အချိန်များ ကုန်လွန်သွားခဲ့သည်။ မကြာမီမှာပင် လမင်းကြီးက ကောင်းကင်တွင် မြင့်တက်လာခဲ့ပြီး ယခု တစ်ရက်သာ ကျန်ရှိေတာ့သည်။
ပိုင်ရှောင်ချန်းသည် သူ၏ တာအိုအစောင့်အရှောက် ငါး နေရာလုံးကိုဖြည့်ပြီးနောက် မရင်းနှီးသော ရှင်းကုံကျစ်တာအိုဂိုဏ်းကို သွားရသည့်အတွက် ရရှိလာမည့် ကောင်းကျိုး၊ဆိုးကျိုးများကို တွေးတောနေမိသည်။ နောက်ဆုံးနေ့တွင် သူသည် စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့ဆီသို့ သွားကာ နှုတ်ဆက်စကားဆိုပြီးနောက်တွင် ပို၍ စိတ်ဓါတ်ကျဆင်းလာခဲ့သည်။ နောက်ဆုံးတွင် သူသည် တင်ပျဥ်ခွေထိုင်ချ၍ နောက်ဆုံးညကို ကုန်ဆုံးစေခဲ့သည်။ ၃ကြိမ်မြောက်နာရီခန့်တွင် ဟန်ဇောင်သည် ဆိုင်းမဆင့်ဗုံမဆင့် သူ့ဘေးတွင် ပေါ်လာခဲ့သည်။
သူသည် ပိုင်ရှောင်ချန်းကို ငုံ့ကြည့်ကာ သူ့မျက်နှာပေါ်မှ ဝမ်းနည်းမှုကို တွေ့သွားပြီး သက်ပြင်းချလိုက်သည်။
ပိုင်ရှောင်ချန်းသည် မျက်လုံးဖွင့်ကာ သူ့ကို ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ အဝေးသို့ အကြည့်လွှဲလိုက်လေသည်။
” ရှောင်ချန်း ” ဟု ဟန်ဇောင်က သူ၏ ရှေးဟောင်းလေသံဖြင့် ပြောလိုက်သည်။
” မင်း မနက်ဖြန် သွားရတော့မှာဆိုတော့…”
“မင်းကို ရှင်းပြဖို့လိုတဲ့ တချို့ဟာလေးတွေရှိသေးတယ်။ ဖုံးရှိန်ကျစ် ၊ ချီဟွမ်နဲ့ ငါတို့ အရေးကြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်…” ပိုင်ရှောင်ချန်းက သူ့ကို လျစ်လျူရှုနေသည့်အချက်ကို ခွင့်လွှတ်ကာ ပြုံးလိုက်ပြီး သူ့ဘေးတွင် ထိုင်လိုက်သည်။
“မင်းရဲ့ ကျင့်ကြံခြင်းပန်းတိုင်က ထာဝရအသက်ရှည်ဖို့ဆိုတာ ငါသိပါတယ်ကွာ။ တကယ်တော့ ငါတို့အားလုံးက ထာဝရအသက်ရှည်ချင်ကြတာပါပဲ။ အဲဒါက ဘာလို့ ကျင့်ကြံခြင်းကို ကြိုးစားပမ်းစားလုပ်ရလဲဆိုတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ပဲ။ ”
” ကံမကောင်းစွာနဲ့ပဲ ထာဝရအသက်ရှည်ခြင်းကို ဦးတည်နေတဲ့ လမ်းကြောင်းပေါ်မှာ တခြားအရာတွေ ပေါ်လာနိုင်သေးတယ်။ တစ်ခါတလေမှာ ငါတို့ရဲ့ နောက်ဆုံးပန်းတိုင်ထက်တောင် ပိုအရေးကြီးတဲ့ ကိစ္စတွေလည်း ရှိနိုင်တယ်။ အခုတော့ ငါ ဘာပြောနေလဲဆိုတာ နားလည်ချင်မှ နားလည်မှာ။ ဒါပေမဲ့ မင်း ငါ့အရွယ်ရောက်လာတဲ့အချိန်ကျရင် နားလည်သွားမှာပါ။ ”
“ငါတို့ ကျင့်ကြံသူတွေက သက်တမ်းကို တိုးလို့ရတဲ့ အကြောင်းရင်းက ကျင့်ကြံခြင်း အခြေခံတွေနဲ့ သက်ဆိုင်တာလေ။ အခြေခိုင်မာခြင်းအဆင့်နဲ့ဆိုရင် အပိုဆောင်း သက်တမ်းနှစ်၁၀၀ရမယ်။ အမြုတေအဆင့်နဲ့ဆို ၅၀၀ ရမယ်။ နောက်ပြီး ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေဆို အနည်းဆုံး နှစ်၁၀၀၀တိုးတယ်ဆိုတာ သိလား။ ကိုယ့်ဘာသာ တွက်ကြည့်… ယင်ယန်ဝိညာဥ်အဆင့်ဆို ဘယ်လောက်ကြာကြာနေလို့ရလဲဆိုတာ။ ” ဟန်ဇောင်သည် ပိုင်ရှောင်ချန်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းသည် ဟန်ဇောင်ဘာပြောပြော လျစ်လျူရှုရန် တွေးထားပြီးဖြစ်သည်။ သူသည် ဂိုဏ်းမှ ချမှတ်သော ဆုံးဖြတ်ချက်များကို မည်မျှပင် နားလည်သော်ငြား ယခုအခြေအနေနှင့် ပတ်သက်သည့် စိတ်ဓါတ်ကျခြင်းကိုမူ မတားဆီးနိုင်ပေ။ သို့သော် ဟန်ဇောင်က သက်တမ်းအကြောင်း ပြောသည်ကို ကြားရသောအခါ သူ့ဘဝတွင် အရေးပါဆုံးသော သူ၏ မျှော်လင့်ချက်အားလုံး ပုံအပ်ရာ အကြောင်းအရာဖြစ်သောကြောင့် သူ့ကိုယ်သူမထိန်းနိုင်ဘဲ တွက်ချက်နေမိသည်။
တွက်ရသည်မှာ ရိုးရိုးပင် ဖြစ်သည်။ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ရှိပြီးနောက်တွင် နောက်ထပ်နှစ်၂၀၀၀ခန့်နေနိုင်မည်ကို သိရှိပြီးနောက် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် တောက်ပလာကာ နှလုံးများ ခုန်လာတော့သည်။
“နှစ်၂၀၀၀…”
သူက နှုတ်ခမ်းကို သပ်ကာ ရေရွတ်လိုက်သည်။ သူသည် ပါဝင်သော ဂဏန်းကို အတိအကျမတွက်ခဲ့လျှင် ယင်ယန်ဝိညာဥ်အဆင့်ကို မတွေးဘဲ နေနိုင်ဦးမည်ဖြစ်သည်။ ယခုမူ သူသည် အမောတကောမပြောမိအောင် မနည်းထိန်းထားရကာ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ချင်သည့် စိတ်ဆန္ဒမှာ ယခင်ကထက်ပို၍ ပြင်းထန်လာတော့သည်။
“နောက်ပြီးတော့ အဲ့တာက အနည်းဆုံးကို ပြောတာ။ အထူးနည်းလမ်းတွေ၊ နိဿယျတွေ၊ ဒါမှမဟုတ် တချို့ဝိညာဥ်ဆေးတွေကို သုံးရင် မင်းရဲ့ သက်တမ်းကို အဆပေါင်းများစွာ တိုးအောင် လုပ်လို့ရတယ်။ အဲဒီလို လုပ်တဲ့သူတွေက ဈေးကြီးကြီးတော့ ပေးရမှာပေါ့လေ။ ကျင့်ကြံခြင်းအခြေခံတွေကို ကန့်သတ်ထားတာမဟုတ်ပေမဲ့ နောက်ဆုံးမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် သေပွဲဝင်ကြရမှာပဲ။ အဲဒီလိုလူတွေက အကြာကြီးတော့ နေသွားရတယ်။ ဒါပေမဲ့ ထာဝရမဟုတ်ဘူးပေါ့။ ငါက အဲ့လိုမျိုး အခြေအနေပဲ။”
ဟန်ဇောင်သည် သက်ပြင်းချကာ ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းက သူ့ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
“ လူတွေအများကြီး အဲဒီလို လုပ်ကြတာလား။”
“ဟုတ်တယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေ လျှောက်လှမ်းတဲ့ လမ်းက ရှည်လျားပြီး ခက်ခဲတယ်ဆိုတာကို မမေ့နဲ့။ ချီစုစည်းမှုအဆင့်ကနေ အခြေခိုင်မာခြင်းအဆင့်၊ အခြေခိုင်မာခြင်းအဆင့်ကနေ အမြုတေအဆင့်၊ အမြုတေအဆင့်ကနေ ယင်ယန်ဝိညာဥ်အဆင့်… လူတွေအများကြီးဟာ အဝေးကြီးမရောက်ခင်မှာပဲ လမ်းပေါ်ကနေ ဖယ်ရှားခံရတယ်။”
“ချီစုစည်းမှုကျင့်ကြံသူတစ်ရာမှာ တစ်ယောက်ပဲ ကံကောင်းပြီး အခြေခိုင်မာခြင်းအဆင့်ရောက်နိုင်တာ။ အဲဒါတောင် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီး ကျန်သေးတာပဲ။ ဒါပေမဲ့ အဲဒီထဲကနေ တစ်ရာမှာ တစ်ယောက်ပဲ ကံကောင်းလွန်းမှ အမြုတေအဆင့်ကို ရောက်နိုင်တာ။ သေဆုံးသွားတဲ့လူတွေကို ထည့်တွက်၊ ဟိုးအရင် နှစ်တွေ အများကြီးထိ ပြန်သွားကြည့်ရင်တောင်မှ ယင်ယန်ဝိညာဥ်အဆင့်ဆိုရင်တော့ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ကနေ ဆယ်ယောက်ပြည့်အောင်မွေးထုတ်နိုင်ခဲ့တာမဟုတ်ဘူး။ ဒါဆို ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ဖို့ဆိုတာ ခက်တယ်လို့ ထင်လား။ ”
ဟန်ဇောင်သည် ဆက်မပြောမီတွင် သက်ပြင်းချလိုက်ပြန်သည်။
“သေချာပေါက် ခက်တာပေါ့ကွာ။ ပြောရမယ်ဆိုရင် စွမ်းရည်သတ္တိကို စမ်းသပ်တာပေါ့။ အောင်မြင်ပြီးတော့ ယင်ယန်ဝိညာဥ်အဆင့်တာအိုသခင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ကျရှုံးပြီး သေမှာပဲ။ အလယ်ပိုင်းဒေသဂိုဏ်းတွေမှာ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ရှိဖို့ ကြိုးစားတဲ့ ကျင့်ကြံသူတွေအတွက် အောင်မြင်မှုနှုန်းက ပိုပြီး မြင့်တယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေအတွက် ခက်ခဲမှုအဆင့်က ပြောင်းမသွားဘူး ”
ပိုင်ရှောင်ချန်းသည် စကားတစ်ခွန်းမျှ ပြန်မပြောပေ။ ယင်ယန်ဝိညာဥ်အဆင့်သည် ရောက်ရှိရန် ခက်ခဲပြီး သူ၏ ကောင်းကင်တာအို ရွှေအမြုတေအဆင့်နှင့်ပင် အောင်မြင်ရန် အခွင့်အရေးသည် အနည်းငယ်မျှသာ ပိုများသွားမည်ဖြစ်ကြောင်းကို သိရှိထားပြီးဖြစ်သည်။
“ရှောင်ချန်း၊ ရှင်းကုံကျစ်တာအိုဂိုဏ်းထဲမှာ ဓါးစာခံဖြစ်ရတာက လွတ်လပ်ခွင့် နည်းနည်းလေး ဆုံးရှုံးတာကလွဲရင် အမှန်တော့ မင်းက အလွန့် အလွန်ရှားပါးတဲ့ အခွင့်အရေးကို ရသွားတာပါ။”
“ရှင်းကုံကျစ်တာအိုဂိုဏ်းက မြစ်ရင်းဂိုဏ်းတစ်ခုဖြစ်တော့ အရှေ့ပိုင်းကောင်းကင်တံတားမြစ်တစ်ခုလုံးကို ကြည့်ရှုရမယ့် တာဝန်ရှိတယ်။ အဲဒီမှာရှိတဲ့ စိတ်စွမ်းအင်က အလယ်ပိုင်းဒေသတွေထက် အများကြီးပိုပြီး တောင့်တင်းတယ်။ သူတို့မှာ ထူးခြားတဲ့ နည်းလမ်းတွေ၊ နတ်ဘုရားစွမ်းရည်တွေအပြင် ထူးခြားဆန်းကြယ်တဲ့ ဝိညာဥ်ဆေးအမျိုးမျိုးလည်း ရှိတယ်။ ”
” အဲဒီကို ရောက်သွားရင် ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ရနိုင်သမျှ စွမ်းအင်တွေကို အသုံးချပြီးတော့ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ဖို့ အခွင့်အရေးတွေ တိုးအောင် လုပ်ရမယ်။”
ဟန်ဇောင်သည် အသံကို ဖြည်းဖြည်းချင်း မြှင့်ပြောရာ ပိုင်ရှောင်ချန်း၏ နားထဲသို့ စွဲဝင်သွားစေသည်။
ပိုင်ရှောင်ချန်းသည် ဟန်ဇောင်၏ အသံမှ ရိုးသားမှုကို ကြားသိနေရပြီး မည်သည့်နည်းနှင်မျှ မရိုးမသားမလုပ်ဟု ပြောနိုင်ပေသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိရန် ပို၍အခွင့်အလမ်းများသည်မှာ အမှန်ပင်ဖြစ်သည်။
သို့တိုင်အောင် သူ၏ ကောင်းကင်တာအို ရွှေအမြုတေနှင့်ပင် အောင်မြင်ရန်အခွင့်အရေးမှာ ၁၀၀ရာခိုင်နှုန်းမရှိပေ။ သို့သော် အံ့ဩဖွယ်ကောင်းလှသည့် ၇၀ရာခိုင်နှုန်းအခွင့်အရေးကို ရရှိမည်ဖြစ်သည်။
ထိုသို့ တွေးလိုက်သောအခါ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ သွားရခြင်းသည် လုံးဝအဆိုးချည်းတော့ မဟုတ်ပေ။ စင်စစ် ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် မယုံနိုင်လောက်သည့် ကံကောင်းမှုကြီးပင် ဖြစ်သည်။
ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် မကောင်းသော ခံစားချက်များမရှိတော့ဘဲ သူ၏ မျက်လုံးများ စတင်၍တောက်ပလာကြတော့သည်။
” ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူဖြစ်သွားရင် သူတို့ရဲ့ အကြီးအကဲအဖွဲ့ထဲတောင် ဝင်လို့ရမှာ။ ပြီးတော့ အရှိန်အဝါတွေ ကြီးမားလာမယ်။ အာဏာတွေလည်း ကြီးလာမယ်။ အဲဒီအချိန်ရောက်ရင် ဓါးစာခံတစ်ယောက်ဖြစ်တယ်ဆိုတာက အရေးမပါတော့ဘူး။ ဘယ်နည်းနဲ့မှ အတားအဆီးဖြစ်နိုင်မှာလည်း မဟုတ်ဘူး။ တကယ်တော့ မင်းရဲ့ ဓါးစာခံဆိုတဲ့ အဖြစ်က အကြီးအကဲအဖွဲ့ဝင်တစ်ယောက်အနေနဲ့ဆိုရင် အကာအကွယ်သဘောမျိုးတောင် ဖြစ်ဦးမှာ။ ”
“နောက်ပြီးတော့ အဲဒီမှာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သွားပြီဆိုရင် အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် မယုံနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေလည်း ရဦးမှာ။ ”
ဟန်ဇောင်ပြောပြသော ဆန်းစစ်ချက်များအားလုံး အပြီးတွင် ပိုင်ရှောင်ချန်းသည် သက်ပြင်းရှည်တစ်ချက်သာ ချမိလေသည်။
” ခေါင်းဆောင်ကြီး ”
သူက တိတ်ဆိတ်စွာပြောလိုက်သည်။ “ကျင့်ကြံသူတစ်ယောက်ဖြစ်လာတာ နှမြောစရာပဲ။ သံတမန်ပဲ သွားလုပ်ပါတော့။”
ဟန်ဇောင်က တဟားဟားရယ်မောလိုက်ပြီး ပိုင်ရှောင်ချန်း၏ ဆံပင်ကို ဆွဲဖွလိုက်သည်။
“ပြောနေတာ မပြီးသေးဘူး။ ဝင်မနှောင့်နဲ့။ ”
ထို့နောက် သူ၏ အမူအရာသည် လေးနက်သွားသည်။
“ရှောင်ချန်း… အခြေခိုင်မာခြင်းအဆင့်နဲ့ အမြုတေအဆင့်လိုပဲ။ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ဖို့လည်း ၃နည်းရှိတယ်။ ပထမက အရိုးရှင်းဆုံးနဲ့ အန္တရာယ်အများဆုံးပဲ။ ဘာလို့လဲဆိုတော့ ကျရှုံးနှုန်းကလည်း မြင့်လို့ပဲ။ ဒီနည်းနဲ့ အကြိမ်ပေါင်းများစွာ ကြိုးစားလို့ရပေမဲ့ တစ်ခါကျရှုံးတိုင်း သက်တမ်းလျော့သွားတယ်။ ဒီနည်းလမ်းက…ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးတွေကို သုံးတာပဲ။”
ပိုင်ရှောင်ချန်းသည် အလွန် စိတ်အားထက်သန်စွာဖြင့် နားထောင်လျက်ရှိသည်။ ဂိုဏ်းထဲတွင် ယင်ယန်ဝိညာဥ်အဆင့်နှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာ၊ အချက်အလက်များ မရှိသဖြင့် ယခုကဲ့သို့ ရှင်းပြခြင်းကို ပထမဆုံး နားထောင်ဖူးခြင်းဖြစ်သည်။
ဟန်ဇောင်သည် ဆက်မပြောမီခေါင်းကို ခါယမ်းလိုက်သည်။ “ဒီနည်းလမ်းကနေ အဆင့်နိမ့် ယင်ယန်ဝိညာဥ်အဆင့်ကိုပဲ ရောက်ပြီးတော့ နတ်အဆင့်ရောက်ဖို့လည်း အခွင့်အရေးက နည်းနည်းပဲ ရှိတယ်။ အများဆုံးသုံးတဲ့ နည်းလည်း ဖြစ်တယ်။ ”
” ဒုတိယနည်းကတော့ နတ်သားရဲဝိညာဥ်တွေရဲ့ အစိတ်အပိုင်း၅ခုကို သုံးတာပဲ။ နတ်သားရဲဝိညာဥ်လို့ခေါ်တာက ဘာလို့လဲဆိုတော့ သေဆုံးသွားတဲ့ နတ်အဆင့်သားရဲတွေရဲ့ ဝိညာဥ်တွေပဲ။ အဲဒီလို ဝိညာဥ်အားလုံးမှာ အစိတ်အပိုင်း၅ခုစွမ်းအား တော်တော်လေး ပါပြီးတော့ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူတွေဟာ အင်မတန် အင်အားကြီးရုံတင်မကဘူး။ နတ်အဆင့်ရောက်ဖို့ အခွင့်အရေးလည်း များတယ်။ ”
ပိုင်ရှောင်ချန်းသည် တုန်လှုပ်သွားကာ ချက်ချင်းပင်
” နတ်သားရဲဝိညာဥ်အစိတ်အပိုင်း၅ခု” ဆိုသော စကားလုံးကို ဦးနှောက်ထဲသို့ စွဲနေအောင် မှတ်ထားလိုက်တော့သည်။ နတ်အဆင့် သားရဲတစ်ကောင်၏ ဝိညာဥ်ဖြင့် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိနိုင်ခြေရှိသည်ဟု စိတ်တောင် မကူးမိပေ။
“နောက်ပြီး တတိယနည်းလမ်း..”
ဟန်ဇောင်သည် ခဏမျှ ရပ်လိုက်ကာ သူ၏ မျက်လုံးများမှာလည်း ကြည်ညိုလေးစားခြင်း၊ အရူးအမူးဖြစ်ခြင်းများနှင့် တောက်ပစွာ လင်းလက်နေကြသည်။ ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးကို သူ့မျက်နှာပေါ်တွင် တွေ့ရခဲသည်။
ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် ပို၍ စိတ်လှုပ်ရှားလာသည်။
“ဒီနောက်ဆုံးနည်းလမ်းကတော့ ဒဏ္ဍာရီ ပုံပြင်မျိုးပါပဲကွာ။ တကယ်တော့ ကောင်းကင်တံတားနယ်မြေတစ်ခုလုံးမှာ တစ်ယောက်ပဲ အဲ့လို လုပ်ဖူးသေးတယ်။ လိုအပ်ချက်တွေက ယုံရခက်လောက်အောင် တင်းကြပ်တယ်။ အဲဒီနည်းလမ်းက…နတ်ဝိညာဥ်အစိတ်အပိုင်းငါးခုကို သုံးပြီး လုပ်တာ။”
“နတ်ဝိညာဥ်ဆိုတာ သေဆုံးသွားတဲ့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဥ်ပဲ။ နတ်ဝိညာဥ်တွေရဲ့ ထူးခြားတဲ့ အရည်အသွေးတွေထဲက တစ်ခုက နတ်ဝိညာဥ်တစ်ခုစီမှာ အစိတ်အပိုင်း၅ခုဖြစ်တဲ့ သတ္တု၊ သစ်၊ရေ၊ မီး၊ မြေ အဲ့တာတွေထဲက တစ်ခုမဟုတ်တစ်ခုရဲ့ စွမ်းအားတွေ ပါရမယ်။ ဒီနည်းကိုသုံးပြီး ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ဖို့လိုတာတွေက..အဲဒီအရည်အသွေးတစ်မျိုးစီပါတဲ့ ကွဲပြားတဲ့ နတ်ဝိညာဥ် ၅ခုပဲ။ ”
“အောင်မြင်သွားတဲ့ ဘယ်သူမဆို ယင်ယန်ဝိညာဥ်အဆင့်မှာ လုံးဝကို ပြိုင်ဘက်ကင်း ဖြစ်သွားမှာပဲ။ ”
ပိုင်ရှောင်ချန်းသည် အံ့အားသင့်သွားကာ ပြောလိုက်သည်။ “နတ်ဝိညာဥ်ငါးခု”
သူ့အတွက်မူ ဤအရာကို စိတ်ကူး၍ပင်မရနိုင်ပေ။ နတ်အဆင့်များသည် အလွန်တရာ ရှားပါးပြီး အလယ်ပိုင်းဒေသများတွင်ပင် လက်ရှိ၃ဦးသာရှိသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းကိုပါ ထည့်တွက်လျှင်ပင် ဆယ်ယောက်မပြည့်ပေ။
အားလုံးကို ထည့်စဥ်းစားကြည့်လျှင် နတ်ဝိညာဥ်အစိတ်အပိုင်း၅ခုကို သုံးသည့်နည်းသည် လုံးဝကို မဖြစ်နိုင်ဟု ထင်ရသည်။
ဟန်ဇောင်က သက်ပြင်းချလိုက်သည်။
“ဟိုးရှေးရှေးကတည်းက ခုချိန်ထိ ရှိခဲ့ဖူးတဲ့ နတ်အဆင့် အရေအတွက်က အနည်းအကျဥ်းပဲ ရှိတာ။ သေဆုံးသွားတဲ့ ဝိညာဥ်တွေဆိုတာ ရှားပါးပြီးတော့ အဖိုးတန်တဲ့ ပစ္စည်းတွေပဲ။ အဲ့ဒါကြောင့်ပဲ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ဖို့ နတ်ဝိညာဥ် အစိတ်အပိုင်း၅ခုကို သုံးတဲ့ နည်းလမ်းက တွေးလို့မရနိုင်လောက်အောင် ခက်ခဲတယ်ဆိုတာ သိပြီမလား။ နောက်ပြီး အဲ့တာကြောင့်ပဲ ဒဏ္ဍာရီ ပုံပြင်ဖြစ်နေတာ။ ”
ပိုင်ရှောင်ချန်းသည် ပင့်သက်ကို ပြင်းပြင်းရှိုက်လိုက်ကာ မမေးဘဲ မနေနိုင်တော့ပေ။
” ခေါင်းဆောင်ကြီး၊ အောင်မြင်သွားတာ တစ်ယောက်ရှိတယ်လို့ ခုလေးတင် ပြောလိုက်တယ်မလား။ အဲ့တာ ဘယ်သူလဲဟင်…”
ဟန်ဇောင်သည် တခဏမျှ ငြိမ်နေကာ ပြန်မပြောပေ။ ကောင်းကင်သို့ မော့ကြည့်ပြီးနောက် ပြောလိုက်သည်။
” ကောင်းကင်ဘုံနဲ့ သက်ဆိုင်သူ”
“ကောင်းကင်ဘုံနဲ့ သက်ဆိုင်သူ”
ပိုင်ရှောင်ချန်းသည် အံဩတကြီး ဖြစ်သွားသည်။
“သူက ကောင်းကင်တံတား နယ်မြေတစ်ခုလုံးမှာ အားအကြီးဆုံး ကျင့်ကြံသူပဲ။ နောက်ပြီးတော့ မြစ်ရင်းဂိုဏ်း၄ခုကို အုပ်ချုပ်တဲ့သူလည်း ဖြစ်တယ်။ သူက ကောင်းကင်တံတားပင်လယ်ရဲ့ အလယ်မှာရှိတဲ့ ကျွန်းပေါ်မှာနေတယ်… ကောင်းကင်ဘုံနဲ့ သက်ဆိုင်သူ ”
“ငါတို့လို သာမန်လူတွေက သူ့နာမည်ကိုတောင် ပြောလို့မရဘူး။ ပြောရင် သူက အဲဒါကို အာရုံခံစားမိတယ်။ ဘယ်သူမှ အဲ့လိုမဖြစ်ချင်ကြဘူးလေ။ ဒါ့ကြောင့် လူတွေက သူ့ကို အလွယ်ခေါ်လိုက်ကြတာ… ကောင်းကင်ဘုံနဲ့ သက်ဆိုင်သူလို့ ”
ဟန်ဇောင်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။
“ဒဏ္ဍာရီတွေ အရတော့ သူက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်၊ ကောင်းကင်တာအို ရွှေအမြုတေနဲ့ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ဖို့ နတ်ဝိညာဥ်အစိတ်အပိုင်း၅ခုနည်းလမ်းကို သုံးခဲ့တာ။ တစ်လျှောက်လုံးမှာ သူက ကောင်းကင်ကို အာခံတဲ့ လမ်းကို လျှောက်ခဲ့တာပေါ့။ [၁။ တရုတ်ဘာသာတွင် “နတ်”ဟူသော စကားလုံးသည် “ကောင်းကင်” ဟူသော စာလုံးနှင့် “လူ” ဟူသော စာလုံးများကို ပေါင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤလမ်း၃ခုလုံးတွင် “ကောင်းကင်” ပါနေခြင်းဖြစ်သည်။ ] မင်းက မြေရိုင်းနယ်မြေ နဲ့ အဆက်အသွယ်နည်းနည်းပါးပါးရှိခဲ့တာဆိုတော့ “ကောင်းကင်ဘုံနဲ့ သက်ဆိုင်သူ ” က ဘယ်လိုနေရာမျိုးကို ပိုင်ထားတာလဲဆိုတာ တွေးကြည့်လို့ ရမှာပါ”