ သူ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေကာ လက်သီးကိုကျစ်ကျစ်ဆုပ်လျက် အံကိုကြိတ်လိုက်သည်။ သူ့အတွက်ကံဆိုးသည်မှာ ထိုကိစ္စရပ်အတွက် ရွေးချယ်ခွင့်မရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူကလေထဲသို့ပျံသန်းလိုက်ပြီး အဏ္ဏဝါခေါ်သံတောင်ထိပ်သို့ဦးတည်လိုက်လေသည်။

သူတို့အပြင် အဏ္ဏဝါခေါ်သံဂိုဏ်း၏အခြားကျင့်ကြံသူများကလည်း သူတို့၏အင်မော်တယ်ဂူများအတွင်းမှ ထွက်လာကြသည်။ လွန်ခဲ့သောရက်များက ပျံ့နှံ့ခဲ့သောသတင်းများကြောင့် လူအများအပြားမှာ ဓားစာခံရသည့်ကိစ္စရပ်အကြောင်းသိနေကြလေသည်။ အမှန်တကယ်တွင် အကယ်၍ ဂိုဏ်းကသာ လူများကို ပိုင်ရှောင်ချန်းအား ဝမ်းနည်းစကားပြောခြင်းနှင့် နှုတ်ဆက်စကားပြောခြင်းကို တိတိကျကျတားမြစ်ခဲ့ခြင်းမရှိလျှင် သူက အနားယူခဲ့ရမည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဂိုဏ်းတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးမှာ ထွက်လာကြတော့သည်။ လွန်ခဲ့သောသုံးရက်အတွင်း သူတို့ကို ပိုင်ရှောင်ချန်းအား အနှောင့်အယှက်ပေးခြင်းမှတားမြစ်ထားပြီး ယခုတွင်မူသူတို့ကသူ့အား လွယ်လွယ်ကူကူတွေ့နိုင်ပြီဖြစ်သည်။

စုန့်ကျင်းဝမ်နှင့်ဟိုရှောင်မေ့တို့မှာ လူအုပ်ထဲတွင်ရှိနေကြသည်။ အဏ္ဏဝါခေါ်သံတောင်သို့ ပျံသန်းလာစဥ် သူတို့နှစ်ဦးလုံးမှာ အလွန်ဝမ်းနည်းကြေကွဲနေသည့်ပုံပေါ်နေသည်။

ပိုင်ရှောင်ချန်းက မဟာခန်းမဆီသို့ရောက်သောအခါ သူကဟန်ဇောင်နှင့် အခြားယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ သူ့အားစောင့်နေကြောင်းတွေ့လိုက်ရသည်။ သူက ပထမဦးဆုံးရောက်ရှိလာသည့်ဂိုဏ်းသားမဟုတ်ကြောင်းကိုလည်း တွေ့လိုက်ရသည်။ ကုန်းစွန်းဝမ်အာက အနည်းငယ်စော၍ရောက်နေပြီး သူမကပိုင်ရှောင်ချန်းအား မြင်လိုက်သောအခါ အနည်းငယ်ပြုံးပြလိုက်သည်။

ပိုင်ရှောင်ချန်းက ကုန်းစွန်ဝမ်အာမှာလည်း ဓားစာခံအနေဖြင့်လိုက်ရမည်ဖြစ်ကြောင်း အစောကတည်းကသိရှိပြီးဖြစ်သည်။ အကြောင်းအချို့ကြောင့် သူကမည်သည့်အရာဟုမသေချာသော်လည်း သူမနှင့် ပတ်သက်၍ထူးဆန်းသည့်တစ်စုံတစ်ခုရှိသည်ဟု အမြဲတမ်းတွေ့ရှိနေခဲ့ရသည်။ သူမကသူ့အားကြည့်လာသောအခါ သူက အားတင်းကာပြုံးပြလိုက်ပြီး သူမ၏ဘေးဘက်သို့ လျှောက်သွားကာရပ်လိုက်လေသည်။ ထူးဆန်းစွာပင် သူမ၏ဘေးတွင် တာအိုစောင့်ရှောက်သူများကို မတွေ့ရပေ။

ထိုကိစ္စအား အံ့သြသွားလျက် သူကမေးမြန်းလိုက်သည်။
“မင်းရဲ့ တာအိုစောင့်ရှောက်သူတွေကကော…ဘယ်မှာလဲ”

” ကျမက မလိုဘူးလေ ” သူမက ပြုံး၍ ဆိုလေသည်။

ပိုင်ရှောင်ချန်းက အနည်းငယ် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီးနောက် ထပ်၍မေးမြန်းခါနီးတွင် နတ်ဆရာနှင့် ရွှီပေါက်ချိုင် ရောက်ရှိလာသည်။ သူတို့နောက်တွင် ဖက်တီးကျန်းကြီးနှင့် ချင်းမေ့ယွမ် ရောက်လာသည်။

သူတို့အားလုံးထဲတွင်နောက်ဆုံးရောက်သူမှာ ဖြူဖတ်ဖြူရော်မျက်နှာနှင့် အလွန်ခက်ထန်တင်းမာနေသည့်အမူအယာဖြင့် စုန့်ချွဲဖြစ်လေသည်။ သူကရောက်လာပြီးနောက် အနည်းငယ်နှာမှုတ်လိုက်ကာ နတ်ဆရာ၏ဘေးတွင် သုန်မှုန်နေသောပုံဖြင့်ရပ်လိုက်သည်။

ကျင့်ကြံသူများမှာ တောင်၏အပြင်ဘက်တွင် ပိုင်ရှောင်ချန်းအား နှုတ်ဆက်စကားဆိုရန် စုဝေးနေကြသည်။

ပိုင်ရှောင်ချန်းက လူအုပ်ထဲတွင် စုန့်ကျင်းဝမ်နှင့်ဟိုရှောင်မေ့ကို မြင်လိုက်ရပြီး၊ ဟိုယွင်ဖေး၊ အမှတ်သုံးဖက်တီးဟီနှင့် အခြားသူရင်းနှီးသည့်သူများစွာကိုလည်း မြင်လိုက်ရသည်။ မည်သူမျှ သူတို့၏မျက်နှာပေါ်ရှိ ဝမ်းနည်းပူဆွေးနေမှုကို မဖုံးကွယ်ထားနိုင်ကြပေ။ ရုတ်တရက် ပိုင်ရှောင်ချန်းက သူ၏ဘဝမှာ တစ်ခါတရံအမှန်ပင်ခါးသီးလှကြောင်း သဘောပေါက်သွားတော့သည်။ သူကအမြဲပင် လူများအား နှုတ်ဆက်စကားဆိုနေရသည့်ပုံပေါ်နေသည်။

သူက ရွာကိုထားခဲ့ရသည့်အချိန်နှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ထားခဲ့ရသည့်အချိန်မှာလည်း ဤကဲ့သို့ဖြစ်ခဲ့ရသည်။ ယခု သူက အဏ္ဏဝါခေါ်သံဂိုဏ်းတွင်လည်း အလားတူနှုတ်ဆက်စကားဆိုနေရသည်။

သူက အမြဲတမ်းလုပ်နေကျအတိုင်း မိန့်ခွန်းတိုလေးတစ်ခုပြောရန် တွေးဆလိုက်ချိန်တွင် မဟာခန်းမဆီမှ ပြင်းထန်လှသောဖိအားတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာလေသည်။ တချိန်တည်းမှာပင် ခန်းမတံခါးမှာ တဖြည်းဖြည်းပွင့်လာလေသည်။

အနီရောင်ဝတ်ရုံဝတ်ဆင်ထားပြီး လက်ကိုအနောက်ဘက်သို့ပစ်ထားသည့် လူငယ်တစ်ဦးထွက်ပေါ်လာသည်။ သူကအလွန်တရာ အရပ်မရှည်သော်လည်း ကောင်းကင်ကိုလှုပ်ခါသွားပြီး မြေပြင်ကိုကွဲကြေသွားစေသည့်စွမ်းအားများ လှည့်ပတ်နေလေရာ ကောင်းကင်နှင့်မြေပြင်ထက်ပင် ကြီးကျယ်မြင့်မြတ်ပုံရသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံးတွင် နတ်အဆင့်ဖိအားများနှင့်အတူ လေးနက်သည့် ဆိတ်ငြိမ်မှုများ ပြည့်နှက်သွားပြီး ထိုလူငယ်က ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာကို ကြည့်လိုက်ပြီးနောက် ေခါင်းညိတ်ပြလိုက်သည်။

” လူတိုင်းက ဒီမှာရောက်နေပြီဆိုတော့…သွားကြစို့” သူ၏လက်ကို ကောင်းကင်ထဲသို့ ဝေ့ယမ်းလိုက်ကာ ကောင်းကင်ကြီးကွဲကြေသွားသကဲ့သို့ ပြင်းထန်လှသည့် တဝုန်းဝုန်းမြည်ဟည်းသံများကို ပဲ့တင်ထပ်သွားစေသည်။ ထို့နောက် အရိပ်ပမာလက်ကြီးနှစ်ဖက်ပေါ်လာပြီး လေထဲတွင် အပေါက်ကြီးတစ်ခုဖြစ်သွားအောင် စုတ်ဖြဲလိုက်သည်။

ထို့နောက်..မီတာသုံးသောင်းရှည်လျားသော ဘီလူးကြီးထွက်ပေါ်လာကာ လေအထက်တွင်ရစ်ဝဲနေလေတော့သည်။

ဘီလူးကြီးတွင် စွမ်းအားပြည့်ဝသော အပြင်အားရှိပြီး ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်တို့ရှိလေသည်။ ၎င်းမှာ သွေးဘိုးဘေးကြီးကဲ့သို့ အထင်ကြီးဖွယ် မကောင်းလှသော်လည်း လုံးလုံးလျားလျားကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းနေဆဲဖြစ်သည်။

၎င်းက ထိုနေရာတွင်ရစ်ဝဲနေသောအခါ အောက်ဘက်ရှိတောင်များမှာ သူဆန္ဒရှိလျှင်နင်းချေနိုင်သည့် အရုပ်များနှယ်ဖြစ်နေသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းသားများထံမှ ပင့်သက်ရှိုက်သံများကို ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်း၏ မျက်လုံးအစုံ ပြူးကျယ်သွားခဲ့သည်။ ဘီလူးကြီးကခေါင်းကိုနောက်ပစ်ကာ အော်ဟစ်လိုက်ပြီးနောက် ဒူးထောက်ကာ အဏ္ဏဝါခေါ်သံတောင်ရှိရာအရပ်သို့ ဝမ်းလျားမှောက်လိုက်သည့်အချိန်တွင် ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

“သခင်..” ၎င်းကနားပင်းတော့မတတ်အသံကျယ်ကြီးဖြင့်ပြောလေသည်။

ဂိုဏ်းရှိလူတိုင်းမှာ တုန်လှုပ်နေကြပြီး ထိုလူငယ်က အကျီလက်ကိုလှုပ်ခါလိုက်ရာ ပိုင်ရှောင်ချန်းနှင့် သူ့ပတ်လည်ရှိလူတိုင်းမှာ မှုန်ဝါးသွားသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက်နာကျင်မှုများဖြင့် ပြည့်နှက်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ သူတို့က ခဏအကြာတွင်ပြန်၍ပေါ်လာပြီး အဏ္ဏဝါခေါ်သံတောင်ကြီးအားငုံ့ကြည့်နေရကြောင်းသဘောပေါက်သွားကြတော့သည်။

ယခုအခါ သူတို့အားလုံးမှာ ဘီလူးကြီး၏ဦးခေါင်းပေါ်တွင်ရောက်နေကြပြီဖြစ်သည်။

လူများအား မန္တန်အစီအရင်မပါပဲ တည်နေရာရွေ့ပြောင်းနိုင်သူမှာ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများသာဖြစ်လေသည်။ သူတို့မှာလည်း ကြီးမားသောအခက်အခဲများနှင့် လုပ်ရလေသည်။ သို့သော်လည်း ထိုလူငယ်မှာ အားမစိုက်ထုတ်လိုက်သည့်အလား အင်္ကျီလက်တစ်ချက်အဝေ့ဖြင့် လုပ်ဆောင်ခဲ့လေသည်။

နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကြောင့် ထိုကဲ့သို့ တုန်လှုပ်ရသည်မှာ ပိုင်ရှောင်ချန်း၏ပထမဦးဆုံးအကြိမ်ဖြစ်လေသည်။ ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်မှာ ဘီလူးကြီး၏ခေါင်းပေါ်ရှိ ဆံချည်မျှင်တစ်ပင်ချင်းစီကပင် သစ်ပင်ကြီးတစ်ခုကဲ့သို့တူနေပြီး သူ၏ခေါင်းအား သစ်တောတစ်ခုနှင့်တူသွားစေသည်။

ရွှီပေါက်ချိုင်မှာ တုန်ရီနေပြီး ဖက်တီးကျန်းကြီး၏မျက်နှာမှာ ဖြူရော်သွားလေသည်။ နတ်ဆရာမှာလည်းတုန်လှုပ်နေပြီး စုန့်ချွဲပင် အနည်းငယ် တုန်လှုပ်သွားလေသည်။ ချင်းမေ့ယွမ်က နေရထိုင်ရအဆင်ပြေအောင် ပြုလုပ်နေပြီး မည်သည့်တုံ့ပြန်မှုကိုမှ မပြသည့်တစ်ဦးတည်းသောသူမှာ ကုန်းစွန်းဝမ်အာသာ ဖြစ်လေသည်။

ပိုင်ရှောင်ချန်းမှာ စစ်မှန်သော ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်ကာ သူ၏မျက်နှာမှာ အနည်းငယ်ဖြူလျော်သွားသော်လည်း တစ်နေရာတွင်ရပ်လိုက်ကာ အဏ္ဏဝါခေါ်သံဂိုဏ်းကိုငုံ့ကြည့်နေလိုက်သည်။ ရုတ်တရက် သူကကျယ်လောင်သောအသံဖြင့်အော်ဟစ်လိုက်သည်။
” ကျုပ်သွားပြီ….ဒါပေမဲ့ ကျုပ်ပြန်လာခဲ့မှာပါ ”

နတ်အဆင့်ကျင့်ကြံသူက ပိုင်ရှောင်ချန်းအား ပြုံး၍ ကြည့်လာပြီးနောက် ဘီလူးကြီး၏ ကြီးမားသောဆံမျှင်တစ်မျှင်ပေါ်တွင် တင်ပျဥ်ခွေကာထိုင်ချလိုက်သည်။ တခဏကြာပြီးနောက် ဘီလူးကြီးက မတ်တပ်ရပ်လိုက်ကာ ဟိန်းဟောက်လိုက်ပြီး လေထဲရှိအပေါက်ထဲသို့ ခုန်ဝင်ကာ ခဏတွင်းချင်းပျောက်ကွယ်သွားတော့သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ ဂယက်လှိုင်းအချို့နှင့် ပိုင်ရှောင်ချန်း၏ ပဲ့တင်ထပ်ကာကျန်ရှိခဲ့သောအသံတို့သာ ကြည့်၍ ကျန်ရစ်ခဲ့လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset