ပိုင်ရှောင်ချန်းမှာ နှလုံးသားများ ခြောက်ကပ်သွားသည့်အလားပင် ခံစားနေရတော့သည်။ ဟန်ဇောင်က သူ့ကိုနောက်နေမည်စိုးသဖြင့် နောက်တစ်ခေါက်မော့ကြည့်လိုက်ပြီး တအံ့တသြဆိုလိုက်တော့သည်။
” ကောင်းကင်ကြီးရာ။ ဘာလို့ကျွန်တော်မျိုးကို အရမ်းတော်ကောင် လုပ်ပေးခဲ့တာတုံးဗျ။ ရှင်းကုံကျစ်တာအိုဂိုဏ်းတောင်မှ ကျွန်တော်မရှိရင် မဖြစ်တော့ဘူးဆိုတာ မယုံနိုင်လောက်အောင်ပဲဗျာ။ ”
ဟန်ဇောင်သည် စောစောက ဝမ်းနည်းနေပါသော်လည်း ပိုင်ရှောင်ချန်း၏ စကားများကို ကြားလိုက်ရသောအခါ ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ရုံမှလွဲ၍ အခြားမလုပ်နိုင်တော့ချေ။ ပိုင်ရှောင်ချန်းကို ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ပို့ခြင်းမှာ ဆိုးရွားသော ရွေးချယ်မှုတစ်ခုမဟုတ်ကြောင်း သူက စိတ်ထဲတွင် တွေးနေတော့သည်။
” မင်း သုံးရက်အတွင်း ထွက်ခွာရမယ်။ ” သူက ဆိုလိုက်သည်။
” ဒီ အမိန့်ပေးဆွဲပြားကို ယူသွား။ အဲ့တာကိုသုံးပြီး မင်းရဲ့လက်ရှိမျိုးဆက်ထဲက လူတွေကို မင်းရဲ့ တာအိုစောင့်ရှောက်သူတွေအဖြစ် ခေါ်ဖို့ ရွေးလိုက် ”
ထိုသို့ဆိုကာ သူသည် ပိုင်ရှောင်ချန်းကို အမိန့်ပေးဆွဲပြား ပေးအပ်လိုက်ပြီး နောက်သို့လှည့်ထွက်သွားတော့သည်။ တံခါးအပြင်ဘက်သို့ မရောက်ခင် သူက နောက်ဆုံးတစ်ချက် သတိပေးလိုက်သည်။
” မင်း တာအိုစောင့်ရှောက်သူ အများဆုံး ငါးယောက်အထိ ရွေးလို့ရတယ်။ ရှင်းကုံကျစ်တာအိုဂိုဏ်းက အဲ့ထက်ပိုပြီး လက်မခံဘူး။ ”
ပိုင်ရှောင်ချန်းမှာ သူ၏အင်မော်တယ်ဂူ အပျက်အစီးများကြားတွင် ရပ်ကာ ဟန်ဇောင်ထွက်ခွာသွားသည်ကို ကြည့်နေတော့သည်။ ထို့နောက်သူသည် မူးဝေနေသည့်အလား ပုံခနဲလဲကျသွားတော့သည်။ သူ၏ အတွေးများနှင့် တစ်နာရီမျှ လုံးပန်းလိုက်ပြီးနောက် နေလုံးကြီးမြင့်တက်လာသည်ကို ကြည့်ကာ အဆုံးတွင် သက်ပြင်းချလိုက်တော့သည်။
” အာ.. ဘာပဲဖြစ်ဖြစ်။ ရှင်းကုံကျစ်တာအိုဂိုဏ်းကမှ ငါ့ကို လာစေချင်နေမှတော့လည်း ငါသွားပေးရတာပေါ့ကွာ။ ”
သူက အနည်းငယ် စိတ်ဓာတ်ကျနေဆဲဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်တာအို စောင့်ရှောက်သူများကို ကိုယ်တိုင် ရွေးချယ်နိုင်မည့်အချက်ကြောင့် စိတ်လှုပ်ရှားနေတော့သည်။
” ဘရူဆာကို ငါနဲ့ခေါ်သွားလို့ မဖြစ်ဘူး။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ထူးဆန်းပြီး အန္တရာယ်များတဲ့ နေရာတစ်ခုကွ။ ” သူက တွေးလိုက်သည်။
” တာအိုစောင့်ရှောက်သူများဆိုပဲ။ ဘယ်သူတွေကို ခေါ်သွားရပါ့။ ထူးဆန်းတဲ့နေရာတစ်ခုကို သွားရမှာဆိုတော့ သတင်းနှိုက်တဲ့နေရာမှာ တော်တဲ့ လူတစ်ယောက်ကို သေချာပေါက်လိုမှာပဲ။ ”
ထိုသို့ အကြံရသွားသဖြင့် သူသည် သိသမျှလူများအားလုံးအကြောင်းကို စဥ်းစားလိုက်တော့သည်။
” ဉာဏ်လည်းပြေးရမယ်။ မေးခွန်းတွေမေးတဲ့နေရာမှာလည်း အမြော်အမြင်ရှိရမယ်။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာရှိတဲ့ အရာအားလုံးကို လျင်လျင်မြန်မြန်နဲ့ သိအောင်လုပ်နိုင်မယ့် လူမျိုးကိုလိုတယ်။ ကောလာဟာလ သတင်းတွေအကုန်လုံးကိုလည်း သိနေဖို့လိုတယ်။ မွေးရာပါ ပါရမီပါတဲ့ လူတစ်ယောက်မှပဲ အဆင်ပြေလိမ့်မယ်….”
ရုတ်တရက် သူ၏ ပေါင်ကို လက်ဝါးဖြင့်ရိုက်ကာ သူ၏ မျက်ဝန်းများမှာ တောက်ပလာတော့သည်။
” ရွှီပေါက်ချိုင် ”
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် ရှိခဲ့စဥ်က ရွှီပေါက်ချိုင်မှာ သတင်းများနှိုက်ရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခဲ့သည်။ ဂိုဏ်းထဲရှိ အလှပဂေးများအားလုံးကို သူကသိပြီး သူတို့၏ အလှအပ အဆင့်များကိုပါ သိသည်။ ရွှီပေါက်ချိုင်မှာ သတင်းအချက်အလက် တစ်ခုအသစ်ရတိုင်း သူ၏ မှတ်စုစာအုပ်လေးထဲတွင် ရေးမှတ်တတ်ကြောင်းကိုလည်း ပိုင်ရှောင်ချန်းက သိသည်။
” သူက ကျောက်စိမ်းပေလွှာတွေအစား လက်ရေးနဲ့မှတ်ရတာကို နှစ်သက်တာ။ အလုပ်ထဲမှာ နှစ်မြုပ်ထားတဲ့လူတစ်ယောက်ပဲ အဲ့လိုမျိုးလုပ်နိုင်တာ။ သေချာတယ်။ အဲ့နေရာမှာ ရွှီပေါက်ချိုင်ထက် ပိုပြီး သင့်တော်တဲ့ လူမရှိဘူး။ ” ပိုင်ရှောင်ချန်းသည် ရယ်မောလိုက်ကာ ရွှီပေါက်ချိုင်သည် အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ဂိုဏ်းလုံးထဲတွင် လျင်မြန်စွာ ဝင်ဆံ့သွားသည်ကို ပြန်တွေးတောနေတော့သည်။ ထို့အပြင် သူသည် တစ်ဂိုဏ်းလုံး၏ သတင်းနှင့် အတင်းအဖျင်းအားလုံးကိုလည်း သိသည်။ ပိုင်ရှောင်ချန်း သိချင်တာတစ်ခုခုရှိပါက ရွှီပေါက်ချိုင်ဆီမှ အဖြေရနိုင်မည်ဖြစ်ကြောင်း ယုံကြည်လာရသည် အထိပင်။
သူက ထပ်၍ တွေဝေမနေတော့ပဲ လေထဲတွင်ဖြတ်ပျံကာ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ တောင်တန်းများဆီသို့ သွားလိုက်သည်။ ရွှီပေါက်ချိုင် ၏ အင်မော်တယ်ဂူအနီးသို့ ရောက်သွားသောအခါ ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသည့်မျက်ဝန်းများဖြင့် အပြင်ဘက်တွင် ရပ်နေသည့် ရွှီပေါက်ချိုင်ကို မြင်လိုက်ရသည်။ သူ၏ အမူအရာမှာ လွန်စွာမှ ဝမ်းနည်းနေသည့်ပုံပေါ်နေသည်။ ချက်ချင်းပင် ရွှီပေါက်ချိုင်က ေအော်ငိုကာ ဆိုလိုက်တော့သည်။
” ဂိုဏ်းတူဦးလေးပိုင်ရာ။ ကျွန်တော် ဦးလေးကို လွမ်းနေရတော့မှာ။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ဦးလေးက ဓားစာခံတစ်ယောက်အနေနဲ့ သွားနေရမှာ ကျွန်တော်သိပြီးပြီ။ ကျွန်တော်တို့ ဘယ်တော့မှ ပြန်ဆုံမလဲဆိုတာ ဘယ်သူသိနိုင်မလဲဗျာ။ ဦးလေးပိုင်ရာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ ”
” ကောင်းလိုက်တာ… မင်း အဲ့သတင်းရတာ မြန်လှပါလား။ ” ပိုင်ရှောင်ချန်းက အံသြသွားတော့သည်။ သူသည်ပင် စောစောကမှ သိသည်ဖြစ်သော်လည်း ရွှီပေါက်ချိုင်မှာ သိနှင့်ပြီး ဖြစ်နေပြီဖြစ်သည်။
” ဟုတ်တယ်။ ”
ရွှီပေါက်ချိုင်က ဂုဏ်ယူစွာ ဆိုလိုက်သည်။
” အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ရွှီပေါက်ချိုင်ထက် ပိုပြီးသိတဲ့လူမရှိဘူး။ ကျွန်တော် ဘယ်သွားသွား လျှို့ဝှက်ချက်တွေအားလုံးကို ရှာတွေ့စမြဲပဲ။ သတင်းနှိုက်ဖို့ နည်းလမ်းတွေ ကျွန်တော့်မှာ အများကြီးရှိတယ်။ ”
ရွှီပေါက်ချိုင်သည် ဤအရည်အချင်းကို အလွန်အမင်းဂုဏ်ယူသည်ဖြစ်ပြီး သူ၏ အရည်အချင်းကို သံသယရှိသူများဆိုလျှင် သည်းမခံနိုင်ပေ။
” ဒါပေမဲ့ မပူပါနဲ့ ဂိုဏ်းတူဦးလေးပိုင်။ ” သူက တည်ကြည်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
” ဦးလေးရဲ့ ဇာတ်လမ်းတွေကို လူတိုင်းသိအောင် ကျွန်တော်လုပ်ပေးပါ့မယ်။ ဂိုဏ်းဝင်အသစ်တွေအကုန်လုံး ဦးလေးအကြောင်းတွေကို သိသွားစေရမယ်။ ”
အတွင်းစိတ်ထဲတွင်မူ သူသည် ကျေနပ်နေတော့သည်။ ဂိုဏ်းသူအားလုံးနီးပါး ပိုင်ရှောင်ချန်းကို စွဲလန်းနေကြသည့် လတ်တလောဖြစ်ရပ်များကြောင့် သူ အလွန်စိတ်ဓာတ်ကျနေရသည်။ သူသိသလောက်ဆိုလျှင် ပိုင်ရှောင်ချန်းရှိနေသ၍ သူ၏ကိုယ်ပိုင် တာအိုလက်တွဲဖော်တစ်ယောက်ကို ရှာဖွေရန်မှာ ခက်ခဲနေလိမ့်မည်။ သူနှစ်သက်သမျှ မိန်းကလေးအားလုံးမှာ ပိုင်ရှောင်ချန်းကို စွဲလန်းသွားကြသည်ဖြစ်သဖြင့် သူက လွန်စွာမှ စိတ်ဓာတ်ကျနေတော့သည်။
ပိုင်ရှောင်ချန်းက ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ထွက်သွားရမည်ကို သူကကြားသိလိုက်သောအခါ သူ၏ စိတ်နှလုံးမှာ စိတ်လှုပ်ရှားမှုများကြောင့် တဒုန်းဒုန်းခုန်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ သူကြားလိုက်ရသည့် အရာများကြောင့် ကျေနပ်နေတော့သည်။ ရွှီပေါက်ချိုင်၏ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရိုးသားမှုများနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် သူကဆိုလိုက်သည်။
” နားထောင် ရွှီပေါက်ချိုင်… စောစောက ငါက တွေဝေနေတာ။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ငါနဲ့မရင်းနှီးတဲ့နေရာမလို့ ငါ့ရဲ့ဂိုဏ်းတူ ညီအစ်ကိုမောင်နှစ်မတွေကို ငါရဲ့ အရှုပ်ထုပ်ကြီးထဲ ဆွဲမသွင်းချင်ဘူး ဖြစ်နေတာ။ ဒါပေမဲ့ မင်းအခုပြောလိုက်တဲ့ စကားတွေကြောင့် ငါ အပြည့်အဝနားလည်သွားပြီ။ ”
” ဟင် ”
ရွှီပေါက်ချိုင်မှာ သူသိထားသည့် သတင်းမှာ အပြည့်အစုံမဟုတ်ပဲ တစ်ခုခုမှာ လွဲနေကြောင်း သိသွားတော့သည်။
သူက ပါးစပ်ဖွင့်ကာ စကားပြောရန် ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက ဆိုလိုက်သည်။
” ရှင်းကုံကျစ်တာအိုဂိုဏ်းကို ရောက်ရင် ငါ့အတွက် သတင်းအချက်အလက်တွေ စုဆောင်းပေးမယ့် တာအိုစောင့်ရှောက်သူ တစ်ယောက်လိုတယ်ကွ။ အဲ့တာ မင်းကိုရွေးလိုက်ပြီ။ ”
ထိုအခါ ရွှီပေါက်ချိုင်မှာ တုန်လှုပ်သွားပြီး မျက်လုံးပြူးသွားတော့သည်။ ရုတ်တရက် သူသည် ဖြစ်ပျက်နေသည်များကို နားလည်သွားသဖြင့် မျက်နှာပျက်သွားတော့သည်။
” ဦးလေးပိုင်ရာ။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အခြေခံက နဲနဲ နိမ့်နေ….. ”
ပိုင်ရှောင်ချန်းက သူ၏လက်ကို ငြင်းဆန်သည့်အမူအရာဖြင့် ခါယမ်းလိုက်သည်။
” သတင်းအချက်အလက် စုပေးနိုင်မယ့်လူ လိုတာ။ ကျင့်ကြံခြင်းအခြေခံ အဆင့် မြင့်တဲ့ လူလိုတာ မဟုတ်ဘူး။ ”
” ဒါ..ဒါပေမဲ့… ကျွန်တော်က လျှပ်ပြာလျှပ်ပြာနဲ့ ကို့ရို့ကားယားနိုင်တာဗျ…. ”
” အာ မပူနဲ့။ လျှို့ဝှက်ချက်တွေအကုန်လုံးကို နှိုက်နိုင်ပြီး ငါတို့သွားမဲ့နေရာက သတင်းတွေ သိအောင်လုပ်နိုင်ရင် ရပြီ။ ပြီးတော့ မင်းရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကိုလည်း ငါသိပြီးသားပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုံးက မင်းရဲ့ သွေးနဲ့ရေးထားတဲ့ သတိပေးစာက သက်သေပဲလေ။ ကောင်းပြီ။ ဘာမှ ဆက်ငြင်းမယ် မကြံနဲ့တော့။ မင်းကိုထားခဲ့ရင် မင်းငါ့ကိုလွမ်းနေမှာ ငါသိတယ်။ အဲ့တာမလို့ ဒီမှာတင် ကိစ္စပြီးပြီပဲ။ ”
ပိုင်ရှောင်ချန်းက အားပါးတရရယ်မောလိုက်သော်လည်း ရွှီပေါင်ချိုင်၏မျက်နှာ ဖြူဆုတ်နေပြီး ငြင်းဆန်ချင်နေသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းက သူ၏ အမိန့်ပေးဆွဲပြားကို ဆွဲထုတ်လိုက်ပြီး ရွှီပေါက်ချိုင်၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
” ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ အမိန့်ပေးဆွဲပြားပါလား။ ” ရွှီပေါက်ချိုင်မှာ မှင်တက်သွားတော့သည်။ သူသည် အလွန်အမင်း တုန်လှုပ်သွားပြီး မည်သို့ တုံ့ပြန်ရမည်မှန်းကိုပင် မသိတော့ချေ။ အချိန်အတော်အတန်ကြာသွားပြီးနောက် သူသည် ငိုမဲ့မဲ့ ဖြစ်လာတော့သည်။ သူငြင်းဆန်လိုလျှင်ပင် ငြင်း၍မရနိုင်ကြောင်း သူကသိသွားတော့သည်။ ရုတ်တရက် သူသည် ဝမ်းဗိုက်ထဲမှ ကိုက်ခဲလာသကဲ့သို့ပင် ခံစားလိုက်ရသည်။
ပိုင်ရှောင်ချန်းမှာ ရွှီပေါက်ချိုင်၏ ပခုံးကိုဖက်ကာ ချောင်းဟန့်လိုက်သည်။ ထို့နောက် ရယ်မောရင်းဖြင့် ဆိုလိုက်သည်။
” မပူပါနဲ့။ ငါအကုန်လုံးကို တာဝန်ယူတယ်။ လာလာ။ ရတနာလေး။ မင်းက ဂိုဏ်းအကြောင်း အကုန်သိတာဆိုတော့ ဒီအခြေအနေကို ငါ့အတွက် ကူပြီး သုံးသပ်ပေးကွာ။ တခြား အားကိုးလို့ရမယ့် ဘယ်ဂိုဏ်းသားကို ငါထပ်ရွေးရမလဲ။ ”
ရွှီပေါက်ချိုင်မှာ ငိုတော့မည့်အလား ဖြစ်နေတော့သည်။ သူနှင့် မရင်းနှီးသော ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ သွားရမည့် အတွေးကြီးမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သို့သော် သူမည်မျှပင် မသွားလိုပါသော်လည်း ရွေးချယ်ခွင့်မရှိပေ။ ပိုင်ရှောင်ချန်း၏ ပြောစကားအရ သူတို့နှင့်အတူ အခြားလူတချို့ကိုပါ ခေါ်၍ရမည်ဖြစ်ကြောင်းကို သိလိုက်သဖြင့် ရွှီပေါက်ချိုင်မှာ အာရုံပြန်လည် စုစည်းလိုက်တော့သည်။
သူက အံကိုကြိတ်ရင်းဖြင့် ထိုအခြေအနေကြီးကို အနည်းငယ်မျှ ဆင်ခြင်သုံးသပ်လိုက်လေသည်။ ထို့နောက် နတ်ဆရာအကြောင်းကို တွေးမိသွားတော့သည်။ ရွှီပေါက်ချိုင်သည် နတ်ဆရာနှင့် အငြိုးအတေး အနည်းငယ်ရှိပြီး နတ်ဆရာသည် သူ့ကို ယခင်တုံးက မထီမဲ့မြင် အကြည့်ဖြင့် ကြည့်ခဲ့သည်။ သူတို့နှစ်ယောက်စလုံးမှာ မိန်းကလေးတစ်ယောက်ထဲကို နှစ်သက်မိခဲ့ပြီး အဆုံးတွင် နတ်ဆရာက ထိုမိန်းကလေး၏ အချစ်ကို ရရှိသွားခဲ့သည်။ ရွှီပေါက်ချိုင်၏ ကျင့်ကြံခြင်းအခြေခံမှာ အဆင့်နိမ့်လွန်းလှသဖြင့် သူကထိုအခြေအနေကြီးကို လက်မခံချင်သော်လည်း ခံခဲ့ရသည်။ သိူ့သော်လည်း သူက ဖြစ်ပျက်ခဲ့သည်များကို လုံးဝမမေ့နိုင်ချေ။
ထို့ကြောင့် သူက အခြားလူများကိုပါ သူနှင့်အတူ ခေါ်၍ရမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူပထမဆုံး တွေးမိသည့်လူမှာ နတ်ဆရာဖြစ်သည်။
” ဟုတ်ပြီ။ ဂမ္ဘီရအတတ်နဲ့ ဗေဒင်အတတ်မှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်တော့ လိုမှာ။ သူ့မှာ အဆင့်မြင့်တဲ့ ကျင့်ကြံခြင်းအခြေခံ ရှိဖို့လည်း လိုသေးတယ်။ အဲ့တာမှ အန္တရာယ်နဲ့ကြုံရင် သူက အသေးစိတ်အချက်အလက်တွေကို ကြိုပြီး ခန့်မှန်းနိုင်မှာ။ အဲ့တာမှ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးကာကွယ်နိုင်မှာ။ ကျွန်တော့်ကို ရွေးခိုင်းမယ်ဆိုရင် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့က နတ်ဆရာကို သေချာပေါက် ရွေးမှာ။
” မင်းမှန်တယ်။ ဂမ္ဘီရအတတ်တွေ တတ်တဲ့ လူတစ်ယောက် သေချာပေါက်လိုတယ်။ ” ပိုင်ရှောင်ချန်းမှာ ထိုအကြံပေးချက်ကို သဘောကျသွားတော့သည်။ ရွှီပေါက်ချိုင်ကိုဆွဲခေါ်ကာ သူက နတ်ဆရာကိုရှာရန် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ဆီသို့ သွားလိုက်တော့သည်။
သူတို့အံ့သြသွားရသည်မှာ နတ်ဆရာဆီသို့ ရောက်သွားသည့်အခါတွင် အင်မော်တယ်ဂူအပြင်ဘက်တွင် လက်နှစ်ဖက်နောက်ပစ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရပ်နေသည့် နတ်ဆရာကို မြင်လိုက်ရလေသည်။ သူသည် အထုပ်အပိုးများကို သူ၏ဘေးတွင် ပြင်ဆင်ထားပြီး ဖြစ်ပြီး သူတို့ကိုစောင့်နေသည့် ပုံပင် ပေါ်နေတော့သည်။
” နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ” သူက တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။ သူသည် တစ်ဆင့်မြင့်သော ကမ္ဘာကြီးမှ လာသည့်အလား အလွန်တည်ကြည်ကာ အာရုံအပြည့်စုစည်းနေသည့် ပုံပေါ်နေသည်။
လွမ်းဆွတ်နေသည့် ပုံစံဖြင့် သူသည် အင်္ကျီလက်ကိုခါယမ်းကာ ဆိုလိုက်သည်။
” အန္တရာယ်တွေ ငါ့ရဲ့လမ်းကိုလာနေပြီဆိုတာ ငါကြိုသိတာ ကြာလှပြီ။ ဒီဂိုဏ်းကို နှစ်အနည်းငယ် စွန့်ခွာရမယ်ဆိုတာ ကံကြမ္မာထဲမှာ ရေးထိုးထားပြီးသား။ အဲ့နှစ်အနည်းငယ်အတွင်းမှာ အန္တရာယ်တွေနဲ့ ကြုံမယ်ဆိုတာလည်း ပါပြီးသား။ ရှင်းကုံကျစ်တာအိုဂိုဏ်းက လူတစ်ယောက် လာလည်တာဆိုတော့ ငါ့ကြုံရမဲ့ အန္တရာယ်တွေက ငါ့ရှေ့မှောက်ကို ရောက်နေပြီဆိုတဲ့ သဘောပဲ။ ”
ထိုသို့ဆိုကာ သူသည် ပိုင်ရှောင်ချန်းနှင့် ရွှီပေါက်ချိုင်ကို နတ်ဘုရားတစ်ပါးအလား အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
” မင်းတို့ ဘယ်သွားသွား ကိစ္စမရှိဘူး။ ငါအဖော်လိုက်ပေးမယ်။ အဲ့တာငါကြုံရမဲ့ အန္တရာယ်နဲ့ ငါ့ရဲ့ကံကြမ္မာပဲ။ ”
နတ်ဘုရားတစ်ပါးပုံစံဖြင့် လေထဲတွင် တလူလူလွင့်နေသည့် ဝတ်ရုံကြီးကိုဝတ်ဆင်ထားသည့် နတ်ဆရာ၏ ပုံစံကိုကြည့်ကာ ရွှီပေါက်ချိုင်မှာ မှင်တက်နေတော့သည်။ သူဆိုလိုက်သည့် စကားများမှာ လူတိုင်းကိုပင် တုန်လှုပ်သွားစေနိုင်သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများရှိနေပြီး ဆိုလိုက်သည်။
” မင်း ငါတို့လာနေမယ်ဆိုတာကို ဂမ္ဘီရအတတ်တွေနဲ့ ကြိုပြီး နမိတ်ဖတ်လိုက်တာ ငါ…. ငါ့ဖြင့် မယုံနိုင်လောက်အောင်ပဲ။ ”
သို့သော်လည်း နတ်ဆရာ၏ ပတ်ပတ်လည်တွင် ခေါက်တုံ့ခေါက်ပြန် အနည်းငယ်လျှောက်လိုက်သဖြင့် ပိုင်ရှောင်ချန်းမှာ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိသောနတ်ဆရာမှာ အနည်းငယ် စိုးရိမ်သွားတော့သည်။
” ကောင်းပြီ ဟွန့်ဆရာ။ ” ပိုင်ရှောင်ချန်းကဆိုလိုက်သည်။
” ငါအခုမေးမှာကို ဖြေ။ မင်းကို ခဏနေရင် ငါထိုးတော့မှာကိုရော ကြိုပြီး ခန့်မှန်းနိုင်လား။ ”
” ကျုပ်…. ”
နတ်ဆရာမှာ မျက်နှာဖြူဆုတ်သွားပြီး အတွင်းစိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ ပိုင်ရှောင်ချန်းသည် သူ၏စကားအတိုင်း လက်သီးနှင့်ထိုးမည်ဟု သူက ထင်သွားတော့သည်။ ထို့ကြောင့် နတ်ဆရာမှာ ခန္ဓာကိုယ်ကျုံ့သွားပြီး နတ်ဘုရားတစ်ပါးနှင့် မတူတော့ပဲ သူ၏ ပုံမှန်ပုံစံသို့ ပြန်ရောက်သွားတော့သည်။ သူသည် မရိုးမသားသော ပုံစံပင် အနည်းငယ်ပေါက်သွားတော့သည်။
သူက ပြုံးလိုက်ပြီးဆိုလိုက်သည်။
” ကျုပ်က နောက်နေတာပါ။ ခေါင်းဆောင်လေးရာ။ တကယ်တမ်းက ေခါင်းဆောင်ကြီး ဖုန်းရှိန်ကျစ်က မနေ့က ကျုပ်ဆီလာပြီး ခေါင်းဆောင်လေးနဲ့ လိုက်သွားရအောင် အဆင်သင့် လုပ်ထားဖို့နဲ့ ခေါင်းဆောင်လေး ပြောတဲ့အတိုင်း လိုက်နာဖို့ မှာသွားတာ။ ခေါင်းဆောင်လေးကို အဖော်ပြုရမှာ ကျုပ် စိတ်လှုပ်ရှားလွန်းလို့ ကျုပ်မှာ တစ်ညလုံး မအိပ်နိုင်လောက်အောင်ပဲ။ အဲ့တာမလို့ အထုပ်တွေပြင်ပြီး ကျုပ် စောင့်နေတာ။ ”
ပိုင်ရှောင်ချန်းမှာ အားပါးတရ ရယ်မောလိုက်ပြီး နတ်ဆရာ၏ ပခုံးကိုပုတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ အမူအရာကြောင့် သူသည် နတ်ဆရာထက်ပို၍ ဉာဏ်ကောင်းသည်ဆိုသော အချက်ကြောင့် ကျေနပ်နေကြောင်း သိနိုင်သည်။ နတ်ဆရာကမူ ငိုမဲ့မဲ့ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းက ထပ်၍ ဖိအားပေးနေမည်စိုးသဖြင့် သူက အလျင်အမြန် သတိပေးလိုက်သည်။
” ခေါင်းဆောင်လေး။ ရွှီပေါက်ချိုင်နဲ့ ကျုပ် နှစ်ယောက်ထဲဆို လောက်မှာ မဟုတ်ဘူး။ အတိုက်အခိုက် ကျွမ်းကျင်တဲ့ လူတစ်ယောက်လိုဦးမှာ။ “