အခန်း ( ၃၇၆ )

မဖိတ်ခေါ်ပဲ ဝင်လာသော ဧည့်သည်

” အဲ့တစ်ယောက်က တော်တော်ကျွမ်းကျင်တဲ့ စစ်သည်တစ်ယောက်ဖြစ်ဖို့လိုမယ်” နတ်ဆရာက သုန်မှုန်စွာ ပြောသည်။
” ကျုပ်တို့ကို အချိန်တိုင်းဘေးကင်းလုံခြုံစေမယ့် ပညာရှင်တစ်ယောက်ဖြစ်ရမယ်။ သာမန်ထက်ထူးကဲတဲ့ ကျင့်ကြံခြင်းအခြေခံရယ်.. ပြီးတော့ ပိုအရေးကြီးတာက အံ့မခန်းတိုးတက်မှုအဆင့်ရယ်နဲ့ လူတစ်ယောက်လိုမျိုး အင်အားလိုတယ်”

ရွှီပေါက်ချိုင်မှာ အားတက်တရော ခေါင်းညိတ်နေပြီး ပိုင်ရှောင်ချန်းက သူ့ကို စူးစိုက်၍ ကြည့်နေလေသည်။

ခေါင်းတခါခါဖြင့် နတ်ဆရာက ဆက်ပြောသည်။
” မမေ့နဲ့ ကျုပ်တို့ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ဘယ်လောက်နေရမလဲ မသိဘူး။ ဒါကြောင့် ဖြစ်ကတတ်ဆန်း ရွေးလို့မရဘူး။ အကောင်းဆုံးလုပ်ရမှာက ရောက်တာနဲ့ အမြုတေအဆင့်ကို ရောက်နိုင်တဲ့ တစ်ယောက်ယောက်ကို ရွေးရမှာပဲ”

“မင်းပြောတာ အမှန်ဆုံးပဲ” ပိုင်ရှောင်ချန်းက မျက်လုံးများတလက်လက်တောက်ပနေရင်း ပြောလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ရယ်တော့သည်။

စိတ်ထဲတွင် နတ်ဆရာမှာ စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူက ပြောသည်။
” ခေါင်းဆောင်ငယ်၊ ကျုပ် အကြုံတစ်ခုပေးချင်တယ်။ ခင်ဗျားဘာလို့ စုန့်ချွဲတို့ ၊ ဝိညာဥ်စွယ်တို့၊ ဒါမှဟုတ် ပေဟန်လဲ့တို့ တစ်ယောက်ယောက်ကို ဘာလို့ မရွေးတာတုန်း။ ဘယ်တစ်ယောက်က ပိုတော်တယ်လို့ ခင်ဗျား ထင်လဲ”

တခဏကြာတွေးပြီးသော် ပိုင်ရှောင်ချန်းက ခပ်တိုးတိုးပြောသည်။ “အင်း.. တကယ်တော့ အကုန်လုံး တော်ပါတယ်။ ဒါပေမယ့် ဘာပြောပြော စုန့်ချွဲက ငါ့တူပဲ။ ရှင်းကုံကျစ်တာအိုဂိုဏ်းကိုသွားရဖို့ဆိုတာ တကယ့်ကို မယုံနိုင်ဖွယ် အခွင့်အရေးလေ..ဒါကြောင့်မလို့ သူကို အခွင့်အရေးပေးလိုက်တာ အသင့်တော်ဆုံးပဲ ဖြစ်မယ်”

နတ်ဆရာနှင့် ရွှီပေါက်ချိုင်တို့က တအံ့တသြဖြစ်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း ဘာမှထပ်မပြောပေ။ ထိုအစား ပိုင်ရှောင်ချန်းက အငယ်များအား မည်မျှဂရုစိုက်သည်ကို ချီးကျူးလိုက်ကြလေသည်။

ဤသို့ဖြင့် စုန့်ချွဲသည် သူတို့၏ အင်အားဖြစ်လာတော့သည်။ လက်တွေ့တွင် သူတို့သုံးယောက်စလုံးဘယ်သူမှ စုန့်ချွဲကို သွားမပြောကြပေ။ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှ ဂိုဏ်းသားတစ်ယောက်ကို လှမ်းခေါ်လိုက်ကာ သတင်းပို့ခိုင်းလိုက်သည်။

“ငါ…. လူငါးယောက်ခေါ်နိုင်တယ်ဆိုတော့…အခု သုံးယောက်ရှိပြီ..အင်းး။ ငါရဲ့ လူယုံတော်အဖြစ်ထားဖို့ တစ်ယောက်ယောက်ကို ရွေးရမယ်” အထွေအထူးစဥ်းစားနေစရာမလိုပဲ ဖက်တီး ကျန်းကြီးကို တွေးလိုက်မိလေသည်။

“အစ်ကိုကြီးကတော့ သေချာပေါက် ငါ့ရဲ့လူယုံအဖြစ်ထားဖို့ အကောင်းဆုံးရွေးချယ်မှုပဲ။ ပြီးတော့ ရှင်းကုံကျစ်တာအိုဂိုဏ်းက ငါတို့အကုန်လုံးအတွက် နေရာအသစ်ဆိုပေမယ့်လဲ မြစ်ဖျားဂိုဏ်းမလို့ အစ်ကိုကြီးအတွက် အခွင့်အလမ်းကောင်းတွေရနိုင်မှာပါ” ထို့နောက် သူက ရွှီပေါက်ချိုင်နှင့် နတ်ဆရာကို သုံးရက်အတွင်း ထွက်ခွာရန်အတွက် လိုအပ်သည်များ ပြင်ဆင်ထားရန် အမိန့်ပေးခဲ့လေသည်။

သူထွက်သွားသည့်နောက်တွင် ရွှီပေါက်ချိုင်နှင့် နတ်ဆရာသည် ခါးသက်သက်အပြုံးများ ဖလှယ်လိုက်ကြပြီး မည်ကဲ့သို့အနာဂတ်မျိုးက သူတို့ကို ကြိုဆိုနေမည်အား တစိမ့်စိမ့်တွေးတောနေကြတော့သည်။

ဖက်တီးကျန်း၏အင်မော်တယ်ဂူသို့ ပိုင်ရှောင်ချန်းရောက်သောအခါ သူက စိတ်စွမ်းအင်အဆင့်တိုးမြှင့်ခြင်းတချို့ဆောင်ရွက်နေချိန် ဖြစ်နေသည်။ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပိုင်ရှောင်ချန်းသည် အပြင်ဘက်တွင် အချိန်အနည်းကြာစောင့်ပြီးသည့်နောက်ဆုံး ဖက်တီးကျန်းက တံခါးလာဖွင့်ပေးလေသည်။ ပိုင်ရှောင်ချန်းဖြစ်ကြောင်းတွေ့ရသောအခါ သူက အားပါးတရရယ်လိုက်ပြီးနောက် လက်ထဲတွင်ဓားပျံတစ်ချောင်းဖြင့် ဂုဏ်ယူဝင့်ကြွားစွာ မြန်မြန်ထွက်လာတော့သည်။

“မင်းဘယ်လိုထင်လဲ.. စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်လုပ်ထားတာလေ ”

ပိုင်ရှောင်ချန်းမှာ ဓားကို တအံ့တသြကြည့်လိုက်သည်။ ကြည့်ရသရွေ့ ဖက်တီးကျန်းကြီးသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၌ အံ့သြဖွယ်ကောင်းလောက်အောင် ကျွမ်းကျင်လာလေပြီ။ သူက ချက်ချင်းပင် ချီးကျူးအမွှမ်းတင်လိုက်ရာ ဖက်တီးကျန်းကြီးမှာ အလွယ်တကူ နစ်မြောသွားတော့သည်။

“ဒီတော့… မင်းဘာလို့ရောက်တာလဲ” ဖက်တီးကျန်းကြီးက ပြောသည်။
” ငါကူညီပေးနိုင်သရွေ့ မျက်နှာတစ်ချက်မပျက်ပဲ လုပ်ပေးနိုင်ပါတယ်”

ပိုင်ရှောင်ချန်းမှာ တခဏမျှ ချီတုံချတုံဖြစ်သွားသည်။ ဖက်တီးကျန်းကြီးသည် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် အခွင့်အရေးကောင်းအချို့ ရနိုင်သည်မှာ မှန်သော်လည်း အဏ္ဏဝါခေါ်သံခေါ်သံဂိုဏ်းတွင် နေရစ်ခဲ့ပါက များစွာပို၍ အန္တရာယ်ကင်းပေလိမ့်မည်။ ထိုကိစ္စရပ်အား ခြုံငုံသုံးသပ်ပြီးနောက် အခြေအနေကိုပြောပြကာ ဖက်တီးကျန်းကြီးကို ကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်တော့သည်။

ဖြစ်ပျက်နေသည်တို့အား ကြားလိုက်သည်နှင့် ဖက်တီးကျန်းကြီး၏မျက်လုံးများ တောက်ပလာတော့သည်။ သူက ပိုင်ရှောင်ချန်း၏လက်မောင်းကို လှမ်းဆွဲလိုက်လေသည်။

“ငါသွားမယ်။ ဘာမှ မေးမနေနဲ့တော့ ။ ရှင်းကုံကျစ်တာအိုဂိုဏ်း။ အဲ့တာ မြစ်ဖျားဂိုဏ်းမလား ။ ငါ့ဆရာပြောတာက ရှင်းကုံကျစ်တာအိုဂိုဏ်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ၁၅ဆ လုပ်လို့ရတဲ့ အရှေ့ဘက်ကျင့်ကြံခြင်းလောကမှာရှိတဲ့ တစ်ခုတည်းသောနေရာတဲ့။ ”

“သူတို့မှာ စိတ်စွမ်းအင်မြှင့်တင်ခြင်းအတွက် အမွေအနှစ်လမ်းစဥ်တစ်ခုတောင် ရှိတယ်တဲ့။ အမှတ်ကိုးဖက်တီး.. မင်းငါ့ကို သေချာပေါက်ခေါ်ရမှာနော်”

ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် နောက်ဆုံးသဘောတူလက်ခံပြီး ခေါင်းမညိတ်လိုက်ခင် သူက ဖက်တီးကျန်းကြီး အတူတကွလိုက်ပါရန် လုံးဝဆုံးဖြတ်ပြီးသွားကြောင်း သေချာစေရန် စကားနည်းနည်းထပ်ပြောလေသည်။

“ကောင်းပြီ။ အစ်ကိုကြီး. ကျုပ်ကို အဏ္ဏဝါခေါ်သံတောင်ပေါ်က မဟာခန်းမဆောင်မှာ သုံးရက်ကြာရင် လာတွေ့ပါ”

ဖက်တီးကျန်းကြီးကိုထားခဲ့ပြီးနောက် ပိုင်ရှောင်ချန်းသည် အဏ္ဏဝါခေါ်သံတောင်ပေါ်ရှိ သူ၏ ပျက်စီးနေသော အင်မော်တယ်ဂူထံ ပြန်လာခဲ့သည်။ ဂူထဲတွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး သူ၏နောက်ဆုံးတာအိုအစောင့်အရှောက်အဖြစ် မည်သူ့ကိုရွေးရန် တစိမ့်စိမ့် တွေးနေလေသည်။

“ရွှယ်မေ့နဲ့ စုန့်ကျင်းဝမ်…. အား… ခေါင်းကိုက်လိုက်တာ။ တစ်နေရာပဲကျန်တော့တာလေ.. ပြီးတော့ သူတို့က နှစ်ယောက်တောင်.. ။ ဘယ်လိုလုပ်ရတော့မလဲ.။ ဘယ်သူ့ကိုခေါ်သင့်လဲ ”
အမှန်တွင် သူတို့နှစ်ယောက်လုံးကို ခေါ်နိုင်လျှင်ပင် ထိုသို့မဖြစ်စေရန် တတ်နိုင်မျှအကုန်လုပ်မည်ဖြစ်သည်။ နေရာအရေအတွက် မည်မျှကျန်ကျန် တကယ်တမ်း မသက်ဆိုင်ပေ။

အတွေးများစွာတွေးပြီးနောက်တွင် အကြံကောင်းများပေါ်မလာပေ။ ထို့ကြောင့် အတွေးများအား ခဏရပ်ရန်ဆုံးဖြတ်လိုက်တော့သည်။ မျက်လုံးများပိတ်လျက် စိတ်တည်ငြိမ်စေရန် တရားထိုင်လိုက်ပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် မည်သည့်အကျိုးအမြတ်များရနိုင်မည်ကို တစိမ့်စိမ့်တွေးနေတော့သည်။

ညဥ့်နက်ချိန်တွင် သူမျက်လုံးများဖွင့်ကာ ဘေးဘီဝဲယာအား ကြည့်ရှုပြီး သက်ပြင်းချလိုက်လေသည်။

” ငါတော့ ဒီနေရာကို အရမ်းသတိရနေတော့မှာပဲ ”
သူက ခေါင်းခါရင်း တွေးလိုက်သည်။ ယခုထက်ထိ နောက်ဆုံးတာအိုအစောင့်အရှောက်နေရာတွင် မည်သူ့အား ရွေးချယ်ရမည်ကို သူ မဆုံးဖြတ်ရသေးပေ။ ထိုအခိုက်တွင် သူ၏အမူအရာပြောင်းသွားပြီး တင်းမာခက်ထန်၍ ကြောက်မက်ဖွယ်ပင်ကောင်းသောအကြည့်ဖြင့် မော့ကြည့်လိုက်လေသည်။

အချိန်အနည်းငယ်ကြာသော် သူကြည့်လိုက်သည့်ဘက်ရှိ လေထုသည် ပုံပျက်ရှုံ့တွလာပြီး သေးသွယ်၍ကျက်သရေရှိသော မိန်းမပျိုတစ်ဦး ထွက်ပေါ်လာတော့သည်။ သူ၏ကြောက်မက်ဖွယ် အမူအရာကို လုံးဝလျစ်လျူရှုကာ သူမက ရှေ့လှမ်းလာပြီး သူ့ရှေ့တည့်တည့်တွင်ရပ်လိုက်လေသည်။

သင်းပျံမွှေးကြိုင်သော ရနံ့လေးသည် ထိုမိန်းမပျိုနောက်တွင် လိုက်ပါလေသည်။ သူမမှာ ချင်းမေ့ယွမ်ကလွဲ၍ တခြားသူမဟုတ်ပေ။

သူမက အမည်းရောင်ကိုယ်ကျပ်ဝတ်ရုံကို ဝတ်ဆင်ထားရာ သူမ၏ သဘာဝအလှတရားတို့မှာ ထင်ရှားပေါ်လွင်နေတော့သည်။ တလက်လက်တောက်ပနေသော လမင်း၏အလင်းရောင်အောက်တွင် ရပ်နေလေရာ အလွန်တရာပင် စွဲမက်ဖွယ်ရာကောင်းနေတော့သည်။

သူမ၏ ရှည်လျားကြော့ရှင်းသော ဆံနွယ်လေးများမှာ လေအဝှေ့တွင် တလွင့်လွင့်ဖြစ်နေလေသည်။ ထိုမျှသာမက သူမ၏မျက်လုံးလေးများက ရွှန်းစိုတောက်ပနေလေရာ သူမသည် နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိနေတော့သည်။

” ဘာလို့ ကျမကို ကြောက်စရာကြီးတစ်ခုလို ကြည့်နေတာလဲ ”
သူမက အလွန်နူးညံ့ပျော့ပျောင်းသော အသံလေးနှင့်မေးလိုက်ရာ ကြားလိုက်ရသူမှန်သမျှ သူမကို ပို၍ စွဲမက်သွားစေပြီး အမျိုးသားအများစုမှာ သူမအား မြေပေါ်ပစ်လှဲ၍ ပွေ့ဖက်နမ်းရှုံ့ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာလိမ့်မည်။

ပိုင်ရှောင်ချန်းက သူမကို မျက်မှောင်ကြုတ်လျက်ကြည့်လိုက်သည်။ ဂိုဏ်းခေါင်းဆောင်သည် သူမ၏နောက်ကွယ်ရှိအဖွဲ့နှင့် သဘောတူညီချက်တစ်ခုထားခဲ့သောကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် သူမနေထိုင်ရန် ခွင့်ပြုထားရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းဖြစ်လေသည်။

သို့သော်လည်း သူသည် ယခုထက်ထိ သူမကို သတိကြီးကြီးထားနေဆဲပင်ဖြစ်သည်။

” မင်းဘာလိုလို့လဲ ” သူက တည်ငြိမ်အေးဆေးစွာမေးလိုက်သည်။

“အို.. ဘာမှမလိုပါဘူး.။ ဘာလဲ.. ရှင့်ကိုတွေ့ဖို့ လာတာတောင်မရဖူးလားရှင် ”
သူမ၏မျက်လုံးများထဲတွင် နာကျင်နေသည့် အရိပ်အယောင်များကို တွေ့ရလေသည်။ သူမက ပိုင်ရှောင်ချန်းကို ကြည့်လိုက်သောအခါ သူက သူမကို ခေါင်းအစ ခြေအဆုံးကြည့်နေသည်ကို သတိထားမိလိုက်သောကြောင့် သူမ၏နှလုံးသားထဲတွင် ဂုဏ်ယူစိတ်များ ဖြစ်ပေါ်လာတော့သည်။ သူမက စကားဆက်ပြောရန် ပြင်လိုက်ဆဲမှာပင် အနည်းငယ်မျှ လှုပ်မရတော့ကြောင်း ရုတ်တရက်သိလိုက်ပြီး ပိုင်ရှောင်ချန်း၏နဖူးတွင် တတိယမျက်လုံးပေါ်လာလေသည်။

ခရမ်းရောင်မျက်လုံးတွင် ချင်းမေ့ယွမ်ကို မလှုပ်ရှားနိုင်စေသည့် ထူးဆန်းသောစွမ်းအားတစ်ခုရှိပုံပေါ်လေသည်။ တခဏကြာသော် သူမ၏ညာလက်က လှုပ်ရှားလာရာ သူမကိုယ်တိုင်ပင် လုံးဝမထိန်းချုပ်နိုင်တော့ပေ။ ထိုလက်က သူမဝတ်ရုံ၏ ကြယ်သီးတစ်လုံးထံ တဖြည်းဖြည်း မြောက်သွားပြီး ဖြုတ်ပစ်လိုက်ရာ ကျပ်ထုပ်နေသောအဝတ်စ၏အောက်တွင် အစောပိုင်းက ဖုံးကွယ်ထားသော သူမ၏ဖွံ ့ထွားသော ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ပေါ်လာလေသည်။

ပထမကြယ်သီးပြုတ်ပြီးသည့်နောက် ပိုင်ရှောင်ချန်း၏ တတိယမျက်လုံးပိတ်သွားပြီး ချင်းမေ့ယွမ်၏ခန္ဓာကိုယ်သည် သူမ၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူမ၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူမ၏နဖူးပေါ်တွင် အေးစက်စက် ချွေးသီးများတွဲလဲခိုနေလေသည်။ တွေးပင်မတွေးမိလိုက်ပဲ သူမမှာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိကာ သူမ၏မျက်နှာမှာ ဒေါသကြောင့်နီလိုက် ရှက်ခြင်းကြောင့် စိမ်းလိုက် ဖြစ်နေတော့သည်။

“ မင်းဒီကို အကြောင်းတခုခုကြောင့် လာတာပဲ ”
ပိုင်ရှောင်ချန်းက တင်းမာစွာ ပြောလိုက်သည်။
” ပြီးတော့ ငါက မင်းဟန်ဆောင်ပြလို့ရမယ့် လူမျိုးမဟုတ်ဘူးနော်။ ထပ်မေးမယ်. မင်းဘာလိုချင်တာလဲ ”

ချင်းမေ့ယွမ်မှာ သူမ၏စိတ်နှလုံးငြိမ်စေရန် အသက်တစ်ချက်ရှူလိုက်သည်။ မဆင်မခြင်မလုပ်ဝံ့တော့သောကြောင့် နောက်ကိုထပ်ဆုတ်လိုက်ပြီးနောက် လက်ယှက်၍ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ခေါင်းဆောင်ငယ်.. ကျမကို နောက်ဆုံးနေရာ ပေးဖို့ မျှော်လင့်ပါတယ်”

” မဖြစ်နိုင်ဘူး”
ပိုင်ရှောင်ချန်းက မဆိုင်းမတွပြောလိုက်သည်။
“အခု ဒီကထွက်သွားတော့”

“ခေါင်းဆောင်ငယ်… ကျေးဇူးပြုပြီး ကျမပြောတာနားထောင်ပါဦး။ ရှင့်ဘက်မှာ ကျမသာရှိရင် ရှင်ဆက်သွယ်ချင်တဲ့ ဘယ်အချိန်မဆို မြေရိုင်းနယ်မြေနဲ့ ဆက်သွယ်လို့ရမှာ။ ပြီးတော့ ဘယ်သတင်းအချက်အလက်ကိုမဆို ရှင့်အတွက်ကျမရှာပေးနိုင်တယ်။ အဲဒါအပြင် ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ကျမရဲ့အိမ် မြေရိုင်းနယ်မြေကိုခေါ်သွားပေးနိုင်တဲ့ စစ်သင်္ဘောတစ်စီးရှိတယ်။ ”

“ရှင်လက်ခံရင် မြေရိုင်းနယ်မြေက လျှို့ဝှက်ချက်တွေကို ရှင့်ကို ပြောပြဖို့ဝန်မလေးပါဘူး။ ရှင်မေ့လို့မရတဲ့နောက်တစ်ချက်က ရှင်းကုံကျစ်တာအိုဂိုဏ်းအကြောင်း ကျမတော်တော်များများသိတယ်.။.. ပြီးတော့ ကျမ…..”
ထိုအချိန်တွင် သူမက စကားဆုံးအောင်ပင် မပြောနိုင်မီ ပိုင်ရှောင်ချန်းက အင်္ကျီလက်ကိုခါလိုက်ရာ လေပြင်းတစ်ခုက သူမကို ပတ်ပတ်လည်ရစ်ပတ်လာတော့သည်။

“ပိုင်ရှောင်ချန်း..” သူမက ရုတ်တရက်အော်လိုက်သည်။
” ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ တုလင်ဖေးနဲ့ပတ်သက်ပြီး သဲလွန်စတွေရှိတယ်။ ရှင်နဲ့အတူခေါ်သွားပေး…. ကျမ သဲလွန်စတွေ ကူရှာပေးမယ်။ မြေရိုင်းဒေသက မလို့ ကျမတစ်ယောက်ပဲ အဲ့လိုလုပ်ပေးနိုင်တာနော်။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ သူလျှိုတွေက ကျမကိုပဲသိတာ..ရှင့်ကိုမသိဘူး။ သဲလွန်စတွေ ကူရှာပေးမယ်လို ကျိန်ဆိုကျိန်ရဲပါတယ်” သူစကားပြောနေစဥ်တွင် သူမပတ်လည်ရှိလေပြင်းမှာ တဖြည်းဖြည်း နှေးကွေးလာသော်လည်း သူမစကားပြောပြီးသည်နှင့် အရှိန်ပြန်မြင့်လာပြီး အဏ္ဏဝါခေါ်သံတောင်ပေါ်သို့ သယ်ဆောင်သွားတော့သည်။

သူမ၏စိုးရိမ်မှုများ တစ်စတစ်စမြင့်တက်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်း၏ အေးစက်စက်အသံက သူမနားထဲတွင် ပဲ့တင်ထပ်လာတော့သည်။

“အဏ္ဏဝါခေါ်သံတောင်ပေါ်က မဟာခန်းမဆောင်မှာ နှစ်ရက်ကြာရင် ငါ့ကိုလာတွေ့လှည့် ”

ချင်းမေ့ယွမ်ကို ပြန်လွှတ်ပြီးနောက် ပိုင်ရှောင်ချန်းသည် ကြယ်စုံသောကောင်းကင်ကြီးကို မော့ကြည့်ရင်း သူ၏အင်မော်တယ်ဂူအပျက်အစီးပုံအစွန်းတွင် တိတ်ဆိတ်စွာထိုင်နေလေသည်။ ချင်းမေ့ယွမ်သာ ထိုနာမည်တစ်ခုကို မပြောခဲ့လျှင် သူမကို ခေါ်သွားရန် သူ လုံးဝစဥ်းစားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ထိုနာမည်ကြောင့် သူ နေမထိမထိုင်သာ ဖြစ်ကျန်ခဲ့သည်။ ယခုတွင် တုလင်ဖေးအပေါ် မည်သို့ခံစားနေရသည်ကိုပင် သူ သေချာစွာမသိတော့ပေ။

ထိုတောင်တန်းများထဲ ဖြစ်ပျက်ခဲ့သည်များက လွဲ၍ သူမနှင့်ပတ်သတ်သမျှအရာအားလုံးက အမှန်တရား မဟုတ်သည့်အလားပင်။

“ငါအဖြေတစ်ခုပဲလိုတာဖြစ်မှာပါ”
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ပြီးတော့ အမှန်တရား…..” လရောင်အောင်တွင် ထိုင်နေလျက် သူ၏မျက်လုံးများမှာ ပြန်ပြောင်းတွေးတောေနသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset